မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, August 12, 2007

ရင်သွေး

အိမ်ရှေ့လမ်းပေါ်မှာ နေရောင်ခြည် ကွက်တိကွက်ကြားက
ရွရွလေး လမ်းလျှောက်ထွက်နေတယ်။
လေပြေက သစ်ရွက်တွေကို ခပ်ဖွဖွ နမ်းရှိုက်လိုက်တယ်..။
တွန်းထိုးကလူ ကျီစယ်….
သူတို့ရဲ့ ကိုယ်တွေကို လှုပ်ခတ်ရယ်မောနေကြတယ်။

ကောင်းကင်ပြာပေါ်မှာ တိမ်လိပ်တွေ ခရီးနှင်ရင်း
ကိုယ့်ကို ငုံ့ကြည့်၊ အပြုံးတစ်စင်းနဲ့ ခရီးဆက်နင်းသွားတယ်…။
ကလေးအတွေးနဲ့ မော့မငေးတော့ပေမယ့်
တိမ်ဖြူတွေပုန်းတဲ့ မင်းမျက်နှာ ပြုံးပြုံးလေး…။
အို………။
တွေ့လိုက်တယ်လေ။
ကင်မရာဆွဲယူလို့
အမှတ်တယ ရိုက်ယူထားလိုက်တယ်။
လူတွေကလဲဆိုတယ်… ဟုတ်တယ်တဲ့။
တိမ်တွေထဲမှာ…. မင်း….. တဲ့။

ကိုယ့်ကို ချစ်သေးရဲ့လားဟင်။
ကိုယ့်ကို ခွင့်လွှတ်နိုင်ဦးမလား။
ပြန်ဆုံခွင့် ကြုံဦးမလား။
အရင်လို အပြေးလာပြီး ဖက်ထားဦးမှာလား။
“သိပ်ချစ်တယ်”လို့ကော ပြောဦးမှာလား။
လေထဲမှာ လွင့်နေတတ်တဲ့ မင်းဆံနွယ်တွေ ရှိုက်နမ်းခွင့် ကြုံဦးမလား။
အားလုံးပြီးဆုံးသွားခဲ့ပြီလားကွယ်။

အဲဒီလမ်းလေးပေါ်မှာ ရေးထားတယ်…။
အားမရှိတော့တဲ့ ရင်ထဲက သွေးတွေနဲ့
မင်းပေးခဲ့တဲ့ လမ်းလေးပေါ်မှာလေ…။
အလွမ်းတွေကို တစ်စစီ လိုက်ကောက်ထုတ်ပိုးလို့ ဟိုးကောင်းကင်ကို ပစ်ပေါက်
ဘုရားသခင်ကိုလဲ မကြောက်တော့ဘူး…။

တစ်ကယ်ဆို..
ဘုရားကျောင်းအိုကို…. ကိုယ်မရောက်တာကြာပေါ့။
ဒီနေ့တော့ အတ္တတွေကို စုတ်ဖြဲ
မရယ်ချင်တဲ့ ညီနေတဲ့သွားတွေကို အမြဲပြ
လှပစွာကြိုးစားပြုံးရင်း.. မင်းရှိတဲ့ အလင်းဘက်
ငါအက်ကွဲစွာ ပြုံးပြလိုက်မယ်နော်..။

လူတွေဟာ ကိုယ်လုပ်ချင်တာတွေလုပ်ပြီးတိုင်း
ဘုရားသခင်.. ဘုရားသခင်လို့ ဘုရားသခင်ကို အပြစ်ဖွဲ့
ကိုယ့်အပြစ်လျော့အောင်လုပ်ကြလို့်..
ဘုရားသခင်ကိုတောင် ကိုယ်သနားနေပြီလေ။

ကိုယ်လုပ်ချင်တာတွေလုပ်ကြ..
ဘုရားသခင်ကို စကားတွေနဲ့ သီချင်း၊ စာ၊ ကဗျာတွေထဲကတော့ ထုတ်ထားကြပါ။
ကိုယ့်ကိုကိုယ်သာ ဆုံးမ
ဘုရားသခင်ကို ထားလိုက်ကြပါလို့
ဘုရားကျောင်းအိုမှာ သွားငိုပြနေလဲ
အပိုပဲဖြစ်မှာပါပဲကွယ်..။

မင်းအတွက်..
ကိုယ့်ရင်ထဲက သွေးတွေ
လာအန်ထုတ်တဲ့ ဒီဘလော့ဂ်နေရာလေးကို
လူတွေလာလည်နေကြတယ်…
သူတို့မသိတာ
အစိမ်းရောင်ကြိုက်သူရဲ့ ပုစွန်ဆီရောင်ကောင်းကင်ဟာ
အလွမ်းသွေးတွေစွန်းလို့ ပန်းရင့်ရောင်ဖြစ်နေတယ်ဆိုတာပေါ့။
သူတို့လဲ အလွမ်းတွေစွန်း
ပြန်ယွန်းသွားကြလေရဲ့။
ပြောကြပါတယ်…
အလွမ်းဓာတ်ခံရှိသူတဲ့ …
ကိုယ့်ယဲ့ယဲ့လေး ပြုံးပြလိုက်တယ်။

ကြည်ဖြူစွာ၊ ကြေကွဲစွာ၊ ခြောက်ကပ်စွာ၊ မလှပလွန်းစွာ
ဒီပန်းရောင်လွင်ပြင်ကို……
ရင်ဘတ်ထဲက အကြပ်အတည်းသွေးတွေနဲ့
ဆက်ရေးချယ်နေလိုက်ဦးမယ်နော်……..
ကိုယ်.. အသက်ရှင်နေသေးသ၍လေ……။

(ဒီနေ့တော့ သိုးမည်းတစ်ကောင် ဘုရားကျောင်းဘက်..ခြေဦးလှည့်ဦးမယ်ကွယ်)



3 comments:

ဂျစ်တူး - gyit_tu said...

(အစိမ်းရောင်ကြိုက်သူရဲ့ ပုစွန်ဆီရောင်ကောင်းကင်ဟာ
အလွမ်းသွေးတွေစွန်းလို့ ပန်းရင့်ရောင်ဖြစ်နေတယ်ဆိုတာပေါ့။)

အပေါ်က စာကြောင်းလေး ခံစားသွားတယ် မလေးရေ ။

ကလိုစေးထူး said...

မရောက်တာကြာလို့ လာလည်တာ တပြည်သူတယောက် အားရပါးရကြီးကို ရေးထားတာပဲကိုး…။ လောလောဆယ်တော့ အခု ကဗျာကိုပဲ အားရပါးရ ဖတ်ပြီး ပြန်သွားတယ်ဗျာ။ :)

eithu said...

sis...
I love this poem so much .. It's beautiful and so touching .. I've been reading and reading it again although I have some homework to do..

ya .. thx a lot for sharing your art also..
Although I seldom feel for sentimental love poems, this one is really touching for me especially these verses.. It's just so beautiful ..

"အိမ်ရှေ့လမ်းပေါ်မှာ နေရောင်ခြည် ကွက်တိကွက်ကြားက
ရွရွလေး လမ်းလျှောက်ထွက်နေတယ်။
လေပြေက သစ်ရွက်တွေကို ခပ်ဖွဖွ နမ်းရှိုက်လိုက်တယ်..။
တွန်းထိုးကလူ ကျီစယ်….
သူတို့ရဲ့ ကိုယ်တွေကို လှုပ်ခတ်ရယ်မောနေကြတယ်။

ကောင်းကင်ပြာပေါ်မှာ တိမ်လိပ်တွေ ခရီးနှင်ရင်း
ကိုယ့်ကို ငုံ့ကြည့်၊ အပြုံးတစ်စင်းနဲ့ ခရီးဆက်နင်းသွားတယ်…။
ကလေးအတွေးနဲ့ မော့မငေးတော့ပေမယ့်
တိမ်ဖြူတွေပုန်းတဲ့ မင်းမျက်နှာ ပြုံးပြုံးလေး…။"


------------
btw.. sorry for replying in English. I feel a bit awkward as everyone is using Myanmar language here. I have a problem in typing Myanmar fonts currently and hope u don't mind abt it. =)

LinkWithin

Related Posts Plugin for WordPress, Blogger...