မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, August 05, 2007

ပန်းပုလဲပန်း

သောင်စပ်မှာ လှိုင်းသံတွေ တ၀ုန်းဝုန်းနဲ့
ရေပြင်ကျယ်ရှေ့ ငုတ်တုပ်ထိုင် ရေငတ်နေသူလေ
ငန်လား..ချိုလား..ချဉ်လား…..စပ်သလား…
လည်ချောင်တွင်းက အက်ကွဲတဲ့ အသံတွေက ရေငတ်နေလို့လား..


မောဟတွေဖုံးတဲ့ လက်ဖ၀ါးကြမ်းတွေကို
သဲတွေထဲ နှစ်မြုပ်.. တုပ်တုပ်မှ မလှုပ်ကြစေနဲ့လို့
ဆံနွယ်ညိုတွေထဲက တောင်ပံခတ်လိပ်ပြာတွေ
အော်ဟစ်လို့နေကြတာ.. မနာလိုကြလို့လားလို့
မေးခွန်းတွေကြားမှာ.. ငါမြင်လိုက်ပါတယ်..
ငါ့ဆံနွယ်တွေထဲက…
ပန်းနဲ့လိပ်ပြာ ရန်ဖြစ်နေကြတယ်လေ်..။

အိုး……..
တိုးတိတ်စွာနေပေးကြစမ်းပါ…
ဟိုး……
အစိုးမရတဲ့ ပင်လယ်ထဲမှာ ဂီတနဲ့ ကျောက်ခဲ
ရောယှက်လို့ ကျောက်တန်းရေလယ် ဖန်တီးနေကြတယ်..
ငါ…လျှောက်ခွင့်ရှိနိုင်မလား….။

အက်ကွဲတဲ့ ခြေဖ၀ါးတွေ…
ဆားငန်ရေနဲ့ထိလို့ ကျိမ်းစပ်.. သွေးမတ်တပ်ရပ်ကြလို့
ငါ့သွေးတွေနဲ့ ခင်း၊ ပင်လယ်ထဲက ပန်းမုန်တိုင်းတွေကိုနင်း
ရေလယ်က ပွင့်နေတဲ့ ပုလဲပန်းတစ်ပွင့်ဆီ
ငါလျှောက်သွားကြည့်မိတယ်။

ကျောက်တန်းတွေ တစ်ဖက်တစ်ချက်ဆီက
ငုံအာလို့ပွင့်လာတဲ့ ပုလဲပန်းတွေရဲ့
တိုးလျှိုးသံ၊
တောင်းပန်သံ၊
အော်ဟစ်သံ၊
လှောင်ပြောင်သံ၊
ငိုညည်းသံ၊
အားးးးးးးး
ငါမကြားပါရစေနဲ့။
ခရီးဆုံးတော့ လှမ်းလျှောက်ခွင့်ပေးပါ။

ကောင်းကင်ပြိုတော့မယ်။
လှုပ်ခါယိမ်းတဲ့ ကျောက်တန်းတလျှောက် ငါ့ခြေတွေ ယိုင်လဲတော့မယ်
ပန်းပုလဲတွေရဲ့ အော်ဟစ်သံတွေ သွေးပျက်သံတွေ။
ငါ့လက်တွေကို ချည်နှောင်ထားပါ
ငါ ကောက်မကိုင်မိအောင်….
ဖြူစင်မှုပေါ်ကို ညစ်နွမ်းမှုတွေ မစွန်းထင်းစေချင်လို့
ငါ့လက်တွေကို ကြိုးတုပ်..၊ ဒါမှမဟုတ်
ကောင်းကင်က သန့်ရှင်းခြင်းမီးနဲ့ ပူဇော်ကြ
ငါ………မလှပတော့ဘူး..။

ပန်းပုလဲရေ…..။
ငါထားသွားတော့မယ်..။ ငါ…..နှုတ်ဆက်တော့မယ်..။
နှုတ်ဆက်ခြင်းဟာ အမုန်းမဟုတ်ဘူးဆိုတာကို…
ပင်လယ်ထဲက နတ်နန်းကြီးတစ်ခုဆီကတောင် တေးသံနဲ့ခင်း
မင်းကို ရှင်းပြနေတယ်လေ…။
ငိုသံတိတ်လို့…..ခပ်ဆိပ်ဆိပ်နဲ့ နားထောင်ကြည့်စမ်းပါ။

ဟော..
ပင်လယ်ပြင်က ငိုကြွေးခြင်းဂီတတွေနဲ့
ငါ့ကို အော်ဟစ်ကြိုဆို..
ငါ……ဘ၀အိုသည်ထိ.။
မထိခဲ့တဲ့ ဒီပန်း……
ထာဝရ လန်းပါစေလို့
ဆုတောင်းပေးခဲ့မယ်…။

ဟော……..
ကျောက်တောင်ပြိုသံတွေနဲ့အတူ
ကောင်းကင်က သန့်ရှင်းခြင်း မီးတောက်တွေ
ငါဆီကို အရှိန်အဟုန်ပြင်းပြင်းနဲ့
သက်ဆင်းလာကြပြီ…..
ငါ…..
နှုတ်ဆက်တော့မည်။

6 comments:

demo said...

ကောင်းကင်ပြိုတော့မယ်။
လှုပ်ခါယိမ်းတဲ့ ကျောက်တန်းတလျှောက် ငါ့ခြေတွေ ယိုင်လဲတော့မယ်
ပန်းပုလဲတွေရဲ့ အော်ဟစ်သံတွေ သွေးပျက်သံတွေ။
ငါ့လက်တွေကို ချည်နှောင်ထားပါ
ငါ ကောက်မကိုင်မိအောင်….
ဖြူစင်မှုပေါ်ကို ညစ်နွမ်းမှုတွေ မစွန်းထင်းစေချင်လို့
ငါ့လက်တွေကို ကြိုးတုပ်..၊ ဒါမှမဟုတ်
ကောင်းကင်က သန့်ရှင်းခြင်းမီးနဲ့ ပူဇော်ကြ
ငါ………မလှပတော့ဘူး..။ << ဒီအပိုဒ်ကို အကြိုက်ဆုံးပဲ..
ဘာလို့ ဒီလောက်တောင် စာရေးတတ်တာလဲ.. ရင်ထဲမှာ တစ်မျိုးဖြစ်သွားပြန်ပြီ..

ဂျစ်တူး - gyit_tu said...

း( ဂျစ်ကို နှုတ်မဆက်ပါနဲ့....

ဂျစ်တူး - gyit_tu said...

ခုန ပြောဖို့မေ့.. မလေး ဒီကဗျာက တခြားရေးးတာတွေနဲ့ မတူဘူး ။ ဒါပေမယ့် အရမ်း ထိတယ်.. စာသားတွေက ။

ဒီဝိုင်း said...

အရမ်းလှပါတယ်…
စကားလုံးရွေးချယ်မှုတွေ
ခံစားချက်တွေ
သနားစရာကောင်းတဲ့ ပုလဲပန်းတွေ….
ပင်လယ်ဂီတတွေ…
ကောင်းကင်ကဆင်းသက်လာတဲ့ သန့်ရှင်းခြင်းမီးတောက်တွေ…
ကျွန်တော့်
ဘယ်ဘက်ကမ်းခြေကို
တဝုန်းဝုန်းရိုက်ခတ်သွားတယ်…
အရမ်းလှပါတယ်…

Tesla said...

ဝိုး ၀ိုး ၀ိုး .. အသစ်ပါလား မအိမ့်ရ. ကြိုက်နှစ်သက်မိပါတယ်. ဒီလိုခံစားပေးခဲ့ပါတယ်-

ပင်လယ်ရေ က သောက်လို့ရပေမဲ့ အောင်ဆီဂျင် မထုတ်ပေးနိုင်တော့လည်း အာဂေါင်ချောက်ကပ် လို့ ရေငတ်ခဲ့ရတာ ငါ့မှာ တ၀ုန်းဝုန်း လှိုင်းသံတွေကို ပဲ သောက်နေမိခဲ့ပေါ့.

လိပ်ပြာရယ် အဲ့ဒီလက်ဖ၀ါးက ကြမ်းတမ်းလွန်းတော့
မင့်အမိန့်ကိုပဲ နာခံမိတယ်. ငါ့ ဆံနွယ်တွေ ထဲက ရုန်းထွက်ပြီးတဲ့ အခါမှသာ ပန်းတွေနဲ့ ပြန်လည်ပျော်မွှေ့နေခဲ့ကြပါတော့.

ရှူး...
ငါ့အတွက် မေတ္တာတရား က ဟောဟိုနားမှာ.
ကြည့်စမ်း ပင်လယ်သံစဉ်တွေက ကျောက်တုန်းတွေကို တလိမ့်လိမ့် သယ်လာပြီး ရေပြင်ပေါ်မှာပဲ တံလျှပ်တစ်ခုလိုခင်းပြခဲ့တယ်. ငါလျှောက်လှမ်းလိုက်တော့မယ်ကွယ်.

ဘယ်လောက် ဆိုးလိုက်တဲ့လမ်းလည်း
ကုန်းပေါ်က တံလျှပ်ကမှ ခြောက်ကပ်ကပ်နဲ့ ဆိုပေမဲ့.
ငါ့အတွက် မျှော်လင့်ချက် လိုမျိုးကို အသက်ဆက်ပေးနိုင်ခဲ့သေးတယ်.
အခုတော့ မိစ္ဆာဆိုးတွေလို တ၀ီဝီခြောက်လှန့်နေကြတာများ
အားရကျေနပ် ရီသွမ်းလှောင်မော မာယာသံနှောနေတဲ့ အတွေးတွေ ငါသွေးပျက်ပါစေ ဆိုတဲ့ စိတ်ထားမျိုးတွေနဲ့လေ..

ငါ့ရဲ့အင်အားက ဘယ်နားမှာလည်း.
ဟော့..
ငါ့ကိုဖေးမမဲ့သူက ကောင်းကင်ထဲကပြိုကျလာတယ် ငွေ့ရည် အဖြစ်ပြောင်းပြီး ငါ့ကို သယ်ဆောင်သွားပေးမယ်တဲ့.
နုတ်ဆက်ခဲ့ပါတယ် ပန်းပုလဲရယ်..
မင်း လန်းလန်းဆန်းဆန်း ကျန်နေခဲ့ဘို့အတွက်ကောပေါ့
ငါပဲ. လောင်ကျွှမ်းလိုက်တော့မယ်..။

အရမ်းကောင်းတဲ့ ကဗျာလို့ ထပ်ပြောပါတယ်.. မအိမ့်ရဲ့ ကဗျာလေးကြောင့် ဒီနေ့အတွက် အနုပညာ အဟာရ လုံလောက်စွာနဲ့ ပဲ ပြည့်စုံခဲ့ပါတယ်. ကျေးဇူးတင်ပါတယ်. :)

eithu said...

ဒီကဗျာလေးရောပဲ .. သိပ်လှတာပဲ ..
ခုမှ ဖတ်မိတယ် ..

LinkWithin

Related Posts Plugin for WordPress, Blogger...