မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, September 02, 2007

အရောင်

ဂျစ်ဂျစ်ရဲ့ ကမောက်ကမ ၁၄ ကိုဖတ်ပြီး ဒီပိုစ့်လေးကို ရေးဖြစ်တာပါ။ သူ့ပိုစ့်လေးကို ဖတ်ပြီး လူ့အလိုဆိုတာကို နတ်တွေဘယ်တုန်းကမှ မလိုက်နိုင်ခဲ့ပါလားဆိုတဲ့ လူကြီးတွေပြောစကား မှန်ပါလားလို့ ကျွန်မတွေးမိလိုက်တယ်။ အချို့သော ဆံပင်ဖြောင့်တဲ့သူတွေက ကောက်ခြင်တယ်၊ ကောက်သူက ဆံပင်ကို မီးပူတိုက်လို့ မဖြောင့်ဖြောင့်အောင် လုပ်ကြတယ်။ အရပ်ရှည်သူက သိပ်မရှည်ချင်ဘူး၊ ပုသူက ခုံမြင့်ဖိနပ်ကြီးတွေ ၀တ်ကြတယ်။ သိပ်ပိန်လွန်းသူက ၀ချင်တယ်၊ ၀သူက ညစာမစားပဲအငတ်ခံတယ်။ အရှေ့တိုင်းက လူတော်တော်များများက ဖြူချင်တယ်၊ နေထိမှာ အရမ်းကြောက်တယ်၊ အနောက်ကလူတွေကလဲ ညိုတာကမှ ညက်တယ်ထင်ကြတယ်။

အရှေ့တိုင်းမှာဆိုရင် အသားဖြူမလေးတွေက ခေတ်စားတယ်လို့ ဆိုလို့ရပါတယ်။ မြန်မာပြည်မှာဆိုလဲ ကျောင်းထဲမှာ အလှဘုရင်မဆိုသူတွေက ဖြူဖြူချောချောတွေများတယ်။ ထူးထူးဆန်းဆန်း ကျွန်မအတန်းထဲမှာတော့ အဲဒီနှစ်က အလှဘုရင်မက တော်တော်လေးညိုတယ်။ သူရလိမ့်မယ်လို့လဲ တစ်ခါမှ မထင်ခဲ့မိဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာက ယောင်္ကျားလေးတွေက ဖြူတာလေးတွေကိုမှ သဘောကျတတ်ကြတယ်မဟုတ်လား။ မြန်မာပြည်ကရုပ်ရှင်မင်းသမီးတွေဆိုလဲ ဖြူမှ ပိုထင်ပေါ်တယ်ထင်ပါတယ်။ မြန်မာပြည်နဲ့ အနေဝေးတဲ့သူတွေ၊ မြန်မာရုပ်ရှင်ကား အကြာကြီးမကြည့်ပဲ ကြည့်မိတဲ့ သူတွေ သတိထားမိလို့ ပြောနေကြစကားကတော့ မြန်မာပြည်မှာ မင်းသားတွေက ကုလားများဖြစ်ပြီး၊ မင်းသမီးတွေက တရုပ်မလေးများ ဖြစ်တယ်လို့ ဆိုကြပါတယ်။ အရှေ့တိုင်းတွေမှာဆိုရင် အလှဘုရင်မတွေဟာ အများအားဖြင့် တော်ရုံလူထက် အသားဖြူနေကြတယ်။ အထူးသဖြင့် မြန်မာပြည်နဲ့ အသားညိုတွေပေါတဲ့ တိုင်းပြည်တွေမှာ မိန်းကလေးတစ်ယောက်ရဲ့ လူချစ်လူခင်ပေါများခြင်း၊ လူမှုရေးနယ်ပယ်၊ အိမ်ထောင်ရေး၊ အလုပ်အကိုင်၊ ရာထူးအဆင့်တွေအပေါ်မှာ သက်ရောက်မှုက ထိုမိန်းကလေး၏ အခြားသော ကိုယ်ပိုင် အရည်အသွေးများအပြင် သူ၏အသားအရောင်အပေါ်မှာလဲ မူတည်နေတယ်လို့ ယူဆမိပါတယ်။

ကျွန်မ သူငယ်ချင်း အဖြူမတွေကတော့ ညိုချင်လွန်းလို့ (အထူးသဖြင့် နွေရောက်ပြီဆိုရင်) သူတို့အသားကို မညို၊ညိုအောင် ဆေးလိမ်း၊ နေခံ၊ မီးကင်ခံကြတယ်။



အလှကုန်ဆိုင်ကြီးတွေထဲမှာလဲ အသားညိုဆေး အမျိုးမျိုးရောင်းချကြတော့တာပါပဲ။ ကျွန်မရဲ့ နေမခံပဲ ညိုတဲ့လက်ကိုတကိုင်ကိုင်နဲ့ အားကျနေတတ်ကြပါတယ်။ အဲဒီအချိန်မှာ ဒီမြို့က တရုပ်၊ ကိုရီးယား စတဲ့ လူမျိုးတွေကတော့ သူတို့ကားမောင်းတဲ့ လက်တွေ နေထိလို့ ညိုမှာစိုးလို့ တတောင်ဆစ်ထိရှည်တဲ့ လက်အိပ်တွေ စွတ်ပြီး ကားမောင်းနေကြတာကို မြင်နေရပါတယ်။ အလှကုန်စတိုးဆိုင်ကြီးတွေမှာ အသားညိုဆေးတွေကို တွင်တွင်ကျယ်ကျယ် ရောင်းချိန်မှာ ကုလားကုန်စုံဆိုင်တွေမှာတော့ အသားဖြူဆေးတွေ ရောင်းချတတ်ပါတယ်။ အဖြူတွေများတဲ့တိုင်းပြည်ဆိုတော့ နေပူလာပြီဆိုတာနဲ့ ယောင်္ကျားလေးတွေဟာ
သူတို့အကျီ င်္တွေကိုချွတ်၊ အမိုးပွင့်ကားတွေ မောင်းပြီး ဘယ်သူပိုညိုလဲ မသိမသာကြွားကြတော့တာပါပဲ။



မိန်းကလေးတွေဆိုရင်လဲ သဘာဝနေရောင်ခြည်ရချိန်နဲတဲ့ ဒေသတွေမှာဆိုရင် tanning booth လို့ခေါ်တဲ့ စက်ထဲ ၀င်အိပ်ကြတော့တာပါပဲ။ ဒါပေမယ့် အဲဒီ tanning booth ဆီက ထုတ်လွှတ်တဲ့ UVA ရောင်ခြည်တွေက သဘာဝနေရောင်ကလာတဲ့ UVA ရောင်ခြည်တွေထက် ၂ဆမှ ၃ဆအထိ များတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နှစ်စဉ် အမေရိကန်ပြည်ထောင်စုမှာ အရေပြားကင်ဆာဖြစ်သူ လူတစ်သန်းခန့် ရှိတယ်လို့ အမေရိကန် အမျိုးသမီးကျန်းမာရေးစာစောင်က ဆိုပါတယ်။ ဒါတောင်မှ အသားညိုအောင်လုပ်တဲ့ စက်ထဲ ၀င်အိပ်နေကြဆဲပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသားနဲနဲညိုသူတွေဟာ အရေပြားပေါ်မှာရှိတဲ့ အပိန့်၊ အရာ၊ အစင်းတွေ သိပ်မမြင်ရပဲ အသားညက်ပြီးပိုလှတယ်လို့ ယူဆလို့ပါလို့ သူငယ်ချင်းတစ်ယောက်က ဆိုပါတယ်။

ဒီနေ့လဲ တိုက်တိုက်ဆိုင်ဆိုင် ညစားစားအပြီး ထမင်းဆိုင်ကအထွက်၊ ဘေးကားတစင်းပေါ်မှာ အာရှတိုက်က အမျိုးသမီးတစ်ဦးကို လှမ်းတွေ့လိုက်ပါတယ်။ အသက်က လေးဆယ်ကျော်ခန့်၊ မျက်နှာက သူများနဲ့မတူ ဆန်းနေသလိုဖြစ်လို့ မသိမသာ စောင်းငဲ့ကြည့်မိပါတယ်။ သူက မျက်နှာကို ခွဲစိတ်ကုသထားတယ်ဆိုတာ သိပ်သိသာနေပါတယ်။ အသားကလဲ အဖြူအသားဖြစ်နေတယ်။ ဘယ်လောက်ဖြူဖြူ၊ တရုပ်ဖြူပုံ၊ ကိုရီးယားဖြူပုံ၊ ဂျပန်ဖြူပုံ၊ အဖြူဖြူပုံ၊ စသဖြင့် အသားရဲ့ shade တွေမတူကြပါဘူး။ သူနဲ့ ရွယ်တူတွေနဲ့ယှဉ်ရင် အများကြီးပိုလှပေမယ့် သဘာဝမကျဘူး၊ အစစ်မဟုတ်ဘူးဆိုတာ သိသာနေပါတယ်။
မည်သို့ပင်ဖြစ်စေ မိမိသဘာဝအလှကို ဂုဏ်ယူနိုင်ခြင်းက ပိုသင့်တော်မည်လို့ ယူဆပါတယ်။ ပတ်ဝန်းကျင်က ဘယ်လိုပုံသွင်းပုံသွင်း၊ ဘယ်လိုပဲ ချီးကျူးပါစေ၊ ကဲ့ရဲ့ပါစေ၊ မိမိကိုယ်ကို ယုံကြည့်မှုရှိဖို့ ပိုအရေးကြီးပါတယ်။ တစ်ကယ်လို့ မိမိကိုယ်ကိုယုံကြည်မှုမရှိလို့ မိမိရဲ့ အသားအရောင်၊ ကိုယ်ခန္ဒာကို ငွေကြေးအကုန်ခံပြီး ပြုပြင်မယ်ဆိုရင်လဲ မိမိစိတ်ချမ်းသာမယ်၊ အလွန်အကျွံဖြစ်မသွားဘူးဆိုရင်လဲ ပြီးတာပါပဲ။

ကျွန်မအနေနဲ့ကတော့ လောကကြီးမှာ အရောင်အသွေးစုံနေတာ၊ အရွယ်စုံနေတာ ပိုလှတယ်လို့မြင်ပါတယ်။ အကုန်လုံးတစ်ပုံတည်း၊ တသွေးတရောင်တည်းဆိုရင် တော်တော်ပျင်းစရာကောင်းတဲ့ လောကကြီးဖြစ်သွားမယ်လို့ ထင်ပါတယ်။
ခဏတာနေထိုင်ရတဲ့ ဒီကိုယ်ခန္ဒာကို သယ်ဆောင်နေရတဲ့ အချိန်မှာ၊ အချို့တွေက ပုပ်သိုးသွားမယ့်အရာပဲလို့ ရှုမှတ်ပြီး ဒီအတိုင်းထားတတ်ကြသလို၊ အချို့ကလဲ နေထိုင်နေစဉ် အကောင်းဆုံး ပြုပြင်သွားမယ်၊ ထိမ်းသိမ်းသွားမယ်လို့ ခံယူတတ်ကြပါတယ်။ ဒါတွေအားလုံးက မိမိရဲ့ ယုံကြည်မှု၊ ခံယူတတ်မှုတွေအပေါ်မှာမူတည်နေသလို မိမိရဲ့လုပ်ရပ်အကျိုးအပြစ်ကိုလဲ မိမိပဲ ခံယူကြရမှာဖြစ်ပါတယ်ရှင်။

photo credit: hotspottanning.com

6 comments:

eithu said...

ဟုတ်တယ် နော် မအိမ့်
အိတို့ဆီမှာ လည်း ဆံပင်တွေ
blonde နဲ့တူအောင်အရောင်ဆိုးတာ ..ဖြောင့်တာကောက်တာ တော့ ပြောမနေနဲ့.
တစ်ချို့လည်း တစ်မျိုးတည်းဆို ကြာတော့ ပျင်းလာလို့နဲ့ တူပါတယ် ..

တစ်ချို့ကျတော့လည်း အတူတူချင်းတောင် သူများလက်ထဲက မုန့်ကမှပိုချိုတယ် ဆိုသလိုပေါ့..

plastic surgery နဲ့ ပတ်သတ်တဲ့ အမြင်နဲ့.. သဘာဝ အလှနဲ့ ပတ်သတ်တဲ့ အမြင်ကတော့ အိလည်း မအိမ့်နဲ့ အတူတူပဲ ..
သဘာဝ အလှကို တော့ ပိုသဘောကျ တာပေါ့လေ ..

Yan said...

မလေးမလေး..

ကျွန်တော်ငယ်ငယ်တုန်းကလေ စွန်လွှတ်လို့ အသားညိုတယ်သိလား
ပြီးတော့ မန္တလေးရောက်သွားတော့ အသားမည်းမှာစိုးလို့ လက်ရှည်ဝတ်ရာက အသားဖြူလာတယ်
ရန်ကုန်ရောက်တော့လေ နေပူထဲမှာ လျှောက်သွားရင်း အသားမည်းသွားပြန်ရော.
ခုဒီရောက်တော့ ၁၂ ရာသီအေးနေတာနဲ့ အသားပြန်ဖြူလာတယ်.
အဲဒါလေ ဘယ်တော့ပြန်ညိုမလဲမသိဘူး..

ရှုပ်ကုန်ပြီလား..

ရှုပ်အောင်ပြောတာပဲကို..ဟတ်ဟတ်ဟတ်

စကားမစပ်. မလေးက ဖြူလားညိုလား.

တပြည်သူ အိမ့်ချမ်းမြေ့ said...

ကျမလဲ သဘာဝအလှကို ပိုကြိုက်သလိုပဲ အိရေ.. အိ ကျမစာတွေကို အမြဲအားပေးတာ ကျေးဇူးနော်။

ကြည့်တဲ့လူပေါ်မှာ မူတည်ပါလိမ့်မယ်ကိုရန်။
လူဖြူတွေ မျက်စိထဲမှာ ညိုပြီး၊ လူမဲတွေ မျက်စိထဲမှာတော့ ဖြူမယ်ထင်ပါတယ်။

thamudayanwe said...

အမှန်ပဲ..မလေးရေ..ဒီက ဂ တွေလဲသူတို့ရဲ့ဝင်းနေတဲ့အသားကိုညိုအောင်လုပ်ကြတယ်..
အနောက်နိုင်ငံကုဖူသူတွေက အသားမညက်ကြဘူးကြမ်းကြတယ်..ဒီကသူငယ်ချင်းတွေက
ကျတော့်အသားလာလာကိုင်ပြီးနူးညံ့ အရှေ့နိုင်ငံကအသားအရေနူးညံ့တယ်နော်..
destination 3ကြည့်ပြီးအဲဒီအထဲဝင်ရမှာကြောက်တယ်..ဟားဟား

burmafreedom said...

ရှက်စရာ ပုံတွေမတင်ပါ နဲ့ 
မိုးထက်

burmafreedom said...

ံhuman nature ကိုရှက်တော့ ကျနော် က human မဟုတ်ဘူနဲ့ တူတယ်

LinkWithin

Related Posts Plugin for WordPress, Blogger...