မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Thursday, September 27, 2007

စောင့်ကြည့်နေတဲ့ ကမ္ဘာ

ဒီရက်တွေမှာ စားလဲဒီစိတ်၊ သွားလဲဒီစိတ်၊
ဘာကိုမှလဲ လုပ်ချင်ကိုင်ချင်စိတ်ကမရှိ။
အိပ်ကမပျော် စားလို့မ၀င်
မျက်ရည်တလည်လည် တောက်တခေါက်ခေါက်
ဟော.. သန်းခေါင်ယံရောက်လာပြန်ပြီ။
ကမ္ဘာတခြမ်းက သတင်းဆိုးတွေ သတင်းဆိုးတွေ
ကမ္ဘာပျက်သလို ဖြစ်နေချိန် ဘယ်သူတွေက အိပ်နေနိုင်ကြမလဲ….။

တတ်နိုင်သမျှ …
ငွေရေးကြေးရေး၊ စိတ်ဓာတ်စစ်ဆင်ရေးနဲ့
ပံ့ကြ ပိုးကြ နည်းလမ်းတွေရှာပေးကြပါ။
အာဏာကို နာခံရသူတွေရေ..
မင်းတို့စားနေရတာ အရိုးအရင်း
အပင်းအဆိတ်ပါ။
အမိန့်ပေးသူ လက်တဆုပ်စာ စကား
လက်အောက်ခံ စစ်သားတွေ
နာခံနေတာကို နားမလည်နိုင်တော့…
ငါတို့အားလုံး ညီရင်းအကိုတွေပါ။
မတရားတဲ့ အာဏာ အာခံပေးလိုက်ရင်
ငါတို့တိုင်းပြည်၊ အနာဂတ်မှာ ဝေစည်နိုင်တယ်လေ။

အပြင်ကလူတွေ UN ကို စာရေးကြပါ။
(inquiries2@un.org) တဆင့်ဆက်သွယ်ကြပါ။
တတ်နိုင်သလောက် မြန်မာပြည်ကို ငွေပို့ကြပါ။
အရင်က မြန်မာနိုင်ငံဆိုရင်
ဘာမြူဒါလားလို့ ထင်ကြ
ခုကျတော့.. ဒီမြို့သတင်းစာတွေရဲ့
ရှေ့မျက်နှာစာဖုံးတွေမှာ အုန်းအုန်းကြွက်ကြွက်
ရက်ဆက်ပါနေပြီလေ။

လူထုတွေ၊ ဘုန်းကြီးတွေ၊
စစ်သားတွေ၊ ကလေးတွေ၊
လဲပြိုကြ၊ ထွက်ပြေးကြပုံတွေ၊
တကမ္ဘာလုံး မဆုံးနိုင်တဲ့ ပုံတွေနဲ့
ဂြိုလ်တုတွေကလဲတဆင့် အကုန်မြင်နေ
ကြားနေရပါတယ်။
သတ္တိရှိတဲ့ မြန်မာပြည်သူ
လူထူတွေကို ကမ္ဘာကလူတွေ
အံ့သြချီးကျူး၊ လေးစားဂုဏ်ပြု
သမိုင်းတစ်ခု ဖြစ်စေတယ်။

(လာမယ့်ရက်တွေမှာ ဒီမြို့ကလူတွေနဲ့ ခရစ်ယာန်၊ ဗုဒ္ဒဘာသာဝင် စသဖြင့် ဘုန်းကြီးတွေအားလုံး လူစုပြီး လမ်းလျှောက်ဆုတောင်းမေတ္တာ ပို့သပါမယ်။ တိုက်ပွဲဝင်နေသူများအားလုံးနောက်မှာ ထိုကဲ့သို့ အဝေးကလူများက ရပ်တည်လျှက်ရှိပါတယ်)

ဒဏ်ရာရသူများတွက် အရေးပေါ်ပြုစုနည်း
ကို ကိုဇူလိုင်အိပ်မက်က ဝေမျှထားပါတယ်။

3 comments:

eithu said...

မအိမ့်ရယ် ..
ခံစားရတာ တစ်ထပ်ထဲပါပဲ .. အိတို့တွေလည်း စာသင်ချိန်တောင် အဲဒီအကြောင်းတွေးမိယင် ရင်ထဲမှာနင့်နေတာပဲ ..

ရဲ နဲ့ စစ်သားတွေ ပြည်သူတွေ အချင်းချင်းခံစားရတဲ့
ဒုက္ခတွေနားလည်ပြီး အမြန်ဆုံး ပြည်သူတွေဘက်ကရှိပါစေ..

ရက်စက်မှုတွေ အမြန်ဆုံး အဆုံးသတ်ပါစေ..

ကြိုးပမ်းမှုတွေ အမြန်ဆုံး အောင်မြင်ပါစေလို့ ပဲ ဆုတောင်းနေပါတယ်

burmafreedom said...

ခေါင်းဆောင်တွေ ဘယ်ရောက်နေလဲ ။ ပြည်ပရောက် မြန်မာတွေ အနေ နဲ UN တို့  White House တို့ ကို ဆက်သွယ်တာ ထက်စာရင် ကျနော်တို့ လူမျိုးခေါင်းဆောင်တွေ ကို ဆက်သွယ်ဖို့  ကြိုးစားပေးကြပါ။ ပြည်သူတွေ ခမျာ သတ္တိ အပြည့်နဲ့ လမ်းပေါ်ထွက်အသေ ခံနေကြတာ။ မသေခင် သူတို့ ကို ဒီ တော်လှန် ရေးမှာ ဘယ်သူခေါင်းဆောင်တယ်။ ဘယ်လို ခေါင်းဆောင်တယ်။ သူတို့ ဘာကို တိုက်ယူရင်း ကျဆုံး ရတယ် ဆိုတာ ခေါင်းဆောင်တွေ ကပြောပေးကြပါဦး။

demo said...

မလေးရေ..

လာခံစားသွားတယ်.. တကယ်ပဲ ဒီမိုလည်း ခုအဲဒီလို ခံစားနေရပါတယ်..
အလုပ်လုပ်ရတာ အားမရှိဘူး.. =(((
ခုဒီမိုတို့ လုပ်နိုင်တာကတော့ အဝေးကနေ ဆုတောင်းပေး ယုံပဲ ရှိတော့တယ်..

ဒီမို

LinkWithin

Related Posts Plugin for WordPress, Blogger...