မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, December 22, 2007

ဆောင်းအိပ်မက်

ထိုနေ့ညက နှင်းစက်တို့ ထင်းရှုးပင်တွေထဲ တဖောက်ဖောက်ကျနေသံကို ကြားနေရသည်။ ကြည့်လိုက်တိုင်းဖွေးဖွေးလှုပ်ဖြူနေသော နှင်းစက်တွေအောက်မှာ မြို့ပြရဲ့ရောင်စုံမီးတွေက ဖျိုးဖျိုးဖျတ်ဖျတ်။ တောင်ကုန်းအောက်ခြေမှာ အိပ်မောကျသော အိမ်ပုလေးတစ်လုံးဆီက ခေါင်းတိုင်မှ မီးခိုးကတလူလူတက်လာနေသည်။ ဆောင်းလေက အလိုက်မသိစွာ ခါးသက်ကြမ်းရှနေလေရော့သလား။ သူမအိပ်မောကျနေလေရော့သလား။ သူမဘေးမှာ တစ်စုံတစ်ဦးများရှိနေလေမလား။ ခြံထဲသို့ဝင်သည့် လမ်းတစ်လျောက်မှာ နှင်းပုံက အိအိစို့စို့။ အိမ်ရှေ့ခန်းပြူတင်းကဖြတ်လို့ မီးရောင်က ပြူတင်းအပြင်ဘက်က အကိုင်းကျဲကျဲ မေပယ်ပင်ပေါ်ကို ဖြာကျနေသည်။ သူမအခန်းထဲမှာလဲ မီးရောင်ကဖျာလဲ့လဲ့။


ခြံထဲမှာ သူမစိုက်ထားသည့် အပင်တွေ နှင်းဒဏ်အောက်မှာ အလဲလဲအပြိုပြို။ နွေရာသီတုန်းက သူမ၏ နွယ်ပန်းမွှေးပင်အတွက် ကိုယ်တိုင်စဉ်ထိုးပေးခဲ့သည့် ပန်းစင်ကတော့ ဆွေးမြေ့နေပြီ။ ပန်းစင်အောက်က နှင်းပုံထဲမှာ လက်လက်တောက်တောက် အရာတစ်ခုကို တွေ့လိုက်သည်။ အော်… သူမထိုးနေကျ ဆံထိုးလေး။ သူမပန်းစိုက်တုန်းက ကျခဲ့ဟန်တူသည်။ ဒူးထောက်ထိုင်ရင်း ဆံထိုးလေးကို ခပ်ဖွဖွတို့ကြည့်မိသည်။ ရင်မှာ တစစ်စစ်နာကျင်လာတော့ နှင်းရိပ်အောက်က ငိုက်မြည်းနေသောသစ်ပင်အိုထံမှ ညငှက်တစ်ကောင် နာကျည်းစွာ အော်ဟစ်ပြန်ထွက်သွားသည်။

တစ်နေ့သော ညနေစောင်းတစ်ခုတုန်းက မီးဖိုထဲမှာ ခရမ်းချဉ်သီးတွေ လှီးနေသော သူမကို နောက်က သိမ်းဖက်ရင်း သူမနားရွက်ကို ချစ်မြတ်နိုးစွာနမ်းလိုက်စဉ်က ထိုဆံထိုးလေး ပန်းကန်ဆေးခွက်ထဲသို့ ပြုတ်ကျသွားခဲ့ဖူးသည်။ နောက်တော့ သူမ ကိုယ်ကို တစ်ပတ်လှည့်လာပြီး ရင်ခွင်ထဲမှာ မှီနွဲ့လာခဲ့သည်။ အဲဒီနေ့က ကော်လာဖြူပေါ်မှာ သူမဆီက ခရမ်းချဉ်သီးပေကျန်ခဲ့သည်။ ဆောင်းလေက အရိုးအေးမတတ်တိုက်ခတ်နေသည်။ သက်ပြင်းမောကို မှုတ်ထုတ်အပြီး သူမနှစ်သက်သည်ဆိုသည့် ဆေးလိပ်နံ့နံနေသည့် ကိုယ့်နှုတ်ခမ်းကို ရောင်ရမ်းထိကြည့်မိသည်။ ၀ဲစရာမျက်ရည်တော့ မရှိတော့။

အိမ်ကို တပတ်ပတ်ကြည့်မိသည်။ အရင်အတိုင်း ဘာမှပြောင်းလဲခြင်းမရှိ။ ခြံထောင့်က သစ်ရွက်သိမ်းသည့် ဂွတံကို သူမ မသိမ်းပဲ နှင်းတွေထဲ ဒီအတိုင်းပစ်ထားသည်ပဲ။ ပန်းရေလောင်းသည့် ရေပိုက်တွေလဲ မသိမ်းပဲပစ်ထားတော့ အက်ကွဲကုန်ပြီထင်သည်။ အိမ်ဘေးပြူတင်းပေါက်မှ အိမ်တွင်းသို့လှမ်းအကြည့် အိမ်ရှေ့ခန်းမီးလင်းဖိုမှာ မီးဖိုထားသည်ကို မြင်နေရသည်။
သူမကော…။
အိပ်ခန်းထဲမှာ စာဖတ်နေလား။ မဖြစ်နိုင်။ သူမက မီးလင်းဖိုနားမှာ စောင်တစ်ထည်ခြုံရင်း စာဖတ်တတ်သည်ပဲ။ စာဖတ်ရင်း အိပ်ပျော်သွားတတ်သည့် သူမနဖူးကို ဟိုတုန်းကတော့ သာသာနမ်းပြီး နှိုးနေကျ။ တစ်ခါတစ်ရံ သူမသောက်ဖို့ ဖျော်ပေးထားသည့် လက်ဘက်ရည်ကို မသောက်ပဲ အိပ်ပျော်သွားသည့်အခါ တဗျစ်တောက်တောက် ပြောမိခဲ့သည်များကို နောင်တရမိသည်။ ယခုတော့ သူမထိုင်နေကျ မီးလင်းဖိုနားက ခုံက လွတ်နေသည်။ ဒါဆို ရေနွေးကန်ထဲမှာ စိမ်ရင်း အိပ်များပျော်နေသလား။ သူမ၏ ရေနွေးစိမ်ရင်း အိပ်ပျော်တတ်သည့် ထူးထူးဆန်းဆန်း အကျင့်ဆိုးကြောင့် ခဏခဏ နေမကောင်းဖြစ်သော သူမ၊ ဆေးသောက်ရမှာ အလွန်ကြောက်သောသူမ၊ ဘယ်ဆေးကိုမှ အယုံအကြည်မရှိသောသူမ၊ ဒီတစ်ဆောင်းလုံးဘယ်လိုများ နေနေပါလိမ့်။

အိမ်ရှေ့ သုံးထစ်လှေကားအတိုင်း တက်လာခဲ့သည်။ နွယ်ပန်းတွေ အအေးဓာတ်အောက်မှာ ခေတ္တအိပ်စက်နေကြသည်။ နွေဦးဆိုရင်တော့ ခေါင်းထောင်လို့ ကြော့လာကြပေဦးမည်။ အရင်လို အသံပေးပြီး အိမ်ထဲဝင်ရမလား။ သူမအရမ်းအံ့သြသွားမလား၊ လန့်သွားမလား။ သူမနာမည်ကို တချက်ခေါ်ကြည့်လိုက်သည်။ စိတ်လှုပ်ရှားလွန်းလို့ထင်သည်။ ကိုယ့်အသံတောင် ကိုယ်ပြန်မကြားရ။ အိမ်ထဲက ဘာသံကြားမလဲ စောင့်ကြည့်နေသည်။ ဘာသံမျှမကြား၊ ဘာလှုပ်ရှားမှုမှမတွေ့။ အိမ်ရှေ့တံခါးကို အသာတွန်းလိုက်တော့ တံခါးက ပွင့်နေသည်။
အို….
သူမဘာကြောင့်များ တံခါးပိတ်မထားပါလိမ့်။

အိမ်ရှေ့ခန်းထဲရောက်တော့ အရာအားလုံး အရင်အတိုင်း၊ ဘာမှမပြောင်းလဲ။ အဆောင်အယောင်ကင်းမဲ့တဲ့ အခန်းလေးထဲမှာ အသံတွေ တိတ်ဆိတ်နေသည်။ နံရံပေါ်မှာတော့ သူမအတွက် စပ်ခဲ့ဖူးတဲ့ကဗျာတပုဒ်။ အဲဒီနေ့က ထုံးစံအတိုင်း နောက်နေ့စာတွက် သူမ ထမင်းချက်ရန် ဆန်အိုးကိုဖွင့်လိုက်သည်ကို ခပ်လှမ်းလှမ်းမှ ပန်းကန်တွေဆေးရင်း သူမမျက်နှာကို မသိမသာ အကဲခတ်နေခဲ့သည်။ ဆန်အိုးထဲက ထွက်လာတဲ့ စာရွက်ခေါက်ကို သူမ မျက်မှောင်ရှုံ့ပြီး ဖွင့်ဖတ်လိုက်သည်။ သူမ မျက်နှာလေးတည်သွားသည်။ နောက် တဖြည်းဖြည်း ပြုံးလာသည်။ နောက် အောက်နှုတ်ခမ်းလေးကို သူမကိုက်ပြီး မျက်လုံးလှန်ကြည့်သည်။ နောက် ဆင်မယဉ်သာ ခြေလှမ်းများနှင့် အနားကို ကပ်လာသည်။ နောက် လည်ပင်းကိုသိုင်းဖက်ပြီး ယဉ်ကျေးသိမ်မွေ့သော အနမ်းတစ်ခုကိုပေးသည်။ နောက်တစ်နေ့တော့ ထိုကဗျာစာရွက်လေးကို ဘောင်လှလှလေးထဲထည့်ပြီး အိမ်ရှေ့ခန်းမှာ သူမချိတ်ထားလိုက်သည်။

ယခုတော့ သူမ အရမ်းတိတ်ဆိတ်နေသည်။ အိပ်မောကျနေရော့သလား။ ရေချိုးခန်းထဲမှာ ပန်ကာလည်သံလဲမကြား၊ မီးလဲဖွင့်မထား။ စင်္ကြန်အတိုင်း အိပ်ခန်းရှိရာဘက်သို့လျောက်လာသည်။ အခန်းတံခါးက စေ့နေသည်။ မီးရောင်ကဖြာကျနေသည်။ အခန်းတံခါးကို အသာတွန်းဖွင့်လိုက်သည်။

သူမ ကုတင်ပေါ်မှာ အိပ်မောကျနေသည်။ ဟင်…….. သူမ.. သူမ သိပ်ပိန်သွားပါလား။ စောင်ပုံလေးပဲ မြင်နေရသည်။ အနားကို ခပ်ဖွဖွလှမ်းလို့ ကပ်သွားမိသည်။ သူမ ပိန်လိုက်တာမှ အရိုးပဲကျန်တော့သည်။ ဘယ်လိုဖြစ်တာလဲ။ အရင်က နီရဲဖူးစိုခဲ့သော နှုတ်ခမ်းတွေ မဲညစ်ခြောက်ကပ်နေသည်။ မြတ်နိုးစွာနမ်းခဲ့သော ပါးပြင်မို့မို့တွေ ချိင့်ဝင်နေသည်။ အရောင်တောက်လက်ခဲ့သော ဆံနွယ်တွေ ဖွာလန်ကြဲနေသည်။ လက်ချောင်းတွေက အရိုးငေါငေါထွက်နေသည်။ ကျွန်တော်ဝတ်နေကျ အနွေးထည် အညိုရောင်ကို တင်းတင်းကျပ်ကျပ်ဖက်ရင်း သူမအိပ်ပျော်နေသည်။ ခေါင်းရင်းက စားပွဲပေါ်မှာလဲ ဆေးပုလင်းတွေ ကြဲပြန့်နေသည်။ ဆေးတွေက အိပ်ဆေးတွေ၊ စိတ်ငြိမ်ဆေးတွေပါလား။ သူမ မျက်နှာကို ငုံ့ကြည့်လိုက်သည်။ ဟာ… ပါးပြင်မှာ မျက်ရည်တွေ ခြောက်တောင် မခြောက်သေးဘူး။ သူမ ငိုရင်း အိပ်ပျော်သွားသည်ပဲ။

“ကိုယ် ပြန်ရောက်ပြီလေ”

သူမ နဖူးလေးကို ဖွဖွနမ်းပြီး နှိုးလိုက်သည်။ သူမ မလှုပ်၊ သူမအသက်ရှုသံ လေးလေးမှန်မှန် ဆက်ထွက်နေသည်။

“ကန့်လန့်ကြီး အိပ်နေတော့ မောင် ဘယ်နားအိပ်ရမှာလဲ”

နှာခေါင်းလေးကို လက်နဲ့ အသာဖျစ်လိုက်ပြီး ပြောလိုက်သည်။ သူမ ကိုယ်ကို တချက်တွန့်ပြီး ဟိုဘက်စောင်းပြီး ဆက်အိပ်နေသည်။ အရမ်းပိန်သွားသည့်အတွက် သူမကောက်ကြောင်းတွေက အရင်လို မပီပြင်တော့။ သူမ ဆံနွယ်တွေကို အသာပွတ်ပြီး ဟိုအရင်ကလို နားရွက်လေးကို နမ်းလိုက်သည်။ သူမ နှုတ်ခမ်းက အပြုံးတစ်ခု လှစ်ကနဲ မြင်လိုက်ရသည်။
သူမ နှုတ်ခမ်းက အပြုံးလေးကို တစိမ့်စိမ့်ကြည့်နေမိသည်။ သူမ နှုတ်ခမ်းတွေလှုပ်ရွလာသည်။
“မောင်…”
တိုးတိုးလေး….
“ဗျာ”
“မောင်… မောင်”
သူမကိုယ် လူးလွန့်လာသည်။
“ဗျာ… မောင်ဒီမှာလေ”
“မောင်.. အို… မောင်” သူမ မျက်လုံးမှိတ်ရင်း ဆက်ခေါ်နေသည်။ မျက်လုံးအိမ်မှ မျက်ရည်တွေ တသွင်သွင် စီးကျလာသည်။
“မောင်.. မောင် မသေဘူးနော်…”
သူမ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်နေသည်။
“ဟင်.. မောင်မသေပါဘူး၊ ဘာတွေပြောနေတာလဲ။ မောင်မသေပါဘူး”
သူမ ကို မျက်ရည်သုတ်ပေးရန် စက္ကုပါးလေးကို ထယူလိုက်သည်။ သူမ၏ ကိုယ်လုံးပေါ်မှန်ရှေ့က ဖြတ်လျောက်မိတော့ တစ်ခုခု မှားနေသလိုခံစားလိုက်ရသည်။
မှန်ရှေ့ကို နောက်ခြေတစ်လှမ်း ပြန်လှမ်းလိုက်ပြီး တည့်တည့်ရပ်လိုက်သည်။
“ဟာ”
မှန်ထဲမှာ………
မှန်ထဲမှာ……..
ကိုယ့်ကိုကိုယ် ပြန်မမြင်ရပါလား။
သူမကို အံ့သြတကြီး လှဲ့ကြည့်လိုက်သည်။ သူမကတော့ သူ့နာမယ်ကို တမ်းတကြေကွဲစွာ ဆက်၍ခေါ်နေသည်။

နံရံတွေထဲက အလင်းတွေ ဖြာထွက်လာသည်။ အခန်းတစ်ခုလုံး လင်းလက်နေသည်။ ထူးဆန်းစွာ မျက်စိတွေကတော့ ကျိမ်းစက်မနေ။

“မောင်…. မောင်…”
သူမ အသံက တဖြည်းဖြည်း ဝေးသွားသည်။ တိုး၍… တိုး၍……….
“မောင်…….. မသွားပါနဲ့မောင်”
“မောင်…”
မောင်…..
မောင်…….


10 comments:

မိုးထက်နေ said...

လူ့ ယဉ်ကျေးဆိုသူ များက ချစ်ခြင်းဟာ အမောပြေဝိုင်တစ်ခွက်ပါ လို့ သဘောထားတယ်
တချို့ လဲ ဒဿဂီရိ လို ဗိုလ်အောင်ဒင် လို ရင်ဆိုင်သွားတယ်။
တချို့ ကတော့ ရောက်တဲ့ နေရာတင် ခြေစုံရပ်လို့  အသက်တာကို ပိုင်းဖြတ်လိုက်တယ်။
အချစ်ဟာ သိပ်အားကောင်းလွန်းတယ်။
ချစ်ခြင်းမေတ္တာဖြင့် နှောင်ကြိုးများ အပိုင်းပိုင်း ပြတ်ပါစေ။
ချစ်သူတိုင်း အဓွန့် ရှည်ပါစေ။
သူမ ပျော်ရွှင်ပါစေ။

လွန်မြောက်ရာ
ဟုတ်တယ်
ဘယ်သူမှ မသိအောင် ဒီအပင်ကို ပျိုးခဲ့တယ်
ဒီပန်းရယ် ဘယ်တော့မှ ပွင့်နိုင်မယ် မဟုတ်ဘူး
သိတယ်
အနာဂတ်ကို မင်းဆီ အပ်ပါတယ် ဆိုဖို့ လဲ
ငါဟာနေလောင်ခံ သစ်သီးတစ်လုံးသာ ဖြစ်တယ်။

စာပို့ ခိုတွေကလဲ မင်းလိပ်စာကိုမသိဘူး
မြေပုံမပါပဲ ပင်လယ်ကူးတဲ့လူကို ရူးတယ်ဆိုဦးတော့
ရူးတယ်။
ချွေးပြိုက်ပြိုက်ကျနေတဲ့ ဝိဥာဉ်ဟာ
ချစ်ခြင်းမေတ္တာကို ဆာလောင်ရှာတော့တယ်။
မောတယ်။

လိပ်ပြာလေးရေ သာယာပါရဲ့ လား
အဝေးကြီးက လူမသိသူမသိ လရောင် ဟာ ဖျားပေါ့။

ခဏလေးတော့ သြဒဲဆာ ကိုသွားမယ်
မာယာကော့စကီး ......
မာရီယာ.........
ပြီးတော့ မင်း နဲ့ ငါ

ကမ္ဘာဟာ ငါ့ကို တိုးတိုးဖွဖွ နှုတ်ဆက်ပေါ့

ဒီနေရာမှာ
တကယ် ဖြစ်ခဲ့တယ်...
ငါ မင်းကို ချစ်ခဲ့တယ်။

မိုးထက်နေ

mgkogyi said...

ဖြည်းဖြည်းလေးနှင့်ငြိမ့်ငြိမ့်လေး ခံစားသွားတယ်။ တိုးတိတ်သွားသော မောင်ခေါသံကို ကြားမိတယ်။
ငယ်ငယ်တုန်းက ကြိုက်တဲ့ Ghost new version လားလို့တောင် တွေးမိတယ်။
ကိုမိုးထက်နေ ရဲ့ စာနှင့်ကဗျာကတော့ ရှယ်ပဲ ။
အမောပြေ၀ိုင် ကတော့ ဂွတ်တယ်ဗျာ ဆောင်းအိမ်မက်ကို ခံစားရင်း တခွက်လောက်ဗျို့။
ရိုင်ယန်.....

Yan said...

သိပ်ကိုလှပတဲ့ ခံစားရေးဖွဲ့ချက်လေးပါပဲ မလေးရေ…

ဘာတွေဆက်ဖြစ်မလဲဆိုပြီး စိတ်ဝင်တစားနဲ့ ဆက်ဖတ်ကြည့်နေရင်း နောက်ဆုံးမှာ ဇာတ်လမ်းရဲ့ မြုပ်ကွက်လေးကို တွေ့သွားတော့ စိတ်မကောင်းဖြစ်သွားမိတယ်.

ဩော်. သူတစ်ယောက် ၀ိညာဉ်အဖြစ်နဲ့ ခြံလေးထဲမှာ လှည့်ပတ်ကြည့်နေတာကိုးလို့…

ရင်ဘတ်ထဲကို ညင်ညင်သာသာလေးနဲ့ တိုးဝင်လာပြီးတော့ နှလုံးသားကို ဆတ်ခနဲ လှုပ်နိုးလိုက်သလိုပဲ. အထူးသဖြင့် “မောင်” တစ်ယောက် မှန်ထဲကို ပြန်ကြည့်မိချိန်မှာပေါ့.

ဇာတ်လမ်းလေးက ငြိမ့်ငြိမ့်လေးနဲ့ ကြည်နူးဖွယ်ရာလေး သယ်ဆောင်သွားပြီးတော့ စာဖတ်သူကို အခန်းထောင့်လေးတစ်နေရာမှာ ချန်ထားခဲ့တယ်.

မလေးရဲ့ ရေးသားချက်တွေကတော့ ပြောင်မြောက်ပါတယ်ဗျာ. ဆက်လက်ပြီး ပိုမိုကောင်းမွန်တဲ့ ရသစာလေးတွေ ပြုစုနိုင်ပါစေ…

ခင်မင်လေးစားလျက်

ရန်အောင်

ခွန်မြလှိုင် said...

မအိမ့်ရေ ဆောင်းအိပ်မက်ကို မမက် ပါရ စေနဲ့ မခံစားနိုင်ဘူး ဖတ်ရတာတောင် ရင်နင့်တယ်

မေငြိမ်း said...

မလေးရေ.. ဆောင်းအိပ်မက်ကို မခံစားနိုင်ဘူး..ငိုချင်တယ်..ပြီးတော့ မတွေးရဲဘူးကွယ်..

သိုးမလေး said...

မလေး... ခပ်တိုးတိုးလေးပဲ နှုတ်ဆက်သွားတယ်၊ ဆောင်းအိပ်မက်လေးက အသက်ဝင်တယ်။ မလေး မက်တဲ့အိပ်မက် ညီမလေး နားလည်သလို ခံစားရုံနဲ့တင် ပြည့်စုံပါတယ်။ ဒီမှာလည်း အရမ်းချမ်းတယ်နော်။

Angel said...

အိမ့်ရေ…
အခုတစ်ရေးနိုးမှာထရေးနေတာမို့  မှန်ကိုမကြည့်ရဲဘူးကွ။
အိမ့်ရဲ့ပြောင်မြောက်သိမ်မွေ့ တဲ့အရေးအသားတွေက
အိမ့်ဘ၀ရဲ့တည်ကြည်ငြိမ်းချမ်းမှု၊လေးနက်မှု၊ အနုပညာအသက်ဝင်
မှုအားလုံးကိုကိုယ်စားပြုတယ်။
အိမ့်ရဲ့အနုပညာဟာ အိမ့်ရဲ့အဖေါ်မွန်ကောင်းဖြစ်တယ်ဆိုတာ
သံသယကင်းစေတယ်။
အားပေးတဲ့အနေနဲ့ မဟုတ်ဘဲ၊အားလာယူတဲ့အနေနဲ့ အမြဲရောက်ခဲ့ပါတယ်နော်။

ခင်မင်းဇော် said...

ဖတ်ရင်းနဲ့ တစုံတရာကို သိနေသလိုပဲ..
ဟုတ်တယ် တစုံတရာကနေ တစုံတခုကို ပေးဆပ်လိုက်တယ်...
မလေးရေ အလွမ်းတွေက ဘယ်တော့မှ မကုန်ဆုံးနိုင်ဘူး...

မိုးထက်နေ said...

ပန်းတွေ မပွင့်တဲ့ ခဏ
( အင်ကြင်းတစ်ခိုင်)

Phyo Evergreen said...

အစ်မရေ အစ်မရဲ့ ဆောင်းအိပ်မက်ကို အခါခါဖတ်မိနေပြီ။ လွမ်းဆွေးစရာကောင်းတဲ့ဆောင်းရယ်..။

LinkWithin

Related Posts Plugin for WordPress, Blogger...