မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, October 26, 2007

စောင်းအိုရှင်နဲ့ မြင်းဖြူရှင်

သူငယ်ချင်းတစ်ယောက်က ဓာတ်ပုံလေး တစ်ပုံ ပို့လာတယ်။ အဲဒီပုံလေးကို မြင်ပြီး ငယ်ငယ်က ဖတ်ဖူးတဲ့ ရင်ထဲစွဲနေတဲ့ ပုံပြင်လေး တစ်ပုဒ်ကို သွားသတိရလိုက်မိတယ်။

တစ်ခါက တိုင်းပြည်တစ်ခုမှာ နန်းရှင်ဘုရင်ကြီးတစ်ပါးရဲ့ သမီးတော် တစ်ပါးရှိသတဲ့။ အဲဒီသမီးတော်လေးကို မိထွေးတော်က မုန်းမုန်းနဲ့ တောထဲက ရဲတိုက်တစ်ခုထဲမှာ လှောင်ပိတ်ထားတာပေါ့။ ရဲတိုက်တံခါးကိုလဲ ကျိန်စာတွေနဲ့ ပိတ်ထားတယ်တဲ့။ ဘယ်သူမှ ဖွင့်မရအောင်လို့။ ရဲတိုက်နားကို ကြိုးတွေဘာတွေနဲ့ တက်မရအောင်လဲ အမျိုးမျိုး ကာရံထားတယ်။ သမီးတော်လေးက ရဲတိုက်ထဲမှာ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ နေရတယ်။ အနီးအနားတိုင်းပြည်က မင်းသားတွေကလဲ သမီးတော်လေးကို ကယ်တင်ဖို့ ရထားလုံးနဲ့တစ်ခါ မြင်းနဲ့တဖုံ၊ ရောက်ရောက်လာကြပေမယ့် ရဲတိုက်တံခါးဝက ကျိန်စာကို ဖတ်ပြီး ပြန်ပြန်လှည့်သွားကြတယ်။

တစ်နေ့ကျတော့ အညတရ စောင်းသမားရှင်တစ်ယောက်က စောင်းပိုက်လို့ ရောက်လာတယ်။ မင်းသမီးလေးရှိရာ ရဲတိုက်ပြူတင်းပေါက်ကို မော့ကြည့်တယ်။ မင်းသမီးလေးကလဲ နုံနုံချာချာ စောင်းသမားရှင်ကို ငုံ့ကြည့်တယ်။ စောင်းသမားရှင်က ရဲတိုက်အောက်ခြေ တံခါးဝက စာကို ဖတ်ပြီး ထုံးစံအတိုင်း ခေါင်းငိုက်စိုက်ချ ထွက်သွားတာပေါ့။ အဲဒီအချိန်မှာ ခပ်လှမ်းလှမ်းမှာ မင်းသားတစ်ပါးက မြင်းဖြူကြီးစီးပြီး ရပ်ကြည့်နေတယ်။ သူလဲပဲ ကျိန်စာကို ဖတ်ပြီး ခေါင်းငိုက်စိုက်ချ ထွက်သွားတယ်။

ဒါပေမယ့် နောက်ရက်တွေမှာ မြင်းဖြူရှင်နဲ့ စောင်းသမားတို့က ထပ်ရောက်လာတယ်။ ရောက်လာပြီး အဲလိုပဲ ပြန်လှဲ့သွားတယ်။

တစ်နေ့တော့ ရဲတိုက်တံခါးကြီးက ပွင့်နေတယ်။ မင်းသမီးလေးက ရဲတိုက်လှေကားတွေပေါ်က ဖြည်းဖြည်းချင်း ဆင်းလာတယ်။ ခပ်လှမ်းလှမ်းမှာ မြင်းဖြူရှင်က မြင်းပေါ်ကစောင့်နေတယ်။ မင်းသမီးက မြင်းဖြူရှင်ဆီ လျှောက်သွားတယ်။ မြင်းဖြူရှင်က မင်းသမီးကို မြင်းပေါ်တင်ပြီး ထွက်ခွာသွားတယ်။

ရဲတိုက်ခြေရင်းမှာတော့ စောင်းသမားရှင်က လဲကျနေတယ်။ သူ ရီဝေနေတဲ့ မျက်လုံးတွေနဲ့ တဖြည်းဖြည်းဝေးသွားတဲ့ မြင်းပေါ်က မင်းသမီးလေးကို ကြည့်နေတယ်။

ရဲတိုက်တံခါးဝမှာ ရေးထားတဲ့ကျိန်စာကလေ…

မင်းသမီးလေးကို လွတ်မြောက်စေချင်ရင် တစ်ကယ်မေတ္တာစစ်နဲ့ ချစ်တယ်ဆိုရင်၊ ရဲတိုက်တံခါးကို ဖွင့်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ မိမိနှလုံးသွေးနဲ့ ရဲတိုက်တံခါးကို ပက်ဖျန်းပေးလိုက်ပါတဲ့။ အဲဒီတနည်းနဲ့ပဲ ကယ်တင်နိုင်မယ်လို့ ရေးထားတာပါ။

စောင်းသမားရှင်ဟာ မြေပြင်ပေါ်မှာ လဲကျနေရင်း၊ သူ့လက်ထဲက ဒါးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း မင်းသမီးလေး လွတ်မြောက်သွားတာကို ကျေနပ်စွာငေးကြည့်နေခဲ့တယ်…….။ မင်းသမီးလေးကတော့ သူ့ကိုယ်ပေါ်ကိုတောင် ကျော်လွှားသွားတယ်လို့ မူရင်းစာရေးသူက ဇာတ်နာအောင် ရေးထားတာပေါ့ကွယ်။

ပုံပြင်လေးကတော့ အဲဒါပါပဲ။

ဒါပေမယ့်….

ဒီဓာတ်ပုံထဲက မင်းသမီးကတော့ မြေပုံလေးကို သံယောဇဉ် မပြတ်ပဲ စောင်းငဲ့ကြည့်နေခဲ့ပါတယ်။


5 comments:

Khunmyahlaing said...

မလေးရယ် ရေးတတ်လိုက်တာ ဖတ်ရတာ ရင်ကိုနာပြီး မျက်ရည်ကို ၀ိုင်းသွားတာပဲ

pandora said...

အိပ်ရာဝင်ခါနီး လွမ်းစရာ့ပုံပြင်လေး လာဖတ်သွားတယ်။ ဘာတွေ အိပ်မက်မက်ဦးမလဲ မသိ။

Thyda said...

story break my heart..

Anonymous said...

မလေးရေ... မလေးက တစ်နေကုန် တွေးနေမိအောင် လုပ်ပြန်ပြီ။ အဲဒီလို ၀မ်းနည်းစရာကောင်းတဲ့စာတွေဖတ်ရင် သိုးလေးက တစ်နေကုန် သတိရနေရော... အဲဒီအကြောင်းကို ခဏခဏ ပြန်တွေးမိတယ်။

ဂျစ်တူး - gyit_tu said...

ဝမ်းနည်းစရာပဲး(

LinkWithin

Related Posts Plugin for WordPress, Blogger...