မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, October 29, 2007

ဘ၀ခြားလို့လေလား



Yan: မလေးရေ.... သရဲအကြောင်းရေးဖို့ Tag တယ်ဗျာ. မလေးက ၀တ္တုရေးတာ သိပ်ကောင်းတော့ ရေးတာတွေ တကယ်ကို ပြောင်မြောက်မှာ သေချာတယ်. နော်မလေးနော်. ရေးပေးနော်...
လို့….ကိုရန်အောင်က Halloween နဲ့ပတ်သက်ပြီး ကျွန်မကို ရေးခိုင်းတာနဲ့ ရေးမိပါပြီ။

ပထမဆုံး သူတို့ကို သရဲလို့ ဝေါဟာရ မတတ်ဘဲ ၀ိညာဉ်များလို့ တတ်ခွင့်ပေးပါ။ သူတို့ကို နဖူးတွေ့၊ ဒူးတွေ့ တွေ့ချင်လို့ တစ်ပိုင်းသေနေတဲ့ ကျွန်မ၊ သေဆုံးခြင်းရဲ့ တစ်ဘက်မှာ တစ်စုံတစ်ရာ ရှိနေတယ်ရယ်လို့ လက်တွေ့ သိချင်တဲ့ ကျွန်မ၊ သူတို့နဲ့ ဆုံလောက်တဲ့ နေရာတွေကို တစ်ယောက်ထဲ သွားဖူးပါတယ်။ သူတို့ကို ရှာဖူးပါတယ်။ ခေါ်ဖူးပါတယ်။ တွေ့ချင်လွန်းလို့ တွေ့ပါရစေရယ်လို့ တောင်းပန်ဖူးပါတယ်။ ဆောက်တည်ရာမရ၊ ပေါက်ကွဲအော်ဟစ်လို့ ထွက်လာကြစမ်းပါလို့လဲ စိန်ခေါ်ဖူးပါတယ်။

ကျွန်မ သိပ်ချစ်သူတွေ ဒီကမ္ဘာက ထွက်ခွာသွားတိုင်း ကျွန်မ ည ညတွေ ခြံထဲဆင်း၊ ငုတ်တုပ်ထိုင်၊ တွေ့လေမလား၊ မြင်လေမလားရယ်လို့ ပေတရာလမ်းမပေါ် တစ်ယောက်ထဲလျောက်လို့ ရှာခဲ့ဖူးပါတယ်။



စာတမ်းတွေ၊ သုတေသနတွေကတော့ သေဆုံးပြီးသွားသူတွေဟာ ဒီ dimension မှာ ဆက်လက်တည်ရှိနေတာဟာ လုပ်စရာအလုပ်ကျန်နေသေးလို့၊ ဒါမှမဟုတ် ကျန်ရစ်သူတွေကို မထားခဲ့နိုင်သေးလို့၊ သူတို့ခန္ဒာသေဆုံးသွားပြီဆိုတာကို မသိသေးလို့လို့ဆိုပါတယ်။ ငယ်ငယ်က အိပ်ရာဝင်ပုံပြင်တွေထဲကလို ကြောက်စရာ၊ လန့်စရာ၊ အပျင်းပြေ ပျော်တော်ဆက် ဖျော်ဖြေရာတွေထက် (တစ်ကယ်တမ်း တခြားဒိုင်မင်းရှင်း တစ်ခုခုမှာ သူတို့ ရှိနေတယ်ဆိုရင်ပေါ့) သနားစရာ၊ ကိုယ်ချင်းစာနာစရာ ၀ိညာဉ်တွေပါ။ တစ်ခါတစ်ရံမှာ သူတို့မကျွတ်လွတ်လို့ သူတို့ရှိနေတာဆိုပြီး ကြောက်နေတာထက် လုပ်ကိုင်စရာ ကိစ္စကို ပြီးပြတ်အောင် ဆက်လုပ်နေရသူတွေအနေနဲ့ လေးစားသင့်ပါတယ်။ ကူညီသင့်ပါတယ်လို့ ထင်ပါတယ်။ သူတို့တွေနဲ့ ကိုယ်တွေနဲ့စာရင် ဒီအတ္တဘောကြီးတွေကို ဖြည့်ဆည်းနေရတဲ့ ကိုယ်တွေက၊ ရက်စက်ညှင်းပန်းသတ်ဖြတ်နိုင်တဲ့၊ နှုတ်အား၊လက်အားတွေနဲ့ အချင်းချင်းနာကျင်စေတဲ့ ကိုယ်တွေက ခန္ဒာမရှိတော့တဲ့ သူတို့ထက် ပိုကြောက်ဖို့ကောင်းမယ်လို့ ထင်ပါတယ်။



အချို့တွေပြောတာကတော့ ဒီကမ္ဘာကြီးက ထင်ထားတာထက် လူဦးရေတွေ ကျပ်ညှပ်နေပြီလို့ ဆိုပါတယ်။ မြင်ရသောကိုယ်၊ မမြင်ရသောကိုယ်တွေနဲ့ ပြည့်ကျပ်နေပြီ၊ ဟိုဘက် dimension နဲ့ ဒီဘက် dimension တွေ ပွတ်တိုက်နေပြီလို့ဆိုပါတယ်။ ဘာသာရေးအယူတွေအရ ကောင်းကင်ဘုံ၊ နတ်ပြည်၊ ငရဲပြည်တွေဟာ ဂယ်လက်ဆီတွေအဆင့်ဆင့်ဖြတ်မှ ရောက်တယ်လို့ ထင်တဲ့အထဲမှာ ကျွန်မတော့ မပါပါ။ (မှန်သည်မှားသည်မဆိုလိုပါ၊ မည်သူမျှလဲ သက်သေမပြနိုင်သေးပါ) ငရဲဆိုတာလဲ ပွက်ပွက်ဆူတဲ့ ဆီအိုးသာမှန်ရင် ဒါတွေဟာ ဥပမာအလင်္ကာတွေပဲ ဖြစ်မည်ထင်ပါတယ်။ ကောင်းကင်နဲ့ ငရဲဟာ နောင်ဘ၀တွေမှာ ရှိသည်၊ မရှိသည်ထက် ယခုဘ၀မှာ ရှိနေတာတော့ သေချာပါတယ်။

စာတမ်းများ၊ သုတေသနပေါင်းများစွာလဲ ဖတ်ရလွန်းလို့ အလွတ်ရကာနီးပေမယ့်လည်း ကိုယ်တိုင် လက်တွေ့မကြုံတွေ့ရသမျှ ယုံရခက်လို့……..။
သူတို့ လဲလျောင်းရာနေရာကို တစ်နေ့တော့ ညနေစောင်းလောက်မှာ တစ်ယောက်တည်း ရောက်သွားပါတယ်။ ကားလမ်းမကြီး တဘက်က လူသေတို့ အိပ်စက်ရာ နေရာကတော့ ပန်းတွေ၊ ရောင်စုံသစ်ပင်တွေ၊ ငှက်ကလေးတွေ၊ ရှဉ့်ကလေးတွေ၊ ညနေခင်းလမ်းလျောက်သူအချို့တွေနဲ့ ပိုတောင်မှ အတ္တတွေကင်းလို့ အေးမြနေပါသေးတယ်။ မြို့ပြရဲ့ ပူလောင်တဲ့ အရိပ်တွေကင်းဝေးလို့ ငြိမ်းချမ်းမှုတွေကို ခံစားနေရပါတယ်။

ညတော်တော်မှောင်လာတော့ ကျွန်မ ပျင်းရိလာတယ်။ ရှစ်နာရီထိုးနေပြီ၊ မြက်ခင်းစိမ်းပေါ်မှာ လမ်းလျောက်ရင်း နဲနဲ စိတ်တိုလာပါတယ်။ ဒီလောက် လူတွေလူတွေ အိပ်စက်နေတာ၊ တစ်ယောက်တစ်လေမှတောင် အရိပ်အယောင်တောင်မပြကြဘူးလားရယ်လို့ ကျွန်မ ဒေါသထွက်လာပါတယ်။ အကုန်ကျွတ်လွတ်လို့ ကမ္ဘာမြေကြီးကို တစ်ယောက်မှ လှည့်မကြည့်တာတော့ မဖြစ်နိုင်၊ ဒီလောက်ရာထောင်ချီမြှုပ်ထားတဲ့ နေရာမှာ တစ်ယောက်မဟုတ် တစ်ယောက်တော့ ကျန်နေရမှာပေါ့။




အိပ်မက်တွေ၊ သစ်ပင်လှုပ်တာတွေ၊ ကြက်သီးထတာတွေ အဲဒါတွေက မိမိကိုယ်ကဖြစ်တတ်တာတွေလဲ ပါတာမို့ မျက်လုံးနှစ်လုံးနဲ့ကို တွေ့ရမှ ကျေနပ်နိုင်မှာမို့ ကျွန်မ အသံထွက်ပြီးကို စိန်ခေါ်လိုက်ပါတယ်။ ပတ်ဝန်းကျင်ကို စောင့်ကြည့်တယ်။ တိတ်ဆိတ်နေတယ်၊ ထပ်ပြီး နှုတ်ကထွက်ပြီးကို စိန်ခေါ်တယ်၊ တောင်းပန်တယ်၊ စကားပြောတယ်၊ အကုန်လုံးကို တောင်းပန်တယ်။ မမြင်နိုင်သောအရာကို မြင်ရတဲ့ စက္ကုအာရုံပေးပါဘုရားလို့တောင် တောင်းလိုက်တယ်။ အရမ်းတိတ်ဆိတ်နေတယ်။ ဘာမှ ထူးထူးခြားခြားမတွေ့ရဘူး။

အဲဒီအချိန်မှာ ခပ်လှမ်းလှမ်းက ခြုံပုတ်က လှုပ်လာတယ်။ ကျွန်မ အားတက်သွားတယ်။ စိတ်လှုပ်ရှားတယ်။ ခြုံပုတ်ထဲကို စိုက်ကြည့်နေတယ်။ တစ်ကယ်ဖြစ်လာတော့ ကျွန်မ အသက်ရှုဖို့မေ့နေတယ်။ ခြုံပုတ်က ပိုလှုပ်လာတယ်။ နောက်ဆုံးတော့ ခြုံပုတ်ထဲက တစ်ကယ်ကို ထွက်လာပါတော့တယ်။ ကျွန်မ တစ်ကယ်ကိုကြောက်သွားတယ်။ ကျွန်မမျက်လုံးနဲ့ကိုမြင်တာပါ။ သော့ကိုနှိပ်ပြီး ကားတံခါးကို အဝေးက လှမ်းဖွင့်ထားလိုက်တယ်။ တွိတွိဆိုတဲ့ အသံက တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ အကျယ်ကြီး ပဲ့တင်ထပ်သွားတယ်။ အဲဒီအသံကြောင့် ထိုအရာကလဲ တုံ့သွားတယ်။
ကျွန်မ ကြောက်တာမှ အရမ်းကြောက်နေတယ်။ ဒါပေမယ့် ကျွန်မကားဘက်ကို ဖြည်းဖြည်းချင်း ခြေလှမ်းဆုတ်ဆုတ်ပြီး နောက်ပြန်သွားတယ်။ မျက်လုံးက မလွတ်စေပဲ စောင့်ကြည့်နေတယ်။ ထိုအရာကလဲ စိုက်ကြည့်နေတယ်။ ကျွန်မရင်တွေ အရမ်းတုန်နေခဲ့တယ်။ ကားနားရောက်တော့ တံခါးဖွင့်ပြီး မြန်မြန်ဝင်ထိုင်လိုက်ပါတယ်။

ပြီးတော့……..
ပြီးတော့……..

ကျွန်မ ခွက်ထိုးခွက်လန် ရယ်မောလိုက်ပါတယ်။ ကျွန်မအသံထွက်ပြီး ပြောလိုက်ပါတယ်။
“Lord, this is not what I asked for” လို့။
ပြီးတော့ ကျွန်မ၀မ်းနဲသွားတယ်။ ဒါပေမယ့် ကျွန်မလိုချင်တဲ့ အဖြေကို ကျွန်မ မရလိုက်လို့ ကျွန်မ ၀မ်းနဲခဲ့ပါတယ်။ ကျွန်မ တွေ့လိုက်တာ ခွေးအနှစ်ကောင်ပါ။ ကျွန်မ တကယ်လဲ ကြောက်ပါတယ်။ ခွေးအ ကို ကျွန်မကြောက်တယ်။

တစ်ကယ်တော့ အခုထိ ၀ိညာဉ်တွေနဲ့ စကားစမည်ပြောဖို့ ကျွန်မ မျှော်လင့်နေဆဲပါ။ ကိုယ်ကိုတိုင် မျက်မြင်ကိုယ်တွေ့ မသေခင်တော့ တွေ့ချင်သေးတယ်လို့လဲ ကျွန်မ ဆက်လက်ဆုတောင်းနေဦးမှာပါ။ ရှိစေချင်ပါတယ်။ သူတို့တွေကို ရှိနေစေချင်တယ်။ ဘ၀တွေ၊ ၀ိညာဉ်တွေကိုလေ… သေဆုံးပြီး ဘာမှ မရှိတော့တဲ့ သုညထက်စာရင်…. သူတို့ရှိနေပါစေလို့…။ တစ်ကယ်တမ်း Halloween ညတွေမှာ သူတို့ပျော်တယ်ဆိုရင်တောင် ပျော်ကြပါစေ။ အိမ်အပြန်လမ်းပျောက်သူတွေလဲ လမ်းရှာတွေ့ပါစေ။ အလင်းတန်းကိုတွေ့ကြပါစေ။ တပ်မက်မှုတွေ၊ အတ္တတွေ၊ ခွင့်မလွှတ်နိုင်မှုတွေမှ ကင်းဝေးလို့ လွတ်မြောက်တဲ့၊ သာယာတဲ့ နေရာကိုရောက်ကြပါစေ…….. လို့..။ သံသရာမှ ကျွတ်ချင်သူတွေ ကျွတ်ကျပါစေ၊ ဘုရားသခင်ဆီရောက်ချင်သူတွေ ရောက်ကြပါစေ၊ ကောင်းကင်ဘုံရောက်ချင်သူတွေ ရောက်ကြပါစေ၊ နှိဗာန်ရောက်ချင်သူတွေ ရောက်ကြပါစေ။

အခွင့်သာမယ်ဆိုရင်လဲ ကျွန်မကိုယ်တိုင် ၀ိညာဉ်တစ်ဦးဦးကို မျက်မြင်ကိုယ်တွေ့ တွေ့ပါရစေလို့…….


6 comments:

MgMyo said...

မအိမ့်..ဒီပို့ စ်ကအရမ်းစိတ်ဝင်စားဖို့ ကောင်းတာပဲ Tag လုပ်တဲ ကိုရန်အောင်ကော အစ်မကိုကော ကျေးဇူးတင်ပါတယ်.. အစ်မက အရမ်းသတ္တိကောင်းတာပဲ ။ တကယ် သရဲကို အပြင်မှာတွေ့ ဖူးတဲ့ သူရှိလို့ လားအစ်မ ကျနော်တော့မထင်ဘူး ။
ဟာဟား အစ်မတကယ် သရဲတွေ့ လို့ ပြေးတယ်ထင်နေတာ ခွေးအနှစ်ကောင်ဖြစ်နေတယ် ။ အစ်မအရေးအသားကတော့ဂွတ်တယ်ဗျာ ...စာဖတ်သူကို ကိုယ်တိုင်ခံစားရသလိုဆွဲဆောင်သွားတယ် ။

metta campaign said...

မံသစက္ခုလို့ ခေါ်တဲ့သာမန်မျက်လုံးနဲ့ မမြင်နိုင်တာကတော့ အမှန်ပဲဗျာ။ ဒိဗ္ဗစက္ခုဆိုတဲ့ နတ်မျက်လုံးနဲ့တော့ မြင်နိုင်တယ်လို့ ဆိုတာပဲ။ နာနာဘာဝ ၀ိနာဘာဝတွေကို တွေ့နိုင်ဖို့လေ။ ကိုယ်တိုင် ၀ိညာဉ်ဖြစ်သွားရင်တော့ မပြောတတ်ဘူး။ သူလဲ နတ်လို့ ပြောရင် ရမလား မသိ။

su wai said...

မအိမ့်ရေ...ဆုဝေလဲ သရဲလို့ပြောတာထက် ၀ိညာဉ်ဆိုရင် ပိုကောင်းမယ်လို့ ထင်တယ်။ သရဲခြောက်တယ်ဆိုတာကလဲ သူ့တို့ဘာသာ သွားလာလှုပ်ရှားနေတဲ့ မကျွတ်မလွတ်သေးတဲ့ ၀ိညာဉ်တွေကို ကိုယ်က မြင်တွေ့လိုက်ရတာမျိုးပဲ ဖြစ်မယ်လို့ ထင်ပါတယ်...။ တခါတလေ ကိုယ့်ဆီက အမျှအတမ်းလိုချင်လို့ ပြတာမျိုးလဲ ဖြစ်နိုင်တာပဲနော်...။

Anonymous said...

မလေး... ပုံပြောကောင်းတဲ့မလေးရဲ့ ပုံပြင်လေး ကို ကြိုက်တယ်။ ကိုရန်ရေးထားတာ သရဲအကြောင်းတော့ ဟုတ်ဘူးနော်။ မလေးရောက်ခဲ့ဖူးတဲ့ နေရာလေးတွေပဲလားဟင် (ဓာတ်ပုံတွေကိုပြောတာပါ)။ မလေးက ဘလော့တွေအများကြီး ရေးတယ်နော်။ တစ်နေ့တစ်နေ့ မလေး ဘလော့လုပ်ရတာနဲ့ ပျင်းချိန်တောင် ရှိရဲ့လား။ သိုးလေး မေးချင်တာရှိတယ်။ မေးမယ်နော်။ ခုမဟုတ်ဘူး။ နောက်မှ။

နောင်တော် ၊ ပိုင်မင်းဆွေ said...

ကျွန်တော် သိပ်သဘောကျ သွားတယ်။ သရဲကို သဘောကျတာမဟုတ်ပါဘူး။ ဆွဲ သွားပုံလေးကိုပါ။
မလေး တကယ်သွား မသွား မမြင်ရပေမယ့် အဲဒီနေရာကို
ကျွန်တော် တကယ်ရောက်သွားခဲ့တယ်။

Yan said...

မလေးကတော့ တကယ်ကိုပိုင်တယ်ဗျာ. တက်ဂ်လုပ်ရကျိုးနပ်ပါတယ်. အရေးအသားရော၊ အတွေ့အကြုံကို ကိုယ်တိုင်ရယူပုံကိုရော လေးစားချီးကျူးမိပါတယ်.

ခရီးထွက်နေခဲ့လို့ ဒီဖက်ကို မရောက်ဖြစ်ခဲ့တာနဲ့ ဒီပို့စ်လေးကို မတွေ့ဖြစ်ခဲ့ဘူးဗျ. ကျေးဇူးလည်းတင်တယ်. ပိုပြီးတော့လည်း ခင်သွားတယ်. ဟတ်ဟတ်ဟတ်

LinkWithin

Related Posts Plugin for WordPress, Blogger...