မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, August 06, 2007

တန်ဖိုး

ညနေခင်းလေပြေထဲမှာ ကိုယ့်ရဲ့ ခရမ်းရောင် ပန်းလေးတွေ ယိမ်းနွဲ့နေတယ်။ ပန်းပင်တွေကို ရေတိုက်ရင်း၊ ပန်းရင့်ရောင် မိုးကုပ်စက်ဝိုင်းကို ငေးကြည့်ရင်း၊ တစ်ခါတုန်းက ဖတ်ဖူးတဲ့ ဂျူးရဲ့ ၀တ္ထုတစ်ပုဒ်က ခေါင်းထဲမှာလဲ လာစွဲနေတယ်။ မနေ့က စာအုပ်စင်ရှေ့သွားလို့ အဲဒီဝတ္ထုပါတဲ့ စာအုပ်ကို ရှာဖွေနေမိတယ်။ စာအုပ်က မြန်မာပြည်ပြန်တုန်းက ရပ်ကွက်လေးတစ်ခုထဲက စာအုပ်အငှားဆိုင် တစ်ဆိုင်က အတင်းတောင်းပန်ပြီး တောင်းဝယ်ခဲ့လို့ ချုပ်ပြီးသား အဖုံးလေးနဲ့။ ဒါပဲ မှတ်မိတယ်။ စာအုပ်အမည်လဲ မမှတ်မိဘူး။ စာအုပ်စင်ကြီး တစ်ခုလုံးသာ ပွသွားတယ်။ အဲဒီစာအုပ်က ထွက်မလာဘူး။ ဘယ်သူ့ကိုများ ငှားလိုက်မိလဲ စဉ်းစားတော့လဲ ခေါင်းထဲမှာ နတ္ထိ။ ပန်းပင်တွေ ရေလောင်းအပြီး ရေစက်တွေကြောင့် စိုနေတဲ့ လက်ရှည်အနားစကြောင့် ချမ်းစိမ့်စိမ့်ဖြစ်လာတယ်။ လေက ခပ်ပြင်းပြင်း တစ်ချက်တိုက်လိုက်တယ်။ ကောင်းကင်ကို မော့ကြည့်လို့ သက်ပြင်းတစ်ချက် ရှိုက်လိုက်တယ်။ စာအုပ်ရှာမရလို့ မှီငြမ်းဘို့ တိတိကျကျ စာလုံးတွေ မသုံးနိုင်တော့ပေမယ့်၊ ရင်ထဲမှာ စွဲနေတဲ့ အကြောင်းလေးတချို့နဲ့ပဲ ခံစားချက် တချို့ကို အန်ချလိုက်တော့မယ်။

တစ်ခါက လူသူတိတ်ဆိတ်တဲ့ မြို့လေးတစ်မြို့မှာ တက္ကဆီမောင်းတဲ့ လူတစ်ယောက်ရှိတယ်တဲ့။ တစ်နေ့မှာ သူ့ကားကို အဲဒီမြို့လေးကို ပြောင်းလာတဲ့ စာရေးဆရာ လင်မယားနှစ်ဦးက ငှားစီးလာတယ်။ မိန်းကလေးဖြစ်သူရဲ့ မျက်ဝန်းညိုတွေနဲ့ အမှတ်တမဲ့ အဆုံမှာ ဒီမိန်းကလေးက ဥာဏ်ပညာရှိသူ တစ်ဦးလို့ သူယူဆလိုက်မိတယ်။ ဒီလိုနဲ့ သူ့ကားရှေ့ခန်းမှာ သုံးယောက်ထိုင်စီးလာတော့ မိန်းကလေးက သူနဲ့ စာရေးဆရာကြားမှာ ထိုင်စီးလာတာပေါ့။ လေတိုက်လိုက်တော့ သူမရဲ့ ဆံနွယ်ခွေလေးတွေက သူ့ပါးကိုလာလာထိတယ်။ အဲဒီမှာ သူ အနည်းငယ်သာယာမိခဲ့တယ်။

ဒီလိုနဲ့ မြို့လေးကို ရောက်လာတဲ့ စာရေးဆရာလင်မယားအကြောင်းကို အဲဒီအိမ်က ထမင်းချက်အမျိုးသမီးဆီကတဆင့် သူသိလာရတယ်။ သူတို့တွေဟာ ညည စကားတွေ အများကြီးပြောကြတယ်ဆိုပေမယ့် များသောအားဖြင့် သူမကပြောသူ၊ စာရေးဆရာက သူမပြောသမျှ ဘောပင်တစ်ချောင်းနှင့် လိုက်မှတ်သူပေါ့၊ စာရေးဆရာရဲ့ စာတွေဟာ အချိန်ကြာလာသည်နှင့်အမျှ ပိုမို ထက်မြက်လာတယ်။ သူမတို့လင်မယား ရန်ဖြစ်ရင် စာအုပ်တွေနဲ့ ပစ်ပေါက်ကြတယ်။ သူမကတော့ အိမ်ထဲက အိမ်ပြင်ထွက်လေ့မရှိဘူး။ တစ်ခါတစ်ရံ ညနေစောင်းတွေမှာ ပြူတင်းပေါက်နားမှာ ရပ်နေတတ်တာကို သူ လက်ဘက်ရည်ဆိုင်အသွား လမ်းမက လှမ်းမြင်ရတတ်တယ်။ အဲဒီအခါတွေမှာလဲ တစ်ယောက်ကို တစ်ယောက် အမှတ်တမဲ့ ကြည့်ရုံလောက်ပဲ။

တစ်ခါက သူနဲ့ သူငယ်ချင်းတွေ အရက်မူးမူးနဲ့ စကားပြောရင်း သူငယ်ချင်းတစ်ယောက်က မိန်းမတစ်ယောက်မှာ ဦးနှောက်က ကိုယ်ခန္ဓာလောက် တန်ဖိုးမရှိဘူးလို့ ပြောလိုက်လို့ စိတ်ဆိုးဆိုးနဲ့ သူ ဆွဲထိုးပစ်ခဲ့တယ်။ ငါချစ်နေတဲ့ မိန်းမတစ်ယောက်မှာ တန်ဖိုးရှိတဲ့ ဦးနှောက် ပိုင်ဆိုင်ထားတယ်လို့ သူပြောခဲ့မိတယ်။ သူ့ကို သူငယ်ချင်းတွေက လှောင်ပြောင်ရယ်မောကြတာပေါ့။

ဒီလိုနဲ့ သူမကို သူမမြင်ရတော့တဲ့ ရက်တွေကြာလာတယ်။ ပြူတင်းပေါက်ကလဲ ပိတ်ထားတာများတယ်။ တစ်နေ့တော့ ပိတ်ထားနေကျ အဲဒီပြူတင်းပေါက်က ပွင့်နေတယ်။ သူမပြူတင်းပေါက်မှာရပ်နေတယ်။ သူ လွမ်းဆွတ်ခြင်းနဲ့ တခဏတာ ရပ်ကြည့်နေမိတယ်။ အဲဒီနေ့က သူတို့ အကြာဆုံး အကြည့်ဆုံတဲ့နေ့ပဲ။ နောက်တစ်နေ့မှာတော့ သူမ သေဆုံးသွားခဲ့တယ်။ စာရေးဆရာက “ကျွန်တော့မိန်းမက အလွန်တန်ဖိုးရှိတဲ့ မိန်းမဗျ” လို့ အသံအကျယ်ကြီးပြောလို့ ငိုကြွေးခဲ့တယ်။ သူကတော့ သူမ လက်ကလေးကို ပထမဆုံးနဲ့ နောက်ဆုံးအနေနဲ့ တို့ကြည့်ခဲ့တယ်။ နောက်တော့ သူလေးစားတဲ့ မိန်းမတစ်ယောက်အတွက်လို့ ရည်စူးပြီး သစ်ပင်တစ်ပင် သူစိုက်လိုက်တယ်။

ဇာတ်လမ်းလေးကတော့ ဒါပါပဲ။

ဒါပေမယ့်…..
ဒါပေမယ့်ပေါ့…..

ထိတွေ့ခွင့် မရခဲ့လို့ တန်ဖိုးရှိတဲ့ မိန်းမတစ်ယောက်အနေနဲ့ သူ တသသနဲ့ လေးစားတန်ဖိုးထားလို့ တစ်သက်စာ သတိရနေခဲ့တာလား။ မိန်းမတစ်ယောက်ရဲ့ ဦးနှောက်က ကိုယ်ခန္ဓာထက် တန်ဖိုးရှိတယ်ရယ်လို့ မပိုင်ဆိုင်ခဲ့ရလို့ ကောက်ချက်စွဲသွားတာလား။ တစ်ကယ်လို့သာ အခြေအနေ တစ်စုံတစ်ရာကြောင့် သူနဲ့ သူမ နီးစပ်ခဲ့မိတယ်ဆိုရင်၊ သူမအပေါ်မှာ ဒီလောက်တန်ဖိုးထားနိုင်ပါဦးမလား၊ ဒီကောက်ချက်က မပြောင်းလဲဘဲ ဒီအတိုင်းရှိနေဦးမည်လား။

ကိုယ်မသိ…..
ကိုယ်.. ယောင်္ကျားတစ်ဦးမဟုတ်၍ ပိုမသိ။

ခြံတွင်းက အလှမီးလေးတွေ ဖျတ်ကနဲလင်းလာသည်။ ထင်းရှုးပင်ပေါ်က ညငှက်တစ်ကောင် ခပ်တိုးတိုးအသံပေးလိုက်သည်။ ရေအေးအေးကြောင့် လက်ဖျားတွေ ကျင်တက်လာသည်။ ရေပိုက်ကို သူ့နေရာမှာ ပြန်ချိတ်လိုက်သည်။ ညနေခင်းလေကို အဆုတ်တွင်းရောက်သည်ထိ ရှုရှိုက်လိုက်သည်။ မျက်လုံးမှိတ်လိုက်တော့ သူမအတွက် စိုက်သည်ဆိုသည့် (ခပ်စိမ်းစိမ်းဖြစ်နိုင်သည့်) အပင်တစ်ပင်ကို မြင်ယောင်နေမိပါတော့သည်။


15 comments:

ကိုဖြိုး said...

တန်ဖိုးကို တန်ဖိုးရှိရှိလာဖတ်သွားပါဘိ

Kay said...

ဦဏှောက်တန်ဖိုးရှိမှန်းသိပေမဲ့..အဲဒီတန်ဖိုးကိုတန်ဖိုးထားစံထားပီးလိုက်ရှာတတ်တဲ့အမျိုးသားတော့ရှားတယ်ထင်တယ်

ဒီဝိုင်း said...

အဲဒါကယောက်ျားတစ်ယောက်ချင်းရဲ့ စိတ်ဓာတ်နဲ့ သူ့ရဲ့ ခံယူချက် အနိမ့်အမြင့် ပေါ်မှာမူတည်ပါတယ်။
ကျွန်တော့်အတွက်ကတော့ မိန်းကလေးရဲ့ နှလုံးသားကအရေးအကြီးဆုံးလို့ ထင်ပါတယ်။
နှလုံးသားကထုတ်လွှတ်လိုက်တဲ့ ခံစားချက်စွမ်းအားက ဦးနှောက်ကိုအလုပ်လုပ်ခိုင်းသလို
အတွေ့အထိ၊ ခန္ခာဆိုတဲ့ အလှအပတရားဟာလည်း ခဏတာအတွင်းမှာ ပျောက်ပျက်နိုင်ပါတယ်။
နှလုံးသားချင်းပေါင်းမိရင် ဘဝတစ်ခုမဟုတ်ဘူး နောက်ဘဝတွေလည်းသူမနဲ့အတူ ဆုံစည်းခွင့်ရချင်မှာပါ။
ဒီဘဝသံသရာက မကျွတ်မလွတ်သရွေ့ပေါ့။

ဂျစ်တူး - gyit_tu said...

ဒီဝိုင်းပြောတာ မှန်သင့်သလောက် မှန်တယ်..

သို့ပေမယ့် လောကမှာ နှလုံးသားတခုတည်းနဲ့ ဟင်းချက်စားလို့ မရတာ ခက်နေတယ်း)

မလေးပို့စ်ထဲကလို တို့လည်း ယောက်ျားတွေကို အဲလို မေးခွန်းထုတ်ဖူးတယ် ။

ဒီဝိုင်း said...

….တော်တော်အစားပုပ်ပုံရတယ်…
ဒီနေရာမှာတောင် အစားအသောက်နဲ့လာတွေ့နေတယ်…
ရပါတယ်မဂျစ်ရယ်
ဝက်နှလုံးတို့
ကြက်သည်း ကြက်မြစ်တို့ဆို ဟင်းချက်စားလို့ရတာပေါ့.. :P

ponyate said...

မလေးက အရေးကောင်း။:) အဲဒီ ၀တ္ထု လေး ဖတ်ဖူးတယ်။ ဒါပေမယ့် နာမည်လည်း မမှတ်မိတော့ ဘူး။ ဆရာမဂျူးပေး ချင်တဲ့ ဆိုလိုရင်းကို အဲဒီလို မတွေးခဲ့ဖူးဘူး။ အခု မလေးပြောမှ စဉ်းစားမျတော့တယ်။ ကျေးဇူးပါ။

Layma said...

ပိုင်ဆိုင်ခွင့်မရတဲ့ (မရနိုင်တော့တဲ့) ယောက်ျားတွေက ဦးနှောက်ကိုတန်ဖိုးထားကြပါတယ်….
ပိုင်ဆိုင်ခွင့်ရတဲ့ ယောက်ျားတွေကတော့ နှလုံးသား….နဲ့  မေတ္တာတရား ကို တန်ဖိုးထားပါတယ်……။ မိန်းမဆိုတာ “သနပ်ခါးပန်း” နဲ့ တူပါတယ်…. ဘာကြောင့်ဆိုတာကို လေးမ blog မှာ တနေ့ ရေးထားပါမယ်….. ။

pandora said...

အင်း ဂျုးရေးတာရော မလေး ဆင့်ပွားခံစားတာကိုရော.. ကွန်မန့်တွေထဲက အတွေးတွေကိုရော.. ထပ်မံဆင့်ပွား တွေးတောနေမိတယ်.. ယူလာပေးတဲ့အတွက် ကျေးဇူး.. မလေးရေ..

hninhnin said...

တန်ဖိုးရှိတဲ့ တန်ဖိုးကို အချိန်ပေးဖတ်လိုက်ရပေမဲ့ တန်ဖိုးရှိသွားပါတယ်။

sisain said...

ခန္ဓာ အသွေးအသား တို့၊ ဦးနှောက် တို့ ဆိုတာထက် တွယ်ရစ် ချည်နှောင်တဲ့ မေတ္တာ ကသာ တန်ဖိုးထားသင့်တဲ့ အရာလို့ ထင်ပါတယ်-

MELODYMAUNG said...

ကွန့်မန့် တွေကလဲ လန်ထွက် လျှံတက်နေပါလား လာရောက်ဖတ်ရှုသွားကြောင်းဒါပေသိ စဉ်းစားနေတာ ဘယ်အရာဖြစ်ဖြစ် တန်ဖိုးဆိုတာ တန်ဖိုးထားတဲ့သူရဲ့ ခံယူချက်၊ အမြင်ပေါ်မှာများ မူတည်သလားလို့ တယောက်နဲ့ တယောက်မတူသလို လေးနက်ပုံချင်းမတူလို့ လဲ တန်ဖိုးတွေ တူနိုင်မယ်ထင်ဘူး just thinking par

naing said...

သစ်ပင်လေး ရှင်သလား ၊ သေသွားလား ။ just I write. မရေးထားတော့ တွေးရတာပေါ့ ။

တပြည်သူ အိမ့်ချမ်းမြေ့ said...

ကိုတက်စ်က ကျွန်မ၊ကိုနိုင်နဲ့ ဂျူးတွက် ကော့မင့်နဲ့ သူ့အမြင်ကို ကိုနိုင်ရဲ့ ဘလော့ဂ်မှာ တင်ထားတာ ကျွန်မ ကိုတက်စ်ကို ခွင့်တောင်းပြီး (အသိပေးပြီး သယ်လာပါတယ်ရှင်)
း)


Tesla said...
အိမ်ကလေးကို ရောက်လာခဲ့တယ် ရေးမိတာကို ဖတ်မိပါတယ် တချို့နေရာလေးတွေ သဘောထားချင်းတူညီမိတယ် ဥပမာ
လူသူတိတ်ဆိတ်သော နေရာတွင် ပျော်မွေ့တတ်ကြသည်မှာ စွဲလမ်းခြင်း တစ်မျိုးပဲလား ။ စာရေးဆရာတစ်ဦးသည် သူ၏ မကျန်းမာသော အမျိုးသမီးအား စိတ်အပမ်းပြေ နားနေစေရန် အလို့ငှာ တိတ်ဆိတ်သော မြို့ လေးကို ရွေးချယ်ခဲ့ လေ သလား ။ မိန်းမ ၊ ယောင်္ကျား သဘာဝက မတူစေခဲ့တာ ညီကြည့်လို့ ရရိုးလား ။ စိတ်ခံစားမှု တူညီရင် ပေါင်းဖော်ပြီး လင်မယားဖြစ်ကရောလား ။ ရေဆာလိုက်တာ ရေသောက်ဦးမှ။

ထပ်တွေးပါဆိုရင်တော့ ခံစားချက်ကို အရှေ့ကပြေးခိုင်းထားတဲ့ ရာနှုန်းနည်းနည်းထဲမှာ ပဲ ဖြစ်နိုင်တဲ့ကိစ္စ မို့လို့ ရောရောထွေးထွေးရှိစဲပါ။ သက်သေပြချက်လိုအပ်ရင် နှလုံးသားကိစ္စကို စောင်းပေးတော့မယ့် ပုံစံကိုပြဘို့ စာရေးဆရာက ပြင်ဆင်ထားခဲ့တယ်လို့ တွေးမိတာကို ယူလိုက်ပါ။ သူပြင်ဆင်ထားပုံကလည်း အဲ့တိုင်းပဲလို့ ထင်မိတာပဲလေ။ ဇာတ်ကွက်တခု နဲ့ နှိုင်းပြရရင် ဒီလို.. ဒီလို ..
လူ့ယဉ်ကျေးမှုကို ခဏခေါ်ပေးပါ တည်တည်ခန့်ခန့် ထိုင်ပါ။
ခဏနေကြတော့ သူက အောက်ကစကားတွေကို ခရားရေ လွတ် ပြောသွားခဲ့တယ်။
…… သာယာမိခဲ့တယ် ဆိုတဲ့ အဲ့ဒီလူက စမှားတာပဲ တယောက်ထဲတွေ့မိပြီး နောက်မှအိမ်ထောင်နဲ့ ဆိုတာသိတာမျိုးဆို တော်သေး မသိတာလည်းမဟုတ် လင်မယားနှစ်ယောက်ကို တပြိုင်နက် စတွေ့တာထောင် အနည်းငယ် သာယာမိသွား တယ် တဲ့။ လေးစားတာနဲ့ မြတ်နိုးမိ ချစ်ခင်မိတာနဲ့ က ခွဲခြားလို့ရပါတယ်. စွဲလမ်းနေစရာ အကြောင်းမရှိပါဘူး။ ဒီတော့ မိုက်မဲတဲ့လူတယောက်ဟာ ဇာတ်ရဲ့မင်းသား ဖြစ်လာရတယ် လုံးလုံးအသုံးမကျတဲ့ စာရေးဆရာ ပေါ်လာတယ် အရမ်းထက်မြက်တဲ့ စာရေးဆရာမ ဖြစ်လာတယ် ။ ….
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ယဉ်ကျေးမှုခင်ဗျာ ဒါပေမဲ့ ခင်ဗျား နှလုံးသားတွေကို လျစ်လျူရှူခဲ့ မိပါသလား။ စိတ်မဆိုးရင် ပြန်ဖြေပေးပါ။
သူမစဉ်းစားတော့ဘူး သူ့ကိစ္စမဟုတ်ဘူး လို့ ပြန်ပြောတယ်။ မှန်ပါတယ် ဒါဆိုရင် ဒီကိစ္စရဲ့ နှလုံးသားတွေ ဦးနောက်တွေ တန်ဘိုးထားပုံတွေကို ခင်ဗျားထင်မြင်ချက်လေးကော ပေးခဲ့နိုင်မလား.
စကားတိတ်ဆိတ်သွားတယ်. သူလိုက်မမှီတာလည်း ဖြစ်နိုင်တယ်။
စာရေးဆရာမကတော့ သေတယ်ဆိုတော့ ငြိမ်းချမ်းသွားပြီပေါ့.
နှူးညံ့စွာတန်ဘိုး ထားတတ်သူ အာရုံအမှားကိုလည်း မွေးမြူတတ်သေးသူ သစ်ပင်စိုက်ကျန်တယ်..
စာရေးဆရာကော.. ဟို ဦးနှောက်ဖောက်စားခဲ့တဲ့. စာအုပ်တွေနဲ့ ပစ်ဖောက်ခဲ့ပါတယ်ဆိုတဲ့. ကျွန်တော့မိန်းမက အလွန်တန်ဖိုးရှိတဲ့ မိန်းမလို့ သေမှအော်ခဲ့ပါတယ်ဆိုတဲ့ စာရေးဆရာကော.. ဘယ်လိုကျန်ခဲ့လည်း.. သူညာပြီးအော်နေတာလို့ ထင်ရမှာလား.
ဘယ်တန်ဘိုးက ပိုကြီးမြတ်တယ် ဆိုတာ ဘယ်သူပြောနိုင်မှာလည်း. ဘယ်တန်ဘိုးကမှ မကြီးမြတ်ဘူး ဆိုတာကိုကော ဘယ်သူပြောနိုင်မှာလည်း။
ပြောနိုင်တာကတော့ မိုက်မဲသော (သို့) ချစ်တတ်သော ကားသမားရယ် အသုံးမကျသော စာရေးဆရာရယ်က နှစ်ယောက်လုံး ယောင်္ကျားတွေ ကြီးပဲ..
သေသွားတဲ့ စာရေးဆရာမကော ဒီတန်ဘိုးကို ရေးတဲ့ ဆရာမဂျူးကော နှစ်ယောက်လုံး မိန်းမတွေကြီးပဲဆိုတာ သေချာတယ်မလား…
ယဉ်ကျေးမှုက ထွက်ပြေးတယ်.
ကိစ္စတိုင်းမှာ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ သက်သေပြရန်မဖြစ်နိုင်မှု ဟာနေရာတခုအပိုင်ယူပြီး ထိုင်နေတယ်။
သစ်ပင်လေးက တော့ မသေခင်အထိ ရှင်ကျန်နေခဲ့တယ်။
ရေဆာလိုက်တာ ရေသောက်ဦးမှ။

ကိုနိုင်အတွက်ကော မအိမ့်အတွက်ကော ဆရာမဂျူးအတွက်ကော ပေါင်းပြီး ဒီနေရာမှာပဲ ကွန်မန့်ရေးပေးခဲ့ပါတယ်..

eithu said...

thx for sharing , sis.
I haven't read this story although I love most of Juu's short stories .

The thoughts in that comment is also interesting and makes me pondering abt the relationships.

"

Tesla said...
အိမ်ကလေးကို ရောက်လာခဲ့တယ် ရေးမိတာကို ဖတ်မိပါတယ် တချို့နေရာလေးတွေ သဘောထားချင်းတူညီမိတယ် ဥပမာ
လူသူတိတ်ဆိတ်သော နေရာတွင် ပျော်မွေ့တတ်ကြသည်မှာ စွဲလမ်းခြင်း တစ်မျိုးပဲလား ။ စာရေးဆရာတစ်ဦးသည် သူ၏ မကျန်းမာသော အမျိုးသမီးအား စိတ်အပမ်းပြေ နားနေစေရန် အလို့ငှာ တိတ်ဆိတ်သော မြို့ လေးကို ရွေးချယ်ခဲ့ လေ သလား ။ မိန်းမ ၊ ယောင်္ကျား သဘာဝက မတူစေခဲ့တာ ညီကြည့်လို့ ရရိုးလား ။ စိတ်ခံစားမှု တူညီရင် ပေါင်းဖော်ပြီး လင်မယားဖြစ်ကရောလား ။"

အပြုံးပန်း said...

မိန်းမတွေရဲ့နှလုံးသားကနေ စိမ့်ယိုထွက်လာတဲ့ ဦးဏှောက်ရဲ့ အတွေးအခေါ်တွေကို တန်ဖိုးထား နားလည်ပေးရင် အကောင်းဆုံးပေါ့၊ ချစ်တတ်တဲ့နှလုံးသားတစ်စုံသာ လိုအပ်ပါတယ်၊

(မလေးရဲ့ ဒီစာမျက်နှာကို အခုမှ သိလို့ လင့်ခ်ျချိတ်ထားပါတယ်၊ ဒီထဲမှာ ရေးထားတဲ့ စာတွေကိုလည်း နှစ်သက်တယ်၊ ရသတမျိုးမျိုးကို ပေးနေတဲ့ စာတွေမို့)
ဂျူးရဲ့ အဲဒီ ၀တ္ထုကို မဖတ်မိဘူးထင်တာပဲ၊ ဆရာမရဲ့ လက်ရာ အားလုံးကို ဖတ်ပြီးသားလို့ ကိုယ့်ကိုယ်ကို ထင်နေခဲ့တာ)

LinkWithin

Related Posts Plugin for WordPress, Blogger...