မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, September 15, 2007

နံပါတ် ၈ များနှင့် ခရီးထွက်ခြင်း

မိုး တွေသဲနေသည်။ လမ်းမီးရောင်တွေအောက် မိုးရေတွေကြောင့် အရောင်လက်နေသော ကားလမ်းမကြီးပေါ်မှာ ငွေရောင် ကားတစ်စင်း ခပ်ပြင်းပြင်းမောင်းလာနေသည်။ မိုးသည်းနေတာတောင်မှ ပြူတင်းပေါက်မှန်ကို ချထားသောကြောင့် လေပြင်းပြင်းအောက်က မိုးစက်တို့ ကားတွင်းသို့ ခုန်ပေါက်တိုးဝင်သွားသည်။ စတီယာတိုင်ကို ညာလက်နှင့်ထိန်းထားရင်း ဘယ်ဘက်လက်တွင်းက ဆေးလိပ်ကို နှုတ်ခမ်းမှာတေ့လျှက် ရှိုက်ဖွာလိုက်သည်။ မီးခိုးငွေ့များကို ပြူတင်းပေါက် အပြင်ဘက်သို့ မှုတ်ထုတ်လိုက်ရင်း ဆေးလိပ်ကိုင်ထားသောလက်နှင့် ပါးပြင်မှ မျက်ရည်စ အချို့ကို ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်တော့ မီးဖွားတွေက ပြူတင်းပေါက်မှ တဆင့်လွှင့်စင်သွားသည်။ အောက်နှုတ်ခမ်းကိုကိုက်ထားရင်း လောကကြီးကို အရွဲ့တိုက်လို့ အံကြိတ်ပြုံးလိုက်ရင်း စာကြည့်တိုက် ၀င်းအတွင်းက ကားရပ်ရန်နေရာဆီသို့ ကားကိုခပ်ပြင်းပြင်း ချိုးကွေ့ဝင်လိုက်သည်။

“ကျွီ”


စာကြည့်တိုက်နှင့် ခပ်လှမ်းလှမ်းက မေပယ်ပင်အောက်မှာ ကားထိုးရပ်လိုက်သည်။ ဆေးလိပ်မီးကို ပြာခွက်ထဲမှာ ထိုးခြေလို့ မီးသတ်လိုက်သည်။ ကားစက်မသတ်ခင် ပြူတင်းပေါက်များကိုပိတ်သော ခလုတ်ကို နှိပ်ချလိုက်သည်။ ပြူတင်းပေါက်တွေ တဝေါဝေါပိတ်သွားသည်။ ခုံပေါ်မှာ ကြဲပြန့်နေသော စာအုပ်အချို့ကို လက်က စုစည်းကိုင်လိုက်ပြီး ကားအပြင်ကိုထွက်လိုက်သည်။ မိုးတွေက သွန်ကျလာသောကြောင့် ရင်ဘတ်နှင့် ဂျက်ကက်ကြား စာအုပ်များကိုထိုးထည့်၊ ရင်မှာပိုက်လို့ စာကြည့်တိုက်ဘက်သို့ စိမ်ပြေနပြေလျှောက်လာသည်။ ဆင်ဝင်အောက်ရောက်တော့ ရေစိုနေသောဆံပင်တွေကို သပ်လိုက်ပြီး စာအုပ်ပြန်အပ်သည့် အပေါက်ထဲ စာအုပ်များကို လျောထဲ့လိုက်သည်။ ဆောင်းဦးဝင်စမိုး စိုထားသောကြောင့် ချမ်းစိမ့်စိမ့်ဖြစ်လာ၍ ဂျက်ကက်ကို ရင်ဘတ်ရှေ့အသာဆွဲစုလိုက်ပြီး လက်ပိုက်ထားရင်း စာကြည့်တိုက်ထဲ ၀င်လာသည်။ ပြီးတော့ ခေတ်ဟောင်းအင်္ဂလိပ်စာပေတန်းဘက်ကို လျှောက်လာလိုက်သည်။

“ဒီစာအုပ်တွေ အကုန်လုံးမဖတ်နိုင်ခင်မှာ သေဆုံးသွားရမှာတော့ နှစ်မျောမိတယ်”

ခပ်တိုးတိုးရွတ်ဆိုရင်း မျက်စိရှေ့ စင်ပေါ်က Virginia Woolf ၏ “A room of One’s Own” ကိုဆွဲယူလိုက်သည်။ ကောင်တာနားကစက်မှာ self check-out အပြီး အိမ်ပြန်ယူမသွားခင်တော့ ချောင်တစ်ချောင်မှာ ခေတ္တထိုင်လို့ သုံးလေးငါးမျက်နှာလောက် ဖတ်လိုက်မည်ဟူသော အတွေးနှင့် လူသူမရှိသော ချောင်တစ်ခုက လွတ်နေသော ဆိုဖာတစ်လုံးဆီသို့ လျှောက်သွားသည်။
ထိုလွတ်နေသောဆိုဖာနှင့် မနီးမဝေးက ဆိုဖာနောက်တစ်လုံးမှာ အသက် ၇၀ အရွယ် အ၀တ်အစား ကျကျနန၀တ်ထားသော အဖြူအဘိုးကြီးတစ်ဦး သတင်းစာတစ်စောင်ကို စိတ်ဝင်တစားဖတ်နေသည်။ သူ့ဘေးက ကြမ်းပြင်ပေါ်မှာတော့ တုတ်ကောက်တချောင်း။ ခပ်လှမ်းလှမ်းစာကြည့် စားပွဲဝိုင်းတွေမှာတော့ လူငယ်အချို့ ဟိုတစ်စု၊ သည်တစ်စု တိုးတိတ်စွာ စာဖတ်နေကြသည်။ ကြမ်းပြင်မှ မျက်နှာကြက်အထိ ပြောင်လက်တောက်ပနေသော မှန်တွေကိုဖြတ်လျှက် အပြင်က မိုးစက်တွေကို တချက်ကြည့်လိုက်ရင်း ဆိုဖာပေါ်သို့ ထိုင်ချလိုက်သည်။ အပြင်မှာ လေပြင်းပြင်းအောက်မှာ ထင်းရှုးနှင့် မေပယ်တွေ ယိမ်းထိုးနေသည်။ မိုးစက်တွေက မှန်ပြင်ကို တဖောက်ဖောက် ရိုက်ခတ်လာသည်။ စာကြည့်တိုက်အတွင်းမှာတော့ အေးမြ၊ တိတ်ဆိတ်နေသည်။

ပထမ စာမျက်နှာအနည်းငယ်မှတဆင့် အရင်ခေတ်က အင်္ဂလန်နိုင်ငံမှ အမျိုးသမီးတွေ၏ ဘ၀တွေကို တစေ့တစောင်း သိလိုက်ရသည်။ အင်္ဂလန်နိုင်ငံက တက္ကသိုလ်စာကြည့်တိုက်များအတွင်းကို ထောက်ခံချက်မပါဘဲ၊ ဒါမှမဟုတ် တက္ကသိုလ်ကျောင်းသား တစ်ဦးဦးမပါဘဲ အမျိုးသမီးများ ၀င်ခွင့်မရှိခဲ့သည်ကို ဖတ်လိုက်ရတော့ အံ့သြမိ၍ မျက်ခုံးမြှင့်လိုက်မိသည်။

“Virginia Woolf လား”
အဘိုးကြီးက လှမ်းမေးသည်။

“ဟုတ်ကဲ့” မပြုံးချင် ပြုံးချင် ပြုံးလျှက်၊ မဖြေချင်ဖြေချင် ဖြေလိုက်သည်။ ခုလိုအချိန်မှာ စာအုပ်ထဲမှာ နှစ်မြုပ်လို့ ပတ်ဝန်းကျင်နှင့် ခေတ္တကင်းဝေးနေချင်သည်။

“မင်းသိလား….. သူနောက်ဆုံး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတာ”
“သိပါတယ်.. စိတ်ကျရောဂါနဲ့လေ၊ ရေကူး အလွန်ကျွမ်းကျင်ပါလျက်နဲ့ အိတ်ထဲမှာ ကျောက်ခဲတွေထည့်ပြီး သူ့အိမ်နားက မြစ်ထဲကိုဆင်းပြီး အဆုံးစီရင်သွားတာ။”
“ဆန်းသစ်တဲ့ အတွေးအခေါ်တွေ၊ ဒီလိုစာတွေရေးနိုင်တဲ့ သူ့ရဲ့ ဦးနှောက်ထဲကို မင်း ၀င်မကြည့်ချင်ဘူးလား”
“မကြည့်ချင်ဘူး အဘ၊ သူ့အတွေးအခေါ်တွေက ကြောက်ခမန်းလိလိပဲ။ ကိုယ့်ဘာသာ ရိုးရိုးတွေးပြီး အေးချမ်းစွာပဲနေချင်တယ်”
“ဟုတ်တယ်…။ မင်းလဲပဲ စိတ်တော့ မပျော်ဘူးမို့လား၊ မသောက်တတ်တဲ့ ဆေးလိပ်ကို အတင်းသောက်ဖို့လဲကြိုးစားနေတယ်”

ဒီလောက်တောင် သိသာနေပြီလား၊ ဆေးလိပ်နံ့တွေများ ဆံပင်တွေနဲ့ အကျီ င်္တွေမှာ စွဲနေလို့လား၊ ကားထိုင်ခုံတွေလဲ ဆေးလိပ်နံ့ နံပါပြီဟူသော အတွေးကြောင့် အနည်းငယ်လှုပ်ရှားသွားသည်။ အဘိုးကြီး၏ မျက်လုံးအတွင်းသို့လဲ စိုက်ကြည့်လိုက်မိသည်။ အပြာရောင်မျက်လုံးတွေက အရွယ်နှင့် မလိုက်အောင် ကြည်လင်တောက်ပနေသည်။

ပျော်တယ်၊ မပျော်ဘူးဆိုတာထက် ခံစားချက်တွေ ထုံနေတာပါ၊ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသမျှ အရာအားလုံးက real မဟုတ်တော့ဘူး၊ အိပ်မက်ရှည်ထဲ လမ်းလျောက်နေရသလိုပဲ” အဘိုးကြီးကိုကြည့်ရင်းပြောလိုက်သည်။

“ဘယ်တုန်းက စဖြစ်လဲ မင်းပြောပြချင်လား”
“၂၀၀၆”
“ဟုတ်တာပေါ့၊ မင်းဘ၀မှာ ၈ ဂဏ္ဍန်းတွေ ကြီးစိုးတာပဲ”
“ဟင်… ဘယ်လိုသိလဲ”
“မင်း အခုလုပ်နေတဲ့ ကော်ပိုရေးရှင်းမှာ အလုပ်ရတဲ့နေ့ကလဲ လတစ်လရဲ့ ၈ ရက်နေ့ပဲ မဟုတ်လား”

“အို….”
“မင်းဘ၀ရဲ့ အပျော်ဆုံး နှစ်တစ်နှစ်ကလဲ ၈ နဲ့ ဆုံးတဲ့ နှစ်၊ ဒါပေမယ့် အဲဒီနှစ်အပြီး ၈ နှစ်အကြာမှာ မင်းဘ၀မှာ အလွန်ဆိုးဝါးတဲ့ အဖြစ်တစ်ခုနဲ့ ကြုံခဲ့ရတယ်”
“ဟုတ်တယ်.. အဲဒီအလုပ်ရတဲ့နှစ်နဲ့ အပျော်ရဆုံးနှစ်နဲ့က တနှစ်ထဲပဲ၊ အဲဒီနှစ်ရဲ့ ၈ နှစ်အကြာမှာ အဲဒီဆိုးဝါးတဲ့အဖြစ် ဖြစ်ခဲ့တာ၊ ဒါနဲ့ အဘက ဘယ်လိုသိလဲ”
“မင်းအရှုးအမှုးကြိုက်တဲ့ သီချင်းတိုင်းဟာလဲ နံပါတ် ၈ တွေဖြစ်နေတတ်တယ်”
“ဟူး” သက်ပြင်းမှုတ်ထုတ်လျက် ဆိုဖာကို မှီချလိုက်သည်။ မျက်နှာကြက်က မီးဆိုင်းကို ငေးကြည့်နေသည်။

“တစ်ခါတစ်ရံ စိတ်ရဲ့ ထွက်ပေါက်ကို မိမိကိုယ်ကို ပျက်စီးစေနိုင်တဲ့ အရာတွေနဲ့ မရှာပဲ၊ ကောင်းတဲ့ အရာတွေနဲ့ စိတ်ထွက်ပေါက်ရှာတာ ကောင်းပါတယ်။ ဥပမာ လူမှုအကျိုးပြု လုပ်ငန်းတစ်ခုခု လုပ်တာမျိုး၊ဘာသာရေးလုပ်တာမျိုး၊ ပန်းချီဆွဲတာမျိုး စာရေးတာမျိုး၊ ဘလော့ဂ်ပေါ်မှာဖြစ်ဖြစ်ပေါ့၊ အဲလိုရေးတာမျိုးလေ”

မျက်နှာကြက်ကို ငေးကြည့်နေသော မျက်လုံးတွေ အလွန်အမင်းပြူးကျယ် ၀ိုင်းစက်လာသည်။ ဆိုဖာကို မှီနေသော ကျောပြင်ကို တည့်မတ်ပြီး အဘိုးကြီးကို အံသြတကြီး ကြည့်လိုက်မိသည်။

“ဟင်…ဘလော့ဂ် လို့ပြောလိုက်လား၊ ဘလော့ဂ်ဆိုတာကို သိလား၊ လူကြီးတွေ သိပ်မသိဘူးထင်လို့။ အခုဘလောဂ့်ရေးနေတယ်”
“အဟမ်း” အဘိုးကြီး ချောင်းဟန့်လိုက်သည်။ “သိတယ်၊ ၂၀၀၆ခုနှစ်က မင်းရဲ့ဘလော့ဂ်မှာတင်တဲ့ ပိုစ့်အရည်အတွက်ကလဲ တိုက်ဆိုင်လွန်းစွာ ၈ ဂဏ္ဍန်းများ ဖြစ်နေလေဦးမလား”
“အား.. အဲဒါတော့ သတိမထားမိဘူး၊ အိမ်ရောက်မှ ပြန်ကြည့်ရမယ်။
“ဒီမြို့ကို အခြေချနေထိုင်ဘို့ ပြောင်းရွေ့လာတဲ့ ဆွေမျိုးတွေထဲမှာ ၈ ယောက်မြောက် ပြောင်းရွေ့နေထိုင်သူကလဲ မင်းပဲမဟုတ်လား”
“ဟင်… ဟုတ်..ဟုတ်တယ်ဘ။ အဘ ဘယ်လိုလုပ်ဒီလောက်သိတာလဲဟင်”

ပြောရင်း အဘိုးကြီး၏ အပြာရောင်မျက်လုံးများက ဖျတ်ကနဲ ရွှေရောင်လက်သွားသယောင်ဖြစ်သွားသည်ကို သတိထားလိုက်မိသည်။ စိတ်ထင်လို့ဖြစ်မှာပါဟု တွေးရင်း အားတက်သရော စကားဆက်လိုက်သည်။

“ဒီနိုင်ငံကို အရင်ဆုံးရောက်လာသူကတော့ ဦးကြီးပါ၊ နောက်တော့လဲ သူ့မိသားစုဝင်တွေ၊ အခြားဆွေမျိုးတွေ တစ်ယောက်ပြီး တစ်ယောက်ရောက်လာကြတာ အခုတော့လဲ အယောက်လေးဆယ်နီးပါးရောက်နေကြပြီ”
“အင်း... မင်းက ၈ ယောက်မြောက်ပေါ့၊ နောက်ပြီး မင်းဦးကြီး ဆုံးသွားတဲ့ နေ့ကလဲ ၈ ရက်နေ့ပဲ မဟုတ်လား”
“ဟာ… ဟုတ်တယ်ဘ”
ပြောနေရင်း ကြက်သီးမွှေးညှင်း ထနေမိသည့်အတွက် ချမ်းနေသေးလို့များလားဟု တွေးရင်း လက်ဖ၀ါးချင်း ပွတ်လိုက်ပြီး ပါးမှာကပ်ထားလိုက်သည်။

“အနုပညာသမားတွေက စိတ်ခံစားချက်ပြင်းထန်တယ်။ ခံစားချက်ပြင်းထန်လို့ အနုပညာသမားဖြစ်တာလား၊ အနုပညာသမားမို့လို့ စိတ်ခံစားချက် ပြင်းထန်တာလား”

“မသိဘူး အဘ၊ အနုပညာသမားဆိုတာကို ဘယ်လိုဒီဖိုင်းလုပ်လဲ၊ ဘယ်အခြေအနေရောက်မှ ဒီလူဟာ အနုပညာသမားတစ်ယောက်ပါလို့ ပြောကြသလဲ၊ ကလေးတွေကို ထိမ်းကျောင်းတဲ့ မိခင်တွေ၊ ဖခင်တွေ၊ ထမင်းဟင်းချက်သူတွေ၊ ကျောင်းဆရာတွေ၊ အိုးထိမ်းသည်တွေကလဲ အနုပညာသမားတွေပဲမဟုတ်ဘူးလား၊ အရာရာတိုင်းဟာ အနုပညာ တစ်ခုခုနဲ့ ဆက်စပ်နေတာပဲ မဟုတ်ဘူးလား၊ လူတွေသတ်မှတ်ထားတဲ့ အနုပညာသည် ဆိုရင်လဲ နာမည်ကြီးမှလား။ တချို့တွေဆို သေသွားပြီးမှ နာမယ်ကြီးသွားကြတယ်ဆိုတော့ မသေခင်မှာ အနုပညာသမားမဟုတ်ဘူးပေါ့”

“ဒါဆို ရှင်နေတုန်း ဒါမှမဟုတ် သေပြီးမှ နာမည်ကြီးချင်လို့လား”

တစ်ခုမှ မဟုတ်ဘူး၊ ၀ါသနာပါလို့၊ ခါးသည်းနေမှုတွေကို ရင်ဖွင့်ချင်လို့။ နှလုံးသားထဲက ယိုစီးနေမှုတစ်ခုအတွက်ပါ။ ကိုယ်ဘယ်သူဆိုတာတောင် မသိစေချင်ဘူး။ ဖတ်နေတဲ့ စာဖတ်သူတွေကို လေးစားတဲ့ အနေနဲ့တော့ စာတွေကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ရေးတယ်။ ရေးတဲ့ စာတွေအပေါ်မှာ ကိုယ့်ရဲ့ခါးသီးမှုတွေရဲ့ ဖုံးလွှမ်းမှုတွေကို မခံရအောင်လဲ အတတ်နိုင်ဆုံးကြိုးစားတယ်။ လူမသိ၊ သူမသိ သေဆုံးသွားခဲ့ရင်တောင် ဒီကလောင်နာမည်နဲ့ ဒီစာလေးတွေပါလားလို့ စာဖတ်သူအချို့ တွဲသိသွားရင်ပဲ ကျေနပ်ပြီ

“ဒါနဲ့ ဘာဘာသာ ကိုးကွယ်လဲ”
မျက်ခုံးမြှင့်ရင်း အဘိုးကြီး၏ မျက်လုံးများကို စိုက်ကြည့်နေမိသည်။

“ဒါ ကိုယ်ရေးကိုယ်တာ သိပ်ဆန်သွားတဲ့ မေးခွန်းလို့ ယူဆပါတယ်.. အဘ။”

ကိုယ့်ကိုကိုယ် ဘောင်ခတ်လိုက်မိတဲ့ အဖြေမျိုး မဖြေချင်ဘူး၊ ဘာသာရေးအမြင်တွေ အပေါ်မှာထားတဲ့ မင်းစိတ်က သိပ် liberal ကျတယ်။ တစ်ခုတည်းသော ယုံကြည်ကိုးကွယ်မှုကသာ အမှန်တရားပါလို့ ဆိုတဲ့ အတွေးအခေါ်မရှိဘူး၊ အားလုံးဟာ သူ့နည်းသူ့ဟန်နဲ့ တစ်နေရာရာမှာ မှန်နေသလို၊ အခြားတနေရာမှာလဲ ချို့ယွင်းချက်၊ ထောက်ကွက်တွေလဲ ရှိနေတတ်တယ်။ ကိုးကွယ်မှုတစ်ခုကို ယုံကြည်နေမှုတစ်ခုဟာ မိမိဘာသာ ကိုယ်တွေ့ ရှာဖွေလေ့လာသိရှိလာတာထက်၊ မိရိုးဖလာ ဆင်းသက်မှုတွေကြောင့်၊ လက်ဆင့်ကမ်းသယ်လာတဲ့ ခံယူချက်တွေ၊ အတွေးအခေါ်တွေကြောင့်၊ နောက်ပြီး အဲဒီဘာသာတရားကို၊ ဒါမှမဟုတ် ကျင့်စဉ်တစ်ခုကို ကိုးကွယ်တဲ့၊ ကျင့်သုံးနေတယ်လို့ ဘာသာ သတ်မှတ်ထားတဲ့ အိမ်ထောင်မိသားစုမှာ ပေါက်ဖွားလာခြင်းကြောင့်သာ ရာခိုင်နှုန်းတော်တော်များများက ဒီဘာသာဝင်ဖြစ်နေကြတာ၊ ကျင့်စဉ်တစ်ခုကို ကျင့်နေကြတာ၊ မည်သူက မည်သူ့ကိုမျှ မိမိဘာသာတရားက ပိုကောင်းလို့ (ဒါမှမဟုတ်) အကောင်းဆုံး၊ အမှန်ဆုံး၊ အသင့်လျော်ဆုံးမို့လို့ လက်ခံယုံကြည့်သက်ဝင်သင့်တယ်လို့ ၀ါဒဖြန့်ခြင်း၊ သွပ်သွင်းခြင်းတွေကို မလုပ်သင့်ဘူး။ အားလုံးကို ဘောင်ခတ်ထားတဲ့ မျက်လုံးတွေနဲ့ကြည့်ပြီး သုံးသပ်ချက်ချတာထက် “လူသား”ဆိုတဲ့ မျက်လုံးနဲ့ ကြည့်ပြီး အားလုံးကို စာနာနားလည်သင့်တယ်။ တစ်ယောက်ရဲ့ ယုံကြည်ကိုးကွယ်ခြင်း၊ ခံယူချက်တွေကို နောက်တစ်ယောက်က လေးစားသင့်တယ်…စသဖြင့် ပြောချင်နေတယ်မို့လား

“..........”

“အဘ သွားမယ်…။ ကိုယ်ပိုင်ဆိုင်တဲ့ လူ့ဘ၀ဆိုတာ ဇတ်ခုံပေါ်က ကကွက်တစ်ခု ဖြစ်ကောင်းဖြစ်နေနိုင်တယ်။ အိပ်မက်ရှည်တစ်ခု (ဒါမှမဟုတ်) ပြိုင်ပွဲတစ်ခု၊ စမ်းသပ်မှုတစ်ခုလဲ ဖြစ်နေနိုင်တယ်။ ဒီနေရာမှာ ရုပ်ခန္ဓာနဲ့ဆိုင်တဲ့ ပြိုင်ပွဲလို့ ဆိုလိုတာမဟုတ်ဘူးနော်။ ဒါကြောင့် စိတ်ညစ်နေတာတွေ၊ စိတ်ဓာတ်ကျနေတာတွေထဲက ကြိုးစားရုန်းထွက်ပြီး ကိုယ်ကနေရတဲ့ အခန်းကို ပီပြင်အောင်ဆက် က ပါ”

စကားဆုံးတော့ အဘိုးကြီးက တုတ်ကောက်ကို ကောက်ကိုင်လိုက်သည်။ ဆိုဖာပေါ်မှ ဖြည်းညှင်းစွာ ထလိုက်သည်။ ပြီးတော့ အပေါက်ဝဘက်ကို လျောက်သွားသည်။ အဘိုးကြီး ဆင်ဝင်နားရောက်တော့မှ သတိရလိုက်ပြီး အဘိုကြီးနောက်သို့ ခပ်သွက်သွက်လိုက်သွားသည်။ ဆင်ဝင်အောက်က တိုင်လုံးနားမှာ အဘိုးကြီးကို မှီသွားသည်။

“အဘ.. အဘ… ကားပါလား၊ လိုက်ပို့ပေးမယ်”

“ရတယ်။ ဒီနားလေးတင်နေတာ။ ဒါနဲ့ မင်းတို့ရဲ့ မြန်မာမြူးဇစ်ဒေါ့ကွန်းလားဘာလား အဲဒီဆိုဒ်က မင်းအမည်ဘေးက နံပါတ်ကလဲ တစ်ရာခုနှစ်ဆယ်၊ နောက်ပြီး ပွိုင့်ကလဲ နံပါတ်ရှစ် ဖြစ်နေတယ်ထင်တယ်။ ကြည့်လိုက်ဦး။
အော်.. မင်းရဲ့စာအုပ် အဘတို့ထိုင်တဲ့ခုံတွေနားက စားပွဲပေါ်မှာ ကျန်ခဲ့တယ်။ သွားပြန်ယူလိုက်ဦး”

“ဟာ.. ဟို..အဘ..အဘ”
စကားလုံးတွေ ထစ်ထစ်အအနှင့် စာကြည့်တိုက်ဘက်ကို အယောင်ယောင် အမှားမှား ကြည့်လိုက်မိသည်။

“ဟာ”
သည်ဘက်ပြန်အလှည့်မှာတော့ အဘိုးကြီးကို လုံးဝမတွေ့တော့။ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် လှည့်ပတ်ကြည့်သည်။ မရှိ။ ဆင်ဝင်အောက်က ထွက်ပြီး မိုးရွာထဲမှာရပ်၍ ရှေ့နောက်ဝဲယာ ကြည့်သည်။ မတွေ့။ ဒီလောက်မြန်မြန် တနေရာရာကို ဘယ်လိုများ ရောက်သွားပါလိမ့်။ မိုးရေတွေစိုရွှဲသွား၍ ဆင်ဝင်အောက်ကိုပြန်ဝင်၍ တိုင်နားကို ကပ်ရပ်လိုက်သည်။

“ဟင်”
တိုင်နားမှာ အဘိုးကြီး၏ တုတ်ကောက်က မှီရက်သားလေး။ တုတ်ကောက်ထိပ်က လက်ခနဲဖြစ်သွား၍ အနားကပ်ကြည့်လိုက်မိသည်။ တုတ်ကောက်ထိပ်က ငွေရောက်အလုံးပေါ်မှာ အဖြူရောင် မြှားနတ်မောင်ရုပ်လေးက ကောင်းကင်ကိုမော့ကြည့်နေဟန်၊ ထိုအရုပ်လေးလက်ထဲမှာတော့ အ၀ါရောင်ပန်းလေး ၈ ပွင့်ကို ထူးဆန်းစွာတွေ့လိုက်ပါတော့သည်။



14 comments:

Kay said...

မလေးရေ..လုပ်ချလိုက်ပြန်ပီ။ အဆန်းလေးတွေ။
အင်း..မြှားနတ်မောင်ရုပ်နဲ့ အ၀ါရောင်ပန်း ၈ပွင့်ဆိုတော့ ဘာဂိုဏ်းလည်းမသိ။

Layma said...

ဝါး…မလေး….မိုက်တယ်…လေးမလဲ အဲလိုဆုံဖူးချင်လိုက်တာ….။

နောင်တော် said...

အဲဒီ ခံစားချက် ဟာ.. ဘယ်လိုပါလိမ့်။

hninhnin said...

မလေး... အဆန်းတကြယ်ပါပဲ။ ဖတ်ရတာ မျောသွားတယ်။ စိတ်ဝင်စားတတ်တဲ့ စပ်စုချင်စိတ်ကြောင့်လည်း ဖြစ်မှာပေါ့။ ဘာလဲ ဘာလဲ ဆိုပြီးတော့။... မလေးရေ... အရေးအသားတွေ အားပေးနေတယ်နော်။

ဂျစ်တူး - gyit_tu said...

ဟင်

(ဖတ်ပြီး ရေရွတ်မိသော အသံ)

eithu said...

တိုက်တိုက်ဆိုင်ဆိုင်နော် ..
ဒီနိုင်ငံမှာတော့ ၈ ဂဏန်းကို LUCKY No. ၇ယ်လို့
အမြတ်တနိုး လိုချင်ကြတယ် မအိမ့်၇ဲ့ ..
နှစ်ကူး ဟုန်ပေါင်း ပေးတာက အစ ၈၈ တို့ ဘာတို့ပေးတတ်တယ် ..
စာလေးက စိတ်ဝင်စားဖို့ကောင်းပါတယ် ..
အဖိုးကြီးနဲ့ မတွေ့ခင်အထိမြင်ကွင်းလေးတွေကို သဘောကျမိတယ်..
dialog တွေထဲက အနုပညာနဲ့ ပတ်သတ်တဲ့ အတွေးအမြင် လေးတွေကိုလည်း လက်ခံမိပါတယ် ..

အိကတော့ ၃ ဂဏန်းကို ကြိုက်တယ်.. ^.^ ..

pandora said...

တကယ်ပဲလား စိတ်ဝင်စားစရာ

မျှားပြာ said...

စကားပြောတွေ အရမ်းကြိုက်တယ် မလေး

နေမိုး said...

မအိမ့်ရေ....
အသစ်တင်ထားကြောင်း ကျနော့်ကွန်ပြူတာ live Show မှာ အချက်ပြထားတာနဲ့ အားတက်သရော ၀င်လာပြီး ဖတ်သွားပါတယ်။ တင်ပြထားတဲ့ အကြောင်းအရာတွေကို ဖတ်ပြီးတော့ ထုံးစံအတိုင်း အသံတိတ်ပြန်သွားမလို့ပါပဲ။ ဒါပေမယ့် စိတ်ထဲမှာ အစာမကြေဖြစ်သွားတာလေး ရှိလို့ အခုလို မှတ်ချက်စကားဝိုင်းထဲ ၀င်လာခဲ့တာပါ။

မအိမ့်တင်ပြချင်တဲ့ စကားလုံးတွေရဲ့ အနှစ်သာရနဲ့ အားပြည့်မှုတွေအတွက်တော့ ကျနော်အများကြီးလက်ခံပါတယ်။ ဒါပေမယ့် အဲဒီအဘိုးကြီးကို ဘယ်သူလဲဆိုတာ ကျနော်ရှာလို့မတွေ့ဘူးဖြစ်သွားတယ်။ သူက တခြားလူတယောက်ရဲ့ ထူးထူးဆန်းဆန်းတိုက်ဆိုင်မှုတွေကို သိနေတယ်ဆိုတော့ သူက ဘယ်သူမို့လို့လဲ။ လူတယောက်အနေနဲ့ ကိုယ်အခုမှ စတွေ့ဖူးတဲ့ လူတယောက်က ကိုယ်ကိုယ်တိုင်တောင် သတိမထားမိခဲ့တဲ့ ကိုယ့်ရဲ့ တိုက်ဆိုင်မှုတွေကို ကိုယ့်ထက်ပိုသိနေတယ်ဆိုရင် ဒါဟာ တော်တော် ဆန်းကြယ်သွားတဲ့ အဖြစ်အပျက်တခုပဲ။ အဲဒီ အဘိုးကြီးကို ကျနော်လိုက်ရှာတယ် သူဘယ်သူလဲပေါ့။ မတွေ့ဘူး။ သူက အကြားအမြင်ရနေတဲ့လူလား.... ကောင်းကင်ပေါ်က စေတမန်တော်တယောက်လား.... ပိုင်ရာဆိုင်ရာက ပေါ်လာတဲ့လူတယောက်လား.... စိတ်ကူးဇာတ်ကောင်တခုလား....တကယ်သက်ရှိတယောက်လား.... ကျနော်ရှာလို့မရခဲ့ဘူး။

ဘာသာတရားယုံကြည်ချက်နဲ့ စိတ်ဓာတ်ခွန်အား စကားလုံးတွေအတွက် ကျနော်အများကြီးလက်ခံပါတယ်။

တခါက အိန္ဒိယပြည်က ဘုန်းကြီးတပါး ရှင်သဒ္ဒါကစ္စည်းထင်တယ် လူစိမ်းတယောက်ကမေးတယ် အသင်ဘယ်သူလဲဆိုတာ့ ငါက ကမ္ဘာပေါ်က လူသားတယောက်ပါလို့ ပြန်ဖြေခဲ့တယ် ဆိုပြီး ဘာသာတရားနဲ့ ကမ္ဘာလုံးအယူအဆကို ထုတ်ပြောခဲ့တယ်လို့ မှတ်ခဲ့ဖူးတယ်။ ကမ္ဘာပေါ်မှာ ဘာသာတရား တခုတည်း ဖြစ်ရေးကို ကျနော်လက်မခံပါဘူး။

တဆက်တည်းမှာပဲ ကျနော့်ဘလော့မှာ ထည့်ထားတဲ့ နောက်ခံ ပုဂံဘုရားများဓာတ်ပုံကို ခွင့်ပြုပေးတဲ့အတွက် ကျေးဇူးပါ။

ပြောချင်တာတွေ များသွားလို့ ၀င်ရေးခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် မအိမ့်ရဲ့ ခံစားချက် တင်ပြမှု လက်ရာလေးတွေကတော့ နူးနူးညံ့ညံ့ သိမ့်မွေ့စွာနဲ့ အားပေးသူတွေအတွက် တန်ဖိုးရှိတဲ့ ဆွဲဆောင်မှုအားကောင်းတဲ့ အရေးအသားတွေ ဖြစ်နေဦးမှာပါ။

ကောင်းမြတ်သော ဘလော့ရေးခြင်းပါခင်ဗျာ...

နေမိုး

ponyate said...

မလေးရေ အံ့သြစရာကြီး။

Tesla said...

ကောင်းလှချည်လားမအိမ့်ရ. ပန်းရောင်အတွေးတွေ ကြိုက်တယ်. ရှစ်ဓါတ်တောင် ကူးသွားလားမသိဘူး ဒီနေ့ဒီမှာ ၁၇ ရက်နေ့ဗျ. :)

MELODYMAUNG said...

ကိုတက်စ်ပြောသလို ဒီနေ့ ၁၇ရက်နေ့ဗျ အဲတော့ အဟိ ၈ခေါက်ဖတ်သွားတယ် ညနေအကြောင်းထူးရင် ဆီဗုံးမှာလာပြောပြမယ် ဘာလဲဆိုတာ :P

ခင်မင်းဇော် said...

ဒီနေ့မှ လာဖတ်ဖြစ်တယ်။ ငြိမ့်ငြိမ့်လေး ခံစားလိုက်ရတယ်။ ကြိုက်တယ်။

ကလိုစေးထူး said...

၈ ဂဏန်းနဲ့ တိုက်ဆိုင်မှုတွေကို စိတ်ကူးပုံဖော်ပြီး ၀တ္ထုသဏ္ဍာန် ရေးထားတဲ့ ဒီစာမှာ ပြောချင်၊ ပေးချင်တဲ့ မက်ဆေ့လေးတွေကို ကြားညပ်ရေးသွားတာကို တွေ့ရပါတယ်။ အဲဒီထဲက ဇာတ်ကောင် `အဘ´ ရဲ့ အရာရာကို သိလွန်းတဲ့ ကာရိုက်တာကတော့ အတန်ငယ် ယုတ္တိလွန်နေတယ်လို့ မြင်ပါတယ်။ မြင်ကွင်း ပုံဖော်အရေးအသားကို နမူနာယူ လေ့လာသွားပါတယ်။
အားပေးလျက်
ကလိုစေးထူး

LinkWithin

Related Posts Plugin for WordPress, Blogger...