မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, August 25, 2007

တစ်စစီ

ငါ့ရင်တွေ အက်ကွဲနေတယ်၊ ကြေမွနေတယ်။
ငါဘာဆက်လုပ်ရမလဲ။
လူမျိုးမရွေး၊ ဘာသာမရွေး
ငါပေးသမျှ၊ လှုသမျှလဲ ဆင့်ပါးစပ်နှမ်းပက်
ရက်စက်တဲ့ ကြမ္မာဆိုးလို့
တစ်ကယ်…အပြစ်ဖို့ရမှာကတော့
အသုံးမကျတဲ့ ကိုယ်တွေပဲလား။

တည်ငြိမ်စွာ ပြသနာဖြေရှင်းနိုင်တဲ့ အရည်အချင်းတွေ၊
အနာဂတ်ကို မျှော်မှန်းနိုင်တဲ့ အရည်အချင်းတွေ၊
မှန်ရာကို လုပ်ရဲတဲ့သတ္တိတွေ၊
မရှိကြတော့ဘူးလား
ငါကိုယ်တိုင်လဲ ထွက်ပြေးလောက်ဖို့ပဲ အားသန်နေတယ်လေ။


စတိုးဆိုင်ကြီးတွေထဲက
ရသာ ရာမျိုး ရွေးနိုင်တဲ့ အစားအိုးတွေ၊
သုံးထပ်၊ နှစ်ထပ်၊ ထပ်တရာ နှုးအိတဲ့
ဒီဇိုင်းအမျိုးမျိုးနဲ့ လှပနေတဲ့
အိပ်သာတက်စက္ကူလိပ်တွေ၊
ပေါလွန်းလို့ လွှင့်ပစ်နေရတဲ့ စာစရာဗုံးတွေ၊
ကမ္ဘာတစ်ဘက်ခြမ်းမှာတော့
နပ်မှန်အောင် မစားရရှာတဲ့
ငါ့လူမျိုးတွေ။
နေလောင်လို့ ပိန်လိန်ညိုမဲနေတဲ့
အသည်းကွဲမျက်နှာတွေ။
ငါထွက်ပေါက်တွေပိတ်ဆို့
ရင်ထဲပျို့တက်လာတယ်။

ဇာတ်တူသား
မစားကြပါနဲ့နော်။
လှဲ့ကွက်တွေထဲလဲ
ဝင်မြဲဝင်ဆဲ
စားပေါက်တစ်ခုတည်းကြည့်
မသိသလို မနေကြပါနဲ့
တစ်ကယ်ဆို
ငါတို့အားလုံး
တမြေတည်းဖွားတဲ့ ညီရင်းအစ်ကိုတွေပါ။

အရင်ကတော့ မင်းတို့တွေ မုန်းတီးလှချည်ရဲ့လို့ကြွေးကြော်
တပ်တော်ထဲဝင်ကြ
မားစလိုးရဲ့ အောက်ဆုံးလှေကားထစ်က
စားဝတ်နေမှုကို ဖြေရှင်းရလို့ပါလို့
ငြင်းပြနေလဲ
မင်းတို့ ပညာတွေ ထက်မြက်စွာ တတ်လာကြပြီပဲ။
အိမ်ပြန်တဲ့နေ့.. တစ်ခုခု
ပြုလို့ပြင်ပေးကြပါ
ငါတောင်းပန်ပါတယ်။

သူတို့မျက်နှာတွေ ကြည့်လိုက်ပါ။
မွဲတေဆင်းရဲ၊ စုတ်ပြတ်လို့ အားအင်ကုန်ခမ်း
မနည်းလမ်းရှောက်နေရတယ်။
သနားခြင်း၊ စာနာခြင်း၊
ရှိတတ်ကြပါစေ။
ငါ ဆုတောင်းပေးလိုက်ပါရစေကွာ။
မင်းတို့ရဲ့ နိုင်ငံခြားက ရလာတဲ့ပညာတွေ၊ ရှိလာမယ့်အာဏာတွေနဲ့
ကောင်းရာ တစ်ခုခု
ပြုလုပ်ပေးနိုင်ပါစေ….
အနာဂတ်တိုင်းပြည်တစ်ခုအတွက်လေ….။


(ကြည့်ပါဦး ငတို့တိုင်းပြည်…
အောက်ဆုံးက လိုအင်ကိုတောင် မဖြည့်ဆည်းနိုင်ကြသေးတဲ့ဘဝ
ဘာဆက်လုပ်နိုင်ကြမှာလဲဟင်..)

10 comments:

pandora said...

မလေးရေ.. ဒီလိုပါပဲ...
မိုးလင်းသွားမှာပါ...

layma said...

မလေးရေ … ဒီကဗျာလေးကို သူတို့ တွေ ဖတ်မိပါစေလို့  … သူတို့ လို အခွင့်အရေးမရတဲ့ လေးမ က ဆုတောင်းလိုက်ပါတယ်….။

Maydarwii said...

ကဗျာလေးကိုဖတ်ပြီး သက်ပြင်းပဲချမိတယ်။ လေးမ ပြောသလို ... သူတို့ဖတ်မိပြီး နားလည် သဘောပေါက်ကြရင် သိပ်ကောင်းမယ်။

eithu said...

:(( sigh .. i feel the same way too sis .. It's so melancholic ..
I've cried on one of their national day coz couldn't bear the feeling of how miserable our ppl are while others are joyous and celebrating their national day.

ရွက်ဝါ said...

ပါးပြင်ထက်က မျက်ရည်တစ်စက်နဲ့တင်
ရင်နင့်အောင်ခံစားရပါတယ် မလေးရာ။

စာသာရိုက်ချက်ကလည်း ပြင်းတော့
ငါ့တာဝန်မကင်းဘူးဆိုတဲ့
အတွေးကလည်း
နှိပ်စက်သွားသေးတယ်။

diagram မှာပြထားတဲ့
needs တွေ
ဖြည့်ဆည်းမပေးနိုင်တာလည်းအသိ။

ဒါပေမယ့်
ဘယ်လိုအင်အားနဲ့
ပြောင်းလဲရမလဲမသိတဲ့စနစ်
မြဲနေသမျှတော့
ကိုယ့်စားဝတ်နေရေးတောင်
မရေရာတဲ့ဘ၀မှာ
ကျွန်တော်တို့က
ဘာကိုအာမခံပေးနိုင်မှာလဲ။
အချိန်ကာလတစ်ခုကြာအောင် အိုးမဲသုတ်ခံထားရတဲ့ ကြက်ကလေးတွေ ဘ၀ အိမ်ကြက်ချင်းတွေတဲ့အခါ ကိုကကောင်းကောင်း နားလည်ပေမယ့် မျှက်နှာပေါ်က အိုးမဲကြောင့် အမုန်းခံနေရသူတွေပါ။

balargout said...

ဖတ်လို့ ကောင်း၊ ခံစားလို့ရတဲ့ ကဗျာ တခုပါ။

ကလိုစေးထူး said...

ကျနော် အခုတလော စိတ်တိုနေရတာ များနေတာဗျာ…။ အခု တပြည်သူ ရေးထားတဲ့ ကဗျာကို ဖတ်မိတော့ တခုခုကို ခံပြင်းလာသလို ပိုခံစားရတယ်။ ပညာတွေသင်ပြီး စာတတ်လာတာ ကိုယ့်လူအချင်းချင်း စနစ်တကျ နှိမ်နင်းဖို့တဲ့လား။

မောင်ရင် said...

မြန်မာနိုင်ငံမှာ Maslow's Hierarchy of Needs ကို လက်တစ်ဆုပ်စာ တောင်မှ အပြည့်မရသေး..သူတို့ အတွက်ကပထမအဆင့်နဲ့ တင်လူဖြစ်ကျိုးနပ်ပြီထင်နေပြီ… ပထမအဆင့် ဖြစ်တဲ့ စားဝတ်နေရေး၊နဲ့ စည်းစိမ်တော့မပူရပေမယ့်၊
ဒုတိယအဆင့် လုံခြုံ မှုမရှိ၊ ဘယ်အချိန်ပြည်သူထဆူမလဲရင်တမမ..ကျီးလန့် စာစားလို့ ..တတိယအဆင့်.ကြင်နာခြင်း၊စာနာခြင်း..ပျောက်ဆုံးနေတယ်...ဆိုတော့ ကျန်တဲ့ပြည်သူတရပ်လုံးပထမအဆင့်ရဖို့ ဆို တာတော့အိမ်မက်တောင်မမက်နိုင်သေး....
မအိမ့်တိုက်တွန်းချက်တွေသူတို့  နားလည်ကြပါစေ.....

တစ်စစီ.အတွေး .ကောင်းပါသည်….

မောင်ရင်

ကိုလွမ်းလူ said...

“တစ်တစီ”ဆိုပြီ မလေး ခံစားချက်မုန်တိုင်း ထန်ထားတာတွေ့လို့ ကိုယ်က ဒီကွန်မင့်ကို အားပေးတဲ့ သဘောနဲ့ ရေးလိုက်တာပါ။ ရေးတာထက် အကြောင်းအရာတစ်ခုကို မျှဝေချင်တာလည်း ပါပါတယ်။
ဟိုအရင် ကိုယ်တို့ ရန်ကုန်တက္ကသိုလ်မန္တလေး အသင်းဆိုပြီး လုပ်ကြတုန်းက ကဗျာလေးတစ်ပုဒ် ကောက်နုတ်ပြီးထုတ်တယ်။ ဒါမျိုးလေးပေါ့

“ကော့ပါနိကပ် ရဲ့
နေမင်း အကျဉ်း စကျတဲ့ ဖြစ်စဉ်
..
အမှန်တရားဆိုတာ
ဓါးနဲ့ ထိုး ဓါးကျိုး
လှံနဲ့ ထိုး လှံကျိုး
ဘယ်တော့မှ မသေတဲ့ အမျိုး
..
..”
ကဗျာ ဆရာရဲ့ အလိုအရ အရင်တုံးက ဘာသာရေး ပညာရှင်တွေ ခံယူထားတဲ့ ကမ္ဘာကို နေက လည်တယ်ဆိုတဲ့ အယူအဆကို ကော့ပါနိကပ် က မှားတယ်လို့ ပြောပြီး နေကို မလည်ခိုင်းတော့ဘူးပေါ့။ ဒါဟာ အမှန်တရားဆိုတာ နောက်လူတွေ သိလာကြတယ်၊ လက်ခံလာကြတယ်လေ။ ကော့ပါနိကပ်ကို သတ်လိုက်ပေမယ့် အမှန်တရားဟာ ဘယ်တော့မှ သေဆုံးမသွားခဲ့ဘူးပေါ့။

လွင်မင်းသူ said...

ကဗျာလေး အတွက် ကျေးဇူးပါ ခင်ဗျာ၊ ကျွန်တော့်အတွက်အရမ်းတန်ဘိုးရှိပါတယ်၊၊

LinkWithin

Related Posts Plugin for WordPress, Blogger...