မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, August 17, 2007

နေရစ်ခဲ့တော့ သရပါ...

ကျဉ်းမြောင်းသော၊ အကွေ့အကောက်များသော၊ လေပူတွေ တရကြမ်းတိုက်နေသော ကျောက်ပန်းတောင်းမြို့၏ ကားလမ်းဘေးက ထမင်းဆိုင်လေးတစ်ဆိုင်ထဲတွင် သူနှင့်သူမ အမှတ်မထင်ဆုံခဲ့သည်။ ဒနိမိုး၊ထရံကာ ထမင်းဆိုင်လေးထဲမှာ မှာထားသော ထမင်းနှင့်ဟင်းကိုစောင့်ရင်း မဲညစ်ညစ်ရေနွေးကြမ်းအိုးထဲမှ ရေနွေးကို ရေဆာဆာနှင့် မော့သောက်လိုက်သော သူမကို ခပ်လှမ်းလှမ်းစားပွဲမှာ ထိုင်နေသောသူက ခပ်တည်တည်နှင့်ကြည့်နေခဲ့သည်။
ရှပ်အကျီ င်္တပတ်နွမ်း၊ ကွက်စိပ်ပုဆိုးနှင့် သူ့အနားမှာ သူတို့အရွယ် လူငယ်တစ်စုဝိုင်းထိုင်နေသည်။ လွယ်အိတ်ကို စလွယ်သိုင်းထားသော ပိန်ပိန်ပါးပါး သူ၏ပုံပန်းက စိတ်ဝင်စားဖွယ်ကောင်းနေသည်။

“ဒါနဲ့ အကို.. မေရှင်ကိုကောသိလား”
သူ့ကို မေးလိုက်သည့်စကားကြောင့် သူမ အံ့သြသွားမိသည်။ သူ့တို့ဝိုင်းကို ဖျတ်ကနဲခေါင်းမော့ပြီး လှမ်းကြည့်လိုက်မိသည်။
“ဟာ.. ကောင်းကောင်းသိတာပေါ့ဗျာ”
သွက်လက်နေသည့်စကားသံက အနည်းငယ်တော့ ၀ဲနေသည်။
သူ၏ ဖြေသံကိုကြားတော့ သူမ သောက်လက်စ ရေနွေးတောင်သီးခမန်းဖြစ်သွားသည်။ သူမဘေးက သူ့သူငယ်ချင်းကလဲ သူမကို မျက်ခုံးမြှင့်ပြသည်။
သူ့ကိုတော့ ထပ်မော့မကြည့်အောင် သူမကြိုးစားနေလိုက်သည်။
“အကို.. အကို့ကားအဆင်မပြေရင် အခုဒီကားနဲ့ပဲ ညောင်ဦးကိုလိုက်သွားလိုက်လေ”
“ဟုတ်တယ်… ကျွန်တော်တို့ စီစဉ်ပေးမယ်”
“အင်းပေါ့ဗျာ.. အခြေအနေအရ မီးစင်ကြည့်ကရမှာပဲ”
သူက အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။
သူမ သူငယ်ချင်းက ပခုံးတွန့်ပြသည်။
သူမကတော့ မထိန်းနိုင်တော့ပဲ ချောင်းတဟွတ်ဟွတ်ဆိုးပစ်လိုက်မိသည်။

ဒီလိုနဲ့ သူမတို့စီးလာတဲ့ အဝေးပြေးကားနဲ့ သူတို့အုပ်စုပါလာကြသည်။ လမ်းမှာသဲချောင်းလေးတွေ၊ ခြောက်သွေ့တဲ့ လွင်ပြင်တွေကို ငေးရင်း သူမ အိပ်ပျော်သွားခဲ့သည်။ နားထဲမှာ ဆူဆူညံညံအသံတွေကြောင့် သူမလန့်နိုးလာခဲ့သည်။
ညောင်ဦးမရောက်ခင် အမည်မသိ မြို့လေးတစ်မြို့မှာ ကားကရပ်ထားသည်။
ကားနောက်ပိုင်းမှ အသံများက ပိုကျယ်လောင်လာသည်။

“ခင်ဗျားတို့ ကျွန်တော့ကို နိုင်ငံခြားသားမှန်းသိရက်နဲ့ တင်ခေါ်လာတုန်းက ခေါ်လာပြီးတော့၊ အခုလို လမ်းတ၀က်မှ ဆင်းခိုင်းတာတော့ ဘယ်ကောင်းမလဲဗျ”
“ဟုတ်ပါတယ်အကိုရယ်.. ခုနတုန်းကတော့ အကိုပဲသဘောတူခဲ့တာပဲလေ”
သူ့ဘေးမှ လူတစ်ယောက်က သူ့ဘက်မှ အသနားခံနေသည်။
“မဖြစ်ဘူးဗျ၊” ကားမောင်းသူက အသံနိမ့်ပြီးပြောလိုက်သည်။
“မဖြစ်လို့မရဘူး။ ကျွန်တော့ကို ဒီလိုလမ်းမှ ချခဲ့လို့တော့၊ သက်ဆိုင်ရာကို တိုင်မယ်”
သူ အသံဝဲ၀ဲနှင့် မွတ်နေအောင်ပြောနေသည်။
“ကြည့်စီစဉ်ပေးလိုက်ပါအကိုရာ”
“အင်းလေ.. ကြည့်လုပ်ရမှာပဲ” ကားမောင်းသူ၏ အသံက ပိုလို့တိုးသွားသည်။

နောက်ဆုံးတော့ သူတို့အားလုံး အဆင်ပြေသွားကြသည်ထင်သည်။ ညောင်ဦးမြို့လေးကို ဆိုက်ရောက်လာခဲ့သည်။


ဧရာဝတီမြစ်ပြင်ကို ဖြတ်တိုက်လာတဲ့ နံနက်ခင်းလေပြေက လတ်ဆတ်နေသည်။ မြက်ခင်းစိမ်းပေါ်က စားပွဲလေးမှာထိုင်ရင်း ငှက်ကလေးတွေ ခပ်တိုးတိုးသီချင်းဆိုနေသံကို သူမ နားစွင့်ရင်း မွှေးပျံ့တဲ့ လက်ဘက်ရည်ပူပူကို ပန်းကန်းထဲသို့ငှဲ့လိုက်သည်။ သူမ သူငယ်ချင်းက လှပသွယ်လျတဲ့ လက်ကလေးတွေကို နံနက်ခင်းမှာ လိမ်းရတဲ့ လိုရှင်းလိမ်းရင်း နံနက်စာကို တို့ကနန်းဆိတ်ကနန်းစားနေသည်။ ထမင်းဟင်း ကောင်းကောင်း မစားနိုင်တာရယ်၊ ခရီးပန်းတာရယ်ပေါင်းပြီး သူမ သူငယ်ချင်း၏ မျက်နှာ ချောင်ကျသွားတာကို သတိထားလိုက်မိသည်။ သူမကတော့ သေသေချာချာ ညကတည်းက ကြိုတင်မှာထားတဲ့ ပဲပြုတ်ထမင်းကြော်ကို မြိန်ရည်ရှက်ရည် စားနေခဲ့မိသည်။ သူငယ်ချင်းကို အားမနာနိုင်တော့။ ဒီပဲပြုတ်စင်စစ်ကို မစားရတာ နှစ်နဲ့ချီနေပြီလေ။ သူမတို့ဘေးက စားပွဲမှာ လူတစ်ယောက် ၀င်ထိုင်လိုက်သည်မို့စောင်းငဲ့ကြည့်လိုက်သည်။ ဖြူဖွေးနေတဲ့ ရှပ်အဖြူရောင်၊ အပြာနုကွက်စိပ်ပုဆိုးနဲ့ သူက သူမတို့ကို ပြုံးပြလိုက်သည်။

“မင်္ဂလာပါ”
ဒီတစ်ခါတော့ သူမ ချောင်းမသီးတော့။
“မင်္ဂလာပါရှင့်”
အပြာနောက်ခံမှာ အစိမ်းရောင်လဲ့နေသော မျက်လုံးများကို ကြည့်ရင်း သူမနှုတ်ဆက်လိုက်သည်။
“မင်းဂလာပါရှမ်”
သူမ သူငယ်ချင်းကလဲ အသံဝဲ၀ဲလေးနဲ့ ပြန်နှုတ်ဆက်လိုက်သည်။
လွတ်နေတဲ့ ခုံပေါ်ကို ကျောပိုးအိတ်ကို သူတင်လိုက်သည်။ သူရဲ့ကျောပိုးအိတ်ပေါ်မှာ
အဖြူပေါ်မှာ အနီရဲရဲ သစ်ရွက်တံဆိပ်။
သူကလဲ ခုံပေါ်က သူမတို့ရဲ့ကျောပိုးအိတ်တွေပေါ်က အဖြူခံမှာ အနီရဲရဲသစ်ရွက်တံဆိပ်ကို လှမ်းကြည့်လိုက်သည်။ ပြီးတော့ တချက်ပြုံးလိုက်သည်။
“ဒါကြောင့် နယ်ခံတွေနဲ့မတူဘူးလို့ တွေးနေသေးတယ်”
“အကိုလဲ နယ်ခံနဲ့ မတူပါဘူး”
မရင်းနှီးသေးတဲ့ တစိမ်းတွေ ရင်းနှီးစွာ ရယ်မောလိုက်ကြသည်။
“ဒါနဲ့ ဘယ်ပြည်နယ်ကလဲ”
“ဘီစီကပါ”
“အော်.. ကျွန်တော်က အွန်တေရီယိုက၊ တိုရန်တို ယူနီကလေ၊ ပုဂံကို လေ့လာနေသူတစ်ယောက်ပါ”
“ကောင်းလိုက်တာ၊ နေရာချင်းလဲမလား” သူမအပြောကြောင့် သူရယ်မောလိုက်သည်။
“မြန်မာလို မွတ်နေတာပဲ။ ရောက်တာဘယ်လောက်ကြာပြီလဲ၊ ဘယ်လိုသင်တာလဲဟင်”
သူမ သူငယ်ချင်းက အင်္ဂလိပ်လို လှမ်းမေးလိုက်သည်
“ရောက်တာသုံးနှစ်ရှိပြီလေ၊ လက်ဘက်ရည်ဆိုင် များများထိုင်တယ်။ အဲဒီလိုနဲ့ဗမာစကားတတ်တာ” သူက ဗမာလိုပြန်ဖြေလိုက်သည်။
“ကနေဒါမှာ ဘာလုပ်နေတာလဲ၊ ကျောင်းလား၊ အလုပ်လား”
“ကျွန်မတို့က အဲဒီမှာ နေတာပါ” သူမအသံက တိုးတိမ်၊ ခြောက်ကပ်စွာထွက်လာသည်။
“အော်….. ”
ပုဂံသမိုင်းကို လေ့လာနေသော၊ ဗမာစကားကို ရေလည်အောင်ပြောနေသော၊ ပုဆိုးဝတ်လူဖြူတစ်ယောက်ရှေ့မှာ၊ သူမ အနေရခက်စွာခေါင်းငုံ့နေခဲ့မိသည်။
ထိုနေ့က နံနက်စာဝိုင်းမှာ သူနဲ့ သူမ သူငယ်ချင်းတို့ စကားတွေ ဖောင်ဖွဲ့နေခဲ့သည်။ သူမသူငယ်ချင်းက သိုးဆောင်းစကား များများသုံးပြီးပြောသည်။ သူကတော့ ဗမာလိုပဲ ပြောသည်။ သူမကတော့ နားထောင်သူ သက်သက်။



ဒီလိုနှင့် ကမ္ဘာရဲ့ ဟိုဘက်ခြမ်းမှာတုန်းက မဆုံဖြစ်ခဲ့ကြပဲနှင့် ပုဂံမြို့လေးရဲ့ တည်းခိုခန်းတစ်ခုမှာ အတူတည်းခိုဖြစ်ကြသည့် သူတို့သုံးဦး ခင်မင်ရင်းနှီးသွားကြသည်။ သူအလုပ်အားသည့် နေ့များတွင် ခရီးတိုလေးတွေ အတူတကွ ထွက်ဖြစ်ခဲ့ကြသည်။ လွတ်လပ်မှုကို ခုံမင်နှစ်သက်တဲ့ သူမသူငယ်ချင်းက ကျောပိုးအိတ်တစ်လုံး၊ စက်ဘီးတစ်စီးနှင့် နံနက်စောစောကတည်းက ပျောက်သွားတတ်သည့်နေ့များ၊ အစားတွေနဲ့ မတည့်လို့ ဗိုက်ရစ်ပြီးနာတယ်ဆိုပြီး အခန်းထဲမှာ စာအုပ်တစ်အုပ်နှင့် ကျန်ရစ်ခဲ့တတ်သည့် နေ့များတွင်တော့ သူနှင့် သူမ နှစ်ဦးတည်း စက်ဘီးကိုယ်စီနှင့် စေတီပုထိုးတွေဆီ၊ ရွာလေးတွေဆီ၊ ခြေဦးတည့်ရာ ထွက်ဖြစ်ခဲ့ကြသည်။



ထိုနေ့က ဓမ္မယံကြီးဘက်ကို သူနှင့် သူမ ထွက်ဖြစ်ခဲ့ကြသည်။ ပူစပ်စပ်နေရောင်အောက်မှာ ထနောင်းနံ့က သင်းပျံ့နေသည်။ ခပ်ဝေးဝေးက ခပ်ဖြည်းဖြည်း ရွေ့နေတဲ့ ခင်တန်း၊ တာရိုးလေးတွေကို ငေးရင်း မြင်းလှည်းလေးပေါ်မှာ ဂနာမငြိမ်ဖြစ်နေတဲ့ သူမကို သူပြုံးကြည့်နေခဲ့သည်။

“အဆင်မပြေဘူးလား”
“လမ်းဆင်းလျှောက်ရင် ကောင်းမယ်ထင်တယ်”
“ဘာဖြစ်လို့လဲ”
“မြင်းလေးကိုကြည့်လေ။ သိပ်ပိန်တယ်။ မနဲဆွဲနေရတယ် မစီးရက်ဘူး”
မြင်းလှည်းသမား မကြားအောင် သူမ အသံကို နိမ့်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
“ဒါဆို မြင်းလှည်းသမား ပိုက်ဆံမရရင်၊ သူ့မိသားစုတင်မက ဒီမြင်းလေးပါ ပိုငတ်မှာပေါ့”
ထိုအချိန်မှာ မြင်းလေးက ကိစ္စပြုလိုက်သည်။ ခံထားတဲ့ အကာက မလုံလို့ မညီညာတဲ့ လမ်းတွေပေါ်မှာ ကြဲပြန့်သွားသည်။ ဒါကို သူမ ခပ်ငေးငေးကြည့်နေမိသည်။

ဒီလိုနဲ့ အတိတ်ထဲမှာ အိပ်မောကျနေတဲ့ ပျက္ခရွေတောင်တန်း၊ အရိမဒ္ဒနပူရ၊ သဒ္ဒနီတိ၊ ဂမ္ဘီရပညာ၊ ဂန္ဒာရီအတတ်၊ စသည်တို့ကို အတိတ်ထဲက ဆွဲခေါ်လာနေတဲ့ သူနဲ့၊ မြို့ပြရဲ့ ဖိစီးမှုတွေကနေ အဝေးကိုပြေးလာတဲ့ သူမတို့၊ ပုဂံမြို့ရဲ့ လမ်းလေးတွေပေါ်မှာ၊ ဖုတ်တထောင်းထောင်းထတဲ့ လေပူတွေကြားမှာ၊


သံတော်ကြားစေတီလေးနားက ပန်းရုံလေးနားမှာ၊


လေတွေတိုက်နေတဲ့ ဗူးဘုရား ရင်ပြင်ပေါ်မှာ၊


အာရုံဦးရဲ့ ကြည်ပြာရောင် မြူတွေကြားမှာ၊ ရွှေရောင်လက်တဲ့ ဧရာဝတီရဲ့ လှိုင်းကြက်ခွပ်တွေကြားမှာ အတွေးတွေ၊ ခံယူချက်တွေ ဖလှယ်ဖြစ်ခဲ့ကြသည်။


ထိုညကတော့ လရောင်က ဖိတ်ဖိတ်တောက် သာနေတဲ့ည။ မြစ်ပြင်ထဲမှာ လှေကလေးတွေ ခပ်ဖြည်းဖြည်းလှော်ခတ်နေတဲ့၊ တောင်တန်းတွေ မှုန်ပြနေတဲ့၊ သစ်ရွက်တွေ အရောက်တောက်နေတဲ့၊ သင်းပျံ့တဲ့ ညလေတွေ လွန့်လူးနေတဲ့၊ ကဗျာဆရာရင်ထဲက ကဗျာတွေ ထွက်ကျလာနိုင်တဲ့ည။
တည်းခိုခန်း ပန်းခြံထဲက ခုံတန်းလေးမှာ သိပ်လှတဲ့ည အိပ်မရနိုင်လို့ သူမ မြစ်ပြင်ဘက်ကို ငုတ်တုပ်ထိုင်ငေးနေခဲ့တဲ့ည။ ညင်သာတဲ့ ခြေသံတစ်စုံက ခုံတန်းဘေးမှာ ရပ်တံ့သွားတဲ့ည။
ထိုင်ခွင့်ပြုလိုက်တဲ့ သူမဘေးမှာ သူ ၀င်ထိုင်ရင်း ထုံးစံအတိုင်း အတွေးတွေ ဖလှယ်နေခဲ့ကြသည့်ည။

“တကယ်တော့ ဒီဒေသမှာ လုပ်စရာတွေ အများကြီးရှိနေတယ်”
“ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်လုပ်ချင်တယ်ဆို ဖြစ်ပါတယ်”
“ကျွန်တော်လား၊ ဒီနေရာမှာ တစ်နှစ်ကြာရင်လဲကြာမယ်။ နှစ်ပေါင်းများစွာ ကြာသွားရင်လဲ ကြာသွားမယ်”
“ဂရန့်ရနေသမျှ ဘန်ကောက်သွားပြီး ဗီဇာတင်တင်ပြီး ဒီပုဂံမှာ ဆက်နေရင် နေဖြစ်မယ်”
“ဒီလောက်လှတဲ့ လုပ်စရာတွေအများကြီးရှိတဲ့ တိုင်းပြည်မှာ ဘာလို့မနေတာလဲဟင်”
“ကျွန်တော်နဲ့……. ကျွန်တော်နဲ့… ဒီပုဂံမှာ အလုပ်အတူတူလုပ်ပါလား”
………..
………..
“ခင်ဗျား စိတ်ဝင်စားတဲ့ မြန်မာပြည်ကယောင်္ကျားအချို့ထက် ကျွန်တော်က မြန်မာပြည်အကြောင်း၊ ပုဂံအကြောင်း၊ မြန်မာ့အနုပညာတွေ ဂီတတွေအကြောင်း၊ သမိုင်း၊ပထ၀ီအကြောင်း ပိုသိနေတယ်ဆိုရင်ကော.. ဟင်းဟင်း.. ဒီမြို့မှာ နေမလား”

“ခင်ဗျားပြောတယ်မို့လား၊ ဗမာကိုယူမှ ခရေအကြောင်း၊ ငုဝါအကြောင်း၊ ချိုင့်ခွက်တွေပေါတဲ့ အနီရောင်လမ်းလေးတွေအကြောင်း ပြောလို့ရမှာဆိုတာ၊ တစ်ကယ်တော့ ခင်ဗျားပြောချင်တဲ့ မြန်မာ့စာပေ၊ဂီတ၊ နောက်ပြီး မြန်မာပြည်ရဲ့ ရာသီပန်းမျိုးစုံအကြောင်းလဲ ဒီကသာမန်လူတွေထက်တောင် ပိုသိပါတယ်။ အနီရောင်လမ်းတွေပေါ်မှာလဲ ပုဆိုးဝတ်ပြီး ကျွန်တော်လျှောက်တတ်ပါတယ်”

“မော်ဒန်လွန် ကဗျာတွေအကြောင်းပြောချင်တယ်ဆိုရင်တော့ ကျွန်တော်လေ့လာရဦးမှာပေါ့လေ”

အဲဒီညက လေတိုက်လို့ လွင့်သွားတဲ့ သူမနဖူးစပ်က ဆံနွယ်လေးကို သူက လက်နဲ့ သပ်တင်ပေးလိုက်တယ်။ သူမကို ငေးကြည့်နေတဲ့ သူ့မျက်ဝန်းတွေထဲမှာ မျှော်လင့်ခြင်းအရောင်တွေ။
သူမလဲ သူ့မျက်ဝန်းတွေထဲကို စိုက်ကြည့်နေခဲ့လိုက်သည်။ လရောင်အောက်က သူ့ရဲ့ အစိမ်းရောင်သန်းတဲ့ ကြည်ပြာရောင်မျက်လုံးကို သူမ ငေးကြည့်နေခဲ့လိုက်သည်။

“ရှင်..သိပ်လှပါတယ်။ ဆံပင်တွေ၊ မျက်လုံးတွေ၊ နှာတံတွေ၊ နဖူးပြင်တွေ။ ယောင်္ကျားပီသပါတယ်။ ဥာဏ်ပညာကြီးပါတယ်၊ လူတွေကို ကူညီချင်တဲ့ လူသားအကျိုးပြုစိတ်ဓတ်နဲ့လဲ ပြည့်ဝပါတယ်။ လူတွေချထားတဲ့ ဘာသာရေး၊ လူမျိုးရေး၊ စတဲ့ စည်းတွေနဲ့ ကိုယ့်ကိုကိုယ် ဘောင်မခတ်ထားပဲ ကျယ်ပြန့်တဲ့ စိတ်ထား၊ သိမ်မွေ့လှပတဲ့ စိတ်ထားနဲ့လဲ ပြည့်စုံပါတယ်။ ကျွန်မကို တစ်သက်လုံးပျော်အောင်ထားနိုင်မယ်ဆိုတာလဲ ယုံပါတယ်။ ဒါပေမယ့် ကျွန်မ ရှင့်ကို ဘယ်လိုမှ ခံစားလို့ မရဘူး။ ရင်ထဲမှာ ဘာမှ ခံစားလို့မရလို့ပါနော်၊ ကျွန်မကိုခွင့်လွှတ်ပါ။”

ထိုနေ့က ခုနှစ်စင်ကြယ် အမြီးထောင်ချိန်ရောက်ခါနီးအထိ သူတို့ စကားတွေပြောဖြစ်ခဲ့ကြသည်။ နောက်ရက်တွင်တော့ သူတို့ ရန်ကုန်ကို ပြန်လည်ထွက်ခွာခဲ့ကြသည်။ သူမနှင့် သူမသူငယ်ချင်းကတော့ ရန်ကုန်မှာ ဆက်နေဖြစ်ဦးမည်။ သူကတော့ ဘန်ကောက်ကို ဆက်လက်ထွက်ခွာမည်။ ဗီဇာတင်မည်။ ပြန်ဝင်မည်ဟုဆိုသည်။ နေချစ်ချစ်တောက်ပူနေတဲ့ အင်းစိန်က အဝေးပြေး ကားဂိတ်နားက စားသောက်ဆိုင်တစ်ခုထဲမှာ သူတို့ ခရီးတစ်ထောက်နားဖြစ်သည်။ သူက လိုင်းကားနဲ့ပဲ ရန်ကုန်မြို့ထဲကို ဆက်ထွက်မည်ပြောတုန်းက သူမ အနည်းငယ်စိတ်ပူသွားမိခဲ့သည်။ သူက စီးနေကျပါဟု ခပ်ပြုံးပြုံးပြောသည်။ သူသွားတော့မည်ဆိုတော့ ကားဂိတ်နားအထိ သူမ လိုက်ပို့ပေးမိသည်။ သူမသူငယ်ချင်းက အလိုက်တသိ ထမင်းဆိုင်ထဲမှာ နေရစ်ခဲ့သည်။ ကားဂိတ်ရောက်တော့ ပူပြင်းတဲ့ နေရောင်အောက်မှာ လေပူတွေက ထပ်ဆင့်တိုက်ခတ်နေသေးသည်။

“လူဆိုတာ ခံစားချက်နဲ့ အသက်ရှင်တယ်ဆိုတာ ကျွန်တော်သဘောပေါက်ပါတယ်။ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်လေးစားရမှာပေါ့ဗျာ၊ ခက်တာက ကျွန်တော်ကလဲ ပုဂံမှာ ပျော်တဲ့သူဗျ”

“ကောသလမင်းအိပ်မက်ထဲကလိုပေါ့ရှင်။ ပြည့်နေတဲ့ ရေအိုးတွေကို ထပ်ဖြည့်နေသူက ကျွန်မပဲထားပါတော့။ ရှင်ကတော့ မပြည့်သေးတဲ့ ရေအိုးတွေကို ဆက်လက်ဖြည့်ဆည်းပေးနေတာလေ။ ကျွန်မဒီမှာနေရင်လဲ ကျွန်မဟာ ရေအိုးတွေထဲက နောက်ထပ်ရေအိုးတစ်လုံးပဲဖြစ်မှာမို့ ရေဖြည့်ခွင့် ရမယ်လို့ မထင်ဘူး။ ရှင်ဖြည့်ပေးနေတဲ့ ရေအိုးတွေကိုယ်စား ကျွန်မ ရှင့်ကို ကျေးဇူးတင်တယ်လို့ ရိုးသားစွာ ပြောခွင့်ပြုပါ”

သူ.. သူမကို စိုက်ကြည့်နေခဲ့သည်။
ခပ်လှမ်းလှမ်းမှာ လိုင်းကားတစ်စီးက ခပ်ဖြည်းဖြည်း မောင်းနှင်လာသည်။ ပုဆိုးကို သူပြင်ဝတ်လိုက်သည်။

“ကျွန်တော် ပုဂံမှာ ရှိနေမယ်”

စိမ်းပြာရောင်မျက်လုံးများနှင့် ရင်မဆိုင်ရဲ၍ သူမခေါင်းငုံ့ချလိုက်မိသည်။ ကားဆိုက်လာသည်။ ကားပေါ်ကို သွက်လက်ကျွမ်းကျင်စွာ ခုန်တက်လိုက်သည်။
တွဲလောင်းခိုစီးရင်း သူမ မြင်ကွင်းထဲမှ သူ.. ကားနှင့်အတူ တရွေ့ရွေ့ေ၀၀ါးမှုန်ရီ ကွယ်ပျောက်သွားပါတော့သည်။

(တစ်ထောင့်ကိုးရာကိုးဆယ်နှောင်းပိုင်းက ပုဂံရက်များသို့)

15 comments:

ဂျစ်တူး - gyit_tu said...

မလေး.. ဒီပို့စ်လေးကို အရမ်းခံစားပြီး ဖတ်သွားတယ် ။

တနေ့မှာ ဂျစ်လည်း ရေအိုးတွေပြန်ဖြည့်ဖို့ အိပ်မက်မက်ထားပါတယ် .. အဲဒီအခါကျ ဂျစ်ဘေးကလူဟာ နိုင်ငံသားလက်မှတ်တခုထက် ဒီဇာတ်ကောင်လို စိတ်ဓါတ်မျိုးပါတဲ့သူတယောက်ဖြစ်ဖို့ ၊ အဓိကထားရမှာပေါ့ ။

Yan said...

“လူဆိုတာ ခံစားချက်နဲ့ အသက်ရှင်တယ်ဆိုတာ ကျွန်တော်သဘောပေါက်ပါတယ်။ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်လေးစားရမှာပေါ့ဗျာ”

ခံစားလို့မရတဲ့ အချစ်တွေကို အရင်းပြုပြီးတော့
ငါ့ဘ၀ကို ဆက်မနှစ်ပါနဲ့တော့လား
အားနာလို့ ချစ်တာကို ငါမလိုချင်ဘူး
ရင်ထဲက အချစ်တွေကို မင်းသိဖို့ကောင်းတယ်
ငါ့အချစ်တွေကို ဟောင်းတယ်ထင်ချင်ထင်ပါ
သိမြင်နေတဲ့ ခံစားချက်တွေကို ဆက်ဖုံးနေဖို့ ကြိုးစားရင်တော့
အလွမ်းမိုးတွေ စွေနေဦးမှာပဲ
အံကိုခဲလို့ ငါနှုတ်ဆက်ခဲ့ပါတယ်
ငါပြန်လာမှာ မဟုတ်တော့ဘူး
စူးဝင်ခဲ့တဲ့ အချစ်မြှားတစ်စင်းအတွက်လား
ခံစားချက်ပြင်းပြင်းတွေကို အဖော်လုပ်ရင်း
ဆတ်ခနဲ ဆွဲနှုတ်ခဲ့တယ်
ကြယ်တာရာတွေရဲ့ ဘ၀လေးတွေ တောက်ပစေဖို့
လမင်းကြီးနားက ဖယ်ခွာခွင့်ပြုပါတော့လေ…

သူ့ကိုယ်စား ၀င်ရေးပေးလိုက်တာပါ. ရည်ရွယ်ချက်ကြီးမားတဲ့ ယောင်္ကျားကောင်း တစ်ယောက်ရဲ့ ဖွင့်မပြောဖြစ်ခဲ့တဲ့ စကားတစ်ချို့ကို ခံစားပြီး တင်ပြပေးလိုက်တယ်လို့ပဲ သဘောထားပါနော်.

စာလေးက သိပ်ကောင်းပါတယ် မလေးရေ..
ထပ်ပြောမယ်ဗျာ.

သိပ်ကောင်းပါတယ်. တကယ့်အဖြစ်အပျက်လို့လားလို့တောင် တွေးနေမိတယ်. ကာယကံရှင်တွေပဲ သိမှာပေါ့နော်.

ဟတ်ဟတ်

Kay said...

စွံတယ်ဗျိုး...ကြားဖီးလ်ယူသွားပါတယ်။

pandora said...

ငြိမ့်ငြိမ့်လေးပဲ မလေးရယ်..
ပုဂံရဲ့လရောင်အောက်က ပုစွန်ဆီရောင်သန်းတဲ့ ဖြိုးဖြိုးဖျဖျ ဇာတ်လမ်းတစ်ပုဒ်ပေါ့လေ..

Tesla said...

သမိုင်းတွေကို တူးဆွ တန်ဘိုးထားတတ် တဲ့သူက သိမှာပေါ့လေ သမိုင်းတွေ ဂီတတွေ ယဉ်ကျေးမှုတွေ.. သိသွားတိုင်းလည်း အားလုံးကို ခံစားလိုက်နိုင် ဘို့ဆိုတာ ခဲယာဉ်းလှပါတယ်။ လူတွေအားလုံးအတွက် တယောက်ချင်းဆီအတွက် သဘာဝတရားက သတ်မှတ်ပေးထားတဲ့ မွေးရာပါ အခွင့်ရေးတရပ် ဖြစ်ပါတယ်။ အဲ့လိုခက်ခဲမှုကို တန်ဘိုးထားတတ် အောင်ကြိုးစားတဲ့ အတွက်တော့ အလွန် လေးစားမိပါတယ်။ တူးဆွလို့မရနိုင်တဲ့ ခံစားချက်တွေ အတွက်တော့ သူ့အတွက် စိတ်မကောင်းပါဘူး။ တခန်းရပ်ဓါတ်ပုံပြဇာတ် ကတော့ ကြွကြွရွရွ လှလှပပ ရှိပါ့ဗျာ။

LEO5 said...

*****

thamudayanwe said...

ကောင်းလိုက်တာ

thu.shin.hantharwady said...

Thanks for the idea and feeling.
I like the speech " Kaw Tha La .........."

I am also a man like the lady from story. I want to help my country. But, if I am there, I am also an empty pot. So, I try to full my pot first and I will share later.If possiple, I want to be a drain and want to share my men as possble as quickly.


Thanks you

နေမိုး said...

မအိမ့်ရေ......
အညာဒေသက ပုဂံဘုရားဖူးရောက်ဖြစ်တဲ့ ခရီးသွားဇာတ်လမ်းလေးကို ၀င်ဖတ်ဖြစ်လိုက်တာ ကျနော့်အတွက်တော့ အညာမြေကို အလွမ်းပြေ သတိရစရာလေးတွေ ပြန်ပေါ်လာရတာပေါ့လေ။ ဓာတ်ပုံတွေကို အသက်ဝင်ဝင် ပြန်ကြည့်ခွင့်ရတာ အရမ်းဝမ်းသာမိတာပဲဗျာ။ ဗူးဘုရား နဲ့ ပုဂံဘုရားများအပေါ်စီးဓာတ်ပုံတွေကို ကွန်ပြူတာ Desktop background လုပ်ဖို့ယူသွားပါတယ်ဗျာ။ ခွင့်ပြုမယ်ဆိုတာတော့ အသေယုံထားပြီးသားနော်။

ကျနော်ရယ်လေ အညာဒေသမှာ ငါးနှစ်ကျော်ကျော် ကျောင်းသွားတက်ဖူးတယ်ဗျ။ ရန်ကုန်မှာမွေးတဲ့ ကျနော့်ကို အညာမှာမွေးတဲ့နွားက မကြည်သလို စိုက်ကြည့်လို ၀င်ခွေ့တယ် ဟဲ... ဟဲ...။ ကျနော်တို့ ဆွေမျိုးအပေါင်းအသင်းတတွေရယ် ပုဂံကိုများ ဘုရားဖူးသွားဖြစ်ရင်တော့များဗျာ ဧရာဝတီမြစ်တကြော စက်လှေတစင်းနဲ့ရယ် လူတွေများ ကြပ်သိပ်ကို နေရောဗျာ။ လေလေးတဖြူးဖြူး သီချင်းလေးရယ်က တကျော်ကျော်ပေါ့ဗျာ။ စက်လှေရယ်က ကမ်းထိုးရတာ အဲဒီ ဗူးဘုရားအောက်က ကျောက်လှေကားထစ်တွေနားရယ်ပေါ့ဗျ။ ကုန်တင်ကားကြီးနဲ့များသွားလို့ကတော့ဗျာ ပျော်ချက်ကတော့ ပြောလို့တောင်မနိုင်လောက်ဘူး။ ကားကြီးထဲမှာ ထိုင်ခုံကမရှိတော့ မိန်းမတွေနဲ့ ကလေးတွေက အောက်ကြမ်းပြင်ပေါ်မှာ အခင်းလေးတွေဖြန့်ထိုင်။ ယောက်ျားတွေကတော့ သစ်သားတန်းတွေနဲ့ ၀က်ခြံခတ်တဲ့ ကားခေါင်မိုးပေါ်မှာ တွဲလွဲခိုထိုင်ကြပေါ့ဗျာ။ ပြီးတော့ ကားမောင်းနေတုန်း လက်ခပ်တွေတီး သီချင်းတွေ အကျယ်ကြီး ၀ိုင်းဆိုကြပေါ့ဗျာ။ လမ်းတလျှောက် အရိပ်ကောင်းတဲ့နေရာတွေမှာ ကားရပ်ပြီး လူတွေဝိုင်းထိုင်ကြလို့ စားကြသောက်ကြနဲ့ နားလိုက် သွားလိုက်ပေါ့ဗျာ။ ဖုံလုံးက တလှိမ့်လှိမ့် နေက ခြစ်ခြစ်တောက်ပူ ကားက နှေးနှေး လေပူကတိုက်နဲ့ ဘာသာဘာဝ ကိုယ့်အရပ်ဒေသနဲ့ ကိုယ်ကတော့ ပျော်လိုက်တာဗျာ။ ဥရောပမှာနေရပေမယ့်လည်း အညာကို သတိရလို့ ဖင်ကတကြွကြွ ဖြစ်နေပြီဗျ။ ပြေးကြိုဖို့ ထွေးညိုကတော့ မျှော်နေမှာ မဟုတ်တော့ပါဘူးဗျာ။

အပျော်ပေါ့နော်.... အညာကိုလွမ်းလို့ပါဗျာ။
ကျနော်က အချစ်အကြောင်းတွေ သိပ်မပြောတတ်ဘူးဗျ။ ချစ်ရင်ချစ်ပေါ့ မချစ်နိုင်ရင်လည်း မချစ်နဲ့ပေါ့ဗျာ ... (း။း)။ ဖြူတာမည်းတာ အရပ်ဒေသ လူမျိုးခြားတွေ ခံစား သိတတ်တာတွေကတော့ နောက်များမှပေါ့ဗျာ။

နေမိုး (DK)

ponyate said...

မလေး ဖတ်ပြီး လွမ်းသွားပြီ။ အရေးကောင်းလိုက်တာ။

PeTi said...

မလေး လို့ ခေါ်ပါရစေ.. ကျွန်တော်ဇာတိက အညာကဆိုတော့ ရေးသားထားတာကို ခံစားချက် အပြည့်နဲ့ ဖတ်လို့ကောင်းပါတယ်။ ကိုယ်တွေ့ အဖြစ်အပျက်လား လို့ စပ်စုပါရစေ။
ကျွန်တော်လည်း မပြည့်တဲ့အိုးတွေကို ဖြည့်နိုင်တဲ့သူ တယောက်ဖြစ်ချင်ပါတယ်။ ခုတော့ ကိုယ့်ကို ကို ပြည့်ဖို့ ဖြည့်နေပါတယ်။
ဘယ်နိုင်ငံသားအဖြစ်ပဲ ခံယူပါစေ ကိုယ်မွေးဖွားခဲ့ တိုင်းပြည်ကို ကျေးဇူးသိတတ်ပြီး တတ်နိုင်သလောက်လုပ်ပေး တာက မြန်မာနိုင်ငံသား ဖြစ်ပြီး မြန်မာနိုင်ငံ အတွက်၊ မြန်မာနိုင်ငံသားတွေ အတွက် ကောင်းကျိုးမပေးဘူးဆိုတာ ထက်တော့ ပိုကောင်းတယ်လို့ ယူဆပါတယ်။

burmafreedom said...

"ရှင်..သိပ်လှပါတယ်။ ဆံပင်တွေ၊ မျက်လုံးတွေ၊ နှာတံတွေ၊ နဖူးပြင်တွေ။ ယောင်္ကျားပီသပါတယ်။ ဥာဏ်ပညာကြီးပါတယ်၊ လူတွေကို ကူညီချင်တဲ့ လူသားအကျိုးပြုစိတ်ဓတ်နဲ့လဲ ပြည့်ဝပါတယ်။ လူတွေချထားတဲ့ ဘာသာရေး၊ လူမျိုးရေး၊ စတဲ့ စည်းတွေနဲ့ ကိုယ့်ကိုကိုယ် ဘောင်မခတ်ထားပဲ ကျယ်ပြန့်တဲ့ စိတ်ထား၊ သိမ်မွေ့လှပတဲ့ စိတ်ထားနဲ့လဲ ပြည့်စုံပါတယ်။ ကျွန်မကို တစ်သက်လုံးပျော်အောင်ထားနိုင်မယ်ဆိုတာလဲ ယုံပါတယ်။ ဒါပေမယ့် ကျွန်မ ရှင့်ကို ဘယ်လိုမှ ခံစားလို့ မရဘူး။ ရင်ထဲမှာ ဘာမှ ခံစားလို့မရလို့ပါနော်၊ ကျွန်မကိုခွင့်လွှတ်ပါ။”

မိန်းမတစ်ယောက် ရဲ့ မာကျောမှု ကို တိတိကျကျ ပုံဖော်ပေးတဲ့ စကားလုံးတွေ ပါ ....
ကြေကွဲ ဖို့ ပြင်ထားတာထက် ပိုကြေကွဲ ရပါတယ်

TZA said...

ရေလည်ညက်တယ်ဗျာ၊ ကျနော်ဖြင့်မျောသွားတာပဲ။ ပုံလေးတွေကြည့်ပြီး ပုဂံကိုတအားလွမ်းတယ်။

ywartharlay-ytu said...

ပုဂံဆိုတဲ့ ပုံရိပ်နဲ့တင် နှလုံးသားကအတော်လေး တုန်လှုန်နေပြီးပြီ။

ဇာတ်လမ်းလည်း ဆင့်လိုက်ရော ကျနော် အသက်ဝဝ ရှူမှဖြစ်တော့မယ်ဗျာ

ဇာတ်အိမ်လေးတွေတည်တာ အတုယူဖို့ သတိပြုမိတယ်။

ဓါတ်ပုံလေးတွေ မပေါ်တော့ဘူးဗျ

ဆန်းစနေ၀န်း said...

ပုဂံ ချစ်မြတ်နိုးသူတစ်ယောက်ဆိုတော့ ပုဂံဇာတ်လမ်းလေးကိုလည်း ခံစားပြီးအားပေးသွားပါတယ်နော်...

LinkWithin

Related Posts Plugin for WordPress, Blogger...