မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, July 31, 2007

ဆင်ပစ်ခြင်း

မြန်မာပြည်အောက်ပိုင်းမှ မြို့လေးတစ်မြို့ဖြစ်သည့် မော်လမြိုင်မြို့လေးတွင် ပုလိပ်အရာရှိတစ်ယောက် အနေနှင့် ကျွန်တော် တာဝန်ကျနေသော ကာလများတွင်ဖြစ်သည်။ မြို့ခံလူတွေ၏ ဥရောပတိုက်သားများအပေါ်တွင် ထားရှိသည့် ခါးသက်သက် အမုန်းတရားများကို ကျွန်တော် ခံစားနေခဲ့ရသည်။ မြို့ခံများက သူတို့၏ အမုန်းများကို ထုတ်ဖော်ပြသည့် အနေနှင့် လူဖြူအမျိုးသမီးတစ်ဦးတစ်လေ ဈေးထဲမှာ တစ်ယောက်ထဲ လျှောက်သွားဖြစ်သည့် အခါများတွင့် ပါးစပ်အတွင်းမှ ကြံရည်နှင့် ထိုအမျိုးသမီး၏ ဂါဝန်ပေါ်သို့ ပြစ် ကနဲမြည်အောင် ထွေးထုတ်တတ်ကြသည်။ နယ်ချဲ့ အုပ်ချုပ်သူ လူတန်းစားအတွင်းထဲက ကျွန်တော့်ကိုလဲ အခွင့်သာလျှင်သာသလို မကြားတကြား စောင်းမြောင်းပြောဆို၊ အရှက်ခွဲတတ်ကြသေးသည်။

ဘောလုံးကန်သည့်အခါများတွင် တစ်ဖက်လူက မသိမသာခြေထိုးလို့ ကျွန်တော် မှောက်လျက်လဲသည့်အခါများတွင် ကွင်းလယ်ဒိုင်က မမြင်ဟန်ဆောင်က အခြားတစ်ဘက်သို့ ကြည့်နေတတ်သလို၊ ပရိတ်သတ်က အုန်းအုန်းကြွက်ကြွက်ညံအောင် ရယ်မောတတ်ကြသည်။
ထိုသို့ မကြားတကြား စောင်းမြောင်းပြောဆိုခြင်းများက သူတို့၏ မုန်းတီးမှုများ၊ ခံစားချက် အစစ်အမှန်များကို ဆန္ဒပြပွဲများ အနေနှင့် ပွင့်လင်းစွာ ထုတ်ဖော်မပြရဲကြခြင်းများ၏ ပြယုဒ်များသာဖြစ်သည်။ ကျွန်တော်မလှမ်းမကမ်းရောက်သွားမှ ထိုလူဝါများက ထိုးကွင်းထကာ စောင်းမြောင်းပြောဆိုခြင်းများက ကျွန်တော့ကို စိတ်အနှောက်အယှက်ဖြစ်စေသည်။ အဆိုးတကာ့အဆိုးဆုံးက ရဟန်းပျိုများပင်ဖြစ်သည်။ ကျဉ်းမြောင်းလှသည့် သည်မြို့ကလေးမှာ ရဟန်းပျို ဦးရေက ထောင်နှင့်ချီရှိသည်။ ထိုရဟန်းပျိုများသည် တစ်နေကုန် ဘာအလုပ်မျှ မလုပ်ပဲ လမ်းထောင့်များတွင်ရပ်ကာ ဥရောပတိုက်သားများကို လှောင်ပြောင် ပြက်ရယ်ပြုနေတတ်သည်။

တစ်ကယ်တော့ ကိုလိုနီနယ်ချဲ့စနစ်ကို တိတ်ဆိတ်စွာ ရွံ့မုန်းနေသည့် ကျွန်တော့ အဖြစ်ကိုတော့ မည်သူမျှသိမည်မထင်။ မြန်မာလူမျိုးတွေဘက်မှနေ၍ အုပ်ချုပ်သူလူတန်းစားများကို သီအိုရီနည်းအရကော၊ ထုတ်ဖော်မပြ၀ံ့သည့် တိုးတိတ်မှု တစ်ခုအနေနှင့်ပါ ဆန့်ကျင်နေခဲ့သည့် ပညာအဆင့်အတန်း သိပ်မမြင့်မားသည့် ပုလိပ် အရာရှိတစ်ယောက်အနေနှင့်သာ ကျွန်တော်၏့ နေ့ရက်များကို မော်လမြိုင်မြို့လေးတွင် ကုန်ဆုံးစေခဲ့သည်။ ကိုလိုနီအင်ပါယာ၏ ယုတ်မာမှုများကို အနီးကပ်မြင်တွေ့နေရသည့်အတွက်လဲ ခါးသည်းစွာ ပိုလို့မုန်းတီးနေခဲ့မိသည်။ ကျဉ်းမြောင်းနံစော်လှသော အချုပ်ခန်းအတွင်းမှ ပိန်လိန်ခြောက်ကပ်နေသော မြန်မာများ၏ မျက်နှာများ၊ အ၀တ်မပါသည့် တင်ပါးကို ကြိမ်လုံးနှင့် ရိုက်နှက်ခံထားရ၍ အမာရွတ်များပွထနေသော အချုပ်သားများကို မြင်တိုင်း အပြစ်ရှိသလို အမြဲခံစားနေခဲ့ရသည်။ ကျွန်တော့်လိုပဲ ပညာအဆင့် သိပ်မမြင့်သည် အင်ပါယာ၏ အလယ်အလတ်တန်းစားများ၏ ရင်ထဲတွင်လဲ ထိုကဲ့သို့ပင် ခံစားနေရမည်ထင်သည်။ ကျွန်တော်တို့အားလုံးသည် အင်ပါယာကြီး တိတ်တဆိတ်ကျဆုံးနေသည်ကိုလဲ မသိခဲ့ကြ။ ဗြိတိသျှ-အိန္ဒိယ အင်ပါယာကြီးသည် အဆုံးမရှိသော၊ အဖိနှိပ်ခံလူတန်းစားများကို ဦးချိုးထားသော အာဏာရှင်စနစ်တစ်ခု။ ထိုစနစ်ကို ရွံမုန်းခြင်း၊ လက်အောက်ခံတိုင်းပြည်အတွင်းမှ တိုင်းသူပြည်သားများနှင့် ဆက်ဆံရသည်မှာ လက်ပေါက်ကပ်ခြင်း၊ တစ်ခါတစ်ရံ ရဟန်းရှင် တစ်ဦး၏ ၀မ်းဗိုက်တွင်းသို့ လှံစွပ်ဖြင့်ထိုးသတ်လိုစိတ်များ ဖြစ်ပေါ်လာခြင်းများကို နေ့စဉ်နှင့် အမျှ ခံစားကြုံတွေ့နေရသည်။ သည်အရာများသည် ကိုလိုနီနယ်ချဲ့စနစ်၏ ဘေးထွက်ပစ္စည်းများဖြစ်သည်ဟု ကျွန်တော်ထင်သည်။ အခြားအင်ဂလို-အင်းဒီးယန်းများလဲ ကျွန်တော့်ကဲ့သို့ပင် ခံစားရမည်ကို တပ်အပ်ပြောနိုင်သည်။

ထိုနေ့က မော်လမြိုင်မြို့လေးတွင် သေးငယ်သော အဖြစ်အပျက်လေးတစ်ခု ဖြစ်သွားသည်။ ကြီးမားသည့်အရာ တစ်ခု မဟုတ်ပေမယ့် ကိုလိုနီစနစ်၏ အခြေအနေမှန်ကို ဖော်ကျူးလိုက်နိုင်သော၊ အာဏာရှင်စနစ်၏ ရည်ရွယ်ချက်အစစ်အမှန်တစ်ခုကို ကန့်လန့်ကာလှစ်ကာ တစ်စိတ်တစ်ပိုင်း မြင်သာစေသော နေ့ဖြစ်သည်။ ထိုနေ့ နံနက်စောစောက မြို့တစ်ဘက်ခြမ်းရှိ နယ်မြေပုလိပ်အရာရှိက ဈေးထဲတွင် ဆင်တစ်ကောင် သောင်းကျန်းနေသည်ဟု ဖုန်းဆက်၍ သတင်းပေးလာသည်။ လာရောက်ဖြေရှင်းပေးရန် ပြောသဖြင့် ၀င်ချက်စတာ ပွိုင့်လေးဆယ့်လေး ရိုင်ဖယ်သေနတ်ကိုဆွဲပြီး မြင်းတစ်ကောင်နှင့် မြို့တစ်ဖက်ခြမ်းသို့ ခရီးနှင်ခဲ့သည်။ သေနတ်ကိုင်၍ ထွက်ခဲ့သော်လည်း ဆင်ကိုသေနတ်နှင့် ပစ်ရန် မရည်ရွယ်၊ ခြောက်လှန့်ရုံလောက်အနေနှင့်သာ သေနတ်ဆွဲ၍ ထွက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဒီသေနတ်က ဆင်သေနိုင်လောက်အောင် အစွမ်းထက်သော သေနတ်လဲမဟုတ်။

လမ်းမှာတွေ့သမျှ နယ်ခံများက ဆင်အကြောင်း တစ်ယောက်တစ်ပေါက် ပြောပြကြသည်။ သည်ဆင်က တောဆင်ရိုင်းတစ်ကောင်မဟုတ်။ မုန်ယိုနေသော ဆင်ယဉ်တစ်ကောင်သာဖြစ်သည်။ မုန်ယိုနေသဖြင့် သံကြိုးနှင့် ချည်ထားသော်လည်း ညက သံကြိုးကို ဖြတ်တောက်ထွက်ပြေးသွားသည်ဟုဆိုသည်။ ဆင်ထိန်းကလဲ ခရီးလွန်နေသဖြင့် ၁၂နာရီကွားဝေးသည့် အရပ်ဒေသတစ်ခုတွင် ရောက်နေသည်ဟု သတင်းရသည်။ နယ်ခံများတွင် လက်နက်ကိရိယာ တစ်စုံတစ်ခု မရှိသောကြောင့် ဆင်၏ ရန်ကို မကာကွယ်နိုင်ကြ။ လောလောဆယ်တော့ ထိုဆင်ကြောင့် ၀ါးအိမ်တစ်အိမ် ပြားချပ်သွားသည်။ နွားတစ်ကောင်သေဆုံးသွားသည်။ မြို့တွင်းက ကုန်စိမ်းဆိုင်တစ်ဆိုင်ကိုမှောက်လှန်ကာ ဟင်းသီးဟင်းရွက်များ၊် အသီးအနှံများကို စားသောက်သွားသည်။ မြူနီစပယ်ပိုင် အမှိုက်ကားကို မှောက်ရန်ကြိုးစားသဖြင့် ကားမောင်းသူက ဖနောင့်နှင့်တင်ပါး တစ်သားထဲကျအောင် ထွက်ပြေးသွားသည့် အချိန်တွင်တော့ အမှိုက်ကားကို စိတ်ရှိတိုင်း မွေ့ယမ်းနေခဲ့သည်ဟု ဆိုကြသည်။

ထိုနေ့က မိုးဦးကျစမို့ မိုးရိပ်မိုးငွေ့နှင့် အိပ်စပ်စပ်ဖြစ်နေသည်။
ဆင်သောင်းကျန်းသွားသည်ဆိုသော ကွာတားကိုရောက်သည့်အခါတွင် မြန်မာလက်ထောက် အင်စပက်တာများနှင့် အိန္ဒိယရဲတပ်ဖွဲ့ဝင်အချို့ ကျွန်တော့အားစောင့်နေသည်ကို တွေ့ရသည်။ ကွာတားက အုန်းလက်မိုး၊ အုန်းလက်ယက် ၀ါးတဲတဲသာသာ သာဖြစ်သည်။
အနီးအနားရှိ လူများကို အနည်းငယ်မေးစမ်းသည့်အခါတွင်လဲ ထုံးစံအတိုင်း ဘာမှ တိတိကျကျ အဖြေမပေးနိုင်ကြ။ ဒါတွေကလဲ အရှေ့တိုင်းတွေမှာ ကြုံလေ့ရှိသည့်အရာတစ်ခု။ အကြောင်းအရာ အဖြစ်အပျက်တစ်ခုသည် အဝေးမှကြားရလျှင် တိကျပြတ်သားနေတတ်ပြီး၊ အနီးရောက်လာလေလေ မတိကျ၊ မပြတ်သား၊ေ၀၀ါးသွားလေလေဖြစ်သည်။ လူအချို့က တောင်ဘက်သို့ ဆင်ထွက်သွားသည်ဟုဆိုသည်၊ အချို့ကလဲ မြောက်ဘက်သို့ ဦးတည်သွားသည်ဟုဆိုသည်၊ အချို့ကတော့ ကနေ့အဖို့ ဘယ်ဆင်အကြောင်း ဘာမှတောင် မကြားသေးဟုဆိုသည်။

ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှ အော်သံအချို့ကြားလိုက်ရပြန်သည်။ ဘာအလိမ်အညာတွေများ ပေါ်လာပြန်ပြီလဲဟု စိတ်ထဲမှတွေးလိုက်မိသည်။
“သွားစမ်း.. ဒီကလေးတွေ၊ ထွက်သွားကြစမ်း၊ ဒီနားမလာကြနဲ့”
အော်သံနှင့်အတူ၊ တဲနောက်မှ အ၀တ်မပါ လုံးတီးကလေးလေးများပြေးထွက်လာသည်။ သူတို့၏နောက်မှ မိန်းမတစ်ဦးကလဲ ကြိမ်လုံးတယမ်းယမ်းနှင့် ကလေးများကို မမြင်သင့်သည်ကို မမြင်လိုဟန်နှင့် ကြမ်းတမ်းစွာ မောင်းထုတ်အော်ဟစ်ရင်း ပြေးလိုက်လာသည်။ ထိုမိန်းမနောက်မှလဲ အခြားမိန်းမများက စုတ်တသပ်သပ်နှင့် ရင်ဘတ်ဖိလျှက် ထပ်ကြပ်မကွာ ပြေးလိုက်လာကြသည်။ တဲများနောက်ဘက်သို့ ပတ်ကြည့်သောအခါ ရွံ့ထဲတွင် အကျီ င်္ဗလာနှင့် လဲကျသေဆုံးနေသော ဒရာဗေးယီးရန်းနွယ်ဝင် အိန္ဒိယ ကူလီတစ်ယောက်ကို တွေ့လိုက်ရသည်။ ဆင်က ထိုကူလီနောက်မှ ရုတ်တရက်ပေါ်လာပြီး နှာမောင်းနှင့် ရစ်ပတ်မြှောက်ချီ၊ မြေပြင်ကိုပစ်ချပြီး ခြေနှင့်နင်းသတ်သွားသည်ဟု ဆိုကြသည်။ မိုးရာသီမို့ စိုစွတ်နေသော မြေပြင်ထဲတွင် ကူလီ၏ကိုယ်ခန္ဓာက မြုပ်ဝင်လျှက်၊ လည်ပင်းလိမ်လျှက် ဝေဒနာခံစားလျှက် သေဆုံးသွားသည့် ထိုသူ၏ မျက်နှာကိုမြင်လိုက်ရသည်။ ထိုသူ၏ ကျောကုန်းပေါ်က အရေခွံကလဲ ဆင်ခြေထောက်ဒဏ်ကြောင့် အရေခွံကွာနေခဲ့သည်။ ဤမြင်ကွင်းကို မြင်လိုက်သည်နှင့် အခြေအနေမဟန်မှန်းသိလိုက်သဖြင့် ကောင်လေးတစ်ယောက်ကို သူငယ်ချင်း၏ ရိုင်ဖယ်သေနတ်ကို သွားယူခိုင်းလိုက်သည်။ ဆင်နံ့ရလို့လန့်ပြီး ကျွန်တော့ကို သူ့ကျောကုန်းပေါ်မှ ခါချမည်ကို ကြိုတင်တွေးထားမိလို့လဲ ကျွန်တော်၏ မြင်းကိုပါ တစ်ပါတည်း အိမ်ပြန်ပို့ခိုင်းလိုက်သည်။

သေနတ်သွားယူသောကောင်လေး မိနစ်အနည်းငယ်အကြာတွင် ရိုင်ဖယ်သေနတ်၊ ကျည်ကပ် ငါးကပ်ဖြင့် ပြန်ရောက်လာသည်။ ထိုအချိန်တွင် ကိုက်အနည်းငယ်ကွာဝေးသော စပါးခင်းထဲတွင် ဆင်ရှိနေသည်ဟု လူအချို့ကပြောလာသည်။ ကျွန်တော် စပါးခင်းဘက်သို့ ခြေဦးလှည့်လိုက်သည်။ သေနတ်ကို ပုခုံးပေါ်ထမ်း၍ ဆင်ရှိရာ စပါးခင်းဘက်သို့ ထွက်လာသော ကျွန်တော်၏နောက်တွင် လူအုပ်ကြီးက ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။ သူတို့၏ တဲအိမ်များကို ခြေဖျက်ခဲ့သည့်တိုင် ဆင်ကို သိပ်စိတ်ဝင်စားပုံမပြသော လူအုပ်ကြီးက ကျွန်တော် ဒီဆင်ကို သတ်တော့မည်ဟူသော ယူဆချက်နှင့် ရုတ်တရက် စိတ်လှုပ်ရှားတက်ကြွနေတော့သည်။ ဆင်သားလဲ စားရတော့မည်ဟု မျှော်လင့်နေကြပုံရသည်။ တကယ်တော့ ရိုင်ဖယ်ကိုင်လာသည်မှာ ဆင်ကိုပစ်သတ်ရန်ထက် တစ်စုံတစ်ခုဆိုရင် ကိုယ့်ကိုကိုယ် ကာကွယ်ရန်ဖြစ်သည်။

တဲအိမ်တန်းအောက်ခြေက ကျောက်တုံးကျောက်ခဲ အပိုင်းအစတွေနဲ့ ဖို့ထားသော လမ်းလေးအတိုင်း စပါးခင်းဘက်ကို လျှောက်လာခဲ့ကြသည်။ မိုးတစ်ပြိုက်နှစ်ပြိုက် ရွာချထား၍ စိုစွတ်နေသော၊ မထွန်ယက်ရသေးသော၊ စပါးခင်းအလယ်မှာ မြက်စားနေသော ဆင်ကို တွေ့လိုက်ရသည်။ ဆင်၏ ဘယ်ဘက်ခြမ်းကို ကျွန်တော်မြင်နေရသည်။ ဆင်က မြက်များကို နှာမောင်းနှင့် ရစ်ပတ်၍ ဒူးဆစ်နှင့် တစ်ချက်နှစ်ချက်ရိုက်ကာ ပါးစပ်တွင်းသို့ ဟန်ပါပါသွင်းလိုက်သည်။ လူအုပ်စုကြီး သူ့အနားကပ်လာသည်ကိုတော့ သတိပြုမိပုံမပေါ်။ ငြိမ်သက်စွာ မြက်စားနေသည်။ စိတ်ကြမ်းများလဲ ငြိမ်ကျသွားပုံရသည်။ ဆင်ထိန်းရောက်လာလျှင်တော့ အသာတကြည် အိမ်ခေါ်သွားနိုင်လောက်မည်။ ထို့ကြောင့် အခြေအနေကို အသာတကြည် စောင့်ကြည့်နေတော့မည်ဟု ကျွန်တော် ဆုံးဖြတ်ချက် ချထားသည်။ ရွာသားများတွက် အလုပ်လုပ်ပေးနေသော ဆင်၊ မုန်ယိုနေသော ဆင်ယဉ်တစ်ကောင်ကို ပစ်သတ်ခြင်းမှာ တန်ဖိုးရှိသော၊ ကြီးမားသည့် ယန္တရားတစ်ခုကို ဖျက်ဆီးပစ်ခြင်းကဲ့သို့ပင်ဖြစ်ပေမည်။

ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ လမ်းတစ်ဖက်တစ်ချက်မှာ လူအုပ်စုက တဖြည်းဖြည်း များလာသည်။ လူဝါများ၏ မျက်လုံးအစုံပေါင်း နှစ်ထောင်ခန့်က ပျော်ရွှင်၊ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသော အရိပ်အယောင်များ ယှက်သန်းနေသည်။ ကျွန်တော့်ကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့သော သူတို့၏ မျက်လုံးများက ယခုတော့ အစွမ်းပြတော့မည့် မျက်လှည့်ဆရာတစ်ယောက်ကို ရွှန်းရွှန်းစားစားကြည့်ပုံမျိုးနှင့် ကြည့်နေကြသည်။ ဒီဆင်ကို ကျွန်တော် သတ်ရတော့မည်။ ကျွန်တော် လုံးဝမသတ်ချင်သော်လည်း လူအုပ်ကြီး၏ တွန်းအား၊ ဖိအားကို ကျွန်တော် မတွန်းလှန်နိုင်။ ကိုယ်လုပ်ချင်သည်အရာထက်၊ လူတွေ၏ ဆန္ဒနောက်သို့ ကျွန်တော်လိုက်ရတော့မည်။

ယခုအချိန်တွင် ကျွန်တော်သည် သူတို့ကို အုပ်ချုပ်နေသူ၊ သေနတ်ကိုင် လူဖြူအာဏာရှင်တစ်ဦးမဟုတ်တော့။ ထိုလူအုပ်ကြီး၏ ကြိုးဆွဲရာနောက်ကို လိုရာယိမ်းကနေရသော ရုပ်သေးရုပ်တစ်ရုပ် ဖြစ်မှန်းမသိဖြစ်နေပြီ။ လက်နက်မဲ့ သော ပြည်သူတွေရှေ့မှ မားမားမတ်မတ်ရပ်နေသော သေနတ်ကိုင်ထားသူ အုပ်ချုပ်သူ လူဖြူတစ်ယောက်၏ အဆန်မရှိမှု၊ တန်ဖိုးမဲ့မှုကို ခံစားနေရသည်။ သူတပါးကို သေနတ်ကိုင်ပြီး အတင်းအကျပ် နိုင်လိုမင်းထက် အုပ်ချုပ်ခြင်းသည် မိမိပိုင်ဆိုင်ရမည့် လွတ်လပ်ခွင့်တွေကိုလဲ မိမိကိုယ်တိုင် အသေသတ်နေခြင်းပင်ဖြစ်လိမ့်မည်။ ဆာဟိဘ် ဟုသာ အခေါ်ခံနေရသော်လည်း တကယ်တမ်းတော့ ကျွန်တော်တို့ လူဖြူဆာဟိဘ်များသည် နယ်ချဲ့စနစ်၏ အဆန်မရှိ ဟန်ပြအရုပ်များသာဖြစ်သည်။ မတန်မရာ မျက်နှာဖုံးကို စွပ်လျှက်၊ မျက်နှာဖုံးအလိုက် မျက်နှာကို လိုက်ပြောင်းလဲစေလာရသော၊ နယ်ခံလူတွေအကြိုက်ကိုလဲ အလျှင်းသင့်သလို လိုက်နေရသော သူများ ဖြစ်မှန်းမသိ ဖြစ်လာရသည်။

လူအုပ်ကြီးက ဆင်ကိုပစ်သတ်စေချင်နေပေမယ့် ကျွန်တော် မသတ်ဝံ့။ ဆင်ကလဲ အဘွားအိုတစ်ယောက်၏ ညင်သာပုံမျိုးနှင့် မြက်ခြောက်များကို စားနေသည်။ ကလေးဘ၀ထဲက အသဲငယ်တတ်သူ တစ်ယောက်မဟုတ်ခဲ့သော်လည်း တကယ်တမ်း သတ်ဖြတ်ရမည်ဆိုတော့လဲ လူတို့၏ သဘာဝအတိုင်း အကောင်ကြီးလျှင် မသတ်ဝံ့။ ဒီဆင်၏ တန်ဖိုးမှာ ယခုချိန်ပေါက်ဈေးနှင့်ဆိုလျှင် အနည်းဆုံး ပေါင် ၁၀၀ တန်မည်။ ဆင်သေကတော့ တန်ဖိုးရှိမည်မဟုတ်။ အစွယ်တွက်သာ ၅ပေါင်လောက်သာ တန်တော့မည်။

ကျွန်တော်ပတ်ဝန်းကျင်ကို ဝေ့၀ိုက်ကြည့်လိုက်သည်။ ဆင်အကြောင်း သိနိုင်သော လူအချို့ကို အခြေအနေ မေးစမ်းကြည့်လိုက်သည်။ ဆင်က သူ့အနားကပ်လျှင် ရန်လိုနိုင်သည်၊ ဆင်နားမကပ်ဘဲ ဒီအတိုင်းထားလိုက်လျှင် သူ့ဘာသာနေနေလိမ့်မည်ဟု ဆိုကြသည်။ ဆင်ကို ဒီအတိုင်းထားလိုက်ပြီး ဆင်ထိန်းလာမှ အခြေအနေကြည့်ထိမ်းခိုင်းလိုသော ဆန္ဒရှိသော်လည်း၊ သေနတ်တစ်လက်လုံး ကိုင်လာပြီးမှ နောက်ပြန်လှည့်လျှင် နယ်ခံများ၏ တံတွေးခွက်တွင် ပက်လက်မျောဖွယ်ရာ ဖြစ်တော့မည်။ ဆာဟိဘ်တို့သည် တိကျပြတ်သားရမည်၊ ကိုယ် ဘာလုပ်မည်ကို ကိုယ်သိရမည်၊ မိမိကိုယ်ကို နားလည်ရမည်၊ သတ္တိရှိရမည်၊ ကျွန်တော့ကြောင့် တခြား လူဖြူဆာဟိဘ်များ သိက္ခာကျ ခံမည်လား။ ဆင်နားကပ်ပြီး ထိုးစစ်ဆင်လိုသည့် စိတ်ရှိ၊ မရှိကိုလဲ စမ်းသပ်၍ မဖြစ်။ အခန့်မသင့်၍ ထိုးစစ်ဆင်လာလျှင် မိုးဦးကျစမို့ ပျော့နေသော နွံထဲတွင် ခြေသလုံးမြုပ်ပြီး ထွက်မပြေးနိုင်ပါက ကူလီကဲ့သို့ ဒါမှမဟုတ် လမ်းကြိတ်စက်အောက်က ဖားအဖြစ်ကဲ့သို့ ဖြစ်သွားနိုင်သည်။ နယ်ခံများကလဲ သနားကြင်နာသည်ထက် လှောင်ပြောင်ရယ်မောကြလိမ့်မည်။ တစ်သက်လုံးလဲ ပြောစမှတ်ဖြစ်သွားနိုင်သည်။

တစ်နည်းသာ ရှိတော့သည်။
ကျည်ကပ်ကို ထည့်လိုက်ပြီး ၀မ်းလျားမှောက်လျှက် သေနတ်ကို ချိန်လိုက်သည်။ နယ်ခံများထံမှ ကျေနပ်သွားသော သက်ပြင်းချသံအချို့ကြားလိုက်ရသည်။ ကပွဲစတော့မည်မို့ ကန့်လန့်ကာအလှစ်မှာ ကျေနပ်သွားသော ပွဲကြည့် ပရိတ်သတ်ကဲ့သို့ပင်။ ဂျာမဏီပြည်ဖြစ် ရိုင်ဖယ်သေနတ်၏ လှပသေသပ်မှုကို သတိထားလိုက်မိသည်။ ထို့နောက်တွင်တော့ ဆင်၏ ဦးနှောက်နေရာကို ကျွန်တော်ချိန်ထားလိုက်သည်။

( ဒီလိုနဲ့ စာရေးဆရာက ဆင်ကို ဘယ်လို ပစ်သတ်လိုက်တယ်ဆိုတာကို အသေးစိတ်ရေးပါတော့တယ်။ ဆင်လေးခံစားနေရတာတွေ၊ ရွာသားတွေက ဆင်လေးဒဏ်ရာရနေတာတောင် (အသက်ရှင်နေသေးတာတောင်) ဓားတွေ၊ ပုဆိန်တွေနဲ့ ၀ိုင်းနေကြတွေကိုလဲ အသေးစိတ်ရေးထားပါတယ်။ အဲဒီနောက်ဆုံး လေးပိုဒ်ကို ယခုထိ အသေးစိတ် မဖတ်နိုင်သေးသောကြောင့် ဒီနေရာမှ စပြီး ဆုံးသွားတဲ့ အထိ ဘာသာမပြန်နိုင်တော့တဲ့ ကျွန်မကို နားလည်ပေးကြပါရှင်။)

George Orwell ၏ Shooting an Elephant ကို မြန်မာလို ဖတ်ချင်သူများအတွက် (အထူးသဖြင့် မြန်မာပြည်မှ သူငယ်ချင်းများ အတွက်) စေတနာသက်သက်ဖြင့် ဘာသာပြန်ပေးသည့် အခါတွင် အမှားအယွင်း၊ လိုအပ်ချက်၊ မူရင်းအာဘော်မှ ကွဲလွဲမှုများရှိပါက ကျွန်မ၏ တာဝန်သာဖြစ်ပါကြောင်း။


မှုရင်း အင်္ဂလိပ်လို ဖတ်လိုသူများ ဒီနေရာ သို့သွားပါရန်။

3 comments:

ဒီဝိုင်း said...

အခုလို ဖတ်လို့ကောင်းတဲ့ ဝတ္ထုတို အတွက် ဘာသာပြန်ကောင်းသူကို ကျေးဇူးအထူးပါ….

pandora said...

မလေးဘာသာပြန်တာ ပြေပြစ်လိုက်တာ.. ဇာတ်သိမ်းပိုင်းကို ဆရာပုက ဆက်ရေးမှာလား..

ပုထုဇဉ် - Puhtuzin said...

မအိမ့်ရေ… အားလုံး မေ့နေတဲ့အကြွေး လာဆပ်သွားပါတယ်။ အားလုံးနီးပါး ဘာသာပြန်ပြီးတာကတော့ ကြာပါပြီ၊ စက်တင်ဘာ မတိုင်ခင်ကတည်းကပါပဲ။ ပြီးတော့မှ မေ့သွားတာ။ အဲဒါ အခု အဆုံးသတ်ပြီး အကြွေးလာဆပ်ပါတယ်။


သေနတ် မောင်းခလုတ်ကို ကျွန်တော်ဖြုတ်လိုက်သောအခါ ဒိုင်းကနဲ မြည်သံကို မကြားလိုက်မိသလို သေနတ်ဒင်၏ နောက်ပြန် ကန်အားကိုလည်း မခံစားလိုက်မိပါ၊ ပစ်ချက် ထိသူတိုင်း ဤသို့ ဖြစ်စမြဲပင်။ သို့သော် လူအုပ်ကြီးထံမှ မကောင်းဆိုးဝါးကဲ့သို့ ၀မ်းသာအားရ အော်မြည်သံကြီးကိုမူ ကြားလိုက်ရသည်။ ဆင်ထံသို့ သေနတ်ကျည် မရောက်လောက်သေးဟု ထင်ရလောက်သည့် အချိန်တိုခဏ တဒင်္ဂလေး အတွင်း၌ပင် ဆင်သည် ထူးဆန်း ခြောက်ခြားဖွယ် ပြောင်းလဲသွားခဲ့လေသည်။ သူသည် လှုပ်လှုပ်ရှားရှား ဖြစ်မသွားသလို လဲ၍လည်း ကျမသွားပါ၊ သို့သော် သူ့ခန္ဓာကောက်ကြောင်း အားလုံးမှာ ပြောင်းလဲသွားပါတော့သည်။ သူသည် တမဟုတ်ချင်း ဒုက္ခိတ ဖြစ်သွားသယောင်၊ သေးငယ်ကျုံ့ဝင် သွားသယောင်၊ အလွန်အမင်း အိုမင်းရင့်ရော် သွားသယောင် ထင်ရသည်။ ကျည်ဆံ၏ ကြောက်မက်ဖွယ် ထိမှန်အားကြောင့် လဲကျ မသွားသော်လည်း မလှုပ်မယှက် ဒုက္ခိတဘ၀ ရောက်သွားသကဲ့သို့ပင်။ နောက်ဆုံးတွင် ဆင်သည် အားပျော့ ညင်သာစွာ ဒူးထောက် ထိုင်ကျ သွားလေတော့သည်၊ ဤသို့ ဒူးထောက်သွားဖို့ အချိန်အတော်ကြာသည်ဟု ထင်ရသည်၊ ငါးစက္ကန့်မျှပင် ကြာမည်ဟု ကျွန်တော် ပြောရဲပါသည်။ သူ့ပါးစပ်တွင်းမှ သွားရည်များ စီးကျနေပြီး၊ ဤဆင်၏ သက်တမ်းမှာ နှစ်ပေါင်း တစ်ထောင်မျှ ရှိသည်ဟု ထင်ရလောက်အောင် အကြီးအကျယ် အိုစာ သွားလေသည်။ အရင်ပစ်ခဲ့သည် နေရာကို ကျွန်တော် ထပ်ပစ်လိုက်သည်။ သူသည် ယခုဒုတိယ တချက်တွင် ပြိုလဲမသွားဘဲ မချိမဆန့်ဖြင့် ဖြည်းဖြည်းချင်း ကုန်းထကာ ဒယိမ်းဒယိုင် ရပ်လိုက်သည်၊ ခြေထောက်များမှာ ပျော့ခွေလျက်၊ ဦးခေါင်းက ငိုက်စိုက်ကျလျက်။ တတိယအကြိမ် ကျွန်တော် ပစ်လိုက်ပြန်သည်။ ဤတကြိမ်မှာ သူ့ကို အဆုံသတ်သည့် ပစ်ချက်ပင် ဖြစ်တော့သည်။ ယခုတချက် ထိမှန်သည့် ဝေဒနာကြောင့် ဆင်ခန္ဓာတစ်ခုလုံး တုန်လှုပ်သွားပြီး သူ့ခြေထောက်များတွင် ကျန်နေသေးသည့် စွမ်းအင်အားလုံးလည်း နှုတ်ယူခံလိုက်ရပုံကို မြင်ရလေသည်။ သို့သော် သူလဲကျစဉ်တွင်ပင် ခဏတာ ထ လာသကဲ့သို့ ထင်လိုက်ရသေးသည်၊ နောက်ခြေထောက်များ ခွေကျသွားသည့် ဆင်ကြီးမှာ လဲယိုင်သွားသော ကျောက်ဆောင်ကြီးကဲ့သို့ မြင့်တက်လာသယောင် ထင်ရသောကြောင့် ဖြစ်ပါသည်။ ဆင်၏ ခန္ဓာမှာ သစ်တစ်ပင်လို ကောင်းကင်ကို ထိုးတက်နေသကဲ့သို့ပင်။

ကျွန်တော် မတ်တပ် ရပ်လိုက်သည်။ ဗမာများမှာ ကျွန်တော့်ကို ကျော်တက်၍ ရွှံ့ထဲတွင် အပြိုင်ပြေးနေနှင့်ပါပြီ။ သည်ဆင် ဘယ်တော့မှ ပြန်ထနိုင်မည် မဟုတ်ဆိုသည်မှာ သေချာသွားပြီ ဖြစ်သော်လည်း အသက်ကား မထွက်သေး၊ ရှည်လျားပြီး အငမ်းမရဖြစ်နေသည့် အသက်ရှုသံများဖြင့် စည်းချက်ကျကျ အသက်ရှုလျက်။ မြင့်မောက်နေသည့် သူ့နံဘေးမှာ ဒုက္ခကြီးစွာဖြင့် ဖောင်းလိုက် ပိန်လိုက် ဖြစ်နေ၏။ ပါးစပ်မှာ ဟောင်းလောင်း ပွင့်ဟနေပြီး ပန်းနုရောင် အာခေါင်း၏ အတွင်းပိုင်းထဲအထိ ကျွန်တော် လှမ်းမြင်နေရသည်။ သူအသက်ထွက်ဖို့ ကျွန်တော် အကြာကြီး စောင့်ခဲ့ပါသည်၊ သို့သော် သူ အသက်ရှုနေသံက အားနည်းမသွားပါ။ နောက်ဆုံးတွင် ကျွန်တော်သည် ကျန်ရှိနေသေးသော ကျည်နှစ်ချက်ကို ဆင်၏ နှလုံး ရှိမည်ဟု ထင်ရသော နေရာကို ချိန်ရွယ်၍ ပစ်လိုက်ပါတော့သည်။ ကတ္တီပါ အနီရောင်ရှိသည့် သွေးပျစ်ပျစ်များ စိမ့်ထွက်လာသော်လည်း အသက်ကား မသေသေး။ ကျည်မှန်သွားသည့်အခါ သူ့ခန္ဓာမှာ တုန်မျှပင် မသွားပေ။ ဒုက္ခကြီးစွာ အသက်ရှုနေခြင်းမှာလည်း တစ်ချက်မျှ မရပ်နား။ ဆင်သည် မချိမဆန့်ဖြင့် ဒုက္ခအကြီးအကျယ် ခံစားနေရပြီး ဖြည်းဖြည်းချင်း သေရွာသို့ သွားနေ၏၊ သို့သော် ထိုသို့ သေရွာသွားရာလမ်းမှာ ကျွန်တော် အလှမ်းမမီသော ကမ္ဘာတစ်ခုတွင် ရှိနေပြီး ကျည်ဆံတစ်တောင့်ကပင် သူ့ကို ထပ်၍ မနာကျင်စေနိုင်တော့ပါ။ ဤခြောက်ခြားဖွယ် အသက်ရှုသံကြီးကို အဆုံးသတ်ပစ်ရမည်ဟု ကျွန်တော် ခံစားလာရသည်။ လှုပ်ရှားဖို့လည်း ခွန်အားမရှိ၊ သေဆုံးဖို့ပင် ခွန်အားမရှိတော့သည့် ဤ လဲကျနေသော သားရဲကောင်ကြီးကို မြင်နေရသော်လည်း သူ့ကို လက်စတုံးပစ်လိုက်ရန်ပင် မတတ်သာသည့် အဖြစ်မှာ တုန်လှုပ်ခြောက်ခြားဖွယ် ဖြစ်ပါသည်။ ကျွန်တော်၏ မောင်းပြန်သေနတ် အသေးစားလေးကို ပြန်ယူခိုင်းလိုက်ပြီး ဆင်၏ နှလုံးနှင့် အာခေါင်ထဲသို့ တစ်ချက်ပြီး တစ်ချက် ပစ်လိုက်သည်။ ဤကျည်ချက်များမှာလည်း မည်သို့မျှ အရာထင်ပုံ မပေါ်ပါ။ မချိမဆန့် ခံစားနေရသော အသက်ရှုသံများမှာလည်း နာရီစည်းချက်ကဲ့သို့ မှန်မှန်ကြီး ထွက်ပေါ်နေဆဲပင်။

နောက်ဆုံး၌ ကျွန်တော် မည်သို့မျှ ခံနိုင်ရည် မရှိတော့သဖြင့် လှည့်ထွက်ခဲ့ပါတော့သည်။ နောက်ပိုင်းတွင် ကျွန်တော် ပြန်ကြားရသည်မှာ ဤဆင် သေဆုံးရန် နာရီဝက်ခန့် ကြာခဲ့သည် ဆို၏။ ကျွန်တော် ထွက်မသွားမီကပင် ဗမာများသည် ဓားများ၊ ခြင်းများ သယ်လာကြသည်။ မွန်းတိမ်းချိန်ခန့်တွင် သူတို့သည် ဤဆင်သေကောင်ကို အရိုးများသာ ကျန်သည်အထိ ဖျက်ပြီးကြောင်း သိရသည်။

ထင်သည့်အတိုင်းပင်၊ ဆင်ပစ်သည့် ဤအဖြစ်အပျက်အကြောင်း နောက်ပိုင်း၌ အတောမသတ် ဆွေးနွေးငြင်းခုံ ကြလေသည်။ ဆင်ပိုင်ရှင်မှာ ဒေါသအကြီးအကျယ် ထွက်သည်ဆို၏၊ သို့သော် သူမှာ အိန္ဒိယလူမျိုး တစ်ဦးသာဖြစ်၍ [မျက်နှာဖြူ ကိုလိုနီအရာရှိ ကျွန်တော့်ကို] မည်သို့မျှ မတတ်နိုင်ပါ။ ထို့အပြင် ဥပဒေအရဆိုလျှင် ကျွန်တော်သည် လုပ်သင့် လုပ်ထိုက်သည်ကို လုပ်ခဲ့သူဖြစ်သည်၊ ရူးနေသည့် ခွေးကို ပိုင်ရှင်က ထိန်းသိမ်းရန် ပျက်ကွက်ခဲ့ပါက သတ်ရသကဲ့သို့ မုန်ယိုနေသည့် ဆင်ကို သတ်ရသည်မှာလည်း ဓမ္မတာပင် မဟုတ်ပါလား။ ဥရောပသားများအတွင်း၌မူ သဘောထားနှစ်ရပ် ကွဲပြားလေသည်။ လူကြီးများက ကျွန်တော် မှန်သည် ဆို၏။ လူငယ်အသိုင်းအ၀ိုင်းကမူ ကူလီတစ်ယောက်ကို နင်းသတ်သည့် ပြစ်မှုအတွက် ဆင်တစ်ကောင်အား သတ်ရခြင်းမှာ ရှက်ဖွယ်လိလိဖြစ်သည်၊ အကြောင်းမှာ ဆင်တစ်ကောင်သည် ဂေါ်ရင်ဂျီကူလီစုတ် တစ်ယောက်ထက် ပို၍တန်ဖိုးရှိသောကြောင့်ဟု ဆိုကြသည်။ ဤကူလီ သေဆုံးခဲ့သည့်အတွက် နောက်ပိုင်းတွင် ကျွန်တော် အလွန်ဝမ်းသာ ခဲ့ပါသည်၊ ဤသေဆုံးမှုက ကျွန်တော့်ကို ဆင်ပစ်ရန်အတွက် ဥပဒေအရ လုပ်ပိုင်ခွင့်နှင့် လုံလောက်သော အကြောင်းပြချက် ပေးခဲ့သောကြောင့် ဖြစ်၏။ တစ်ခါတရံတွင် ကျွန်တော် စဉ်းစားကြည့်မိသည်၊ ကျွန်တော် ဆင်ပစ်ခဲ့ခြင်းမှာ [ဒေသခံ ဗမာများရှေ့တွင်] အရူးအပေါအဖြစ် အမြင်မခံလို၍ ဖြစ်ကြောင်း ကျွန်တော်မှလွဲ၍ အခြားသူ တစ်ဦးတစ်လေမှ သဘောပေါက်ပါလေစ။

LinkWithin

Related Posts Plugin for WordPress, Blogger...