မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, September 22, 2007

တောင်ပေါ်မြို့လေး

လှိုင် က ဒေဿန္တရ ဗဟုသုတ မျှဝေခိုင်းတာကြာပါပြီ။ ကျွန်မအနေနဲ့ အခုလက်ရှိ ကျွန်မနေနေတဲ့ ဒေသအကြောင်း အချိန်ရရင် ရသလောက် မျှဝေသွားမယ်လို့ စိတ်ကူးထားပါတယ်။

ကျွန်မနေတဲ့ ဒေသကတော့ မြေပုံပေါ်မှာ ကြည့်ရင် ကမ္ဘာကြီးရဲ့ အနောက်ဆုံးရဲ့ အနောက်ဆုံးမှာပါ။ လာလည်မယ်ဆိုရင်တော့ ကနေဒါနိုင်ငံအနောက်ဆုံးက ဘီစီပြည်နယ်၊ ဗင်ကူးဗားမြို့လို့ပြောပြီး ရထား၊ကား၊ လေယာဉ်ပျံလက်မှတ်ရောင်းသူကိုပြောလိုက်ပြီး ကြုံရာ တက်စီးလာရင် သေချာပေါက်ကို ရောက်ပါလိမ့်မယ်။ (အမေရိကန်၊ ၀ါရှင်တန်စတိတ်မှာလဲ ဗင်ကူးဗားမြို့ရှိပါတယ်။ မှားရောက်သွားရင်တော့ အိမ့်ချမ်းမြေ့တာဝန်မယူပါ)။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကျော်က ဒီမြို့ကိုခြေချဖို့ ရောက်လာစဉ်က လေယာဉ်ပေါ်က အောက်ကိုငုံ့ကြည့်လိုက်တော့ ငယ်ငယ်က ပထ၀ီမှာ သင်ခဲ့ရတဲ့ ရော့ကီးတောင်တန်းသွယ်တွေကို မိုးမှုန်တွေကြားက လှမ်းမြင်လိုက်ရတယ်။ ပင်လယ်တွေ၊ တောင်တန်းပြာတွေအထပ်ထပ် ၀ိုင်းရံထားတဲ့ မြို့မို့ သိပ်ကိုလှတဲ့မြို့ပါ။



လေယာဉ်ကွင်းထဲ ရောက်တော့တော့ မျှော်လင့်ထားသလောက် ခမ်းနားကြီးကျယ်မှုတွေ လုံးဝ မတွေ့ရပါဘူး။ လေယာဉ်အမှုထမ်းတွေ၊ လေယာဉ်မယ်၊ မြေပြင်မယ်တွေကလဲ စင်္ကာပူ၊ ဟောင်ကောင် စတဲ့ လေယာဉ်မယ်လေးတွေလို ငယ်ငယ်၊ပိန်ပိန်၊ချောချော မဟုတ်ကြ။ အသက်မျိုးစုံ၊ အရွယ်မျိုးစုံ၊ ပုံစံမျိုးစုံ၊ ဆိုဒ်မျိုးစုံ။ နောက်တော့သိလာရတာက အသက်အကန့်အသတ်ထား၍ အလုပ်ခန့်အပ်ခြင်း၊ ရုပ်ရည်ပေါ်မှာမူတည်ပြီး အလုပ်ခန့်ခြင်းရှိပါက လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ တရားစွဲခံရတယ်လို့ သိရပါတယ်။ (ဒါကြောင့် လိုအပ်တဲ့စွမ်းရည်တွေကို ကြည့်ပြီးမှ အလုပ်ခန့်တာထက် ငယ်မှချောမှ အလုပ်ခန့်မယ်ဆိုတဲ့ အလုပ်ရှင်များ ဒီမြို့မှာ စီးပွားရှာရန် သိပ်မလွယ်ဟု သိရပါတယ်)။



လေယာဉ်ကွင်း အပြင်ကိုရောက်တော့ ရေခဲသေတ္တာတစ်လုံးထဲကို လှမ်းရှောက်ဝင်လိုက်ရသလိုပဲ ခံစားလိုက်ရပါတယ်။ အေးစက်တောင့်တင်းသွားတာပါပဲ။ ၀တ်လာတဲ့ ချစ်သူရဲ့ ဂျင်းဂျက်ကတ်လေးက ပုဝါပါးပါးလေးလိုကို ဖြစ်သွားပါတော့တယ်။ (ဒါကြောင့်အေးတဲ့ တိုင်းပြည်မှာ နေသူတွေ နုတာထင်ပါတယ်၊ အသားတွေကို freeze လုပ်ထားသလိုဖြစ်လို့၊ freeze လုပ်တာသိပ်များသွားလဲ ရေခဲရိုက်သလိုဖြစ်ပြီး ပိုကြမ်းလာတတ်ပါတယ်)။ လေယာဉ်ကွင်းကလဲ မြို့ပြင်မှာ၊ နေမယ့်နေရာကလဲ အင်းစိန်လို နေရာမျိုးမှာ ဆိုတော့ မြို့ပြင်ကနေ နောက်မြို့ပြင်ကို ဖရီးဝေးက မောင်းလာတော့ “ဟင်.. ဒါ ကနေဒါလား”ဆိုပြီး တမျိုးဖြစ်ခဲ့ရပါတယ်။ လူကလဲနဲနဲလေး ဒီလောက်ကျယ်တဲ့ (၂၈၇၇ ကီလိုမီတာစတုရန်း အကျယ်အ၀န်းရှိတဲ့) မြို့တစ်မြို့လုံးမှာမှ လူက နှစ်သန်းခွဲပဲရှိတယ်။ တော်ရုံလူတွေကလဲ လိုင်းကား၊ ရထား၊ မစီးပဲ ကိုယ်ပိုင်ကားစီးတဲ့သူတွေများတော့ တစ်မြို့လုံးက တိတ်ဆိတ်ခြောက်ကပ်နေတာ ညတင်မက၊ နေ့ပါမထွက်ရအမိန့်များ ထုတ်ထားသလားထင်ရပါတယ်။ တကယ်တော့ ဗင်ကူးဗားဆိုတာ မေမြို့လို၊ တောင်ကြီးလို တောင်ပေါ်မြို့လှလှလေးပါ။ ရန်ကုန်၊မန္တလေးလို မြို့ကြီးတွေရှိတဲ့ နေရာတွေကတော့ ကနေဒါရဲ့ အရှေ့ဘက်မှာရှိတဲ့ အော့တ၀ါတို့၊ တိုရန်တို တို့ဖြစ်ပါတယ်။



ဒီမြို့ရဲ့ သမိုင်းကြောင်းလေးကတော့ ၁၇၇၈ လောက်က စတယ်လို့ ဆိုကြပါတယ်။
ကပ္ပတိန် cook (ထမင်းချက် ဘ၀မှာ ကပ္ပတိန် ဖြစ်လာ၍လားမသိ) ဆိုသူ စတင်အခြေချတာဖြစ်ပါတယ်တဲ့။ နောက်တော့လဲ အခြား ယူရိုပီယန်၊ စပိန်လူမျိုးများ ရောက်လာကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီမြို့ရဲ့ နေရာဒေသ အမည်တွေဟာ စပိန်၊ လူနီ၊ အင်္ဂလိပ် အမည်များဖြစ်နေတတ်ပါတယ်။ အခုတော့ ကမ္ဘာပေါ်မှာ ရှိသမျှ လူမျိုးစုံလာနေတဲ့ မြို့ဖြစ်နေပါပြီ။ လူမျိုးပေါင်းနှစ်ရာကျော်ပါတယ် (မယုံရင် wikipedia မှာ သွားလို့ ရည်တွက်ကြည့်လိုက်ကြပါနော)။

မြို့ရဲ့ အထိက ထွက်ကုန်တွေကတော့ သစ်တောထွက်ပစ္စည်း၊ ရေနဲ့ ရေပစ္စည်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းထွက်ကုန်တွေပဲ ဖြစ်ပါတယ်။ သစ်တောကတော့ အလွန်ပေါတဲ့ ပြည်နယ်ဖြစ်ပါတယ်။ ဒါကြောင့် စာရွက်တွေကို ရေလိုသုံးတဲ့ မြို့ဖြစ်ပါတယ်။ သူတို့ စာရွက်သုံးစွဲပုံကို ကြည့်တိုင်း မြန်မာပြည်က ကလေးလေးတွေကို အမြဲမြင်ယောင်နေမိပြီး ရင်ထဲမှာ ခံစားရပါတယ်။

ဗင်ကူးဗားမြို့ဟာ ကမ္ဘာပေါ်မှာ နေလို့အကောင်းဆုံး ထိပ်တန်းမြို့သုံးမြို့ထဲမှာ ပါတယ်လို့လဲ ဆိုပါတယ်။

ဒီမှာဖတ်
ဒီမှာလဲဖတ်
ဒီမှာလဲဖတ်လဲံိုံ့ရပါတယ်ရှင့်။



တိုင်းတာတွေကတော့ ၀င်ငွေ၊ ကျမ်းမာရေး၊ လေ၊ ရေ သန့်ရှင်းမှု စသည်တွေနဲ့ တိုင်းတယ်လို့ သိရပါတယ်။ ကနေဒါနိုင်ငံမှာတော့ တိုရန်တိုမြို့ပြီးရင် ဗင်ကူးဗားက ဈေးအကြီးဆုံးလို့လဲ ဆိုပါတယ်။ ကမ္ဘာပေါ်မှာတော့ ဈေးအကြီးဆုံး ၁၄၃မြို့ထဲမှာ နံပါတ် ၅၆နေရာမှာ ရှိတယ်လို့ ဆိုပါတယ်။ (ကိစ္စမရှိပါဘူး။ လာလည်ရင် ကျွန်မအိမ်မှာတည်းနိုင်ကြပါတယ်၊ ကြိုတင်တော့ပြောပါ၊ ရှောင်နေ… အဲလေ ပြင်ဆင်စရာရှိတာ ပြင်ဆင်ရအောင်လို့)။



ကျွန်မတို့မြို့ကို လာလည်မယ်ဆိုရင်တော့ ဘာစားစရာမှ မသယ်ခဲ့ပါနဲ့။ ဒီမြို့မှာ စားစရာကတော့ အစုံရပါတယ်။ လူမျိုးစုံနေတော့ စားစရာက စုံနေတာပါပဲ။ ဥပမာ၊ မုန့်လက်ဆောင်းဆိုရင်တောင် ဗီယက်နမ်ဒီဇိုင်းလား၊ ဖိလိပိုင်ဒီဇိုင်းလား စသဖြင့်ရပါတယ်။ ငပိရည်ဆိုရင် ဗီယက်နမ်ဆိုင်တွေမှာ အမျိုးပေါင်း သုံးဆယ်လေးဆယ်ရှိပါတယ်။
တစ်ခါက အမေက ပြောဖူးပါတယ်။ သူကတော့ သမီးလေး ဒီမှာ မြန်မာအစာ ငတ်နေတယ်ထင်ပြီး ချက်ပြုတ်၊ ထုပ်ပိုး၊ လူကြုံရှာ ပို့ရတာ၊ ငွေကုန်၊လူပမ်း တကယ်တမ်းကျတော့ ဒီမှာ အကုန်ရတာကိုးတဲ့၊ ဘာလို့ မပြောလဲတဲ့။ မြန်မာပြည်ပြန်လည်ရင် ဟိုက ဆွေမျိုး၊ သူငယ်ချင်းတွေက စေတနာတွေနဲ့ ပင်ပင်ပန်းပန်း၊ ကားတိုးစီး၊ ဈေးသွားဝယ်၊ ငွေကုန်၊ လူပမ်း၊ ထုပ်ပိုးပြီး တခုခုပြန်ထည့်ပေးချင်မှာပေါ့။ ဒါကိုမယူချင်သလိုလို ဘယ်သူက လုပ်ရက်မလဲနော်၊ တစ်ခါတစ်လေတော့လဲ အားနာတာ လုံးဝမကောင်းဘူး။ ဗြောင်လဲ ငြင်းဖို့ခွန်အားမရှိ။ တစ်ခါက အိမ်က စားစေချင်လို့ မြန်မာအစာတွေ ထည့်ပေးလိုက်တယ်။ ငပိ၊ငါးခြောက်၊ ငါးပုပ်ခြောက်၊ အကုန်ထည့်ပေးလိုက်တာလဲမသိခဲ့လိုက်ဘူး။ အဲဒီနေ့က ဗင်ကူးဗား လေယာဉ်ကွင်းမှာ တာဝန်ကျ ခွေးတွေ တော်တော် အလုပ်ရှုပ်သွားခဲ့တယ်။ ဖစ်ချင်တော့ အဲဒီနေ့ကလဲ random check-up နေ့၊ ကျွန်မကလဲ (စွဲလန်းမှုကြောင့်) ကာဘော်လိပ်ဆပ်ပြာကို ထည့်လာခဲ့တဲ့နေ့။ ငယ်ငယ်က ကျွန်မရဲ့ ၀ါထိန်ကြေမွနေပြီဖြစ်တဲ့ ကဗျာတိုလေးတွေရေးထားတဲ့ ဗလာစာအုပ် ၀ါကျင့်ကျင့်လဲ ပါလိုက်သေးတယ်။ ကိုင်လိုက်ရင်ကို ကြွေကျတော့မယ့် စာရွက်တွေ။ တာဝန်ကျအရာရှိတွေကလဲ ဖြစ်ချင်တော့ ကိုယ်နဲ့ရွယ်တူတွေ။ အဲဒီနေ့က ခွေးတွေကော သူတို့ပါ တော်တော်အလုပ်ရှုပ်သွားတယ်။

ပထမဆုံး ကျွန်မအိတ်ကို ဖွင့်လိုက်တယ်ဆိုရင်ပဲ အထဲက ကုန်ခြောက်နံ့က ထောင်းကနဲပဲ။ သူတို့ လက်အိတ်တွေစွပ်ထားရာက နှာခေါင်းကိုပါ အုပ်တဲ့အအုပ်တပ်လိုက်တယ်။ ကျွန်မ မှင်သေသေနဲ့ ရပ်နေပေမယ့် ရှက်လွန်းလို့ ပူထူနေခဲ့တာပေါ့။

“အားနာပါတယ်။ ကျွန်မအိတ်က ရှင်တို့စိမ်းနေနိုင်မယ့် စားစရာအနံ့တချို့ကြောင့် နည်းနည်း နံနေနိုင်တယ်”
“ကိစ္စမရှိပါဘူး။ ဒီထက်နံတဲ့ အိတ်တွေနဲ့ ကြုံဖူးပါတယ်”
“အမ်” စိတ်ထဲက ဖြစ်သွားတာပါ။ တစ်ချိန်ထဲမှာ သူဒီည ထမင်း မစားနိုင်မှာကို တွေးလိုက်မိတယ်။
နောက်တော့ အဲဒီတာဝန်ကျ အရာရှိက ကာဘော်လိပ်ကို လက်ကလေးနဲ့ ကနွဲ့ကယ မယူလိုက်တယ်။
“ဒါဘာလဲ”
“ဆပ်ပြာ” ခပ်တည်တည်ဖြေလိုက်တယ်။
“အော်.ဒီတိုင်းပြည်မှာ ဆပ်ပြာ ၀ယ်မရလို့လား” အဲလိုတော့ မမေးပါဘူး။ ဘာမှမပြောဘူး။

ကာဘော်လိပ်ကို ဓားလေးနဲ့ သာသာလေးခြစ်တယ်၊ မှန်ပါးလေးပေါ်တင်တယ်၊ လက်နဲ့ပွတ်ကြည့်တယ်။ လေဆာလိုဟာနဲ့ “တွိ” ဆိုလုပ်တယ်။ မီးဘက်ကို ထောင်ကြည့်တယ်။ ကျွန်မ နှုတ်ခမ်းကို ကိုက်ထားတယ်၊ ရယ်ချင်လွန်းလို့။ အဲဒီအချိန်မှာ နောက်တစ်ယောက်က ဗလာစာအုပ်ကို မထိရက်သလို လှန်လှောကြည့်နေတယ်။

“အဲဒါတော့ သတိထားပေးပါ၊ အဲဒါ ရှေးဟောင်းပစ္စည်း၊ ကျွန်မ ကဗျာတွေလဲပါတယ်”
အဲဒါတော့ သူတို့ အဒွန့်မတက်ပဲ ပြန်ချလိုက်တယ်။ အဲဒီနေ့က လေယာဉ်ကွင်းထဲက နာရီတော်တော်ကြာမှ ထွက်လာခဲ့ရပါတယ်။ ဒါကြောင့် လာလည်ရင် ထူးထူးဆန်းဆန်း ပစ္စည်းတို့ အနံ့စူးတဲ့ စားစရာတို့ မသယ်ခဲ့ပါနဲ့။ ကျွန်မလိုအဖြစ်မျိုး ကြုံရမှာစိုးလို့ပါ။

လည်ပတ်ရန်ကောင်းသော နေရာများကို နောင်များမှ ဆက်လက်ဖော်ပြပါမယ်ရှင်။

15 comments:

Kay said...

မလေးရေ.. ထုံးစံအတိုင်း..ဖတ်လို့ကောင်း။
မြန်မာပြည်က သူငယ်ချင်းလေယဉ်မယ်တွေ အိမ်ထောင်ကျ လို့ ground staff ဖြစ်ကုန်တာ သတိရတယ်။ ရီရတယ်နော်။

အင်မတန် စိတ်ဝင်စား မိတာက တော့ ဂျင်းဂျက်ကတ်ပိုင်ရှင်ပဲ။ ဟိ

နေမိုး said...

မအိမ့်...
ခွင့်လွှတ်ပါ။ ရောက်လာသူများအတွက် သတင်းပေးချင်လို့ပါ။

ဒီအချိန်ဟာ မြန်မာနိုင်ငံရဲ့ သမိုင်းပြောင်းလဲမှုမှာ သိပ်အရေးကြီးနေတဲ့ အချိန်ကို ရောက်နေပါပြီ။ မြန်မာပြည်သူလူထုအနေနဲ့ အချိန်ကို မျောပြီးလိုက်နေလို့တော့ မဖြစ်တော့ဘူး။ ဒီလိုအချိန်အခါကိုရောက်လာဖို့ စစ်အာဏာရှင်တွေရဲ့ အနိုင်ကျင့်နှိပ်စက် အုပ်ချုပ်မှုလက်အောက်မှာ ၁၉တိုင်အောင် ရင်းခဲ့ရပြီးပြီ။

ဒီစစ်အာဏာရှင်လက်အောက်က လွတ်မြောက်နိုင်ဖို့ ကြိုးပမ်းခဲ့တဲ့လူတွေဟာ ၁၉၈၈ ကျောင်းသားရဟန်းပြည်သူ အားလုံးပါဝင်တဲ့ လူထုအုံကြွမှုတွေကနေ ပြန်ကြည့်မယ်ဆိုရင် သေတဲ့သူတွေ သေခဲ့ကြပြီးပြီ။ ဘ၀တွေပျက်လို့ ဒုက္ခိတဘ၀နဲ့ လူညွန့်တုံးတဲ့သူတွေ တုံးကုန်ကြပြီးပြီ။ အကျဉ်းထောင်တွေထဲမှာ ကိုယ့်ပြည်သူလူထု ကောင်းစားရေးအတွက် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲခံပြီးတော့ ကိုယ်ကျိုးစွန့် ရင်းနှီးနေတဲ့ အမျိုးသမီးကောင်းတွေ အမျိုးသားကောင်းတွေ လူငယ်တွေ နဲ့ သက်ကြီးရွယ်အိုလူကြီးတွေ ခေါင်းငုံ့မခံ အနိုင်မခံ အရှုံးမပေး ဒီနေ့ထိတိုင်အောင် ပေးဆပ်နေကြဆဲရှိနေသေးတယ်။ တောထဲတောင်ထဲ နယ်စပ်ဒေသတွေမှာ ကြုံရာနေရာကနေ ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်ပြီး စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ကိုယ်တတ်နိုင်ရာကနေ လက်နက်ကိုင်လို့ပဲဖြစ်ဖြစ် ကလောင်ကိုင်လို့ပဲဖြစ်ဖြစ် နိုင်ငံရေးလုပ်ဆောင်မှုအရပဲဖြစ်ဖြစ် ကြိုးစားချီတက်နေကြတဲ့ ကိုယ်နိုင်ငံ ကိုယ်ပြည်သူလူထုကို လေးစားချစ်ခင်လှတဲ့ အမျိုးချစ် နိုင်ငံချစ်ပုဂ္ဂိုလ်တွေကလည်း အများကြီးပါပဲ။ ဒီလိုလူတွေအားလုံးဟာ နောက်နောင်မှာလည်း မျိုးဆက်စီးဆင်းမှုမပျက် ဆက်လက်ပြီးရှိနေဦးမှာပဲ။ ဒီလိုရင်းနှီးပေးဆပ်မှုတွေက ၁၉၆၂ ဦးနေ၀င်းခေါင်းဆောင်တဲ့ စစ်ခေါင်းဆောင်တွေ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို မတရားသိမ်းယူခဲ့ရာကနေ အခုလက်ရှိ စစ်ဗိုလ်ချုပ်တွေ လက်ထက်အထိပဲ။

ဒါကို မြန်မာပြည်သူ ပြည်သားတွေ ကောင်းကောင်းကြီး သဘောပေါက်နေပြီးသားပါ။ တိုင်းပြည်နဲ့ လူထုတရပ်လုံးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တဲ့ လူတွေရဲ့ တန်ဖိုးကို အပြည့်အ၀ ထောက်ခံလေးစား ရပါမယ်။ ကိုယ်ကျိုးစွန့် ရင်းနှီးပေးဆယ်မှုဆိုတာ မြန်မာနိုင်ငံသား အားလုံးအတွက်ပဲ။ တဦးတယောက်ကောင်း လူတစု ကောင်းစားရေးအတွက် မဟုတ်ဘူး။ တန်ဖိုးမြင့်မြတ်သူတွေရဲ့ သစ္စာကို လူတိုင်း လူတိုင်းက အသိအမှတ်ပြုရပါမယ်။ ဒီတခါတော့ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ကိုယ်ကိုယ်တိုင်ပါဝင်မှု လိုအပ်နေပါပြီ။ ကိုယ်နေထိုင်တဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုပဲ ပြန်ကြည့်ပါဦး။ စားဝတ်နေရေးမပြေလည်မှုတွေ၊ ကုန်ဈေးနှုံးကြီးမြင့်လာမှုတွေ၊ ၀င်ငွေအတွက် လစာနည်းပါးမှုတွေ အလုပ်အကိုင်ရှားပါးနေတာတွေ၊ ရောဂါထူပြောပြီး ဆေးဝါးကုသနိုင်ဖို့ ဆေးဖိုးမတတ်နိုင်မှုတွေ၊ ကိုယ့်သားသမီး လူငယ်တွေ ပညာရေးအဆင့်အတန်းနိမ့်ကျပြီး လူရာမ၀င်ဖြစ်ရတာတွေ၊ နိုင်ငံတွင်းနေထိုင်မှု အဆင့်အတန်းနိမ့်ပြီး သွားရေးလာရေး နေရေးထိုင်ရေးတွေမှာ အောက်ကျနောက်ကျဖြစ်ရတာတွေ၊ နေရာတကာ စစ်ဗိုလ်အသိုင်းအ၀ိုင်းကပဲ လက်ဝါးကြီးအုပ်ချယ်လှယ်နေတာတွေ သိသာထင်ရှားလှတဲ့ အချက်တွေ အများကြီးပါ။ ဒါမျိုးတွေ ကိုယ်တိုင်ခံစားပြီး ဖြတ်သန်းလာခဲ့တာ အချိန်တွေ ကုန်ခဲ့ပါပြီ အသက်တွေကြီးခဲ့ပါပြီ ၁၉နှစ်တိုင်အောင် ကြာခဲ့ပြီးပါပြီ။

ဒီနေ့ စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်နိုင်ဖို့ အခွင့်အရေးကောင်းကြီးတခုပေါ်နေပါပြီ။ အခုလက်ရှိ သံဃာတော်တွေ အင်တိုက်အားတိုက် တိုင်းပြည်အတွက် စစ်အစိုးရကို သပိတ်မှောက် ဆန့်ကျင်နေပါပြီ။ ပြီးခဲ့တဲ့လကပဲ ၈၈မျိုးဆက်ကျောင်းသားတွေ၊ ကုန်ဈေးနှုံးကြီးမြင့်မှု အလိုမရှိတဲ့ ပြည်သူတွေ စုပေါင်းပြီးတော့ ဆန့်ကျင်လမ်းလျှောက်ပွဲတွေ ပြုလုပ်ခဲ့ပြီးပြီ။ အဲဒီအချိန်က အရှိန်အဟုန်တွေကို သံဃာတော် အရှင်သူမြတ်တွေက ဒီကနေ့ ထပ်ဆင့်မြှင့်တင်လိုက်ပါပြီ။ ဒါဟာ ကျနော်တို့နိုင်ငံအတွက် အမှန်တကယ် ရိုးသားသန့်ရှင်းတဲ့ ဒီမိုကရေစီစနစ်ကို တည်ထောင်ဖို့ သိပ်အရေးကြီးလှတဲ့ နောက်ဆုံးတိုက်ပွဲတခုဖြစ်နေပါပြီ။

ပြည်သူလူထု ဒကာဒကာမတွေ အကျိုးအတွက် ဆောင်ရွက်နေကြတဲ့ သံဃာတော်တွေနဲ့ လက်တွဲချိတ်ဆက်ပြီး ဒီတချီတိုက်ပွဲကို ရဟန်းရှင်လူ ပြည်သူလူထုအားလုံး အတူလက်တွဲပြီး စည်းစည်းလုံးလုံး မလုပ်နိုင်ကြဘူးဆိုရင်တော့ ကျနော်တို့နိုင်ငံဟာ ရှေ့ဆက်မတွေးရဲစရာပါပဲ။ ဒီတခါတော့ နောင်ရိုးတိုက်ပွဲလို အပြီးသတ် ဖောင်ဖျက်ရတော့မယ့် အချိန်ပါပဲ။ နောက်တွန့်ငဲ့ကွက်နေစရာ အကြောင်း ဘာတခုမှ မရှိသင့်တော့ဘူး။ ရာဇ၀င်မှာ မြန်မာပြည်သူလူထုဟာ အချိန်ကျရင် သွေးနီခဲ့ပါတယ်။ ရာဇ၀င်မရိုင်း ခဲ့ပါဘူး။ သမိုင်းကို နှလုံးသွေးတွေနဲ့ ရေးခဲ့ကြပါတယ်။ ခေတ်အဆက်ဆက်က ရာဇ၀င်ကို ဒီတခါလည်း တောက်ပြောင်အောင် သမိုင်းဝင် ကမ္ဗည်းထိုး မော်ကွန်းတင်ရဦးမှာပဲလို့ အားကိုးပါရစေ မြန်မာပြည်သူ ပြည်သားအပေါင်းတို့။

Layma said...

ဗဟုသုတရတယ် မလေး....။ မကေ ပြောတာလေးတော့ လေးမလည်း အရမ်းချိတ်ဝင်စားတာပဲ....။

ဂျစ်တူး - gyit_tu said...

အဟိ.. စစ်ခံရတာ ရီရတယ်..

မကေပြောသလို.. ဂျင်းဂျက်ကက်ပိုင်ရှင် အကြောင်း ချိတ်ဝင်စားတယ် အဟဲ ။

eithu said...

ဖတ်လို့ကောင်းတယ် မအိမ်.
တစ်နေ့ လာလည်ချင်ပါတယ် .. =)

ပိုင်မင်းဆွေ said...

“အဲဒါတော့ သတိထားပေးပါ၊ အဲဒါ ရှေးဟောင်းပစ္စည်း၊ ကျွန်မ ကဗျာတွေလဲပါတယ်”
အဲဒါတော့ သူတို့ အဒွန့်မတက်ပဲ ပြန်ချလိုက်တယ်။


ရီစရာလိုလို ဂုဏ်ယူရမလိုလိုနဲ့နော်... ကဗျာတွေနဲ့ ပတ်သက်ရင် ပြောပါတယ်
ကျွန်တော်လည်း ကြုံဖူးပါ့ ခင်ဗျား..

ကိုလွမ်းလူ said...

စာတစ်ပုဒ်ဖတ်လိုက်တိုင်း စာဖတ်သူတွေ ခံစားမိမှာက အကြောင်းအရာ ဆက်နွယ်ခြင်းပါ။ သုံးစွဲတဲ့ စကားလုံး၊ ဖေါ်ပြဟန် အစရှိသည်ဖြင့်ပေါ့။ တခါတရံ ဂျပန်စာပေမှာ တွေရတဲ့ တွေးခေါ်ပုံက အိန္ဒိယစာပေမှာလည်း တွေ့ရတတ်တယ်။ အိန္ဒိယရဲ့ ယဉ်ကျေးမှု အများစုကတော့ မြန်မာဘက်ကို ရောက်လာတာများပါတယ်။ စာရေးတဲ့ သူတွေရဲ့ အတွေးအခေါ်တွေ တိုက်ဆိုက်မှုတွေလည်း ရှိတယ်။ ယဉ်ကျေးမှု တွေ ကူးလူးပြီး evolve ဖြစ်သွားတာမျိုးလည်း ရှိတယ်။ ဆိုလိုချင်တာက မလေးငယ် တို့ရွာက နာမယ်တွေ ပေးပုံနဲ့ ပတ်သက်ပြီး ဖတ်မိလိုက်တာနဲ့ ဆက်နွယ်သွားတာက John Steinbeck က East of Eden ထဲမှာ အမေရိကကို ကနဦး လာရောက် အခြေချ နေထိုင်သူတွေ က မြို့နာမည်တွေကို ဘယ်လို့ ပေးခဲ့ကြသလဲဆိုတာ အကြမ်းဖျင်းလေး ဖေါ်ပြထားတာနဲ့ တူနေလို့ပါ။ အဲဒါ ဖတ်တုန်းကဆို ကိုယ်နေခဲ့တဲ့ မြန်မာပြည်က ရက်ကွက်တွေ နာမည် ဘယ်လို့ ရလားသလဲ့ဆိုတာ တော်တော်လေး ရှာရသေးတယ်။ သေသေချာချာ ကျမ်းပြုထားတာတွေ မရှိတော့ သမိုင်းအထောက်အထားတွေက ခက်တာပေါ့။ အဲဒါကို စွဲပြီး နိုင်ငံတစ်နိုင်ငံ နေရာတစ်နေရာရောက်တိုင်း ဘာလုပ်လဲဆိုတော့ သူ့တို့ရဲ့ နာမည်တွေ ဘယ်လိုရလာသလဲဆိုတာ မဖြစ်မနေမေးတော့တာပဲ။ ဗင်ကူးဗားဆိုတဲ့ နာမယ် ဘယ်လိုရလာတာလဲ ဟင်?
(ကာဘော်လိပ် ဆပ်ပြာက ဂျီး ပိုပြောင်တာပေါ့။ အိမ်က သေချာထည့်ပေးလိုက်တာ နေမှာပါ။)

eithu said...

တစ်ခုသိချင်လို့
ကာဘော်လိပ် ဆပ်ပြာဆိုတာ ရိုးရိုးဆပ်ပြာထက် အနံ့ပိုစူးတာမျိုးလား .. ဘာလို့သူတို့ က ထူးဆန်းနေတာလဲဟင် ..

burmafreedom said...

ဂျင်းဂျက်ကတ် အကြောင်းပြောပြပါဗျို့ 

တပြည်သူ အိမ့်ချမ်းမြေ့ said...

ကျွန်ကတော့ ရေးလိုက်ရတာ စာဖတ်သူတွေကတော့ ဂျင်းဂျက်ကက်ကို ပိုစိတ်ဝင်စားနေတော့ ကျွန်မ ရယ်ချင်မိတယ်။ အခုတော့ နေ့ရောညရော မြန်မာပြည်သတင်းကလွဲလို့ ကျန်တာစိတ်မ၀င်စား အလုပ်ပျက်၊ အစားပျက်မို့ နောက်မှ သူငယ်ချင်းများကို ဂျင်းဂျက်ကတ်အကြောင်းပြောပြပါတော့မယ်။
ငြိမ်းချမ်းတဲ့ တစ်နေ့ပေါ့၊

burmafreedom said...

နောက် တောဆင် တစ်ကောင် ခမည်း ရပြန်ပြီ။ ငြိမ်းချမ်းတဲ့ တစ်နေ့ ဆိုပါလား။

Khunmyahlaing said...

မအိမ့်ရေ
တက်တုန်းက တက်ပြီး ခုမှ ကွန်မန့်ပွတ်တာ ချိတ်ချိုးရ၀ူးနော် ကမ္ဘာ့ နေလို့ အကောင်းဆုံးမြို့ကို အလည် ဖိတ်တာ ကျေးဇူးပါ။ မအိမ့်ရဲ့ Immigration က အတွေ့အကြုံက တော်သေးတာပေါ့.. ဦးလေးတွေ ၀င် တုန်း ကဆို ငံပြာရည်ကို မန္တလေး ဘီယာ ပုလင်းထဲ ထည့်သယ်တဲ့ အနံ့ကို ခွေးတွေက မခွဲခြားတတ်တော့ စိတ်ရှုပ်ပြီး အုပ်လိုက် ထအူကုန်လို့ အဟီး… လေဆိပ်ကို စည်ကားသွားတာပဲတဲ့။ လှိုင် အော်စီသွားတုန်း ကလဲ စိတ်ပုတီးနဲ့ သွေးဆေးကြောင့် အနီပေါက်မှာ အချိန်ကြာ သွားသေးတယ် နောက်မှ ပြောပြမယ်နော်

အလွမ်းအိမ် said...

ကျွန်မလဲခြင်္သေ့မြို.တော်မှာ ရှေက်သီးဆေးပြားဗူးနဲ.ပြဿနာတက်ခဲ့ရသေးတယ်။ ဟက်ဟက်။ လာလည်ပါဦး။ ဒါနဲ. အမက US ကနေဒါဘော်ဒါနားကမြို.မှာနေတာလားဟင်? ကျွန်မလဲ US ထဲက ကနေဒါနယ်စပ်နားကမြို.လေးကိုပြောင်းမလို.လုပ်နေတာ။ အမနဲ. ဆုံလို.ရရင်ကောင်းမှာပဲ ဟဲဟဲ ငါးခြောက်တွေတော့ လက်ဆောင်မပေးတော့ဘူးနော်။

မိုးထက်နေ said...

ရာဇဝင်က ဦးညွတ်ရတဲ့ ခဏ
(အရောင်မဲ့ စားပွဲခင်း )

ရဲရင့် said...

တိုရန်တိုက ရဲရင့် လာလည်ချင်လို့ပါ။အိပ်စရာကျောတခင်းစာရရင်ဖြစ်ပါပြီ။တိုရန်တိုကိုလာလည်ဖို့ဖိတ်ခေါ်ပါတယ်။ရဲရင့်ဆိုဒ်လေးကဒီမှာပါ.
http://yeyintnge.blogspot.com/

LinkWithin

Related Posts Plugin for WordPress, Blogger...