မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, November 19, 2007

ငယ်ဘ၀ရယ် ပြန်မရနိုင်တော့တယ်..

ချစ်လေပြေက ငယ်ငယ်က ကစားခဲ့ဖူးတဲ့ ကစားနည်းလေးတွေကို ဝေမျှခိုင်းတယ်။
ကျွန်မကိုယ့်အကြောင်း ပြောပြရဦးမှာပေါ့နော်။ ကဲ.. မထူးတော့ပြီပဲ။
ငယ်ဘ၀က အကြောင်းလေးတွေ အကုန်ပြောပြမယ်နော်။

ကျွန်မတို့တွေ လမ်းတစ်လမ်းလုံးနီးပါး ဆွေမျိုးတွေချည်းပဲဆိုတော့ ၀မ်းကွဲ အကို၊မောင်၊ အမ ညီမတွေနဲ့ ခြံထဲမှာ ကစားနည်းပေါင်းမျိုးစုံ ကစားခဲ့တယ်။
မိန်းကလေးကျောင်းကလဲထွက်သူမို့ တက္ကသိုလ်ရောက်တဲ့အထိ ကလေးစိတ်က မကျွတ်။ ခြံတွေက ပုံဏ္ဌရိပ်ပင်တွေနဲ့ပဲ ကာထားတာများတယ်။ အုတ်ခြံစည်းရိုးတွေ သိပ်မရှိဘူး။ ရှိရင်လဲ တစ်ခြံနဲ့ တစ်ခြံ တိုးရိုပေါက် ဖွင့်ထားတယ်။ အိမ်မှာ ကူညီတဲ့ အမကြီးတွေကလဲ အပျိုတွေများတော့ သူတို့ကိုပါ ကျွန်မတို့ ခေါ်ကစားတယ်။ နဲနဲအသက်ကြီးတဲ့ အဒေါ်ကြီးတွေဆို သူတို့မမြင်နိုင်တဲ့ နေရာမှာ သွားကစားတယ်။ အခုပြန်စဉ်းစားရင် ကလေးဘ၀ရဲ့ အပျော်ဆုံးအချိန်တွေကို ပြည့်ဝစွာရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။


မိန်းကလေးတွေစုမိရင် ထုံးစံအတိုင်း အိုးပုတ်ခွက်တမ်း ကစားတယ်။ ပုံဏ္ဌရိပ်ပန်းလေးတွေကို အရည်ဖျော်တော့ အနီရောင်ရည်လေးနဲ့ ဇီးဖျော်ရည်လုပ်ရောင်းတယ်။ အအေးရောင်းတယ်။ သဲတွေကိုရေနဲ့ဖျော်ပြီး ငပိလုပ်တယ်၊ မုန့်စိမ်းပေါင်းလုပ်တယ်။ နောက်ပြီး သြဇာစေ့တောက်တယ်။ ဇယ်တောက်တယ်၊ တွင်းတူးတာတမျိုး၊ အထိတမျိုး၊ အကျော်တဖုံ စသဖြင့်။ မပန်တို့လိုပဲ သားရေကွင်းတွေဆက်ပြီး အီစွတ်ခုန်တယ်။ ကိုးတန်းဆယ်တန်းထိကို ခုန်တာ ကိုယ်လုံးလှတယ်ဆိုလို့။ (ပြောရတာတော့ ခပ်ရှက်ရှက်ပဲ အရပ်ကတို့ရေ)

အကိုတွေ မောင်တွေ စုံရင် စစ်တိုက်တမ်း ကစားတယ်။ နွေရာသီကျောင်းပိတ်ရင် လူကြီးတွေ အလုပ်သွားချိန်မှာ တစ်ခြံလုံးအနှံ့၊ ခြံထဲက အိမ်တွေထဲပါမကျန် စစ်တိုက်တမ်းကစားတယ်။ အိမ်ဆောက်လက်စ အဒေါ်အိမ်တစ်အိမ်မှာ ပုံထားတဲ့ သဲပုံပေါ်ကို ၀ရံတာပေါ်ကနေ တန်းစီပြီး ခုန်ချကြတယ်။ လပေါင်းများစွာပဲ။ အိမ်ဆောက်အလုပ်သမားတွေကလဲ ကလေးတွေ မဆော့နဲ့လို့ လုံးဝမပြောဘူး။ ခုန်ချကြလို့ ပြားသွားတဲ့ သဲပုံကြီးကို စိတ်ရှည်လက်ရှည် ဂေါ်ပြားတွေနဲ့ ပြန်ပုံတော့ ချွန်ချွန်လေးပြန်ပြန် ဖြစ်သွားတယ်။ သဲပုံချွန်ချွန်လေးဟာ ကျွန်မတို့မောင်နမတွေကို လက်ယပ်ခေါ်နေသလိုပဲ။ တစ်နေ့တော့ Bionic Woman လို့ အော်ပြီး ခြေကားလက်မြှောက်နဲ့ ကျွန်မ ခုန်ချပြီး သဲပုံပေါ် ပက်လက်ကြီးအိပ်လို့ ကောင်းကင်ပြာကို ငေးနေလိုက်တဲ့ အချိန်မှာပဲ ရုံးက စောစောပြန်လာတဲ့ အဒေါ်ကားက သဲပုံဘေးမှာ ထိုးရပ်တဲ့ အချိန်နဲ့ တိုးသွားပါတယ်။

ညနေစောင်းတွေ ကန်ကြီးပေါ်မှာ လမ်းလျောက်ထွက်မယ်ဆိုပြီး ကန်ထဲမှာ ရွံနိုက်တယ်။ ငါးနှိုက်တယ်။ နေ့လည်ဆို ရွံ့တွေကို သယ်လာပြီး အကိုတွေ၊ မောင်တွေနဲ့တူတူ လောက်စာလုံး လုံးတယ်။ နွေရာသီ ရေခမ်းချိန်ဆို ကန်နံရံပေါ်မှာ hiking တက်တယ်။ ငါးရှဉ့်ပေါက်ကို နှိုက်တယ်။ တစ်ခါက မောင်တယောက် ငါးအနှိုက်ကောင်းလို့ ရေနစ်ပါလေရော။ ကံကောင်းလို့ သူဘာမှ မဖြစ်တယ်။ အဲဒီညက မောင်နှမတွေ တန်းစီ ဆော်ခံထိတယ်။ တစ်ယောက်အိမ်တစ်ယောက် တစ်ပတ်လောက် မလည်ရဘူး။ ကျွန်မတို့မောင်နှမတွေကို လူကြီးတွေက တစ်ခါတည်းမှာထားတယ်။ ရန်ဖြစ်ရင် သူတို့ကို ဘယ်သူမှ လာမတိုင်ရဘူးတဲ့။ ကိုယ့်ပြဿနာကိုယ်ရှင်း သူတို့ဘယ်တော့မှ မ၀င်ဘူး။ တကယ်လဲ ပြောတဲ့အတိုင်းလုပ်တယ်။ ပြဿနာဖြစ်ရင် ဖြစ်သူတွေပဲ တိုက်ရိုက်ရှင်းရတယ်။

ကျွန်မတို့တွေ အုတ်ကန်အကြီးကြီး ရှိတဲ့ ဦးလေးအိမ်က ကန်ထဲကို မောင်နှမတွေ တန်းစီဝင်တယ်။ အုတ်ကန်ထဲမှာ ရေကူးတယ်။ ဦးလေးနဲ့အဒေါ်က ပြန်လာရင် ခြေရာလက်ရာပျက်နေတော့ ပြောတာပေါ့။ နောက်နေ့လဲ ၀င်ကူးတာပဲ။ မကူးဖြစ်တဲ့နေ့ သစ်ပင်တက်တယ်။ ကတက်ပင်၊ မာကလာပင်၊ ဇောင်းကားပင်၊ စကားပင် အပင်မှန်သမျှ အကုန်တက်တယ်။ ရေတွင်းလေးနားက ကတက်ပင်ကတော့ ကျွန်မ အကြိုက်ဆုံးပေါ့။ စာတက်ကျက်တယ်။ အဲ.. ၁၀တန်းထိပဲ။ ခရေရှင်က “မိုးခေါင်တော့မယ်… xxxx ရယ်”လို့ ကတက်ပင်အောက်က ခပ်တိုးတိုးလာပြောတော့မှ သစ်ပင်တွေဘက် ခြေဦးလှည့်ခြင်းမှ ရပ်ဆိုင်းသွားတော့တာပါပဲ။

ကျွန်မဆီမှာ မမီလို(မယ်လိုဒီမောင်) ခါးပတ်နက် သူငယ်ချင်းကောင်မလေး၂ယောက်ရှိတယ်။ သူတို့ကို သိပ်အားကျတာ၊ လမ်းလျောက်ရင်ကို မြောက်ကြွမြောက်ကြွ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ပေါ့။ ကျွန်မ ကရာတေးသင်ချင်လို့ အဖေ့ကို တဂျီဂျီ။ အဖေက အဲဒါလက်မခံပေမယ့် ဂစ်တာ၊ တယောနဲ့ စန္ဒယားတော့ ခွင်ပြုပါတယ်။ ညညဆို ခြံနောက်က မန်ကျည်းပင်အောက်က သဲဖြူတွေပေါ်မှာ မိန်းကလေးတွေစု ဂစ်တာတီးသူတီး၊ ကရာတေး ခိုးသင်ပေးသူ သင်ပေးပေါ့။ တစ်ခြားသူငယ်ချင်းမလေးတွေ နှုတ်ခမ်းနီပါးနီဆိုးချိန်မှာ၊ ဆံပင်လေးတွေ စင်းအောင်ဖီးချိန်မှာ၊ အချစ်ကိစ္စရင်ခုန်တတ်ချိန်မှာ ကျွန်မတို့ ညီအမတွေက သိုင်းဝတ္ထုတွေဖတ်၊ ထမီကိုတရွတ်တိုက်ဆွဲအောင် အရှည်ကြီးဝတ်၊ လွယ်အိတ်ကိုစလွယ်သိုင်း၊ မိုရွာထဲ တမင်ထီးမဆောင်းပဲ ကားယားကားယားနဲ့ လမ်းလျောက်နေခဲ့တာပါပဲ။

နည်းနည်းအရွယ်ရောက်လာတော့ (တက္ကသိုလ်ပထမနှစ် ၁၇နှစ်လောက်) နွေရာသီဆို အဖေက သူတာဝန်ကျရာ အရပ်လေးကို ခေါ်သွားပါတယ်။ အဲဒီမှာ ပျော့ပျော့အေးအေးလေးနဲ့ ပုံသွင်းတော့တာပါပဲ။ မောင်နှမတွေနဲ့ ဝေးသွားတော့ လူက ငုတ်တုပ်ကြီး ငြိမ်ပြီး အဖေပေးထားတဲ့ Times, Newsweek နဲ့ အဘိဓာန်တွေ (အင်္ဂလိပ်စာ မကျွမ်းကျင်လို့) ကြားမှာမျက်ရည်လည်အောင် စိတ်ညစ်ခဲ့ပါတယ်။ သူရုံးသွားတာနဲ့ ဂစ်တာဒေါင်ဒင်ခေါက်တော့တာပါပဲ။ ထန်းတောထဲသွား ကလေးတွေနဲ့ ဇယ်တောက်တယ်။ အိမ်နောက်ဖေးက သူငယ်ချင်းမတွေကိုခေါ်ပြီး ပင်လယ်ထဲမှာ ရေခိုးကူးတယ်။ ဟိုလေ.. လေတ၀ှီးဝှီးကျောက်ဆောင်ပေါ်မှာ ထန်းရည်သောက်တယ်။ အဖေ့ရှေ့မှာတော့ Rubik Cube ကစားတယ်၊ ကွန်ပြူတာဂိမ်းကစားတယ်။ အဖေနဲ့တော့ သေနတ်ပစ်တယ်။ ချက်စ်ထိုးတယ်။ ကွန်ပြူတာဂိမ်းကစားတယ်။ အင်္ဂလိပ်စာတိုးတက်အောင် Word Games တွေ ကစားတယ်။ အပြောအဆိုတွေလဲ တဖြည်းဖြည်းပြင်တာပေါ့။ ထမင်းစားပါဦးလား ဆိုတာထက် ထမင်းသုံးဆောင်ပါရှင် အဲလိုအဲလိုပေါ့။ နောက်ဆုံးတော့ ကျွန်မလဲ စိတ်ညစ်လွန်းလို့ အမေ့ကိုငိုယိုတိုင်လို့ နွေရာသီအကုန်မှာ ရန်ကုန်ပြန်ခဲ့ပါတယ်။

နောက်တော့လဲ တဖြည်းဖြည်းနဲ့ ပျော်စရာကလေးဘ၀နဲ့ ပျော်စရာ ကစားပွဲလေးတွေကို စွန့်လွှတ်ခဲ့ရတာပါပဲ၊ အခုတော့လဲ လောကဇာတ်ခုံပေါ်မှာ ကစားပွဲတွေကို နိုင်လိုက် ရှုံးလိုက်နဲ့ ဆက်လက် ကစားနေနေရဆဲပါပဲ။ ကိုယ်နိုင်ရင်ပြုံးလိုက်၊ ရှုံးရင်မဲ့လိုက်ပေါ့။ တစ်ကယ်တော့ ငယ်ငယ်က ကစားနည်းတွေဟာ ဘ၀ရဲ့ တစ်ကယ့် ကစားနည်းတွေတွက် ရှေ့ပြေးလေ့ကျင့်ေ၇းတွေပေမယ့် တစ်ကယ်တမ်း ဘ၀ရဲ့ ကစားပွဲထဲမှာ ကျင်လည်ရတဲ့ အခါမှာတော့လေ……….။

9 comments:

မိုးထက်နေ said...

လောင်းကြေး ခပ်ကြီးကြီးထား ပြီး စစ်ဘုရင် တစ်ပွဲလောက်ထိုးချင်သား

မိုးထက်နေ said...

ပြောဖို့ မေ့သွားလို့ ... ဝိညာဉ် အပ်..ကြေးးးးး

PeTi said...

ဘာပဲပြောပြော မလေးရဲ့ ငယ်ဘ၀လေးက ပျော်စရာလေးပါ။ ပြန်တွေးလို့သာရပြီး ဘယ်လိုမှ ပြန်မရတော့တဲ့ ပျော်ရွှင်မှုလေးတွေပေါ့။

Nyi Linn Thit said...

ဂစ်တာတီးတဲ့ အကြောင်းလေးတွေလည်းပါတော့ ကျနော်လည်း ဂစ်တာတီးပြီး ဖြတ်သန်းခဲ့ဖူးတဲ့ ညတွေကို လွမ်းမောမိပြန်ရော.....။
(ညီလင်းသစ်)

Chit Lay Pyay said...

မလေးရေ စိတ်ရှည်ရှည်နဲ့ အခုလို တ၀ကြီးရေးပေးတာ အရမ်းကျေနပ်ပါတယ်၊ ကျေးဇူးလဲတင်ပါတယ်၊ မလေးတို့ မောင်နှမ တတွေဆော့ ကြတာ အရမ်းပျော်ဖို့ ကောင်းမှာပဲနော်၊

Anonymous said...

မင်္ဂလာညနေချမ်းပါ မလေး... ရှေ့ပြေးလေ့ကျင့်ရေးတွေ မကောင်းခဲ့တဲ့အခါ လက်တွေ့ဘ၀ကြီးမှာ ကျင်လည်ရတာ အတော့်ကို...
...........
...........

pandora said...

ဟင်း သူလည်းကဲတာပဲ
တို့က သစ်ပင်တော့ မတက်ဘူးအေ့

ဂျစ်တူး - gyit_tu said...

မလေးငယ်ဘ၀က စိတ်ဝင်စားစရာ ပျော်စရာနော် ။ ဂျစ်လည်း သစ်ပင်ပေါ်တက်ပြီး စာကျက်ရတာ ကြိုက်တယ်း)

Pinkgold said...

ငါ့အမလည်း တော်တော် ဆော့တဲ့ သူတစ်ယောက်ပါလား ပျော်စရာကြီးနော် မမ

LinkWithin

Related Posts Plugin for WordPress, Blogger...