မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Thursday, November 22, 2007

ဒီမိုးကို မိုးဟု…

မိုးစက်တွေနဲ့ ရောယှက်နေသော လေနုအေးက ကားပြူတင်းပေါက်မှ ဖြတ်တိုက်သွားသည်။ လမ်းဘေးမှ သစ်ပင်တွေတရိပ်ရိပ်ပြေးနေသည်။
ကျောင်းအဆင်း ၀င်ခေါ်လာတဲ့ သားတော်မောင်က ဖခင်လုပ်သူကို တစ်ချက်စောင်းငဲ့ကြည့်ပြီး ပြောလိုက်သည်။

“ဒီည မိုးရွာမယ်လို့ ရေဒီယိုကပြောတယ်”
“အခုရွာနေတယ်လေ” ဖခင်လုပ်သူက ပြန်ပြောသည်။
“ရေဒီယိုကတော့ ဒီညရွာမယ်ပြောတယ်”
“ရေကာမှန်ကို ကြည့်လေ..။ အဲဒါမိုးမဟုတ်လို့ဘာလဲ သားရ”

“ရေဒီယိုက ပြောတာကို ပြောပြတာပါ”
“ရေဒီယိုက ပြောတာနဲ့ အထောက်အထားတွေနဲ့ မြင်နေရတာတွေကို၊ အသိတရားတွေကို ငြင်းဆန်ပစ်ရတော့မှာလား”
“အသိတရား၊ အသိတရားဟုတ်လားအဖေ။ ကျွန်တော်တို့ရဲ့ အသိတရားက မှန်နေတာထက် မှားနေတာ ပိုများပါတယ်။ ဓာတ်ခွဲခန်းတွေထဲမှာ သက်သေတွေရှိတယ်။ မြင်နေသမျှအရာတိုင်း မြင်တဲ့အတိုင်းမဟုတ်ဘူးဆိုတဲ့ သီအိုရီကို အဖေ ဘယ်နားသွားထားမလဲ။ တကယ်တော့ အတိတ်၊ ပစ္စုပန်၊ အနာဂတ်ဆိုတာလဲ ကိုယ့်စိတ်ထဲမှာဖြစ်နေတာပဲ။ ပတ်ဝန်းကျင်က ကြားနေရတဲ့ အသံတွေတောင် စိတ်ကို လှည့်စားနိုင်တာပဲ။ အသံတစ်ခုခုကို မကြားတာနဲ့ အဲဒီအသံဟာ တည်ရှိမနေဘူးလို့ ဘယ်လိုငြင်းချက်ထုတ်မလဲ။ လူတွေမကြားနိုင်ပေမယ့် ခွေးတွေကြားနိုင်တယ်။ တခြား သတ္တ၀ါတွေကြားနိုင်တယ်။ ခွေးတွေမကြားနိုင်တဲ့ အသံလှိုင်းတွေတောင် ရှိတယ်။ ဘယ်သူမှမကြားနိုင်တဲ့ ဒီအသံတွေဟာ လေထဲမှာလှိုင်းတွေအနေနဲ့ရှိနေတယ်။ သိပ်ကိုမြင့်လွန်းတဲ့ အသံတွေ။ ဆူညံအုန်းထနေမှာ။ တနေရာရာက လာတဲ့ အသံတွေပေါ့။ ဘယ်သူမှမကြားနိုင်တဲ့ အသံတွေ။ ကိုယ်မကြားတိုင်း၊ မမြင်တိုင်း မရှိဘူးလို့ ဘယ်လိုပြောနိုင်မလဲ”

“အခု မိုးရွာနေလား မရွာနေဘူးလားသာ ဖြေစမ်းပါကွာ”
“မပြောချင်ဘူး အဖေ”
“အခုနေ တစ်ယောက်ယောက်က မင်းခေါင်းကို သေနတ်နဲ့ ထောက်ပြီးမေးရင်ကော”
“ဘယ်သူမေးမှာလဲ။ အဖေလား”
“တစ်ယောက်ယောက်ပေါ့ကွာ။ မျက်မှန်နက်တပ်ထားတဲ့ မိုးကာရှည်ကြီးနဲ့ လူတစ်ယောက်ဖြစ်ဖြစ်၊ မင်းခေါင်းကို သေနတ်နဲ့ထောက်ထားပါမယ်တဲ့၊ ပြီးတော့မေးမယ် မိုးရွာနေလား၊ မရွာနေဘူးလား မေးမယ်။ မင်းအမှန်ကိုပြောရမှာပဲ”

“ဘာအမှန်လဲအဖြေ၊ ဘယ်အမှန်တရားကို သူလိုချင်မလဲ။ ဘယ်ထောင့်ကကြည့်မယ့် အမှန်တရားလဲ။ အလင်းနှုန်းနဲ့ လာနေတဲ့ တစ်ခြား ဂယ်လက်ဆီကလာတဲ့ လူတစ်ယောက်ရဲ့ အမှန်တရားလား။ အဲဒီလူတွေ တစ်ကယ်လို့ ကျွန်တော်တို့ကို တယ်လီစကုပ်နဲ့ကြည့်လို့ ၂လက်မ အမြင့်လောက်ပဲ ရှိနိုင်မယ့် ကျွန်တော်တို့ရဲ့ ဒီနေ့ရွာနေတဲ့ မိုးဟာ သူတို့အတွက် မနေ့က ရွာနေတဲ့ မိုး ဖြစ်မနေနိုင်ဘူးလား”
“မင်းခေါင်းကို သေနတ်နဲ့ ချိန်ထားမှတော့ မင်းရှုထောင့်ရဲ့ အမှန်တရားပေါ့ကွ”
“ကျွန်တော့ရှုထောင့်ရဲ့ အမှန်တရားကကော ဘယ်လောက် ယုံကြည်နိုင်ရလို့လဲ။ တခြား နေစင်္ကြာကလာတဲ့ သူတစ်ဦးဦးအတွက် ကျွန်တော်တို့ရဲ့ မိုးဟာ ဆပ်ပြာ ဖြစ်ချင်ဖြစ်နေမှာပေါ့။ ကျွန်တော်တို့အတွက် ပန်းသီးဟာ သူ့အတွက် မိုး ဖြစ်ချင်ဖြစ်နေမှာပေါ့။ အဲဒီတော့ ကျွန်တော်က သေနတ်ချိန်ထားသူကို ဘာပြောရမလဲ.. ကဲ”
“သူမင်းခေါင်းကို သေနတ်နဲ့ ချိန်ထားတယ်။ အခု၊ လက်ရှိ၊ မိုးရွာနေလား မရွာနေဘူးလား သိချင်တယ်”
“ယခု ဆိုတာ ဘယ်တုန်းက ရှိလို့လဲအဖေ။ ယခုလို့ ကျွန်တော်ဆိုပြီးချိန်မှာ အတိတ်ဖြစ်သွားပြီလေ”

“မင်းခုနကပဲပြောတော့ အတိတ်၊ ပစ္စုပန်၊ အနာဂတ်ဆိုတာ မရှိဘူးဆိုကွ”
“ဟုတ်တယ်။ မရှိဘူး။ ကြိယာတွေထဲမှာပဲရှိတာ”
“မိုးက ကြိယာ မဟုတ်ဘူးနော်။ နမ်။ ဒီနေရာမှာ မိုးရွာနေလား မရွာနေဘူးလား”
“အဖေ.. ရွေ့လျောနေတဲ့ ကားပေါ်မှာ ဒီနေရာမှာ မိုးရွာနေလား မေးနေကတည်းက ဆွေးနွေးဖို့ ခက်နေပြီ”
“အဖြေသာပေးစမ်းပါ သားရာ”
“ကျွန်တော် ခန့်မှန်းရုံပဲ ခန့်မှန်းနိုင်မယ်အဖေ”
“ဒါခန့်မှန်းဖို့ မလိုဘူးကွ၊ မိုးရွာလား မရွာနေဘူးလား၊ ဒါပဲဖြေ”
“ဒါပဲလေအဖေ၊ ရွာလား၊ မရွာလား ခန့်မှန်းချက်တစ်ခုပဲ မဟုတ်ဘူးလား”
“ဟ.. မင်း မိုးရွာနေတာ မမြင်ဘူးလား”

မဟုတ်သေးဘူးလေ အဖေ၊ နေက ကောင်းကင် အရှေ့က အနောက်ကို ရွေ့သွားတာ အဖေမြင်တာပဲမဟုတ်ဘူးလား။ ဒါပေမယ့် တစ်ကယ်တမ်းက ကမ္ဘာက ရွေ့နေတာ၊ နေက ရွေ့နေတာမဟုတ်ဘူး။ ကျွန်တော်တို့ မြင်နေတာက ဘယ်လောက်မှန်နေလို့လဲ
“ဒီဥပမာကို အဖေလက်မခံနိုင်ဘူး”
“အဖေ... ရွာနေတာမိုးပါလို့ သေချာလို့လား။ ဟိုဘက်မြစ်တစ်ဘက်ကမ်း စက်ရုံက ဆာလဖြူရစ် အက်စစ်တွေ ရွာချနေတာ မဖြစ်နိုင်ဘူးလား။ တရုပ်ပြည်ဘက်ကလာတဲ့ ဓာတ်ငွေ့တွေ ရွာချနေတာကော မဖြစ်နိုင်ဘူးလား။ အဖေ ဒါကို မိုးလို့ခေါ်တယ်။ လူတွေက မိုးလို့ ခေါ်တယ်။ ဒါတစ်ကယ်မိုး အစစ်လား။ မိုးဆိုတာကကော ဘာလဲ။ ဘယ်လိုသရုပ်ခွဲထားလဲ”
“ကောင်းကင်က ကျလာတဲ့ အရာ၊ မင်းတစ်ကိုယ်လုံးကို ရွှဲစေတဲ့အရာဟေ့”
“အခု အဖေ မိုးစိုနေလို့လား။ ကျွန်တော်တော့ မစိုဘူး”
“ကောင်းပြီ၊ ငါအရှုံးပေးတယ်၊ ရှုပ်ထွေးပွေလီမှုတွေ၊ စနစ်တကျဖြစ်ပေါ်ခြင်းမရှိတဲ့ အရာတွေ၊ မသေချာမရေရာမှုတွေ အတွက် အောင်မြင်မှုသရဖူ ဆောင်းပေးလိုက်တယ်။ သိပ္ပံ အသိရဲ့ အနှုးညံ့ဆုံး အချိန်တစ်ခုပဲ”
“မရွဲ့ပါနဲ့အဖေရာ”

မိုးရေထဲမှာ ကားလေးက တရွေ့ရွေ့။
မိုးရွာနေသည်။
မိုးရွာနေသည်။
ဒီမိုးကို မိုးဟု… လူတွေခေါ်ကြသည်။

Don DeLillo ၏ White Noise မှ ကောက်နှုတ်ချက်။

3 comments:

မိုးထက်နေ said...

စိတ်ကိုစိတ်နဲ့ ပဲ မျှားယူနိုင်လိမ့်မယ်.
ဲဒီကိစ္စက သိပ်နုညံ့လွန်းတယ် ..
အရာရာထက်လဲ အားကြီးလွန်းတယ်

ညီလင်းသစ် said...

သိပ်ဟုတ်တာပေါ့...ဒီကာလမှာ ကောင်းကင်ကရွာကျ လာတိုင်း မိုးလို့သတ်မှတ်ရမှာ ခပ်ခက်ခက်ပဲ၊ အက်ဆစ် မိုးတွေ၊ အမြောက်နဲ့ ဖေါက်ယူတဲ့မိုးတွေ၊ ဗုံးနဲ့ ခွဲချတဲ့ မိုးတွေ၊ လိုတဲ့အချိန်မှာ ခလုတ်နှိပ်ပြီး ရွာစေတဲ့ မိုးတွေ.. ဒီမိုးတွေ ကြားမှာ ဘယ်မိုးဟာ တကယ်ရွာတယ်လို့ ပြောနိုင် ပါ့မလဲ? တကယ်ရွာ, မရွာ ကိုယ့်ဟာကိုယ် သေချာတဲ့ မိုးကတော့ ရင်ထဲမှာရွာတတ်တဲ့ မိုးပါပဲ၊ နေပူ ကျဲကျဲအောက်မှာတောင် နင့်နေအောင် ရွှဲစေတတ်တဲ့ မိုးရယ်ပါ။

မိုးထက်နေ said...

မြူခိုးတွေ အိပ်မောကျတဲ့ ခဏ
( အာဇာနည်မိုး နဲ့ အာဘွားဘလော့ဂ်)

LinkWithin

Related Posts Plugin for WordPress, Blogger...