မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, October 16, 2007

နှင်းဆီဖြူ

ပြောင်လက် တောက်ပနေတဲ့ အခန်းထဲက ဒေါင့်တစ်ထောင့်က ကုပ်တိုင်မှာ ချိတ်ထားတဲ့ ၀တ်ရုံနီကြီးကို လှမ်းကြည့်ပြီး တစ်ချက်ပြုံးလိုက်တယ်။ လက်ထဲက ဖတ်နေတဲ့ စာရွက်အချို့ကို စားပွဲပေါ်ကို ခပ်ကြမ်းကြမ်းပစ်ချလိုက်တယ်။ ကုလားထိုင်ကထပြီး ကုပ်တိုင်ဘက်ကို လမ်းလျောက်သွားတယ်။ ချိတ်ထားတဲ့ဝတ်ရုံနီကိုလှမ်းယူ၊ လွှားခနဲ ၀ိုက်ပြီး ခြုံလိုက်တယ်။ နံရံပေါ်က ကိုယ်လုံးပြည့်မှန်ထဲက ကိုယ့်ကိုကိုယ် ကျေနပ်စွာ တစ်ချက်ကြည့်လိုက်တယ်။
ပြီးတော့ ခုံရုံးခမ်းမဘက်ကို ဟန်ပါပါလျှောက်လာခဲ့တယ်။

ခမ်းမကြီးထဲမှာ ပခုံးပေါ်မှာ အရောင်တလက်လက်တောက်နေတဲ့ ဘားတွေ၊ ခေါက်ရိုးမကျိုးတဲ့ စစ်ဝတ်စုံတွေ၊ ပြောင်လက်နေတဲ့ ရှုးဖိနပ်တွေ။ ညာဘက်မှာတော့ အစောင့်အကြပ်တွေ တင်းကျပ်စွာချထားကြားမှာ ငုတ်တုပ်ထိုင်နေတဲ့ လူငယ်သုံးယောက်။

ထိုင်နေကြ ခမ်းနားလှတဲ့ ခုံကြီးပေါ်မှာ ခပ်တည်တည်ဝင်ထိုင်လိုက်တယ်။ တရားခံတွေကို တစ်ယောက်ပြီး တစ်ယောက်ရှေ့ကို ဆွဲထုတ်လာစေတယ်။ သူတို့မျက်နှာတွေကို စေ့စေ့ကြည့်လိုက်တယ်။ အလွန်ဆုံးရှိမှ နှစ်ဆယ်၊ နှစ်ဆယ့်တစ်ပေါ့။ တက္ကသိုလ်ကျောင်းသားပေါက်စတွေ၊ နိုင်ငံရေးအကြောင်း ဘာများ သိမှာမို့လို့လဲ။ လက်ဝဲ၊ လက်ယာ၊ နိုင်ငံတော်ဆိုရှယ်လစ်ပါတီ၊ ဂျူးဆန့်ကျင်ရေး၊ ဆီမက်တစ်ဝါဒ၊ ဘယ်လောက်များ သိမှာမို့လို့လဲ။ မဖြစ်ညစ်ကျယ် ဦးနှောက်လေးတွေနဲ့ ဟစ်တလာ ဆန့်ကျင်ရေး၊ စစ်ဆန့်ကျင်ရေး ၀ါဒတွေကို စာတစ်တန်ပေတစ်တန်ဖွဲ့လို့ လိုက်ဝေနေကြတာ။ ဘာတဲ့…။ သူတို့ကိုယ် သူတို့လဲ နှင်းဆီဖြူဂိုဏ်းတဲ့..။

“ဘယ်လိုမှ ဒီစစ်ကို ဂျာမန်တွေ မနိုင်ဘူးဆိုတာ ခင်များကြီး သိရဲ့လား”
ဒီလို အဆောင်အယောင် အပြည့်ကြားထဲမှာတောင်မှ၊ စစ်ဖိနပ်တွေကြားထဲမှာတောင်မှ သတ္တိရှိပြနေသေးတဲ့၊ သူ့နေရာကနေ အပေါ်ကိုမော့ကြည့်ပြီး လည်ပင်းကြောတွေ ထောင်အောင် အော်ပြောနေတဲ့ လူ့ငနွားလေးမျက်နှာကို စိုက်ကြည့်လိုက်တယ်။
“မှတ်ထား၊ ငါတို့ ဂျာမန်တွေ ဒီစစ်ကြီးကို အရှုံးကြီး ရှုံးလိမ့်မယ်
ခုံရုံးခမ်းမထဲက ဂျာမန်စစ်ဗိုလ်တွေ မသိမသာ ခေါင်းငိုက်စိုက်ကြသွားတယ်။

“ဟားဟားဟား၊ မင်းတို့ အသက်က ငါ့လက်ထဲမှာ ရှိတယ်ဆိုတာ သိတယ်မဟုတ်လား”
အသံသြကြီးနဲ့ အော်ကြီး ဟစ်ကျယ် အော်ရီပစ်လိုက်တယ်။ ခုံရုံးတစ်ခုလုံး ခြောက်ခြောက်ခြားခြား ရယ်သံကြားမှာ တိတ်ဆိတ်ငြိမ်သက်သွားတယ်။

“မင်းတို့ကိုယ် မင်းတို့ ဘာထင်နေလဲ၊ ဂျာမန်အချင်းချင်း သစ္စာမဲ့သူတွေပဲ။ ဟစ်တလာကို သစ္စာဖောက်သူတိုင်းဟာ တိုင်းပြည်သစ္စာဖောက်တွေပဲဆိုတာ မင်းတို့ မသိကြဘူးလား”
“ကဲ… မင်းတို့အသက်အတွက် မင်းတို့ အသနားခံကြပေတော့”

ပထမဆုံးတစ်ယောက်က မသိမသာ အံကြိတ်ခေါင်းငုံရင်း အိမ်မှာ ကျန်ခဲ့တဲ့ ကလေးသုံးယောက် မျက်နှာကိုထောက်လို့ အသက်ကို ချမ်းသာပေးဖို့ အသနားခံနေလေရဲ့။
စိတ်ထဲက ကြိတ်ရယ်လိုက်တယ်။ ဒီခုံရုံးဟာ ဟန်ပြ ခုံးရုံးသတ်သတ်လေ။ အစထဲက တရားရုံးဆုံးဖြတ်ချက်က ချပြီးသားပဲ။ သေခါနီး ဂယောင်ခြောက်ခြား အသက်ကို ချမ်းသာပေးဘို့ တောင်းဆိုပုံကို အရသာခံကြည့်မလို့။

ဒုတိယတစ်ယောက်ကတော့ ပြတ်သားတိကျတဲ့ မေးရိုးတွေကို ထောင်နေအောင် အံကြိတ်ထားရင်း
“အမှန်တရားအတွက် ဆယ်ခါပြန်သေရဲတယ်ဟေ့” လို့ တခန်းလုံး ပဲ့တင်ထပ် အော်ဟစ်လိုက်တယ်။ သနားပါသေးတယ်။ မင်းလဲ နေဖို့ မထိုက်တန်ဘူး။

“ဇိုဖီယာရှိုးလ်”
ဟိန်းထွက်နေအောင် အော်ပစ်လိုက်တယ်။ ကောင်မလေး အံကိုကြိတ်ရင်း မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ ပြန်ကြည့်တယ်။
“မင်းကော ဘာပြောချင်လဲ”

“တစ်နေ့ ငါတို့ ရပ်နေတဲ့ နေရာမှာ နင်ရပ်ရလိမ့်မယ်”

“ဘာ”
သွားစမ်းပါ။ ကိုယ့်အသက်တောင် ကိုယ်မပိုင်သူတွေ။ အမိန့်တစ်ချက်ပဲလိုတယ်။
မတ်တပ်ရပ်လိုက်တော့ အားလုံး မတ်တပ်ရပ်ကြတယ်။
အမိန့် ချနေပြီ။

သွားကြ၊ အားလုံးသေကြ၊ လူသုံးထောင်ပတ်ဝန်းကျင်ရဲ့ အသက်တွေက ငါ့အမိန့် လေးတစ်ခုအောက်မှာ ကြက်ကလေး ငှက်ကလေးပဲဆိုတာ မင်းတို့သိထားလိုက်ကွ။ တစ်ခုတော့ပြောလိုက်မယ်။ သူများတွေလို ၉၉ရက် အချိန်မပေးဘူး။ နာရီပိုင်းအတွင်း ဒီကမ္ဘာထဲက ထွက်သွားကြတော့။ တစ်ခုတော့ ပြောလိုက်မယ်နော်။ ဒါသက်ညှာမှုတစ်ခု။

**********

နာလိုက်တာ၊ ကျင်လိုက်တာ။
ငါ့ကိုယ်ပေါ်က တိုင်လုံးကြီးပိနေတာ ဘယ်လောက်ကြာနေပြီလဲ။
ဟော.. အပြင်မှာလဲ လေယာဉ်သံတွေ၊ ဗုံးသံတွေ။
ငါ့ပတ်ဝန်းကျင်မှာ နှင်းဆီဖြူဂိုဏ်းရဲ့ နာဇီဆန့်ကျင်ရေး စာရွက်တွေလဲ ဖြူဖွေးနေပါလား။
လေယာဉ်တွေပေါ်က ကြဲချနေတာလား။
အား.. ကျွတ်ကျွတ်..
ငါသတ်မိန့်ပေးသူတွေကို မနာကျင်အောင် သတ်စေခဲ့ပေမယ့် ငါ အခု အရှင်လတ်လတ် ငရဲကျနေသလိုပါပဲလား။ တစ်ကယ်ပါ အသက်ညှာဆုံး၊ မခံစားရစေဆုံး သတ်စေတာတောင် ငါအခုခံနေရပါလား။ လှုပ်လို့လဲမရ။

ငါ့မိန်းမ ငါ့ကိုစွန့်ခွာသွားပြီ။ သတ်မိန့်ပေါင်း သုံးထောင်နီးပါးချထားတဲ့ သွေးစွန်းနေတဲ့ ငါ့လက်တွေ၊ ငါ့နှုတ်ခမ်း၊ ငါ့မျက်နှာကြီး၊ ငါ့ကိုယ်ကြီးနဲ့ ဝေးရာကို ငါ့မိန်းမထွက်ခွာသွားခဲ့တာလဲကြာပေါ့။

ငါ့သားလဲ ငါ့ကို ထားခဲ့ပြီ။ ငါ့ရဲ့ သွေးစွန်းတဲ့ အသက်မွေးမှုကို မခံနိုင်တော့လို့ သူ့ကိုယ်သူ အဆုံးဆီရင်သွားခဲ့ပြီ။
ငါသေချင်လှပါပြီ။ ဝေဒနာမခံစားနိုင်တော့ဘူး။
လူတွေကို သတ်မိန့်ပေးခဲ့တဲ့ ဒဏ်တွေကို ငါသေခါနီးကျတော့ မချိမဆန့် ခံစားနေရပြီလေ။

ငါ့သမိုင်းကို ငါရေးနေတယ်။
ဟုတ်တယ်။ ငါဆိုတဲ့ ရိုဟန်ရိုက်ခဟတ်ဆိုတာ လူယုတ်မာ၊ လူမဆန်တဲ့ လူယုတ်မာပေါ့။
ငါ့ကို သတိရရင် လူပေါင်း သုံးထောင်ကို ခေါင်းဖြတ်သတ်စေလို့ အမိန့်ချသူ မရဏမင်းအနေနဲ့ လူတွေ သတိရကြတော့မယ်။ တစ်ကယ်တော့ ဟစ်တလာ အလိုပြည့်ဘို့ ဖြည့်စွမ်းခဲ့ရသူတစ်ယောက်ပါလား၊ ဟိုဘက်ခြမ်းမှာ ငါ့ကို ဘာတွေ စောင့်နေကြမလဲ။ တစ်ကယ်ရင်ဆိုင်ရတော့ ငါသွေးပျက်နေပြီ။
ခရစ်တိုဖာပရောဘ်၊ ဟန်စ်ရှိုးလ်၊ ဇိုဖီယာရှိုးလ် ဆိုတာတွေကတော့ မြူးနစ် ယူနီဗာစီတီ ရဲ့ ပြောင်လက်တောက်ပတဲ့ ကျောက်ပြားခင်း ခမ်းမကြီးတွေရဲ့ နံရံတွေပေါ်မှာ လူငယ်လူစွမ်းကောင်းတွေအဖြစ်၊ သူတို့ရဲ့ ရုပ်ထုတွေ ကြီးကျယ်ခမ်းနားစွာ နေရာယူကြတော့မယ်။

သေခြင်းတရားကို ဆိုးရွားတယ်လို့ လူတွေ ဘာလို့ထင်ကြသလဲ။ ပြောကြစမ်းပါ။
ရှင်လျှက် ခံနေရတာထက်၊ သေသွားတာ ပိုမကောင်းဘူးလား။
ငါသေပါရစေတော့၊ ငါ့ဝေဒနာတွေ ချုပ်ငြိမ်းပါစေတော့။

(သမိုင်းကို ပြန်လည်ခံစားပါသည်)

5 comments:

မိုးထက်နေ said...

ဒီပိုစ့်လေး ဖတ်ရင်းနဲ့  သူရဲ ကောင်း ဆိုတဲ့အကြောင်းခေါင်းထဲရောက်လာတယ်။ ကျနော့ ညီလို ခင်တဲ့ ကလေး တစ်ယောက်အကြောင်း ဆိုပါတော့။ လွန်ခဲ့ တဲ့ ၁၇ နှစ်လောက်တုန်းက မြို့ တစ်မြို့ မှာ ဆွမ်းလောင်းပွဲ တစ်ခုလုပ်တယ်။ အာဏာပိုင်တွေက အဲဒီ ပွဲကို ခွင့်မပြုတဲ့ ကြားက အဲဒီပွဲကို ဇွတ် မဖြစ်ဖြစ်အောင်လုပ်ကြတယ် ဆိုပါစို့ ။ ထုံးစံအတိုင်း သူတို့ ကလည်း ဖျက်ဖို့ လာဝိုင်းတယ်။ အဲဒီ အချိန် မှာ အကသ က အလံလွင် ပြီး ကြွေးကြော်သံတွေအော်တယ်။ အဲဒီအချိန် မှာ အဲဒီကလေး က အလံ ကို ကိုင်ထားတာ။ နောက်ဆုံး ကျောင်းထဲရောက် သွားရော။ ကျောင်းထဲ မှာ သူကို ထိုးတယ်ကြိတ်တယ်။ အဲဒီလူတွေ ရှေ့ မှာ သူမျက်ရည်လုံးဝ မကျဘူး။ အော်တော့ အော်တာပေါ့ ဗျာ။ နောက် အရွယ်မရောက်သေးတာကြောင့်ဖြစ်မယ်ထင်တယ်။ အဲဒီကောင်လေး ထောင်နှစ်ရှည် မကျဘူး။ ကျနော် သူကို မေးကြည့်တယ်။ အဲဒီ အချိန်သူကို သတ်ပစ်ရင် ဘယ်လို နေမလဲဆိုတာ။ သူ အသေခံသွားမှာ ပဲလို့ ပြောတယ်။ ပုံမှန်အခြေအနေမှာတော့ အဲဒီချာတိတ်နာမှာ သိပ်ကြောက်တတ်တယ်။ ခုချိန်ထိလဲ အဲဒီကောင်လေး သူစွမ်းနိုင်သလောက် ကြောက်ကြောက်နဲ လုပ်ပေးနေတုန်း ထင်ပါတယ်။ ခုလို သူရဲကောင်းတွေ အကြောင်းဖတ်မိ ရင် တခြားလူတွေ တော့မသိဘူး ကျနော့ အနေနဲ့ အဲဒီလူတွေလို ကျနော်တို့ မစွန့် လွတ်နိုင် ဘူးလိုထင်မိတယ်။ ဒါပေမဲ့ အဲဒီကောင်လေး ပြောဘူးတာ ကို ပြန်သတိရမိတော့လဲ ကျနော်တို့ ခင်ဗျားတို့ အားလုံးလဲ သူရဲကောင်း ဖြစ်နိုင်မယ်လို့ ထင်မိပြန်တယ်။ သူပြောတဲ့ စကားလေးကို အရင်းအတိုင်းပြန်ပြောပါရစေ။
"ကျနော်လဲ မကြောက်ပဲဘယ်နေမလဲ၊ လူပဲ နာမှာတော့ကြောက်တာပေါ့။ ဒါပေမဲ့ ကျနော် ထင်တယ် အမှန်တရားကို မြတ်နိုးတဲ့စိတ်ရယ်၊ တာဝန်သိတတ်မှုရယ်၊ တစ်ဘက်က အင်အားသုံးပြီး အမှန်တရားကို ရိုက်ချိုးတဲ့ အချိန်ရယ်တိုက်ဆိုင်ရင် အသက်အရွယ် နဲ့ မဆိုင်ပါဘူး ဘယ်သူမဆို သူရဲကောင်း ဖြစ်နိုင်မယ် ထင်ပါတယ်"
ကျနော့တော့ ဒီပိုစ့်ကို ဖတ်ပြီး အဲဒီလူတွေအပေါ် လေးစာဂုဏ်ယူတဲ့ စိတ်ရယ် ကြောက်စိတ်ရယ် ခံစားမိနေပါတယ်။

eithu said...

တိုပေမယ့် ဖတ်လို့ကောင်းတယ် အမ ..
ပထမပိုင်းလေးက ခံစားချက်တွေပိုပီပြင်ပြီး အဲဒီမြင်ကွင်းထဲ ခဏရောက်သွားတယ် . .
ဒီ ဟာလေးဖတ်တော့ ဟိုး အရင်ဖတ်ဖူးတဲ့ အိုက်ခမန်းရဲ့ ငရဲခန်းများ ဆိုတဲ့ဘာသာပြန်စာအုပ်ကို သွားသတိရမိသေးတယ်..

ရက်စက်တတ်တဲ့သူတွေက စိတ်ပညာသဘောအရ obedience ပြသနာကြောင့်ပဲလား .. စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှု ..အဆိုးမြင်ဝါဒတွေနဲ့ .. အမုန်းတရားတွေ တိုက်ဆိုင်လို့ပဲလား ..
တစ်ခါတစ်လေ ..တွေးမိတာပါ ..

နောက်ဆုံးစာကြောင်းလေးကိုလည်း သဘောကျမိတယ် .. =)
မျှဝေတဲ့ အတွက်ကျေးဇူး ^.^

Mr.Pooh @ မောင်ပွတ် said...

ပို့စ်လေးကောင်းတယ်အစ်မ။ အချိန်အခါနဲ့လည်း ကိုက်တယ်။ မလာဖြစ်တာကြာလို့ ကျန်တာတွေလည်း အကြွေးဆပ်ဖတ်သွားပါတယ်။

ကလိုစေးထူး said...

ဟုတ်တယ်..။ ကျနော်လည်း အိသူပြောသလိုပဲ။ ဒီစာကို ဖတ်ပြီးတော့ အိုက်ခမန်းအကြောင်း စာအုပ်ကိုပါ သတိရသွားတယ်။ ရက်စက်တတ်ကြတဲ့ လူတွေက သူတို့ကို ၀ဋ်ပြန်လည်မှာ မသိဘဲတော့ နေမှာမဟုတ်ဘူးထင်တာပဲ။ ဒါပေမယ့် အဲဒီ ၀ဋ်ဆိုတာကို ကြောက်တာရော၊ လက်ရှိအနေအထားကို သူ့အတွက် ပိုခိုင်မာချင်အောင် ဆုပ်ကိုင်ချင်တာနဲ့ပါ ရောစပ်ပြီးတော့ ဘယ်သူကမှ ထင်မထားတဲ့ ရက်စက်မှုတွေကို ထပ်ခါထပ်ခါ လုပ်နေတော့တာပဲ ထင်မိတယ်ဗျာ။ :(

hninhnin said...

အိမ့်ချမ်းမြေ့ဒေါ့ကွန်းကို ခုမှ တွေ့တယ်။ မလေး လုပ်တာ ဘယ်တုန်းကလဲတော့မသိဘူး။ သိုလေးမျက်စိ ရှန်းလို့နေမှာပါ။ မလေးက တကယ်ကြိုးစားတယ်။ မလေးရဲ့ မြန်မာဆန်ဆန် မြန်မာမလေးပုံကို အရမ်းနှစ်သက်တယ်။ မလေးစာတွေရောပေါ့။ အားပေးလျက်

LinkWithin

Related Posts Plugin for WordPress, Blogger...