မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, September 10, 2007

ရနံ့မပျယ်သေးတဲ့ ပန်းနွယ်ခရေ

ပန်း ရနံ့တွေကိုသယ်ဆောင်လာတဲ့ ညလေပြေက ပြူတင်းပေါက်က တိတ်တဆိတ်ဝင်ရောက်လာတယ်။ အိမ်ရှေ့လမ်းတစ်ဘက် ရေကန်ကြီးဆီမှာ လှိုင်းကြက်ခွပ်လေးတွေ လရောင်အောက်မှာ တဖျတ်ဖျတ်နဲ့လက်နေကြတယ်။ ကန်ဘောင်တစ်လျှောက်အုံ့ဆိုင်းနေတဲ့ သစ်ပင်တွေကြောင့်
လရောင်ကတော့ ခပ်ရေးရေးလေးပဲ။ ညနေစောင်းတွေမှာ ဒီကန်ရိုးတစ်လျှောက်လူစည်ကားနေကျ။ ဟိုစဉ်တုန်းကတော့ ညနက်လာပြီဆိုရင်တော့
သူနဲ့သူ့သူငယ်ချင်းတို့ အဲဒီကန်ရိုးပေါ်မှာ စုတတ်ကြတယ်။


သူတို့သူငယ်ချင်းတစ်စု အုပ်စုဖွဲ့စကားပြောသံသဲ့သဲ့တွေ အေးမြတဲ့ ညလေနဲ့အတူ ကိုယ်စာကျက်ရာပြူတင်းပေါက်ဆီကို ရောက်ရောက်လာတတ်တယ်။ တစ်ခါတစ်ရံတော့ သီချင်းသံ၊ စကားပြောသံတွေမကြားရပဲ ဆေးလိပ်မီးနီနီလေးတွေပဲတွေ့ရတတ်တယ်။
အရင်ကလိုအခန်းမီးကိုပိတ်လို့ သူရှိနေတတ်ခဲ့ရာနေရာလေးကို အမှောင်ရိပ်ထဲက ကြည့်နေမိတယ်။

အခုတော့လဲ ကန်ရိုးတစ်လျှောက် တိတ်ဆိတ်ခြောက်ကပ်နေလိုက်တာ...
ပုရစ်အော်သံ သဲ့သဲ့ကိုတောင်ကြားနေရတယ်။

လရောင်နဲ့ လှပလွန်းတဲ့ညရဲ့ ဆွဲဆောင်မှုကြောင့် ကန်ရိုးပေါ်ကိုထွက်လာခဲ့မိတယ်။
လုံခြုံအေးချမ်းတဲ့ပတ်ဝန်းကျင်မှာ မွေးဖွားကြီးပြင်းခဲ့ပေမယ့်လည်း ဒီကန်ရိုးပေါ်ကို
ညအခါမှာ တစ်ခါမျှ မရောက်ဖူးခဲ့၊ သွားခွင့်လဲမရှိခဲ့။
လရောင်က ဖိတ်ဖိတ်တောက်သာနေလိုက်တာ ကိုယ့်အရိပ်ကိုတောင် ပြန်မြင်နေရတယ်။ လောလောလတ်လတ် ကျင်လည်ခဲ့တဲ့ နီယွန်မြို့ပြအလှက ဒီသဘာဝအလှကို
လှပစွာရှုံးနိမ့်သွားပြီပေါ့ကွယ်။

ညလေအေးအေးမှာဝဲလွင့်သွားတဲ့ ဆံနွယ်တွေကိုစုသိမ်းလိုက်ပြီး ကန်စပ်မှာထိုင်ချလိုက်တယ်..။ ကန်စပ်ကမျက်ရှည်ပင်တွေနဲ့ ကန်တွင်းက ဗေဒါပင်တွေက အစိမ်းနုရောင်လွင်ပြင်ကြီးလိုပဲပေါ့။ အဲဒီအချိန်မှာ ပုရစ်အော်သံတွေနဲ့အတူ သစ်ရွက်ခြောက်ကြွေနင်းသံကြိုကားလိုက်ရတယ်။
မသိမသာတုန်ရင်နေတဲ့ ရင်ခုန်သံကို ဘာသာအံ့သြနေမိခဲ့တယ်။
ဒီခြေသံနဲ့ မရင်းနှီးဖူးခဲ့ပေမယ့် သူ့ခြေသံမှန်း ဘာကြောင့်သိနေခဲ့ပါလိမ့်။

ဟိုတုန်းကလို ရှပ်အဖြူရောင်၊ အညိုရောင်ပုဆိုးကွက်နဲ့ မြန်မာဆန်ဆန် ပုံစံလေးက မမြင်တွေ့ရတာနှစ်တွေသိပ်ကြာလို့ မျက်စိထဲမှာ ပိုလို့ညံ့သက်နေတယ်။

“----- ” ပြန်ရောက်နေပြီနော်...

လှပဆဲအပြုံးတခုနဲ့ ကိုယ့်ဘေးခပ်လှမ်းလှမ်းမှာ သူဝင်ထိုင်လိုက်တယ်။
ငယ်စဉ်ကလေးဘ၀ထဲက ကျောင်းအတူတူ၊ ကျုရှင်အတူတူတက်ခဲ့ကြပေမယ့် မေးထူးခေါ်ပြောအဆင့်ထက်မပိုခဲ့ ကြတဲ့ကိုယ်တို့ .. အဲဒီိညက ပထမဆုံးအကြိမ်အဖြစ်
စကားတွေအများကြီးပြောဖြစ်ခဲ့ကြတယ်။
ညလေတွေကြားက သစ်ရွက်သံတရှဲရှဲ၊ လရောင်မရဲတရဲအောက်မှာ သူ့ဆံနွယ်ခွေခွေလေး
နဖူးမှာလွန့်လူးသွားတာကို၊ သူ့အကျီ င်္အပေါ်ဆုံးကြယ်သီးတစ်လုံးပြုတ်နေခဲ့တာကို ကိုယ်ခိုးကြည့်ခဲ့မိတယ်။

*******

ထောင့်ကိုးရာကိုးဆယ်ခုနှစ်တွေရဲ့ ပူလောင်အိုက်စပ်တဲ့ သင်္ကြန်ရက်တစ်ရက်တုန်းက
ခြံနောက်ဖက်ထောင့် ရေတွင်းနားက ကံ့ကော်ပင်မှာ ကံ့ကော်ပန်းတွေ အဆုပ်လိုက်ပွင့်နေခဲ့ကြတယ်။ ရေခမ်းတဲ့နွေရက်တွေမို့ ပတ်ဝန်းကျင်ကလူတွေ ကိုယ်တို့ရေတွင်းကရေကို လိုသလိုသုံးဖို့ လမ်းလေးဘေးက ခြံနောက်တံခါးကို ဖွင့်ထားတတ်တယ်။ ခြံနောက်ကလမ်းလေးက ဟိုမှာတပွင့်၊ သည်မှာတပွင့်ကျနေတဲ့ စကားပန်းဝါ၀ါလေးတွေကြောင့် အ၀ါရောင်လမ်းလေးဖြစ်နေတော့တယ်။

လူတွေပျော်နေကြချိန် သင်္ကြန်ရက်တွေမှာ ကိုယ်တို့ညီအမတွေကတော့ ဘယ်မှသွားလေ့မရှိကြဘူး။ အဲဒီနေ့က ပျင်းရိလွန်းလို့ ရေတွင်းထဲကျနေတဲ့ ဖားတစ်ကောင်ကို ကယ်ဖို့အကြံထုတ်ရင်း ရေတွင်းထဲကိုငုံ့ကြည့်နေတဲ့ ကိုယ့်နားကို မမျှော်လင့်ပဲ ငွေဖလားခွက်နဲ့ သူရောက်လာခဲ့တယ်။ ကိုယ့်ကို ရေလောင်းဖို့ခွင့်တောင်းတော့ အလွန်အမင်းရှက်ရွံ့ပြီး ခေါင်းငုံ့ထားခဲ့မိတယ်။ သူနဲ့ကိုယ် နီးကပ်နေလို့သူ့ကိုယ်သင်းနံ့ကို ပင့်သက်ရှိုက်မိလိုက်တယ်။
ကံ့ကော်ရနံ့သင်းပျံ့တဲ့ ရေအေးအေးကို ပုခုံးပေါ်မှာခံစားလိုက်ရချိန်၊ ကံ့ကော်ဝတ်ဆံမှုန်လေးတွေ လက်မောင်းမှာတွယ်ငြိသွားချိန်မှာတော့
ကိုယ့်ဘ၀ရဲ့ ပထမဆုံးသော ရင်ခုန်သံကို ခံစားခဲ့ရတယ်။

***********

သြကာသလောကကြီးတစ်ခုလုံး တိတ်ဆိတ်စွာအိပ်မောကျနေတဲ့ နံနက်ခင်းလေးတစ်ခု၊
လမ်းမီးရောင်အောက်မှာ စက္ကူပန်းရွက်တွေ၊ ပုဏ္ဍရိတ်ရွက်တွေ အရောင်တဖိတ်ဖိတ် တောက်လက်နေခဲ့တယ်။ စာကျက်ရင်းအိပ်ချင်ပြေ၊ ခြံထဲမှာ လမ်းဆင်းလျှောက်နေရင်း
လက်က နာရီသံပတ်လေးချက်တီးသံကြားလိုက်တယ်။
“ဟင်..”
အိမ်ရှေ့ခြံတံခါးပေါ်မှာ ထူးဆန်းစွာတွဲလွဲလေးတင်နေတဲ့ လှပတဲ့ ခရေပန်းကုံးလေးတစ်ကုံး…

ခရေကုံးလေးကိုလက်ကကိုင်လို့ စာကျက်ခန်းရှိရာအပေါ်ထပ်ကို ပြန်လာခဲ့တယ်။ အခန်းထဲရောက်တော့ အခန်းမီးကိုပိတ်လို့ ကန့်လန့်ကာနောက်ကရပ်ပြီး ကန်ကြီးဘက်ကို လှမ်းကြည့်လိုက်မိတယ်။
လရောင်ရေးရေးအောက်က ကန်စပ်မြက်ပင်ရှည်တွေနားမှာ အဖြူရောင်အရိပ်လေးတစ်ခု....
ဘယ်လောက်ပဲအလင်းရောင်နဲနဲ သူ့အရိပ်ကိုတွေ့တာနဲ့ သူဆိုတာကိုယ်အမြဲသိခဲ့ပါတယ်..
နောက်ရက်တွေမှာတော့ မဖြစ်နိုင်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို မျှော်လင့်ခြင်းတွေ မပေးချင်လို့ ခြံတံခါးပေါ်က အထီးကျန် ခရေကုံးလေးတွေကို ကန့်လန့်ကာနောက် အမှောင်ရိပ်အတွင်းကပဲ ရပ်ကြည့်ငေးမောနေခဲ့ပါတယ်။

************

ညနေစောင်းထမင်းစားပြီးချိန် အိမ်နောက်ဘက် ကွပ်ပျစ်ပေါ်မှာ မိသားစု
လက်ဖက်ရည်ကြမ်းဝိုင်းထိုင်နေကြတဲ့တစ်ရက်၊ ဦးမြင့်က ကွမ်းတမြုံ့မြုံ့နဲ့
ရှေ့နောက် မကြည့်ဘဲ ထုံးစံအတိုင်းစကားတွေဖောင်ဖွဲ့နေခဲ့တယ်။

“မနက်မနက်၊ ဘယ်က ခရေကုံးအိမ်ရှေ့ရောက်ရောက်နေလဲမသိဘူး”
“ဒီအိမ်မှာ မိန်းမတွေတော့အများကြီးပဲ။ မေမေနဲ့ ဒေါ်သန်းကတော့ အသက်ကြီးပြီ”
ဒေါ်ကြီးသန်းကသူ့ယောင်္ကျားကို မျက်စောင်းထိုးကြည့်လိုက်တယ်။
ဦးမြင့်ကတော့ အာဘောင်အာရင်းသန်သန်နဲ့ဆက်ပြောတယ်။
“မလွင်တို့ မကေတို့က ဧည့်သည်တွေ၊ ငယ်ငယ်ကလဲ ငါးတန်းပဲရှိသေးတယ်ဆိုတော့
ဒီပန်းကုံးကဘယ်သူ့အတွက်လဲမသိဘူး”

အားလုံးရဲ့မျက်လုံးတွေက ကိုယ့်ဆီရောက်လာတယ်။ ကိုယ့်မျက်နှာတစ်ခုလုံးရှိန်းထနေတယ်။
နောက်ရက်တွေမှာ သူ့ကိုကာကွယ်လိုစိတ်နဲ့ ခြံတံခါးပေါ်ကခရေကုံးလေးတွေကိုယူပြီး ယွန်းဗူးလေးထဲမှာ သိမ်းဆည်းထားခဲ့တယ်။ မတုံ့ပြန်နိုင်မယ့်အချစ်တစ်ခုမို့ ရက်စက်စွာငြင်းပယ်ရမယ်ဆိုတာ ကြိုသိထားခဲ့လို့လဲ ခရေကုံးနဲ့အတူ နောက်ထပ်ထူးထူးဆန်းဆန်း တစ်ခုခုရလာမှာကိုတော့ သိပ်ကြောက်ခဲ့တယ်။
ခရေလေးတွေကောက်ဖို့ ရှိတဲ့မုန့်ဘိုးနဲ့ ဖယောင်းတိုင်ဝယ်ပြီး ကျောင်းဝင်းကြီးထဲက ခရေပင်အောက်မှာ မနက်သုံးနာရီထဲကရောက်နေခဲ့တဲ့ သူ့အကြောင်းတွေကိုတော့ အမြဲကြားခဲ့ရတယ်။

ဒီလိုနဲ့ ကိုယ်ဆယ်တန်းအောင်တဲ့နေ့အထိ တစ်ရက်မှမပျက်ခဲ့တဲ့ ပင်ခြေမှာဖွေး၊ ညှာတံနဲ့ဝေးပေမယ့်၊ မွှေးမွှေးပျံ့ပျံ့၊ သင်းပျံ့ယဉ်ကျေးတဲ့ ခရေအတွက် သူ့ကိုကျေးဇူးတင်ခဲ့ပါတယ်။

ကိုယ်တက္ကသိုလ်တက်နေတဲ့ နှစ်တွေမှာတော့ အမှတ်တမဲ့နဲ့ တွေ့နေကျ၊ သစ်ရိပ်ထူတဲ့ ကန်နားတ၀ိုက်မှာ၊ စိန်ပန်းပင်တန်းနားက မုန့်ဟင်းခါးဆိုင်နားမှာ၊ လမ်းဟိုဘက်ထိပ်က လက်ဘက်ရည်ဆိုင်တွေနားမှာ သူ့ကိုသိပ်မတွေ့ရတော့ဘူး။ ရှစ်တန်းမှာ ဂုဏ်ထူးငါးခုအတူတူရခဲ့ကြပေမယ့် သူဆယ်တန်းမအောင်ခဲ့တဲ့အတွက်အားငယ်စိတ်နဲ့ ရှောင်ပုန်းနေခဲ့တယ်လို့ထင်မိတယ်။
ဒါပေမယ့် လှပတဲ့ နေ၀င်ရီရောအချိန်တွေမှာတော့ သူရှိတတ်ရာရေကန်ကြီးဘက်ကို ကိုယ်ငေးကြည့်တတ်သလို၊ သူကလဲ ကိုယ်ရှိနေတတ်ခဲ့ရာ ကိုယ့်ရဲ့စာကျက်ခန်းလေးဆီကို
ငေးကြည့်ခဲ့ရင်း ကိုယ်တို့ရဲ့အချိန်တွေကုန်ဆုံးခဲ့ကြတယ်။

နံနက်ခင်းလေးတစ်ခုမှာတော့ ခြံတံခါးကြားမှာ ခရေကုံးလေးနဲ့အတူ ကိုယ်သိပ်ကြောက်တဲ့ အဖြူရောင်စာရွက်ခေါက်လေးကို ရရှိခဲ့တယ်။ အတွေ့အကြုံမရှိဖူးသူတစ်ယောက်လိုပဲ စာခေါက်လေးကိုဖြန့်နေတဲ့လက်တွေတုန်ခါနေခဲ့တယ်။

“မင်္ဂလာရှိတဲ့နံနက်ခင်းလို့ဆိုရအောင်နော်...နွေး..”
ပထမ၀ါကျအဆုံးမှာတော့ ပြူတင်းပေါက်ဘက် လျှောက်သွားပြီး စေ့နေပြီးသား ကန့်လန့်ကာကို ပိုစေ့အောင်ပိတ်ပစ်လိုက်တယ်။
“မောင်”လို့ ဆိုင်းထိုးထားတဲ့ သူ့စာအဆုံးမှာ စာဆက်မကျက်ဖြစ်တော့ပဲ အခန်းထောင့်က
ဖုန်တက်နေတဲ့ ကြင်စုဂစ်တာလေးကို မလှုပ်မရှက်ငေးကြည့်နေခဲ့မိတယ်။

ပေးခဲ့တဲ့ခရေရဲ့ မျက်နှာကိုတောင်မထောက်၊ တမင်တကာနှုတ်မဆက်ပဲ မြန်မာပြည်က ထွက်ခွာလာတဲ့ကိုယ့်ကိုခွင့်လွှတ်နိုင်ပါစေ...။

သူဆယ်တန်းအောင်သွားတယ်ဆိုတဲ့အကြောင်း၊
သူဆယ်တန်းအောင်သွားတဲ့အတွက် ကိုယ့်ကိုကျေးဇူးတင်တဲ့အကြောင်း၊ သူ့ရည်းစားတွေရဲ့နာမည်တွေမှာ “နွေး” ပါတဲ့အကြောင်းတွေ ကိုယ်သိခဲ့ရတယ်။

***********

ကိုယ်ပြန်ရောက်နေလို့ ဟိုတုန်းကလိုပဲ မောင်နှမ၀မ်းကွဲတွေစုပြီး ခြံနောက်က မန်ကျည်းပင်အောက်က ကွပ်ပျစ်မှာ ဂစ်တာစုတီးဖြစ်ကြတဲ့တစ်နေ့... သူတို့ဆိုနေတဲ့ ကော်ပီသီချင်းတွေကို ဘယ်လိုမှခံစားလို့မရတော့တာ ကိုယ့်ကိုကိုယ်သတိထားမိလိုက်တယ်။
“ငါ့အဖေနားထောင်တာဟဲ့”လို့ သူငယ်ချင်းယောင်္ကျားလေးတွေကို လှောင်ရယ်ခဲ့တဲ့ကိုယ်ဟာ တွံတေးသိန်းတန်တို့ စိုင်းထီးဆိုင်တို့ကို တရှိုက်မက်မက်နားထောင်နေတတ်ပြီ်။

အဲဒီအကြောင်းလေးတွေကို လရောင်ရွှမ်းတဲ့အဲဒီညက ကန်ကြီးကိုမျက်နှာမူရင်း သူနဲ့ပြောဖြစ်ခဲ့တယ်။ သူနဲ့ သူ့သူငယ်ချင်းတွေ အမြဲဆိုနေကျ
ခြင်္သေ့လည်ပြန် နဲ့ ရင်ခတ်အလွမ်းအကြောင်း ပြောဖြစ်ခဲ့ကြတယ်။ သူကိုယ့်ရဲ့လက်ကို လှမ်းကြည့်လိုက်တယ်။
“ဂစ်တာမတီးတော့တာ ကြာပြီမို့လား”
ခပ်တိုးတိုး သူမေးခဲ့တယ်။

ပူအိုက်လွန်းတဲ့ရန်ကုန်ည၊ လှပလွန်းတဲ့လရောင်နဲ့၊ ကိုယ့်ရဲ့ကဗျာဆန်မှု (သို့မဟုတ်) ရုးသွပ်မှုတစ်ခုကြောင့် ခြံထောင့်ကရေတွင်းလေးမှာ၊ ညညလူခြေတိတ်ချိန် ကိုယ်ရေသွားချိုးလေ့ရှိတယ်။ အရောင်တောက်နေတဲ့သစ်ရွက်တွေ၊ ညလေမှာလွန့်လူးနေတဲ့အုန်းရွက်တွေ၊ ပန်းရနံ့သင်းတဲ့ညလေ၊ အေးမြတဲ့တွင်းရေ...
ခံစားကြည့်လိုက်ကြပါ...ဒီလိုအခွင့်အရေးမျိုးမြန်မာပြည်မှာပဲရနိုင်တာလေ

“ဟဲ့..ဘာလုပ်ဦးမလို့လဲ...ပြန်လာခဲ့..အိမ်ထဲမှာပဲချိုး” မေမေမသိအောင် ကြိတ်ပြီးဆူတဲ့ဒေါ်ကြီးသန်းကို မနဲတောင်းပန်ပြီး ရေတွင်းလေးဆီထွက်လာခဲ့တယ်။

“အို......”

ခရေနွမ်းလေးတွေ၊
မြေပေါ်မှာလွင့်၊ အပင်မှာမ၀င့်ပေမယ့်
ကြွေတဲ့ဘ၀၊ နွမ်းတဲ့ဘ၀မှာတောင်၊ လှပအောင်နွမ်းလို့ကြွေ.....
ရွှေဒါးမောင်လေးရည်ရဲ့ ကဗျာတစ်ပုဒ်ထဲကလို....


လှလိုက်တဲ့ခရေကုံးလေးတွေ..ကန်ဘောင်ပေါ်မှာ၊ ရေခွက်လေးထဲမှာ၊ ရေတွင်းဘောင်တစ်လျှောက်မှာ၊
မနွမ်းပါဘူး...လန်းလန်းဆန်းဆန်းနဲ့ အများကြီးပဲ...
ယုယုယယကိုင်ပြီးပတ်ဝန်းကျင်ကို ဝေ့၀ဲကြည့်လိုက်တော့ တိတ်ဆိတ်နေလိုက်တာ ညလေတိုးသံတွေပဲကြားနေခဲ့ရတယ်...
အဲဒီညက အုတ်ကန်ထဲက လ၀န်းဝိုင်းဝိုင်းလေးရဲ့ အရိပ်လေးကို လက်နဲ့အသာထိလိုက်ပြီး
ကိုယ်အကြာကြီးငိုင်တွေနေခဲ့မိတယ်...

********

အဲဒီတစ်ကြိမ်က သူနဲ့ကျွန်မ နောက်ဆုံးတွေ့ခဲ့ကြခြင်းပဲဖြစ်ပါတယ်...
ဒီတစ်ကြိမ်မြန်မာပြည်ကအထွက်မှာ သူအရူးကြီးဖြစ်ပြီးကျန်ခဲ့တယ်လို့ သူ့မိခင်က
ကျွန်မမိခင်ကို ပြောရင်းငိုတယ်ဆိုတဲ့အကြောင်းတွေ ကျွန်မနှစ်တွေအများကြီးကြာမှ သိခဲ့ရပါတယ်...

ရန်ကုန်ကိုဘယ်နှစ်ကြိမ်ပြန်ရောက်ရောက် သူ့ကိုဘယ်တော့မှ ကျွန်မ မတွေ့တော့ပါဘူး။
ဒီကန်ကြီးနားတ၀ိုက်မှာ၊ ဒီလမ်းပေါ်မှာ၊ ဒီပတ်ဝန်းကျင်မှာ သူမရှိတော့ဘူး။
သူနေခဲ့တဲ့အိမ်ကြီးပေါ်မှာလဲ လူသစ်တွေရောက်နေကြပြီ....
သူဘယ်ကိုပြောင်းသွားလဲဆိုတာလဲ စုံစမ်းလို့မရတော့ပါဘူး..

တကယ်တော့ငယ်ငယ်က စာကျက်ရင်းအမြဲကြားခဲ့ရတဲ့
သူသီဆိုခဲ့တဲ့ ကိုမွန်းအောင်ရဲ့ “ရင်ခတ်အလွမ်း” ထဲကလို
မခေါ်နိုင်မှန်းသိလို့ တိတ်တဆိတ်လှမ်းသွားသူဟာ.......
ဘယ်သူဘယ်ဝါလဲဆိုတာကို နောင်တများစွာနဲ့ အဖြေရှာနေရင်း...
ခရေပန်းများကိုသစ္စာရှိနေရင်းနဲ့ .....


(အိပ်မက်မှာတင်ခဲ့တဲ့ ကျွန်မ၏ ၀တ္ထုတိုများကို ပြန်လည်စုစည်းခြင်းပါရှင်။)

11 comments:

ဒီဝိုင်း said...

မလေး.... ဒီဝတ္တုလေးကို အရမ်းကြိုက်ပါတယ်...
ညရဲ့အလှအပတွေ
ခရေပန်းရနံ့ပြင်းပြင်းတွေနဲ့
အရမ်းအသက်ဝင်ပါတယ်....
ဇာတ်သိမ်းကတော့ တမြေ့မြေ့ဖြစ်စေတာပေါ့...

eithu said...

ဖတ်ရတာ ဆွေးဆွေးလေး နဲ့ ခံစားရပါတယ် ....
ရေးထားတာလေးတွေက တော့ သိပ်လှတာပဲ ..

ကောင်မလေးရဲ့ နာမည် ကို ရှေ့ပိုင်း မှာ "---" ထား ပြီး
စာဖတ်တဲ့ နေရာရောက်မှ နာမည်လေး ထုတ်ပြောတာကို သဘောကျမိပါတယ်။ .. =)

pandora said...

မလေးရယ် ခရေပန်းနံ့တွေရလာတယ် လရောင်အောက်က ညင်သာလေတိုက်တာကို အေးကနဲ ခံစားလိုက်ရတယ်.. ရင်ထဲမှာ လှိုက်ပြီး ကျန်ခဲ့တယ်..

Layma said...

မလေး…သူသနားပါတယ်နော်…မလေးရယ်….သူ့ ကို သနားလိုက်တာ…။

ဂျစ်တူး - gyit_tu said...

မလေး.. ဒီဇာတ်လမ်းလေးကို အိပ်မက်မှာဖတ်တုန်းက သိပ်ခံစားလိုက်ရတယ်.. ခုလည်း ထပ်ခံစားသွားတယ် ။ မလေးရဲ့ ၀တ္ထုတိုလေးတွေက ရင်ကို သိပ်ကိုင်လှုပ်နိုင်တာပဲ မလေးရယ် ။

ponyate said...

ရင်ထဲမှာ လွမ်းပြီး ကျန်ခဲ့တယ် မလေး။

Chit Lay Pyay said...

မလေး အရမ်းကြိုက်တယ်၊ ၀တုတိုလေးတွေ ဖတ်ရတာ အားမရဘူး၊ ဖြစ်နိုင်ရင် မလေးအားရင်ပေါ့နော်၊ အခန်းဆက် ၀တုရှည်လေးတွေကို ပျော်ပျော်ရွင်ရွင်နဲ့ ဇတ်သိမ်းတဲ့ ဇတ်လမ်းကောင်းကောင်း တစ်ပုဒ်လောက် အရေးအသားလှလှ လေးတွေနဲ့ ဖွဲ့နွဲ့တတ်တဲ့ မလေးကို ပူဆာချင်ပါတယ်။ အဆင်ပြေမှပါနော် မလေး၊ ဘာပဲဖြစ်ဖြစ် မလေးရဲ့ စာတွေကို အားပေးနေပါတယ်

hninhnin said...

အရင်တုန်းက မလေး ဆိုတဲ့နာမည်ကို အိမ့်ချမ်းမြေ့ ဆိုတာနဲ့ မတွဲမိဘူး။ နောက်တော့ မလေးရဲ့ စာတွေ ဖတ်ရင်းဖတ်ရင်းနဲ့ တွဲမိသွားတယ်။ မလေးရေ... မလေးရဲ့စာတွေက ဖတ်ရင် တစ်ခုမဟုတ်တစ်ခု ရင်ထဲမှာ ကျန်ခဲ့တာ များတယ်။ ခုလည်း...

ကလိုစေးထူး said...

ပို့စ်အသစ်တင်ခဲလှတဲ့ တပြည်သူရဲ့ ဒီဝတ္ထုကို လာဖတ်သွားတယ်။ ၀တ္ထုဖတ်ပြီးတော့ ကျနော်စဉ်းစားမိတာက ကျနော်လဲ ဒီလို ရသလေးတွေ သိပ်ရေးချင်တယ်။ ဒါပေမယ့် အခုတလော အဲဒါတွေ မရေးဖြစ်ဘူး။ ရေးဖို့လည်း အခြေအနေမပေးသလို ဖြစ်နေတယ်။ တပြည်သူ ဘလော့ဂ်မှာကတော့ ရသ စာလေးတွေနဲ့ အေးချမ်းနေသလိုပဲ။ ၀တ္ထုကို သဘောကျပါတယ်။

Mr.Pooh said...

Wonderful Creation ! I love it so much.

မျှားပြာ said...

လွမ်းလိုက်တာဗျာ ဖတ်ပြီးတော့

LinkWithin

Related Posts Plugin for WordPress, Blogger...