မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, December 25, 2007

လူလူချင်းမို့

မွေးနေ့တော်မြတ်မှာ မွေးနေ့တော်မြတ်နဲ့ ပတ်သက်ပြီး အနှစ်သာရရှိမယ့် စာစုတစ်ခုခုထက်၊ commercial/material ကာလဖြစ်မှန်းမသိဖြစ်လာတဲ့ အကြောင်း ဘလော့ဂ်ပေါ်တက် ရင်ဖွင့်တော့မယ်လို့ စိတ်ကူးခဲ့မိတယ်။

ဒီကာလမှာ shopping mall တွေဟာ ကြိတ်ကြိတ်တိုးနေတတ်တယ်။ ကားရပ်စရာမရှိလို့ တစ်ခါတစ်ရံ မိနစ်ပေါင်းများစွာ ကားရပ်ရန်နေရာမှာ လှည့်ပတ်မောင်းရင်း mall ထဲက ဈေးဝယ်ပြီးလို့ ထွက်သွားမယ့် ကားနေရာကို စောင့်ရတယ်။ တစ်ခါတစ်ခါ သူထွက်သွားမယ့်နေရာလိုချင်လို့ လူတစ်ယောက်နောက်ကို ကားနဲ့ဖြေးဖြေးဘီးလှိမ့်ရုံ လိုက်မောင်း၊ အဲဒီလူ ပစ္စည်းတွေ ကားထဲထည့်တာ စိတ်ရှည်လက်ရှည်စောင့်၊ သူထွက်မယ်ထင်လို့စောင့်ပေမယ့် သူက ပစ္စည်းတွေထည့်ပြီး တစ်ခုခုကျန်ခဲ့လို့ မော်လ်ထဲ ပြန်ဝင်တာနဲ့ကြုံရင် အောင့်သက်သက်နဲ့ နောက်တစ်နေရာ ရှာရတယ်။ သာမန်အချိန်တွေမှာတောင် shopping mall တွေကိုမနှစ်သက်တဲ့ကျွန်မ လူနံ့၊ ရေမွှေးနံ့တွေ၊ လိုတာထက်ပိုများနေတဲ့ ကုန်ပစ္စည်းတွေ ကြားထဲမှာမွန်းကျပ်လာတယ်။ အရင်က ၅မိနစ်ပဲမောင်းရတဲ့ အိမ်ထောင့်က ဆိုင်တစ်ဆိုင်ဆိုင်ကိုရောက်ဖို့ ခုရက်တွေမှာတော့ ကားတန်းရှည်ကြားထဲ မိနစ်ပေါင်းများစွာ ထိုင်စောင့်နေရတတ်တယ်။

မွေးနေ့တော်ကာလဟာ ပေးလှုခြင်းကို ပုံဆောင်ပြီး စခဲ့တာပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ လက်ဆောင်လဲလှယ်ပွဲကြီး ဖြစ်မှန်းမသိဖြစ်လာပါတယ်။ ဒီဇင်ဘာလမှာ လူတွေအချင်းချင်းလက်ဆောင်ပေးတာရယ်၊ ချို့တဲ့သူတွေကို ဝေမျှတာတွေရယ်အတွက် ကနေဒါနိုင်ငံ တစ်ခုထဲမှာကို debit card transactions ၂၆မီလျှံနဲ့ credit card transactions ၂၈မီလျှံဒေါ်လာ ရှိလိမ့်မယ်လို့ CNW Group က ခန့်မှန်းထားပါတယ်။ ဒီဇင်ဘာ ၂၄ရက်နေ့ညနေမှာတော့ တစက္ကန့်ကို credit and debit transactions ပေါင်း လေးသန်း ရှိလိမ့်မယ်လို့ဆိုပါတယ်။ ဘီလျှံနဲ့ချီသုံးလိုက်ကြလို့ တတိယကမ္ဘာက နိုင်ငံတစ်နိုင်ငံရဲ့ ၁၀နှစ်စာ ၀င်ငွေလောက်ကို တစ်လထဲတင်သုံးလိုက်ကြတယ်ထင်ပါတယ်။ ဒီအကြောင်းတွေပြောမယ်ဆိုရင် ထမင်းစားဖို့တောင် မြိုမကျဖြစ်ရပါတယ်။ ဒီနှစ်တော့ ရုံးမှာလဲ အရင်နှစ်တွေကလို ဘယ်သူမှဘယ်သူ့ကို လက်ဆောင်မပေးတော့ဘူးလို့ အားလုံးသဘောတူဆုံးဖြတ်ပြီး ငှာနကလူတွေအကုန်စုပြီး ကလေးဆေးရုံကြီးကို ငွေလှုလိုက်ကြတယ်။ ထုတ်ရပိုးရတာတွေသက်သာတယ်၊ နောက်ပြီး မလိုအပ်သူတွေကို ပေးလှုရတာထက်၊ လိုအပ်သူကို ပေးလှုရတာ ပိုမြတ်ပါတယ်လို့ထင်ပါတယ်။

ကျွန်မနှစ်သက်တာကတော့ ဆွေမျိုးတွေ ဆုံရတာရယ်၊ မြန်မာကာရာအိုကေသီချင်းတွေ ၀ိုင်းဝန်းသီဆိုရင်း မြန်မာပြည်အကြောင်းအမှတ်တယလေးတွေ ၀ိုင်းပြောရတာတွေနဲ့ ..



နံနက်မိုးလင်းရင် အိမ်ရှေ့ခန်း ခရစ်စမတ်သစ်ပင်က ထင်းရှုးနံ့က တစ်အိမ်လုံးမှာ လတ်ဆတ်စွာ သင်းပျံ့နေတာရယ်လေးတွေပါ။



သူငယ်ချင်းဘလော့ဂါတွေရယ်၊ လင့်ခ်မလုပ်ထားသော်လည်း bookmark ထဲ ထည့်ပြီး မကြာခဏရောက်ဖြစ်သော ဘလော့ဂါတွေဆီ တစ်ဦးချင်းဆီလိုက်နှုတ်ဆက်နေရင်း (ရုတ်တရက် pop-ups block ဖြစ်ပြီး လင့်ခ်တွေ အလုပ်မလုပ်တော့လို့ ကကြီးက စတာ င လောက်မှာ ရပ်သွားပါတယ်။ ကျန်ခဲ့သူတွေကိုတောင်းပန်ပါတယ်။ အားလုံးကို ဒီကပဲ နှုတ်ဆက်ပါတယ်နော်)



ဘလော့ဂါတွေကို လိုက်နှုတ်ဆက်ရင်း မကေသွယ်ရဲ့ ဆီရောက်သွားတော့ သူမရေးထားတဲ့ ပိုစ်က ကျွန်မရင်ကိုထိသွားပါတယ်။ စာကောင်းကောင်းဖတ်ချင်နေတဲ့ ကျွန်မ ရေငတ်တုန်းရေတွင်းထဲကျသွားသလိုခံစားလိုက်ရပြီး commercial/material ကာလတစ်ခုအကြောင်း ရေးမယ့်စိတ်တွေပျောက်ပြီး ငယ်ငယ်က ဆိုဖူးတဲ့ ကျွန်မနှစ်သက်သော သီချင်းလေးတပုဒ်က ခေါင်းထဲရောက်လာတယ်။ စာသားလေးကို ဖတ်ကြည့်ကြပါနော်။ ဆိုတော့မပြတော့ဘူးရှင်။ ထမင်းစားပျက်နေကြမှာစိုးလို့ပါ။ ခေါင်းစဉ်လေးကတော့ …

လူလူချင်းမို့ …….. တဲ့ရှင်။

ပိုင်ဆိုင်မှု နဲ့ အသွေးအရောင် ဘယ်လိုခြားနေပါစေ
အယူအဆ ခြင်း ကွဲပြားနေပါစေ။
ခံယူချက် နဲ့ အတွေးအခေါ် မတူရင်လဲရှိပါစေ။
လူချင်းတော့ တူတူပဲလေ။
သင်တို့အချင်းချင်း ချစ်ပါဆိုတဲ့ ပညတ်တော်လို
လူလူချင်း ချစ်ကြပါရင်..
လူကိုချစ်တဲ့ ဘုရားအလိုတော်နဲ့ ပြောစကားကို
လိုက်လျောခြင်းဖြစ်လိမ့်မယ်..။

လောကကြီးထဲ ရှိရှိသမျှဟာ
ကျေးဇူးတော် သက်သက်ဖြစ်ပြီမို့
ကိုယ်စံရတာကို ဂုဏ်ယူ ၀ါကြွားဖို့မလိုဘူး
မာန်မာန ထောင်လွှားနေမယ့်အစား
လူသားချင်းပဲ ဆိုတဲ့ အသိလေးတွေ
ကိုယ်နဲ့အမျှ အလေးထားပြီး
လူ ကို ချစ် တတ် ကြ ပါ စေ…။

အေးချမ်းကြပါစေ။
ငြိမ်သက်ကြပါစေရှင်……..။

2 comments:

မိုးထက်နေ said...

ကိုယ်တော်ရှင်ဟာ အားလုံးပြည့်စုံ တော်မူတယ်
(ပုဂ္ဂလိက) ချစ်ခြင်းမေတ္တာနဲ့ အလွမ်းကို မသိရှာတာကလွဲလို့ 

ညီလင်းသစ် said...

ကျနော်တို့ငယ်စဉ်က အကြိမ်ကြိမ်ဆိုခဲ့ဖူးတဲ့သီချင်းလေး ကိုဒီမှာ အမှတ်မထင်ပြန်တွေ့လိုက်ရတော့ရင်ဘတ်ထဲ မှာခံစားမှုလှိုင်းတချို့ဖြတ်ပြေးသွားတယ်ဗျာ၊ မအိမ့်ချမ်း မြေ့က မဆိုပြပေမယ့်ဒီသီချင်းလေးကိုကျနော်ဘုရား ကျောင်းမှာအကြိမ်များစွာဆိုခဲ့ဖူးလို့သံစဉ်ကိုသိပါတယ်၊ ပြောရရင်နဲနဲတောင်မေ့နေပြီ၊ ဒီသီချင်းလေးနဲ့ဆက်နွယ် ပြီးဘုရားကျောင်းထဲကငယ်ဘဝတွေဆီကို လွမ်းမော တမ်းတစွာပြန်ရောက်သွားခဲ့ရလို့ သွယ်ဝိုက်လို့ပဲဖြစ်ဖြစ် ကျေးဇူးစကားဆိုလိုက်ပါရစေခင်ဗျာ...။

LinkWithin

Related Posts Plugin for WordPress, Blogger...