မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, July 22, 2007

အာဇာနည်မိုး နဲ့ အာဘွားဘလော့ဂ်

ကျွန်မကို သူငယ်ချင်း၊ ဘလောဂ်ရေးဖော်ရေးဘက်များက တက်ဂ်ထားတာ အကြောင်းအရာ လေးခုတောင်ရှိနေပြီဆိုတာ သိပေမယ့် မရေးဖြစ်ခဲ့တာကို တောင်းပန်ပါတယ်။ အခု အဲဒီအကြောင်းအရာ လေးခုလုံးကို (မိုး၊ အာဇာနည်နေ့၊ အာဘွားနဲ့ ဘလော့ဂ်ရေးရခြင်းအကြောင်း) စုပြီးသာ ရေးခွင့်ပေးပါတော့လို့ တောင်းပန်လိုပါတယ်။ (အခုရေးနေချိန်မှာ လွန်စွာအိပ်ငိုက်နေကြောင်း သတိပေးအပ်ပါသည်)

အခုအပြင်မှာ မိုးရွာနေတယ်။ ဟိုတလောက သိပ်ပူလို့ ဒီနေ့တော့ မိုးရေတွေအများကြီးနဲ့ ရွာသွန်းဖြိုးနေတယ်။ အာဇာနည်နေ့ကလဲ ဒီလိုပဲ မိုးတွေရွာနေတဲ့ ကာလပဲဖြစ်မယ်။ လူတွေက ပြောလေ့ရှိကြတယ်။ သေသောသူကြာရင်မေ့တဲ့၊ ဒါက အားလုံးနဲ့တော့ သက်ဆိုင်မယ် မထင်ဘူး။ လွယ်လွယ်နဲ့ မေ့တတ်ကြသူတွေရှိသလို၊ စွဲလန်းတတ်သူတွေလဲ ရှိတယ်မို့လား။ လွယ်လွယ်နဲ့ မေ့တတ်သူတွေကို မမေ့နဲ့ စွဲလန်းနေလို့ အတင်းတားမြစ်ဖို့အကြောင်းမရှိသလို၊ စွဲလန်းတတ်သူတွေကိုလဲ မိမိစံနှုန်းနဲ့ ယှဉ်ထိုးလို့ မေ့ပစ်လိုက်လို့ တားမြစ်ရန်အကြောင်းမရှိဟု ထင်ပါတယ်။ အခု အာဇာနည်ကြီးများကို ကျွန်မတို့ မမေ့နိုင်၊ မမေ့သင့်သလိုပေါ့လေ။ လူတွေက အသက်ရှင်နေချိန်မှာသာ တန်ဖိုးရှိတာ သေဆုံးသွားရင်တော့ ဘာတန်ဘိုးမှ မရှိဘူးဆိုတဲ့ အယူအဆကို ကျွန်မလက်ခံနိုင်ဘို့က နဲနဲခက်နေတယ်။ ဘာမှအသုံးမကျတော့ဘူးလို့ ယူဆလို့ရသလို၊ အသုံးကျခဲ့တယ်။ ဖန်တီးခဲ့တယ်၊ ပေးကမ်းခဲ့တယ်လို့ တွေးလဲရတယ်လို့ထင်ပါတယ်။ ကျွန်မတို့ ခုလိုနေနေရတာ ကျောက်ခေတ်ထဲက ဘိုးဘွားတွေရဲ့ အတွေ့အကြုံတွေ၊ ဘ၀သင်ခန်းစာတွေ၊ တီထွင်ဖန်တီးခဲ့မှုတွေကို လက်ဆင့်ကမ်း၊ ဆင့်ပွား မြှင့်ယူခဲ့လို့ဖြစ်တယ်လို့ ထင်ပါတယ်။ ဒီလိုပဲ အာဇာနည်ကြီးများရဲ့ ဘ၀တွေပေါ်မှာရင်းပြီး ခုလက်ရှိကျွန်မတို့ ဘ၀တွေ ဖြစ်တည်နေတာလို့ထင်ပါတယ်။ ဟိုင်းပရိုဖိုင်းလ် အာဇာနည်များသာမဟုတ်ပါဘူး။ လူတွေ တစ်ဦးချင်းစီဟာ တစ်နည်းမဟုတ် တစ်နည်း တစ်စုံတစ်ယောက်ယောက်ကို သိလျှက်ဖြစ်စေ၊ မသိပဲဖြစ်စေ (အာဇာနည်ကြီးများလောက် ကြီးမားသော ပေးကမ်းမှု မဟုတ်သည့်တိုင်အောင်) အမြဲဝေမျှ ပေးကမ်းနေကြသူများဖြစ်ပါတယ်။

ငယ်ငယ်ကတော့ အာဇာနည်နေ့ဆိုရင် မိသားစု အာဇာနည်ကုန်းပေါ် အမြဲရောက်တယ်။ အဲဒီတုန်းက လူတွေအများကြီး စနစ်တကျတန်းစီ၊ အမိန့်ပေးသံစောင့်၊ အလေးပြုလေ့ရှိတယ်။ အခုတော့ ဘယ်လိုလဲမသိဘူး။ ကျွန်မတို့ အလေးပြုပြီးရင် ရွှေတိဂုံဘုရားပေါ် တက်လေ့ရှိတယ်။ ပြီးရင် ဖေဖေနဲ့ မေမေ့ မိတ်ဆွေ ဘုန်းကြီးကျောင်းမှာ တစ်နေကုန်နီးပါး နေလေ့ရှိတယ်။ နေ့လည်စောင်းပိုင်းဆို ဘုန်းကြီးကျောင်းနောက်က တံစက်မြိတ်အောက်မှာ မိုးပြင်းလို့ တ၀ုန်းဝုန်းကျနေတဲ့ ရေတွေခံထားတဲ့ စည်ပိုင်းပြတ်ထဲက ရေတွေကို အားပါးတရခပ်ချိုးခဲ့တဲ့ နေ့တွေကိုလဲသတိရနေမိသေးတယ်။

ကျွန်မက မိုးကိုသိပ်ကြိုက်တယ်။ အထူးသဖြင့် အပူပိုင်းဒေသတွေဖြစ်တဲ့ မြန်မာပြည်နဲ့ စင်္ကာပူမှာ ရွာတဲ့မိုးကိုပေါ့၊ နွေးနွေးလေးနဲ့ ကဗျာဆန်ဆန်ရွာတဲ့မိုး။ အဲသလိုမိုးတွေထဲမှာ ထီးမပါပဲ (တစ်ယောက်ထဲ) လမ်းလျှောက်ရတာ အလွန်လှပဆန်းကြယ်တဲ့ အရာတစ်ခုလို့မြင်တယ်။ ကနေဒါမိုးကတော့ ရိုးတွင်းချဉ်ဆီထိ စိမ့်တတ်ပြီး သုံးလေးငါးရက် မရပ်ပဲ ရက်ဆက်ရွာတတ်လို့ မိုးစွေကို ကဗျာဆန်တယ်လို့ မထင်တတ်။
မိုးရွာထဲမှာ ခရေကောက်ဖူးတဲ့ ရက်တွေ၊ ကျွန်မငြင်းပယ်လိုက်တဲ့ သူတစ်ယောက်ကို တစ်ခြားတစ်ယောက်နဲ့ မိုးရွာထဲမှာ ထီးတစ်လက်အောက်မှာ တွေ့လိုက်ရတဲ့ရက်တွေရယ်ကို ခုထိ မမေ့နိုင်သေး။ အဲဒီနေ့က ထီးမပါပဲ ဆရာခိုင့်ဆီက ပြန်လာတဲ့ ကျွန်မ၊ ပေပေတေတေ ထမီရှည်ရှည်ဝတ်လို့ ထမီအနားစတွေရော၊ ဆံပင်ရှည်တွေကော၊ ကျွန်မလက်ထဲက ဂစ်တာရော ရွဲခဲ့တဲ့နေ့။ ကိုယ်ငြင်းလိုက်ပေမယ့် တစ်ကယ်တမ်း နောက်တစ်ယောက်နဲ့ အတူတွဲတွေ့တော့လဲ ရင်ထဲမှာ ကျင်တက်သွားပြီး နေရင်းထိုင်ရင်း ကဗျာတွေက ထွက်ကျလာခဲ့သေးတယ်။

မိုးရွာပြီဆိုရင် အထူးသဖြင့် ညခင်းတွေ လူခြေတိတ်လို့ သစ်ရွက်တွေ အရောင်တောက်လက်လာတဲ့ထိ မိုးတွေရွာလာရင် ကဗျာရေးချင်တဲ့၊ စာရေးချင်တဲ့ ခံစားချက်တွေက အုံကြွလာတတ်တယ်။ မွေးကတည်းက ပါလာတဲ့ အရာထင်တယ်လေ။ အဒေါ်က သူ့သူငယ်ချင်း အန်တီကြည်အေးတို့နဲ့ တခေတ်ထဲ သတင်းစာမှာ ဆောင်းပါး အချို့ရေးခဲ့ဖူးတယ်။ အမ၀မ်းကွဲတစ်ယောက်က ကလောင်ခွဲ သုံးခုလောက်နဲ့ မဂ္ဂဇင်းတွေမှာ စာလေးတွေရေးတယ်။ သူတို့တွေနဲ့ ဦးသုမောင် စာအကြောင်းပေအကြောင်းပြောနေရင် ကျွန်မ သူများတွေလို အိုးပုတ်နဲ့ မကစားပဲ အနားမှာ ယောင်လည်လည်လုပ်တတ်တယ်။

ဒီလိုနဲ့ စာမရေးရရင် မနေနိုင်တာ။ ဘယ်သူဖတ်ဖတ်၊ မဖတ်ဖတ်၊ ရေးနေရရင် ကျေနပ်နေတဲ့ ဒီပိုးက ရှစ်တန်းလောက်မှာ နဲနဲသေသွားတယ်။ အဲသည်နေ့က ၀တ္ထုလေး တစ်ပုဒ်ရေးပြီး စာကျက်စားပွဲပေါ်တင်ထားတာ ဖေဖေက မြင်သွားတယ်။ အောက်မှာရေဆင်းသောက်ပြီး အခန်းထဲဝင်လာတဲ့ ကျွန်မ စာကျက်စားပွဲနားမှာ ရပ်နေတဲ့ ဖေဖေ့ကိုတွေ့တော့ နဲနဲရင်တုန်သွားတယ်။ ရေးလက်စ ၀တ္ထုကို ရည်းစားစာ ရေးထားတယ်ထင်ပြီး ဆူတော့ ကျွန်မ မနဲရှင်းပြရတယ်။ နောက်ဆုံးတော့ ဖေဖေနဲ့ မေမေက ဆရာနွမ်ဂျာသိုင်းနဲ့ တွေ့ပေးတယ်။ သူ့ကို အဲဒီနေ့က လက်ထဲမှာ ပါလာတဲ့ ကဗျာတပုဒ်ပေးလိုက်တယ်။ မဂ္ဂဇင်းမှာ နောက်တစ်လ ပါလာမလားလို့ စောင့်ကြည့်နေခဲ့ပေမယ့် မပါလာခဲ့ဘူး။ ဒါနဲ့ တစ်ချက်လေးနဲ့တင် ကိုယ့်ကိုကိုယ် ကလေးပီပီ ယုံကြည်မှုတွေ ဆုံးပါးခဲ့လို့ စာရေးခြင်းကို တစ်ယောက်ထဲ တိုးတိတ်စွာသိုဝှက်ခဲ့တယ်။

ဒီကိုရောက်တော့ ဒီမြို့က လစဉ်လူမျိုးစု ဂျာနယ်လေးတွေမှာ ဟိုတစ်စု၊ သည်တစ်ခု ရေးလာခဲ့တယ်။ နောက်တော့ သူငယ်ချင်းရဲ့ အိပ်မက်ဒေါ့ကွန်းမှာ ရေးဖြစ်ခဲ့တယ်။ မြန်မာပြည်က လူတွေနဲ့ အမြင်ချင်း ဖလှယ်နိုင်တယ်။ အဓိကကတော့ ဆယ်ကျော်သက်ကတည်းက မြန်မာပြည်နဲ့ ဝေးခဲ့တဲ့ ကျွန်မ၊ တိုင်းပြည်နဲ့ ပြန်လည်နီးစပ်မှုတစ်ခုကို ခံစားခဲ့ရတယ်။ နောက်တော့ ကိုယ်ပိုင်ဘလော့ဂ်လေးတစ်ခု မလုပ်တတ်လုပ်တတ်နဲ့ လုပ်လိုက်တယ်။ သူငယ်ချင်းတွေရဲ့ ကူညီမှု၊ ကိုယ်တိုင်လေ့လာမှုတွေ ပေါင်းစုပြီး ရင်ဖွင့်ဖို့ သက်သက်ရည်ရွယ်ပြီး ဘလော့ဂ်စရေးခဲ့တယ်။ အမှန်အတိုင်းပြောရရင် ရင်ဖွင့်ဖို့ ရည်ရွယ်လို့ လူသိပ်မသိစေချင်ခဲ့ဘူး။ ကျွန်မစာကိုဖတ်ပြီး ကျွန်မကလောင်နဲ့ အကြောင်းအရာက လွဲလို့ ကျွန်မဘယ်မြို့ကဆိုတာတောင် မသိစေချင်ခဲ့တာ၊ ကျွန်မဘလော့ဂ်ကို မျက်စိလည် လမ်းမှားရောက်လာသူများကို ရင်ဖွင့်ရုံ၊ ဝေမျှရုံကလွဲပြီး ကျန်သော ရည်ရွယ်ချက် မရှိခဲ့။

အွန်လိုင်းဘယ်တော့မှ မတက်တဲ့ ကျွန်မ၊ အွန်လိုင်းလောကကို real world လို့ မယူဆခဲ့တဲ့ကျွန်မ၊ အွန်လိုင်းပေါ်က လူတွေကို real people လို့ မယူဆခဲ့တဲ့ ကျွန်မ၊ မွေးရာပါ လျို့ဝှက်သိပ်သည်းတတ်မှုတွေနဲ့ (private person) ကျွန်မ၊ ဘလော့ဂ်သူငယ်ချင်းတွေရလာတယ်။ သူတို့ကို ခင်လာတယ်။ ဘလောဂ်ရေးရတာ ပျော်လာတယ်။ သူတို့ ဆိုဒ်တွေကို မသွားရရင်မနေနိုင်ဖြစ်လာတယ်။ ဆီဗုံးကစာလေးတွေကို၊ စာဖတ်သူတွေရဲ့ မှတ်ချက်လေးတွေကို တန်ဖိုးထား မြတ်နိုးလာတယ်။ သူတို့ရဲ့ အားပေးသံတွေကို ငတ်မွတ်လာတယ်။ သူတို့ကိုလဲသံယောဇဉ်ဖြစ်လာတယ်။ ဖြစ်တာမှ အရမ်းဖြစ်လာတယ်။ ဒါပေမယ့် သံယောဇဉ်ရှိသော်ငြားလည်း (စွဲလန်းမှု အစပျိုးနေသော်ငြားလည်း) ကိုဖြိုးခိုင်းသလို အာဘွားတော့ မပေးရဲသေးပါ။ ပေးဖို့ကြိုးစားနေပါတယ်။ ဘလောဂါတွေ တစ်ယောက်နဲ့ တစ်ယောက် ဘယ်နေရာကို အာဘွားပေးလေ့ရှိလဲ (နဖူး၊ ပါး၊ နားရွက်၊ မျက်ခုံးမွှေး ဒါမှမဟုတ် ဒီနိုင်ငံဒီဇိုင်း ပါးချင်းကပ်ပြီး လေကိုပဲ အာဘွားပေးလား) ပြောပြပေးကြရင် အဖြေပေါ်မှာ မူတည်လို့ အာဘွားကို ပေးတတ်အောင်ကြိုးစားပါ့မယ်လို့…။

ကျွန်မဆက်တက်ဂ်လုပ်ရမယ်ဆိုရင်တော့…..
အင်း……
ကိုဒီဝိုင်းနဲ့
ကိုစစ်အိမ်ကို တက်ဂ်ပါတယ်ရှင်..။

အားလုံးကို ခင်မင်လျှက်…

5 comments:

Layma said...

လေးမ ကတော့ blogger တွေ ဆီပုံးကို အာဘွားပေးနေကြတာတွေ့ တယ်…

Ko Phyoe said...

လူလည်ကို လှလှလေးကျသွားတဲ့ မလေးရေ ..
အခုလိုရေးပေးတာ ကျေးဇူးပါနော် ..

ဂျစ်တူး - gyit_tu said...

မလေးတို့ လူလည်ကျထားတား)

ဒါနဲ့ စင်္ကာပူမိုးကိုကြိုက်သလား ။ နေရာချင်းလဲချင်တယ် မလေးရေ ။ ဂျစ်က ကနေဒါရဲ့ နွေရာသီကို သိပ်ကြိုက်တာ ။

sisain said...

ကျနော် မရေးဖြစ်သေးတာ ခွင့်လွှတ်ပါ-

မိုးထက်နေ said...

သားရဲ တို့ သိမ်မွေ့ နေတဲ့ ခဏ
(ကျွန်မ နှစ်သက်သော တောင်တန်းများ)

LinkWithin

Related Posts Plugin for WordPress, Blogger...