မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Thursday, July 26, 2007

အတ္တခြွေ အလွမ်းဝေသူ

Reality ကနေ ထွက်ပြေးဖို့ ထပ်ကြိုးစားမိပြန်တယ်။
ညနေခင်းတွေဆို တခါတရံ မင်းကိုယ့်ကို လာစောင့်တတ်တယ်လေ။ ခုတော့လဲ ဘယ်တော့မှ မလာတော့မှန်းသိလို့ ရုံးရှေ့က ထင်းရှုးပင်ပေါ်က ငှက်ကလေးတွေကတောင် ငိုကြွေးနေကြပြီ။




ရုံးစာကြည့်တိုက်ထဲက ချောင်တချောင်မှာ တခါတရံ ထိုင်ငေးရင်း ဘယ်တော့မှ မကြားနိုင်မယ့် အသံတစ်သံကို လွမ်းလို့ တိတ်တဆိတ် မျက်ရည်ဝဲတဲ့ ရက်တွေ မင်းသိနိုင်ပါ့မလား။



ရုံးနားက တောလမ်းလေးထဲမှာ ပန်သူမဲ့လဲ ပွင့်ရဲတဲ့ တောနှင်းဆီလေးတွေကလဲ မေးနေကြပြီ်လေ။ “မင်းရော………တဲ့”။


ညနေစောင်းတွေဆို ပိုခံစားရတယ်ဆို ယုံမလားကွယ်။ ကြည့်လိုက်ပါဦး.. ဟိုးအဝေးက
သိပ်လှတဲ့ တိမ်တွေကိုလေ။ အရင်ကဆို အတူတူ ကြည့်ဖူးတဲ့ ညခင်းအလှတွေထဲမှာ ခုတော့ ကိုယ်တစ်ယောက်ထဲပါ။


အတ္တတွေ ထပ်ခြွေဘို့ ဒီနေ့ ကမ်းစပ်ဘက်ကို ထွက်ခဲ့တယ်။ ခပ်လှမ်းလှမ်းမှာ ကနေဒါ၊ အမေရိကန် နယ်စပ်က မောင့်ဘေကာ တောင်ကြီးကတော့ ကိုယ့်လို အဖြစ်မျိုးတွေကို ကြုံဖူးနေကျမို့ တည်ငြိမ်ရင့်ကျက်နေသယောင်ယောင်။



မင်း သိပ်ကြိုက်တဲ့ White Rock ကမ်းစပ်ရှိတဲ့ Upper-Middle Class တွေနေတဲ့ မြို့လေးထဲ ရောက်လာခဲ့တော့ ၀မ်းနဲစိတ်နဲ့ မျက်ရည်ဝဲမိတယ်။



ဒီလိုလှပတဲ့ အိမ်မျိုးမှာ နေရတာထက် အတ္တမဲ့၊ ပူလောင်မှုမဲ့တဲ့၊ ပျော်ရွှင်ငြိမ်းအေးရာ တစ်နေရာမှာ ပြန်ဆုံချင်သေးတယ်။ ကံကြမ္မာရယ်…..ဆုံခွင့်လေးတစ်ခုတော့ ပေးပါနော်။



ပင်စင်ယူလို့ ငွေပိုငွေလျှံလေး ရှိသေးမယ်ဆိုရင်၊ မြန်မာပြည်လဲ အကြောင်းတွေကြောင့် မပြန်ဖြစ်သေးဘူးဆိုရင်၊ ဒီနေရာမှာ သူတို့လို ပင်စင်စားတွေလိုပဲ အိမ်လေးတစ်လုံးလောက်တော့ ၀ယ်နိုင်ကောင်းပါရဲ့။ ဘယ်မှာနေနေ မင်းမရှိတော့လဲ သိပ်ထူးခြားမယ် မထင်ဘူးကွယ်။



ဟိုမှာ ကြည့်ပါဦး၊ ကမ်းစပ်က မျက်ရှည်ပင်နားမှာ မော်ဒယ်လ်တွေ ဓာတ်ပုံရိုက်နေတယ်။
မော်ဒယ်တွေကို သေသေချာချာလေ့လာမယ်ဆိုရင်၊ အရွယ်စုံ၊ ဆိုဒ်စုံ၊ လူမျိုးစုံ တွေ့ရလိမ့်မယ်။ ဒါမှ စစ်မှန်မှုလေ၊ အသက်ငယ်သူ၊ ကြီးသူ၊ ၀သူ၊ ပိန်သူ အားလုံးကို ကိုယ်စားပြုနေတဲ့ စစ်မှန်မှုတစ်ခု။



ဟိုမှာလဲကြည့်ပါဦး။ ဂရုစိုက်ကြည့်ရင် လူသုံးယောက်တွေ့လိမ့်မယ်။ အဖေ၊ အမေနဲ့ သားလေးတစ်ယောက်။ သူတို့ ပျော်နေကြမှာပဲနော်…။



ဒီစုံတွဲလေးလဲ ပျော်နေမှာပါ၊ ချစ်သူရင်ခွင်ထဲမှာ နေရရင် ပင်လယ်လေတွေ ဘယ်လောက် ပြင်းထန်ပါစေ နွေးထွေးနေကြမှာ။



ဒီကလေးလေးတွေလဲ ဒီလောက်အေးတဲ့ ပစိဖိတ်ထဲမှာ ရေကူးနေကြတယ်နော်။


ပုဇွန်ဆီရောင် ညနေခင်းကို နောက်ခံထားလို့ စပိဒ်ဘုတ်လေး နှစ်စင်း ပစိဖိတ်ထဲမှာ ရေလွှာခွဲထွက်နေတယ်။



ကနှုးလှေလေးတွေလဲ လှော်ခတ်နေလေရဲ့။ သူတို့လဲ ကိုယ့်လို အတ္တခြွေသူတွေ၊ အလွမ်းဝေသူတွေ ဖြစ်နိုင်တယ်နော်။ ဟုတ်တယ်မို့လားဟင်…။ ဖေဖေဆိုဖူးတဲ့ ခေတ်ဟောင်း သီချင်းတပုဒ်ထဲကလို “သဘောင်္ဆိပ်လေး တစ်ခုဝယ်၊ နေ၀င်ချိန်လေး ပေါ့ကွယ်၊ မောင်လေ တစ်ယောက်ထဲ အတွေးကြွယ်…။ ခင်ရယ်လေ.. သတိလေးရသေးလားကွယ်၊ မေ့အားနိုင်ရက်တော့တယ်။ ဟိုအဝေးဆီသို့ မျှော်မှန်းကြည့်နေတယ်။ ……….. အမှောင်ထုလေး အပြေးရောက်တော့ရယ်၊ ချစ်ဆွေးစိတ်ဖြေချိန်မယ်…အို..ခက်တယ်။ မျက်ဝန်းလဲ့ ရွှေရည်ချယ် ၀ဲတော့တယ်.. မြင်စေချင်တယ်” ဆိုသလိုပဲကွယ်။



ကြည့်လိုက်စမ်းပါကွယ်။ ဒါဟာ ကနေဒါမှာသာတဲ့ လပေါ့၊ သမုဒ္ဒရာရေပြင်ပေါ်ကို လရောင်ဆမ်းနေချိန်မှာ လှိုင်းကလေးတွေက ရှက်သွားသလို ခပ်တိုးတိုးရယ်မောကျတယ်။ နားစိုက်ထောင်တော့ မင်းရယ်သံတွေလိုလို……..။


အို……. ငါ..မင်းကို သိပ်လွမ်းတယ်။


10 comments:

ဒီဝိုင်း said...

ကျွန်တော့် ဘယ်ဘက်ရင်အုံ တည့်တည့်ကို ထိသွားပါသည်။

demO kittO said...

such a touching post.. မလေးရေ.. ထိသွားတယ်.. လွမ်းလည်းလွမ်းသွားတယ်.. ပုံလေးတွေနဲ့ခံစားချက်စာသားလေးတွေကလဲ.. တူတယ်နော်..

pandora said...

အင်း.. လွမ်းတဲ့ဘ၀မှာတော့ ဘယ်နေရာကြည့်ကြည့် ဘယ်ကိုရောက်ရောက် လွမ်းစရာတွေချည်း.. ဟုတ်တယ်နော်

ponyate said...

မလေးက အလွမ်း ဓာတ်ခံရှိတယ် ထင်ရဲ့ :)

ချစ်သူ said...

very good u post.

ဂျစ်တူး - gyit_tu said...

မလေး.. ဘယ်သူ့ ကိုလွမ်းတာလဲဟင် ။ အဲဒါအသိချင်ဆုံးပဲး) ။

ပုံလေးတွေနဲ့ ရေးချက်လေးက လွမ်းစရာပဲ ။

Tesla said...

မအိမ့် တို့လွမ်းတာများ ခမ်းခမ်းနားနားဗျာ အားကျတယ်. အဲ့လိုလွမ်းလို့ရတဲ့ ပတ်ဝန်းကျင်ကို.. :)

Yan said...

အို……. ငါ..မင်းကို သိပ်လွမ်းတယ်။

ငါမင်းကိုသိပ်လွမ်းလို့
ကျွမ်းလုအသည်းကို အသာချော့သိပ်ပြီး
မျက်စိကိုမှိတ်လို့ ငါ့အတ္တတွေကို ဖဲ့ခြွေနေခဲ့လည်း
မင်းဘယ်ဆီရောက်နေတယ် ငါမသိ…
ငါလွမ်းနေတဲ့မင်းလည်း ငါ့နားမှာ မရှိ…

ဆားနံ့သင်းတဲ့ ပင်လယ်လေညှင်းလေးက ကိုယ့်ကို တိုးတိုးလေး ပြောသွားတယ်
ရယူခြင်းမဟုတ်ရင် အချစ်က ဘာလဲတဲ့..
ရယူနိုင်ခဲ့တိုင်း အချစ်ဆိုတာ အဓိပ္ပါယ်ရှိခဲ့ရင်
ငါနောက်ကို ပေးဆပ်ဖို့ မကြိုးစားတော့ဘူး
ငါ့ကြုံးဝါးသံကိုကြားလို့ ငှက်ကလေးနှစ်ကောင် အလန့်တကြားပျံပြေးသွားတယ်
အို… ငါ့အတ္တတွေ လောကကြီးကို ဟာမိုနီပျက်စေခဲ့ပြီလား
မဖြစ်သေးဘူးလေ…
ခံစားချက်ကို ဖောက်ခွဲတဲ့အခါမှာ တစ်ပါးသူကို မထိခိုက်စေလိုတာ ငါ့ဆန္ဒပါ.
သူဖွင့်ထုတ်ခဲ့တဲ့ အတ္တတစ်ခုအောက်မှာတော့ ငါခံစားခဲ့ရတယ်
အလူးအလဲပါပဲ.

ညနေကြယ်လေးတွေ တောက်ပဖို့ အရှိန်ယူနေကြပြီ
ငါစိုးကြောက်ခဲ့ရတဲ့ ညတွေကို မင်းနဲ့အတူ ဖြတ်သန်းချင်သေးတယ်
အချစ်မရှိတော့လည်း ဘ၀ဟာစမ်းတ၀ါးဝါးနဲ့ပါပဲလေ
အမှားဆိုတာ အမှန်အတွက် အရင်းအနှီးလို့ ဆိုပေမယ့်
ထပ်မှားခွင့်မရှိတဲ့ ငါ့ဘ၀ထဲမှာတော့
မင်းရဲ့ပုံရိပ်တွေဟာ မော်ကွန်းဟောင်းလေးတစ်ခုပါပဲ…

ဟိုးအဝေးကြီးက မောင့်ဘေကာတောင်ကြီးကိုတိုင်တည်ပြီး ပြောချင်ပါတယ်.
ငါမင်းကို သိပ်ချစ်ခဲ့ဖူးတယ်….


(ကဲကဲ. သိပ်လည်း မခံစားကြပါနဲ့ဦး… စာနုနုရွရွလေးတွေ မြင်ရင် ၀င်ကလိချင်စိတ်က ထိန်းမရလို့ပါ. ဟတ်ဟတ်ဟတ်)

မလေးဘလော့ဂ်ကို သံစဉ်မဲ့အလွမ်းများလို့ နာမည်ပြောင်းသင့်နေပြီဗျ. သိလား

စတာနော်. ချိတ်မချိုးနဲ့. မကြိုက်ရင် ပြန်စ. ဟဟဟ

မျက်လုံး said...

ကျွန်တော်တော့ အဲလောက် လွမ်းတာကို မရေးတတ်ဘူးခင်ဗျ။ ဒါပေမယ့် မလွမ်းတတ်တဲ့သူတော့ ဟုတ်ဘူး။ ညနေတွေ့ရမှာတောင် မနက်က လွမ်းနေတာ။ ဟဲ။

ကလိုစေးထူး said...

တခါလာလည် တခါလွမ်း… လို့ ပြောရမလိုပါပဲလားဗျာ။ ဒါနဲ့… စကားမစပ်၊ တပြည်သူ ဓာတ်ပုံဆရာလုပ်လို့ ရတယ်ဗျ။ :D

LinkWithin

Related Posts Plugin for WordPress, Blogger...