မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, December 12, 2007

နိုင်ငံခြားသွားမယ်ဆိုရင်…

နိုင်ငံခြားသွားမယ်ဆိုရင်… ဆိုတဲ့ ကိုစေးထူးရဲ့ ပိုစ်ကို ဖြေထားခြင်းပါ။
(ကျွန်မ နေနေသော တိုင်းပြည်နဲ့ ကျွန်မရဲ့ ရှုထောင့်တစ်ခုတည်းမှသာ တတ်နိုင်သလောက် ဖြေထားခြင်းဖြစ်ပါတယ်ရှင်။ လိုအပ်မှုများရှိနေပါလိမ့်မည်)

နိုင်ငံခြားသွားသူတိုင်း အဆင်ပြေဖို့ဆိုတာ မေးသူပြောသလိုပဲ ကိုယ်ဘယ်လမ်းကြောင်းကလာသလဲ၊ မိမိကိုယ်ပိုင်အရည်အချင်းက ဘယ်လောက်ရှိလဲ၊၊ ကိုယ့်ရဲ့ ရည်မှန်းချက်က ဘယ်လောက်မြင့်သလဲ၊ ဘယ်လောက်အတိုင်းအတာအထိ ရောင့်ရဲနိုင်မလဲအပေါ်မှာ မူတည်ပါတယ်။
မိဘနဲ့လာတာလား၊ တစ်ယောက်ထဲထွက်လာတာလား၊ ယောင်္ကျားနောက်လိုက်လာတာလား၊ မိန်းမနောက်လိုက်လာတာလား၊ သားသမီးတွေပါ ပါလာသလား စတဲ့ အချက်တွေအပေါ်မှာလဲ မူတည်ပါတယ်။ ကိုယ်သွားတဲ့ တိုင်းပြည်ပေါ်မှာလဲ မူတည်ပါတယ်။ မိမိကိုယ်ပိုင်အရည်အချင်းတွေ အပေါ်မှာလဲ မူတည်ပါတယ်။


(၁) နိုင်ငံခြားသွားတဲ့လူတိုင်း အဆင်ပြေဖို့ဆိုတာ မျှော်လင့်ချက်အားဖြင့် ဘယ်နှစ်ရာခိုင်နှုန်းလောက်ရှိနိုင်ပါသလဲ။ (ဒီမေးခွန်းအတွက်ဖြေဆိုပေးတဲ့နေရာမှာ အစမှာပြောခဲ့တဲ့ စဉ်းစားပုံ လမ်းကြောင်းပေါ်ကို အခြေခံစေလိုပါတယ်။
ယေဘုယျအားဖြင့်လည်းဆွေနွေးနိုင်ပါတယ်။)

ရာခိုင်နှုန်းတော့ ကျွန်မ မသိပေမယ့် နိုင်ငံခြားဆိုတဲ့ တိုင်းပြည်တွေကို ထွက်သွားတဲ့သူတွေ အိမ်သိပ်မပြန်ကြတော့တာကို ကြည့်ခြင်းအားဖြင့် အဆင်ပြေနေကြလို့လို့ ယူဆလို့ရပါတယ်။

(၂) ပထမဆုံးကျောင်းသွားတက်မယ်...။ ကျောင်းတက်ရင်းအလုပ်လုပ်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ကျောင်းပြီးမှ အလုပ်ရှာလုပ်မယ် ဆိုတာလည်းရှိမယ်။ အလုပ်အတွက် သီးသန့်သွားတာ မဟုတ်ဘဲ ကျောင်းသွားတက်ရင်း အလုပ်ရှာ၊ နောက်… အခြေကျနေထိုင်ဖို့ စဉ်းစားတဲ့လူတွေ အတွက် ဘယ်လိုအခက်အခဲမျိုးတွေ ရှိနိုင်မလဲ။

ကျောင်းသွားတက်ရင်း ပညာရှာ အချိန်တန်တော့ အလုပ်ရတာကတော့ ကနေဒါမှာ UBC (University of British Columbia) မှာ co-op program တွေနဲ့ ကျောင်းတက်ရင်း တဘက်တလမ်းက ကျောင်းစရိတ်ရဘို့ ၀င်ငွေရရန်ရှာရင်း မိဘကိုတောင် ငွေပြန်ပို့နိုင်တယ်လို့သိရပါတယ်။ ဘွဲ့ရရင် အလုပ်ရှာပြီး ဒီနိုင်ငံမှာဆက်နေရန် အကြောင်းတွေလဲ ဖြစ်လာနိုင်ပါတယ်။ အဲလိုလူမျိုးတွေကတော့ နိုင်ငံခြားမှာ ထွက်အလုပ်လုပ်နေတဲ့ မိဘတွေရဲ့ သားသမီးတွေများပါတယ်။ ငွေရေးကြေးရေး နောက်ပိုင်း ပူပန်နေရသူတွေ၊ မိဘကိုထောက်ပံ့ရသူတွေ အတွက်ကတော့ ပညာနောက်ထက်၊ ငွေနောက်ကို လိုက်ကြရတာများပါတယ်။

UBC က အင်ဂျင်နီယာ ပရိုဂရမ်တွေမှာ မလေးရှားနဲ့ အင်ဒိုနီးရှားမှ ကျောင်းသားတွေ တော်တော်များများရှိပေမယ့် မြန်မာပြည်မှ ကျောင်းသားအရည်အတွက်ကတော့ အလွန်နဲနေပါသေးတယ်။ ဘွဲ့ရပြီးရင် remote area တွေမှာ အလုပ်လုပ်ရန် ဗီဇာ ၁နှစ် သို့မဟုတ် ၂နှစ် သက်တမ်းပေးပါတယ်။ အဲဒါပြီးရင် Immigrant visa လျောက်လို့ရတယ်လို့ သိရပါတယ်။ နိုင်ငံခြားသားအနေနဲ့ကျောင်းလာတက်မယ်ဆိုရင်တော့ ကနေဒီယန်တွေထက် ကျောင်းလခ သုံးဆလောက် ပိုပေးရတတ်ပါတယ်။ မိဘချမ်းသာသူတွေအနေနဲ့ ဒီနည်းကို သုံးလို့ရပါတယ်။ ကျောင်းတက်ရင်း ကျဘမ်းအလုပ် (ဥပမာ သန့်ရှင်းရေး အလုပ်သမားအနေနဲ့ ညဘက်တွေ လိုက်လုပ်ရင် တစ်လကို ငါးရာလောက် ကျန်နိုင်တယ်လို့လဲ သိရပါတယ်)။ နောက်တစ်ခုက ကောလိပ်လေးတွေမှာ အင်္ဂလိပ်စာ လာတက်ပြီး ယူနီဗာစီတီတွေကို တဆင့်လှမ်းတဲ့ နည်းလဲရှိပါတယ်။ တစ်ခါတစ်ရံတော့လဲ ဗီဇာသက်တမ်းကုန်လို့ ကောလိပ်ကနေ လှည့်ပြန်ရတာတွေလဲ ရှိပါတယ်။ အဲဒါဆိုလဲ အနည်းဆုံး အတွေ့အကြုံရသွားတာပေါ့။ ဗီဇာသက်တမ်း တိုးမပေးလို့ ပြန်သွားရရင်လဲ နောက်လူတွေအတွက် လမ်းပွင့်တာပါပဲ။ ကျောင်းလာတက်ပြီး မပြန်တော့ပဲ ဆက်နေနေတာမဟုတ်ရင်၊ ကနေဒီယန်အစိုးရဟာ မြန်မာကျောင်းသားတွေအပေါ် ယုံကြည်မှုရှိလာရင်၊ နောက်ပိုင်းလူတွေအတွက် လမ်းတွေ ပိုပွင့်လာနိုင်ပါတယ်။ ဒါပေမယ့်လဲ တော်ရုံလူက ရောက်လာပြီးရင် မပြန်ချင်ကြတာကိုလဲ နားလည်ပါတယ်။ ကိုယ်ချင်းလဲစာပါတယ်။ အဲလိုအင်္ဂလိပ်စာလာတက်ပြီး ဆက်နေဖို့ ကြိုးစားတဲ့အခါမှာ အောင်မြင်သွားသူတွေရှိသလို၊ ပြန်သွားရသူတွေလဲရှိပါတယ်။

ကျောင်းမတက်ဘူး အလုပ်နဲ့လာမယ်ဆိုရင်တော့ skill worker အနေနဲ့လာလို့ရပါတယ်။ ကနေဒီယန် အစိုးရ ဆိုဒ်မှာ အင်ဖို ရယူနိုင်ပါတယ်။ http://www.cic.gc.ca/english/index.asp ဒီဆိုက်ဒ်မှာ အလုပ်၊ အလည်အပတ်၊ ကျောင်း စသဖြင့် အင်ဖိုအပြည့်အစုံရှိပါတယ်။
ကနေဒါမှာ လိုနေတဲ့ အလုပ်သမားတွေအနေနဲ့ လာဖို့ရန်ကတော့ အမှတ်မှီရပါတယ်။ အင်တာဗြူးလဲ အောင်ရပါတယ်။ အခက်အခဲကတော့ အင်တာဗြူးလုပ်သူရဲ့ စိတ်ပေါ်မှာ၊ ကိုယ်ဖြေတဲ့အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ချင်းခံရတာပါပဲ။ စင်္ကာပူမှာ လုပ်ငန်းအတွေ့အကြုံလဲရှိတယ်။ ကနေဒါကလဲ အဲဒီလုပ်ငန်းမှာ လူလိုတယ်၊ ကိုယ်ကလဲ အရည်အချင်းပြည့်မှီ၇င် ရဖို့ရှိပါတယ်။

နောက်တစ်ခုက (ရေတိုမှာ) ရိုးရိုးသာမန်ဘွဲ့ရသူတစ်ဦးရဲ့ လစာနဲ့ ဘွဲ့မရသူတစ်ဦးရဲ့ လစာဟာ တူညီနေတတ်ပါတယ်။ သာမန်ဘွဲ့ရသူတစ်ဦးနဲ့ trade school တက်ထားသူတစ်ဦးနဲ့ ယှဉ်ရင်လဲ သာမန်ဘွဲ့ရသူတစ်ဦးဟာ အလုပ်ရရန် ပိုခက်နေတတ်တာတွေလဲ ရှိပါတယ်။ trade school သမားက ကျောင်းဆင်းတာနဲ့ မိမိလုပ်ငန်းပေါ်မှာ မူတည်လို့ တစ်နာရီ ၁၆ဒေါ်လာ၊ ၁၈ဒေါ်လာလောက် တန်းရသည့်အချိန်မှာ သာမန်ဘွဲ့နဲ့ အလုပ်ချက်ချင်းမရလို့ ပိုလီကျောင်းသွားတက်ရသူတွေလဲရှိပါတယ်။ ရလာတဲ့ ၀င်ငွေဟာနဲ့ အိမ်တစ်ဆောင်၊ ကားတစ်စင်းနဲ့ ချက်ချင်းလဲ ဖြစ်စေတတ်တာမို့ ဒီတိုင်းပြည်က လူငယ်တွေတောင် ပညာဆက်သင်လိုစိတ်ကုန်သွားတတ်ပါတယ် (ကြီးမှ နောင်တ ရကြတာပေါ့လေ)၊

အကောင်းဆုံးကတော့ မိမိဟာ တိုင်းတပါးမှ ရွေ့ပြောင်းလာသူ တစ်ဦးဆိုရင် ပရိုဖက်ရှင်နယ်တစ်ဦးဖြစ်ရန် ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်းတစ်ခုခုရရန် ကြိုးစားခြင်းက အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။ ဆရာဝန်၊ သူနာပြု၊ လက်သမား၊ ကားပြင်ဆရာ စသဖြင့်ပါ။ အုပ်ချုပ်ရေးပိုင်း၊ တည်ဆောက်အောင်မြင်ပြီးသား ကုမဏီကြီးတွေရဲ့ စီးအီးအို၊ စီအိုအို ဖြစ်ဖို့ကတော့ Immigrant တွေအနေနဲ့ သိပ်တော့ မလွယ်ပါဘူး။ အင်္ဂလိပ်စာကို ကျွမ်းကျင်စွာ တတ်မှဖြစ်ပါမယ်။ မှန်မျက်နှာကျက် (glass ceiling) ကိုဖြတ်နိုင်ဖို့ မလွယ်ပါဘူး။ ချွင်းချက်တွေတော့ ရှိတာပေါ့နော်။


(၃) တချို့ကလည်းရှိပါတယ်။ သားသမီးတွေ နိုင်ငံခြားသွားနိုင်ဖို့ ရှိသမျှအရင်းအနှီး၊ အိမ်ရာ အစရှိသဖြင့်ထုခွဲပြီး စွန့်စားလိုက်ကာမှ အဆုံးမှာ အခက်တွေ့နေရတဲ့ လူတွေပါ။ ဒီလိုစွန့်စားတာမျိုးကောလုပ်သင့်ပါသလား။

ဒါကတော့ ဘာသွားလုပ်မှာလဲ၊ ဘယ်နိုင်ငံကိုသွားမှာလဲ မူတည်ပါတယ်။ ရှင်းရှင်းပြောရရင် ယူအက်စ်၊ ကနေဒါကိုလာဘို့ ရှိသမျှထုခွဲလိုက်ပြီး လွှတ်လိုက်ရင် အဆင်ပြေရန် probability ပိုများနိုင်ပါတယ်။ ကနေဒါမှ အဆင်မပြေပဲ ပြန်သွားရတာကတော့ တော်တော် နဲမယ်ထင်ပါတယ်။ ဒီမှာက နောက်ဆုံး အဆင်မပြေရင် social welfare ဆိုတာ ရှိပါတယ်။ အစိုးရက ကျွေးထားတယ်ပေါ့နော်။ အဲလိုလူတွေအလုပ်ပြန်ရှာနိုင်အောင်လဲ အင်္ဂလိပ်စာ သင်ပေးတယ်၊ အလုပ်ရှာနည်းတွေ၊ resume ရိုက်နည်းကအစ လုပ်ပေးတယ်။ လုပ်ငန်းခွင်ထဲ မရောက်ရောက်အောင် ပြန်သွင်းပေးတယ်။

တရားဝင်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ၊ အရင်ဆုံး ရရာအလုပ်လုပ်ပြီး နောက်မှ အခြေအနေကြည့် ဆက်လုပ်မယ် ဆိုပြီး စဉ်းစားတဲ့လမ်းကြောင်း။
ပြန်သွားရတဲ့သူတွေရှိသလို၊ ယူအက်စ်ဘက်ကို ကူးသွားတဲ့ သူတွေလဲ ရှိပါတယ်။ ကျွန်မ သိရသလောက်တော့ ဒီမြို့မှာ တရားမ၀င် ဆက်ပြီး နေနေတာတွေ မရှိဘူးလို့ထင်ပါတယ်။ အဆင်မပြေရင် ယူအက်စ်ဘက်ကို သူတို့ ထွက်သွားလေ့ရှိပါတယ်။


(၄) နိုင်ငံခြားထွက်တယ်ဆိုတာ အရည်အချင်းရှိသူတွေရဲ့ ထွက်ပေါက် ဖြစ်တယ်။ နိုင်ငံခြားမှာကြုံရမယ့် စိန်ခေါ်မှုတွေကို ခံနိုင်ရည်ရှိမယ့် အရည်အချင်းမျိုး မရှိရင် မလွယ်လှဘူး ဆိုတာတွေ ပြောနေကြတာရှိပါတယ်။ ဒါကကော ဘယ်လောက်အထိမှန်နိုင်မလဲ။ နောက် နိုင်ငံခြားမှာ င်္ကြုရနိုင်တဲ့ စိန်ခေါ်မှုတွေကရောဘာတွေများဖြစ်နိုင်မလဲ။

နိုင်ငံခြားမှာ ကြုံရတဲ့ စိန်ခေါ်မှုတွေကတော့ မိမိ ကျင်လည်တဲ့ ပတ်ဝန်းကျင်ပေါ်လဲ မူတည်ပါတယ်။ ဒီမှာတော့ ရာသီဥတုဒဏ် အန်တုရတာရယ်၊ ကိုယ့်တိုင်းပြည်နဲ့ဝေး၊ အသားအရောင်တူသူတွေနဲ့ ဝေးလို့ ရောက်ခါစမှ စိတ်ထိခိုက်နိုင်ပါတယ်။ စိတ်ကျနိုင်ပါတယ်။ စင်္ကာပူ၊ မလေးရှား စသည့်နိုင်ငံတွေမှာ အနည်းဆုံးတော့ ကိုယ်နဲ့ အသား၊ဆံပင်အရောင်တူပါသေးတယ်။ ရာသီဥတုက ကြည်ကြည်လင်လင်ရှိပါသေးတယ်။ အဓိက ကတော့ အင်္ဂလိပ်စာ ကို ကျွမ်းကျင်ရန်လိုပါတယ်။ ကိုယ်သွားမယ့် တိုင်းပြည်ရဲ့ ရုံးသုံးဘာသာစကားကို ကျွမ်းကျင်မှုမရှိခြင်း၊ လူတွေနဲ့ဆက်ဆံတဲ့အခါမှာ မိမိကိုယ်ကိုယုံကြည်မှုအားနည်းနေခြင်း၊ ဒါမှမဟုတ် လိုတာထက်ပိုပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေများနေခြင်း၊ အဲဒါတွေကြောင့် ရောက်စမှာ အခက်အခဲရှိနိုင်ပါတယ်။

ယဉ်ကျေးမှုကတော့ မြန်မာပြည်မှာနေလဲ ထိုးဖောက်မှုခံရတာပါပဲ။ ဘယ်မှာနေနေ မိမိကိုယ်ပိုင်ဥာဏ်နဲ့ ခံယူချက်၊ မိဘသွန်သင်မှုတွေက စကားပြောသွားတာပါပဲ။ နောက်တစ်ခုက မြန်မာပြည်မှာ အနောက်ယဉ်ကျေးမှုကို တိုက်ရိုက် ထိုးဖောက်ခံရခြင်းနဲ့ သွယ်ဝိုက်သောနည်းအားဖြင့် ထိုးဖောက်ခံရခြင်းတွေကိုလဲ သတိပြုသင့်ပါတယ်။ တစ်ခါတစ်ရံ မိမိတိုင်းပြည်တွင်းမှာ ကြည့်နေတဲ့ အစီအစဉ်တွေဟာ အရှေ့ယဉ်ကျေးမှု ယောင်ယောင်နဲ့ တစ်ကယ်တော့ အနောက်ကို ကိုးကွယ်သူတွေဆီမှရတဲ့ တဆင့်ယဉ်ကျေးမှုတွေကို ဆိုတာကို သတိပြုချင်မှ ပြုမိပါလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် စစ်မှန်တဲ့ ကမ္ဘာ့ယဉ်ကျေးမှုကြီးတွေကတော့ ဘယ်ယဉ်ကျေးမှုကမဆို သူ့ဟာသူ ကောင်းကြတာပါပဲ။ ယဉ်ကျေးမှု ဆိုတဲ့ စာလုံးကို လက်ကိုင်ပြီး မသိနားမလည်သူ ငယ်ရွယ်သူတွေကို အသုံးချတတ်တဲ့ လူတွေကိုသာ သတိပြုဖို့သင့်တာပါ။ တစ်ခါတစ်ရံ သူတို့ယဉ်ကျေးမှုဟာ ကိုယ့်အတွက် ရိုင်းသလိုဖြစ်နေသလို၊ ကိုယ့်ယဉ်ကျေးမှုဟာလဲ သူတို့အတွက် ရိုင်းနေတတ်တာတွေလဲ ရှိနိုင်ပါတယ်။

နောက်တစ်ခုက တင်းကျပ်တဲ့ ဥပေဒေတွေနဲ့ ဆရာနဲ့ တပည့်၊ ကျောင်းသားအချင်းချင်း အလုပ်ရှင်နဲ့ အလုပ်သမား စည်းကမ်းသတ်မှတ်မှုတွေရှိတဲ့အတွက် မိမိကို မတရားလုပ်တယ်၊ နှုတ်နဲ့စော်ကားတယ်။ နောက်ဆုံး ပခုံးတို့ လက်တို့ကို ထိတယ်၊ ကိုင်တယ်ဆိုရင်၊ အလုပ်သမားအစည်းအရုံး၊ ကျောင်းငှာနတွေကို တိုင်လို့ရပါတယ်။ မိမိကိုယ်ကို ထိန်းသိမ်းတတ်ဖို့ကတော့ အဓိက ကျတယ်လို့ ဆိုချင်ပါတယ်။ ယေဘူယျပြောရမယ်ဆိုရင် တိုးတက်နေတဲ့ တိုင်းပြည်တွေဟာ စည်းကမ်းအနည်းနဲ့ အများရှိကြပါတယ်။ ရုပ်ရှင်တွေထဲကလို ဖြစ်ချင်တာဖြစ်နေတာတွေက အပြင်မှာမဟုတ်ပါဘူး။ တစ်ကယ်တမ်းတော့ တိုးတက်နေတဲ့ တိုင်းပြည်တွေဟာ ဒါတွေကို ကျော်လွှားသင့်သလောက် ကျော်လွှားသွားခဲ့ ပြီးပါပြီ။

နိုင်ငံခြားဆိုတဲ့ နေရာကို ရောက်လာရင် လူတွေတော်တော်များများက မမြင်ဖူးတာတွေ မြင်ရ၊ ခံစားရတော့ သာယာသွားတတ်ကြတယ်။ အလှပြ ငါးကန်ထဲက ငါးတစ်ကောင်ကို ပင်လယ်ထဲ ပစ်ချလိုက်သလိုပေါ့။ အပူချိန်ကိုလဲ အန်တုရတယ်။ မမြုပ်အောင်လဲ ကူးရသေးတယ်။ ဘေးက ငါးတွေရဲ့ တွန်းထိုးမှုကိုလဲ ခံရသေးတယ်။ ရေလှိုင်းငြိမ့်ငြိမ့်လေးနောက်ပါသွားရင်တော့ ပန်းတိုင်ကို မျက်ခြေမပြတ်စေနဲ့။ ရောက်အောင် ပြန်ကူးလာခဲ့ပေါ့။ ပြန်မကူးနိုင်လောက်အောင် အာရုံငါးပါးထဲ မျောပါသွားရင်တော့ မည်သူမပြု မိမိမှုပါပဲ။

(၅) ကျနော်တို့မြန်မာတွေအတွက်ရော နိုင်ငံခြားကအလုပ်အကိုင်အခွင့်အလမ်းဆိုတာ ဘယ်လောက်ရှိနိုင်ပါသလဲ။

အဲဒါလဲ ကိုယ့်ပညာအရည်အချင်းနဲ့ မိမိသွားမည့် တိုင်းပြည်ပေါ်မှာ မူတည်ပါတယ်။ ကျွန်မတို့ မြို့မှာ မြန်မာပြည်က ဘွဲ့တွေနဲ့ ကုမဏီကောင်းကောင်းတွေမှာ အလုပ်ကောင်းကောင်းရနေသူတွေ ရှိပါတယ်။ အများစုကတော့ စင်္ကာပူမှာ လုပ်ငန်းအတွေ့အကြုံရှိဖူးသူတွေများပါတယ်။ မိသားစု ပြောင်းရွှေ့လာသူများဟာ စင်္ကာပူမှ ပြောင်းလာသူတွေများပါတယ်။ အခြားတိုင်းပြည်တွေမှာ ကုန်တင်ကားမောင်းရန် အလုပ်ရှာပေးမယ်၊ စသည်များကိုတော့ သတိထားစေလိုပါတယ်။ တစ်ခြားတိုင်းပြည်တွေတော့ မသိပါ။ ဖြစ်ကောင်းဖြစ်မယ်။ ကနေဒါမှာတော့ ကုန်တင်ကားမောင်းချင်လို့ အလုပ်ရှာနေသူတွေကိုရှိနေတော့ နိုင်ငံခြားမှ ကားမောင်းဖို့ လူခေါ်တယ်ဆိုတာ မဖြစ်နိုင်ပါ။ နိုင်ငံတိုင်းမှာ အလုပ်လိုချင်သော အလုပ်လက်မဲ့များရှိပါတယ်။ သူတို့ကိုကျော်ပြီး မြန်မာပြည်မှ လူများကို ခန့်မည်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် ချင့်ချိန်စေလိုသော စေတနာပါရှင်။ ဥပမာ မြန်မာ ထမင်းဆိုင်ဖွင့်လို့ မြန်မာစာချက်တတ်မည့်သူကိုသာ ခန့်မည်ဆိုရင် ကနေဒါအစိုးရက ၀င်ခွင့်ပေးပါဦးမယ်။ ကနေဒါမှာ တက္ကစီမောင်းဖို့ မြန်မာပြည်မှ ကားမောင်းသူကို ဗီဇာပေးရန် ကနေဒါ အစိုးရက ဘယ်လိုမှ ခွင့်ပြုမည် မဟုတ်ပါ။

(၆) ကတော့ (၄) မှာဖြေပြီးပါပြီ။

(ရ) နိုင်ငံခြားမှာနေထိုင်ဖို့ ကုန်ကျစရိတ်အသေးအဖွဲက စလို့ ကုန်ကျစရိတ်တွေ ဘယ်လောက်ရှိနိုင်ပါသလဲ နဲ့အစ်ကိုတို့ဆီမှာရော သာမန်လူတစ်ယောက်ရတဲ့ ၀င်ငွေနဲ့ ထွက်ငွေ ကွာဟမှုက ဘယ်လောက်ရှိနိုင်ပါသလဲ။

ဝင်ငွေနဲ့ ထွက်ငွေကတော့ ကိုယ်သုံးတဲ့ အပေါ်မှာ မူတည်ပါတယ်။ ဘယ်အသိုင်းအ၀ိုင်းမှာ၊ ဘယ်အလွှာမှာ ကျင်လည်သလဲအပေါ်မှာလဲ မူတည်ပါတယ်။ ကနေဒါနိုင်ငံ၊ ဘီစီပြည်နယ်ရဲ့ အနိမ့်ဆုံးလစာက တစ်နာရီကို ရှစ်ဒေါ်လာဖြစ်ပါတယ်။ ဥပမာ.. နာမယ်ရ ကုမဏီတစ်ခု (Lululemon) ရဲ့ စီအီးအိုတစ်ယောက်ရဲ့ ၀င်ငွေကတော့ စာရွက်ပေါ်မှာ တစ်နှစ်ကို တစ်သိန်းခွဲလောက် ပြထားပေမယ့် အပိုဆု bonus ကတော့ မီလျှံနဲ့ချီပါတယ်။
ဒါပေမယ့် အနိမ့်ဆုံး လခစားတစ်ဦးဟာ နေတတ်ရင် လှအောင်ဝတ်ပြီး၊ ၀အောင်စားနိုင်ပါတယ်။ social ladder ကို မတက်ပဲ တစ်သက်လုံး အဲဒီအလွှာမှာ ကျေနပ်နေမယ်ဆိုလဲ မငတ်တဲ့အပြင် မြန်မာပြည်ကိုတောင် ငွေပြန်ပို့လို့ရတယ်လို့ ဆိုချင်ပါတယ်ရှင်။

(၈) နောက်ဆုံးအနေနဲ့ နိုင်ငံခြားသွားမယ့်လူတစ်ယောက်ဟာ သေချာပြင်ဆင်ပြီမှ သွားသင့်ဆိုတာကို လက်ခံပါသလား ဆိုတာနဲ့ ရင်းနှီးမြှုပ်နှံမှု အသွင်ဆောင်လာတဲ့ နိုင်ငံခြားသို့သွားရောက်မှုတွေ အတွက် ထွက်ခွာသူတွေဟာ ဘယ်လိုပြင်ဆင်မှုတွေ လုပ်သင့်သလဲဆိုတာ သီးခြားအင်္ကြပေးစေလိုပါတယ်။

ဒါကတော့ လုပ်သင့်ပါတယ်။ ဘယ်အရာမဆို သေချာလေ့လာပြင်ဆင် သင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ် ဆိုပြီး ဘာမှ မလေ့လာပဲ (မိဘများရဲ့ လမ်းပြမှုသက်သက်နဲ့)လူငယ်သဘာဝ ဇွတ်ထွက်လာတဲ့ ကျွန်မလဲ အတိုင်းအတာ တစ်ခုထိ အဆင်ပြေတယ်လို့ ဆိုရပါမယ်။ မိဘရဲ့ လေ့လာထားမှုတွေကလဲ အရေးကြီးပါတယ်။ လူခံ၊ ဆွေမျိုးရှိဖို့လဲ အတိုင်းအတာတစ်ခုထိ လိုအပ်ပါတယ်လို့ထင်ပါတယ်။ သိပ်ပညာတတ်ပြီး အတွေ့အကြုံရင့်ကျက်နေသူ ဆိုရင်တော့ အပေါ်ကအရာတွေ သက်ရောက်မှု နည်းပါလိမ့်မယ်။

တစ်ခါ ဘယ်ရှုထောင့်က ကြည့်ပြီး အဆင်ပြေတယ်လို့ပြောမလဲ လို့လဲ မေးခွန်းထုတ်နိုင်ပါသေးတယ်။ ဘယ်သူအဆင်ပြေတာလဲ လူတစ်ဦး၊ မိသားစုတစ်ခု အဆင်ပြေသွားတာလား၊ လူများစုအဆင်ပြေသွားတာလား၊ ရေရှည်လား၊ ရေတိုလား၊ စသဖြင့်ပါ။ ဘယ်သူမှ ကိုယ့်တိုင်းပြည် မဟုတ်တဲ့ နေရမှာ ရေရှည် မနေချင်ပေမယ့် ကျွန်မအနေနဲ့ နေခွင့်ရရဲ့သားနဲ့ အိမ်ကို ပြန်သွားသူတွေတော့ ရာခိုင်နှုန်း အလွန်နည်းနေသေးတယ်ထင်ပါတယ်။ တိုင်းပြည်ဘက်ကနေ လူမျိုးစုတစ်ခုလုံးဘက်ကနေ ရေရှည်အတွက် ကြည့်ရင်တော့… အဆင်ပြေ၊ မပြေ… ဆိုတဲ့အဖြေကတော့ မိမိတစ်ဦးချင်းရဲ့ ခံယူချက်တွေပေါ်မှာပဲ မူတည်နေပါလိမ့်မယ်ရှင်..။

4 comments:

Angel said...

ဒို့ တော့ DV ပဲဖိလျှောက်နေတာ။ဘယ်နနှစ်ရှိမှန်းမသိတော့ပါဘူး။
တပြုံလုံးထွက်လို့ ရမယ့်လမ်းလေ။

sd said...

hi sis,
i am one of ur blog reader and now i would like to ask u some of the question.
i am now staying in sg and working here if i would like to work in CA what should i do. i got the diploma from sg also.
i really wish to work in CA but i do not know how to start.
sorry for toubling u and thanks in advance.

တပြည်သူ အိမ့်ချမ်းမြေ့ said...

အမ အိန်ဂျယ်လ် အဆင်ပြေပါစေနော်။

Sd,
ကျောင်းမတက်ဘူး အလုပ်နဲ့လာမယ်ဆိုရင်တော့ skill worker အနေနဲ့လာလို့ရပါတယ်။ ကနေဒီယန် အစိုးရ ဆိုဒ်မှာ အင်ဖို ရယူနိုင်ပါတယ်။ http://www.cic.gc.ca/english/index.asp ဒီဆိုက်ဒ်မှာ အလုပ်၊ အလည်အပတ်၊ ကျောင်း စသဖြင့် အင်ဖိုအပြည့်အစုံရှိပါတယ်။
ကနေဒါမှာ လိုနေတဲ့ အလုပ်သမားတွေအနေနဲ့ လာဖို့ရန်ကတော့ အမှတ်မှီရပါတယ်။ အင်တာဗြူးလဲ အောင်ရပါတယ်။ အခက်အခဲကတော့ အင်တာဗြူးလုပ်သူရဲ့ စိတ်ပေါ်မှာ၊ ကိုယ်ဖြေတဲ့အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ချင်းခံရတာပါပဲ။ စင်္ကာပူမှာ လုပ်ငန်းအတွေ့အကြုံလဲရှိတယ်။ ကနေဒါကလဲ အဲဒီလုပ်ငန်းမှာ လူလိုတယ်၊ ကိုယ်ကလဲ အရည်အချင်းပြည့်မှီရင် ရဖို့ရှိပါတယ်။ (အဲဒါလေး ကျမ အထက်မှာ ထပ်ဖြည့်ထားလိုက်ပါတယ်)။
ကျွန်မ သူငယ်ချင်းတစ်ဦးကတော့ မြန်မာပြည်ကဘွဲ့နဲ့ စလုံးမှာလဲ လုပ်ငန်းအတွေ့အကြုံရှိရဲ့သားနဲ့ ၀င်ခွင့်မရလိုက်ပါဘူး။ အင်တာဗြူးတဲ့ စင်္ကာပူနိုင်ငံသားအမျိုးသမီးရဲ့ မြန်မာတွေအပေါ်မှာ အမြင်အပေါ်မှာလဲ မူတည်လိမ့်မယ်ထင်ပါတယ်။ သူတို့နဲ့စကားပြောတဲ့အခါ၊ အထက်ကလဲမပြောပဲ၊ အောက်ကလဲ မပြောပဲ၊ တန်းတူပြောပြီး၊ ကိုယ်ကလဲ တစ်ကယ်ဒီလုပ်ငန်းမှာ ကျွမ်းကျင်တယ်ဆိုတာကို အင်တာဗြူးလုပ်သူတွေကို သိစေရင် အဆင်ပြေမယ်ထင်ပါတယ်။ သူငယ်ချင်းကတော့ အခုတော့ အင်္ဂလန်မှာ မာစတာဘွဲ့ယူပြီး အဆင်ပြေနေပါပြီ။

sd said...

Hi sis,

Thanks a lot for ur prompt response.
i will read it.
if i would like to know something can i ask u?
may i know how can i contact u?
sorry to trouble u sis , i really do not have fri and really wish to go that why.
Thanks

LinkWithin

Related Posts Plugin for WordPress, Blogger...