မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, July 30, 2007

မီးပန်းလွှတ်ပွဲ

ဒီနှစ် ဗင်ကူးဗားနွေက အရင်နှစ်တွေနဲ့မတူ၊ အနည်းငယ်အေးနေတယ်။ အရင်နှစ်တွေတုန်းကဆို မြက်တွေကခြောက်၊ လေပူတွေက တိုက်နဲ့။ အခုလဲ Annual Symphony of Fire နေ့မှာ မိုးရွာမယ်လိုလို ဖြစ်နေပေမယ့် သွားနေကျ ဒီနွေရာသီ ပွဲတော် တစ်ခုဆီကို မရောက်ရောက်အောင် သွားခဲ့လိုက်တယ်။ ဒီနှစ်က Canada, Spain နဲ့ China မီးပန်းလွှတ် ပြိုင်ပွဲ ၀င်ကြမှာဖြစ်တယ်။ မီးပန်းတွေကို သီချင်းသံစဉ်နဲ့ အလိုက် ပင်လယ်ထဲက သဘောင်္ကနေတဆင့် လွှတ်တင်ကြတာဖြစ်တယ်။ ဒီနေ့ကတော့ ကနေဒါ ပြိုင်ပွဲဝင်ရမယ့် အလှည့်။

စထွက်တည်းက မိုးက အုံ့နေတယ်။ ဖရေဇာမြစ်ပြင်ကို ဖြတ်တဲ့ တံတား သုံးခုရှိတဲ့အထဲက အလုပ်သွားရင် တစ်ခါတစ်ရံ သုံးနေကျ Portman Bridge ကတဆင့် ထွက်ခဲ့တယ်။ ဒါကတော့ တံတား တစ်ဖက်တစ်ချက်က ရှုခင်းလေးတွေပါ။ ရှုခင်းလေးတွေက လှတော့ ရုံးသွားရင် လမ်းမှာ ကဗျာတွေ စာတွေ ထွက်ကျလာသေးတယ်။ ကျွန်မရဲ့ ငှက်တစ်ကောင်၏ အပြုံးက ဒီရှုခင်းတွေက ရတဲ့ ခံစားချက်ပေါ့။






ဒီလိုနဲ့ ဟိုင်းဝေး နံပါတ် ၁ က တဆင့် ဗင်ကူးဗားမြို့ထဲကိုထွက်ခဲ့တယ်။ ဟိုင်းဝေးကအထွက် Hastings လမ်းမပေါ်ကနေ မြို့ထဲကို လှမ်းမြင်ရတယ်။


မြန်မာပြည်က လက်ဘက်ရည်ချိုမျိုး Hong Kong Style Tea
နဲ့ ပေါက်စီရတဲ့ တရုပ်တန်းကို ၀င်ပြီး ညစာစားဖို့ ရောက်တော့ ရ နာရီကျော်ပြီမို့ ဆိုင်တွေက အကုန်ပိတ်သွားပြီ။ တရုပ်တန်းကလဲ တိတ်ဆိတ်နေပြီ။



ဒါနဲ့ မြို့ထဲဘက်ကို ဆက်ထွက်ခဲ့တယ်။
ဒီနေရာကတော့ မောင်လေးတို့၊ ညီမလေးတို့၊ မမ၊ကိုကိုတို့ အကြိုက် Canadian singers တွေဖြစ်တဲ့ Celine Dion, Avril Lavigne, Nelly Furtado, Bryan Adams တို့ သီချင်းလာလာဆိုတဲ့ GM Place နေရာပါ။


ဒီလိုနဲ့ မြို့ထဲရောက်လာတော့ …….



ကားလမ်းတွေက စပိတ်လာပြီ။ ကားကို တနေရာမှာ ရပ်ခဲ့ပြီး လမ်းဆင်းလျှောက်ခဲ့တယ်။ ဆိုင်တွေအားလုံးကလဲ လူတွေပြည့်နေတယ်။ ဂျပန်၊ တရုပ်၊ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ မက္ကဆီကို၊ အရှေ့တောင်အာရှဆိုင်တွေ အားလုံး ပြည့်ကျပ်နေတယ်။ ဒါနဲ့ လူနဲနဲရှင်းတဲ့ တရုပ်ဆိုင်လေးတစ်ဆိုင်ထဲမှာ Sesame Chicken နဲ့ ခေါက်ဆွဲ ၀င်စားလိုက်တယ်။



စားပြီး သောင်ပြင်ဘက်ကို အဝေးကြီး လမ်းဆက်လျှောက်လာတယ်။ လမ်းမှာ လူမျိုးစုံ၊ ဘာသာစကားပေါင်းမျိုးစုံ ပြောနေသံတွေ ကြားနေရတယ်။ လေထဲမှာလဲ ပန်းနံ့တွေနဲ့ အကောင်းစား ရေမွှေးနံ့တွေ သင်းပျံ့နေတယ်။ တိုက်တချို့ရဲ့အောက်မှာလဲ အိမ်ခြေမဲ့ တချို့ တစ်ညတာ အိပ်စက်ဘို့ နေရာယူနေပြီ။ လမ်းလျှောက်လာရင်း တွေ့လိုက်တဲ့ နံရံက ဒီပုံလေးကို စိတ်ဝင်စားသွားတယ်။ ညနေခင်း ဆည်းဆာမှိန်ဖျော့ဖျော့၊ လမ်းမီးတွေ လင်းစမှာ တွေ့လိုက်ရတဲ့ ပုံလေးက အရမ်း ကဗျာဆန် နှုးညံ့သိမ်မွေ့နေတယ်။



သောင်စပ်ရောက်တော့ လူတွေကြပ်သိပ်နေပြီ။ မီးပန်းက ည ၁၀နာရီမှာလွှတ်မှာ ကိုးနာရီထိုးမှ ကပ်ရောက်တော့ ထိုင်စရာနေရာတောင် မရှိတော့ဘူး။ ဒါပေမယ့် လူအုပ်ကြီးက စည်းကမ်းရှိစွာ ထိုင်နေလို့ လူသွားလမ်းနဲ့ မြက်ခင်းစပ်လေးမှာ ထိုင်ချလိုက်ရတယ်။


ဒီမီးပန်းကို ဗင်ကူးဗားမြို့ကို ပတ်ပတ်လည်ဝိုင်းနေတဲ့ သောင်စပ်တွေဖြစ်တဲ့ Third Beach (Stanley Park), Second Beach (Stanley Park), English Bay Beach, Kitsilano Beach, Jericho Beach, Locarno Beach, Spanish Banks Beach, Wreck Beach (clothing optional) စတဲ့ သောင်တွေ အားလုံးနီးပါးက မြင်ရတယ်ဆိုတော့ ရောက်နေတဲ့ ပရိတ်သတ်က နှစ်စဉ် သုံးသိန်းနီးပါးရှိတယ်။ နောက်က တိုက်တွေပေါ်က ၀ရံတာတွေပေါ်မှာလဲ လူတွေ။


သောင်ပြင်တွေပေါ်က လူတွေ၊ အလှရောင်းတဲ့ မီးပုံးဆိုင်လေးတွေ၊ မုန့်ဆိုင်လေးတွေနဲ့ ကြိတ်ကြိတ်တိုးစည်ကား ဆူညံသံတွေက ည ၁၀ နာရီထိုးတာနဲ့ ရေနဲ့ ငြိမ်းသတ်သလို တိတ်သွားတယ်။ သောင်စပ် စပီကာကြီးတွေဆီက သီချင်းသံက ထွက်လာတယ်။ နောက်တော့ သီချင်းနဲ့ အလိုက် မီးပန်းတွေကို စတင်ဖောက်လွှတ်ပါတော့တယ်။ မီးပန်းဖောက်လွှတ်သံတွေက နောက်က တိုက်တွေပေါ်ကတဆင့် ပဲ့တင်ထပ်သံတွေထွက်လာတယ်။ ရင်ထဲအထိ လာထုနေသလို ခံစားရလို့ ပိုက်ဆံအိတ်ကို ပိုက်ထားရတယ်။








နာရီဝက်လေးပါပဲ။ မီးခိုးငွေ့တွေကတော့ လေထဲမှာ လွင့်ပျံ့ အဝေးကိုထွက်သွားပြီ။ လူတွေလဲ ထပြန်ကြတယ်။ ဗင်ကူးဗားမှာ လူတွေ့ချင်ရင် မီးပန်းလွှတ်ပွဲသာ သွားပါ။ ပိတ်ထားတဲ့ ကားလမ်းတွေပေါ်မှာ အကုန်တက်လျှောက်ကြတယ်။ တိုက်တွေပေါ်မှာ သီချင်းသံတွေ။ တစ်ခါတစ်ရံ နောက်တဲ့အနေနဲ့ အပေါ်က ရေလောင်းချတတ်တယ်။ အောက်က လူတွေက အော်ပြီး ပြေးပေါ့။ ကလေးတွေအတွက်ကတော့ ပျော်စရာပါ။ အပေါ်က လုံခြုံရေး ဟယ်လီကော်ပတာတွေကလဲ မီးမောင်းထိုးထားပေးတယ်။




ဒီနှစ်တော့ ဘယ်နိုင်ငံက ပထမဆု ရမလဲတော့ မသိသေးဘူး။ ဗုဒ္ဒဟူးနေ့မှ သိရမှာဖြစ်ပါတယ်။ လူသုံးသိန်းလာတက်တဲ့ ဒီမီးပန်းပွဲမှာ ဖမ်းဆီးမှု ၁၉ခု၊ ရန်ပွဲ ၆ ပွဲ၊ နဲ့ လက်နက် ရ ခု ဖမ်းဆီးရမိတယ်လို့ ဗင်ကူးဗားနေမင်း သတင်းစာမှ ဖော်ပြပါတယ်။




5 comments:

ဒီဝိုင်း said...

မီးပန်းတွေက လှလိုက်တာ

ဂျစ်တူး - gyit_tu said...

ဟုတ်တယ်.. ဒီဝိုင်းပြောသလို.. မီးပန်းတွေ သိပ်လှတယ် ။ ဒါနဲ့ ဒီဝိုင်းရဲ့ အိုင်ကွန်ကြီးက ကြောက်စရာကြီးပါလား ။ သရဲကြီးလို ။

pandora said...

အောက်ဆုံးကရေရင် တတိယမြောက် မီးပန်းပုံ အရမ်းလှတယ်..

demo said...

မီးပန်းတွေကလှတယ်နော်.. ဒီမိုက မီးပန်းကြည့်ရတာကြိုက်တယ်..
အောက်ဆုံးက ခရမ်းရောင် မီးဖွားလေးတွေပါတဲ့ မီးပန်းလေးက လှလိုက်တာ..

အငွေ့ said...

အစ်မရေ ကျွန်တော်စာမူတွေ ပို့ပေးမယ်ဆို တာကို အစ်မအကြောင်းမပြန်သေးဘူးနော်။ ကျွန်တော်ကဒီလိုနိုင်ငံခြားအတွေ့အကြုံတွေဆိုအရမ်းကြိုက်တာဗ
တကယ်အခုလိုဆောင်းပါမျိုးတွေအစ်မဘလောဂ့်ကနေ ကူးယူပြီးစာစောင်တွေဆီပို့ပေးလို့ရမလားလို့ ထပ်တောင်းဆိုလိုက်ပါတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...