မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, July 08, 2007

ရုပ်ရှင်လက်မှတ်လေးနှစ်စောင်

ကျွန်မရဲ့ စာတိုပေစလေးတွေကို ကျွန်မရဲ့ဘလော့ဂ်မှာ တစ်ဖြည်းဖြည်း ပြန်လည်စုစည်းနေခြင်းပါ။ စာဖတ်သူများရဲ့ ကော့မင့်လေးတွေကိုပါ ထည့်သွင်းထားပါတယ်။
ဧပြီလ ၂၀ရက်၊ ၂၀၀၆ က အိပ်မက်မှာ တင်ခဲ့တဲ့ စာစုလေးဖြစ်ပါတယ်ရှင်။


သည်ရုပ်ရှင်ကို မကြည့်သင့်မှန်းသိလျှက်နှင့် သွားကြည့်မိသည်မှာ ကျွန်မကိုကိုယ် ကျွန်မအသဲမာတတ်ပြီလို့  လျော့တွက်ခဲ့မိလို့ ပါ။ လူတွေရုပ်ရှင်ကြည့်ကြတာ ဘာကြောင့်ပါလိမ့်။ ကျွန်မကတော့ ရုပ်ရှင်လဲသိပ်မကြည့်ဖြစ်ပါ။ ရုပ်ရှင်ဆိုတာပျော်ချင်
လို့ ကြည့်တာ မို့ ကြည်ြ့ပီးရင် စိတ်ထဲစွဲကျန်ရစ် မျက်ရည်ဝဲရမဲ့အဖြစ် ပိုက်ဆံပေးပြီး ကိုယ့်အပူကိုယ်မရှာချင်ပါ...။ ဒါကြောင့် ကြည့် ရင်လဲ ရုံထဲကထွက်လာပြီးရင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားပါစေမယ့် ရှေ့ပိုင်းမှာ ဘာမှန်းမသိလိုက်ပဲ နောက်ဆုံးမှ ဂြိုလ်သား ကြီးတွေ ရုတ်တရက် ထွက်လာတတ်သည့် ဂြိုလ်သားကားတွေပဲ ကြည့်လေ့ရှိသည်။

တစ်ခါတစ်ရံတော့ ကြည့်သင့်သည်ဟု ယူဆပြီး ဗဟုသုတအနေနှင့်  ရွှေနွယ်ရိုးဆိုသည့် လွမ်းရုပ်ရှင်လေး၊ Forest Gump, Cast Away နှင့် Titanic တို့ ကြည့်မိပြီး ကိုယ့်ကိုကိုယ်နောင်တရလို့ မဆံုးတော့။

ဘ၀မှာ ချစ်သူနှင့် တစ်ခါမှ ရုပ်ရှင်မကြည့်ဖူးသူသည်လဲကျွန်မသာဖြစ်လိမ့်မည်။
ချစ်သူနှင့် နှစ်ပေါင်းများစွာ ပင်လယ်တွေခြားလို့  နေခဲ့ရပေမယ့် ချစ်သူနှင့်မှ ရုပ်ရှင်ကြည့်မည်ဟု ရူးသွပ်စွာနှင့် ဆယ်ကျော်သက်အရွယ်က ဆုံးဖြတ်ခဲ့သည့်အတိုင်း
သူနှင့် ဝေးနေခဲ့စဉ် ကာလများမှာ တခါမှ ရုပ်ရှင်မကြည့်ခဲ့။

ချစ်သူကို ထားခဲ့သောနေ့ က မိုးများ ရွာနေခဲ့ပါသည်။ ဖိနပ်စီးမထားသော ကျွန်မတို့  ခြေထောက်တွေအောက်မှ အေးမြသော ကျောက်သားပြင်ဖြူဖြူထက်တွင် မိုးရေများ စီးဆင်းနေခဲ့သည်။ မျက်နှာချင်းဆိုင် မတ်တပ်ရပ်လို့ စကားမဆိုဖြစ်ခဲ့ကြသော ကျွန်မတို့ ကိုယ်ပေါ်သို့ မိုးရေစက်နှင့် အတူ ညောင်ရွက်ဝါအချို့  လွင့်ကျလာသည်။
ငါးနှစ်စောင့်မယ်ဟု ချစ်သူရက်ရောစွာပြောပြီး စနေထောင့်တွင် ရေလှုနေခဲ့ စဉ်က
ခပ်ဝေးဝေးမှရပ်ကြည့်နေခဲ့ ရင်း တိတ်တဆိတ် ကြေကွဲနေခဲ့ သည်။



မရေရာသောလမ်းမှာ လျောက်လှမ်းခဲ့ ရင်း ကုန်ဆုံးသက်တမ်းရက် အကန့်အသတ်မရှိသော၊ လက်ဆောင်ရဖူးသော၊ ရုပ်ရှင်လက်မှတ်လေး နှစ်စောင်အား ချစ်သူနှင့်မျှ ကြည့်မည်ဟုရည်စူးလို့ ယွန်းဗူးလေးထဲ ထည့်ထားခဲ့ ဖူးသည်။

ခုနှစ်နှစ် ခုနစ်မိုးဆိုသည်မှာ ဟိုးလူကြီးတွေခေတ်မှာပဲရှိခဲ့တာ မဟုတ်ပါ။
ကျွန်မတို့  တကယ်ကို ခုနှစ်နှစ် ခုနှစ်မိုး ချစ်ခဲ့  ကြပါသည်..။

ချစ်သူကို ၀န်ခံခဲ့တဲ့ အတိုင်း မိုင်ပေါင်းထောင်သောင်းချီလို့ နှစ်များစွာ ဝေးနေခဲ့ ကြစဉ်အချိန်တွေမှာ၊ တစ်ခါတစ်ရံတော့ ကျွန်မကို စိတ်ဝင်စားသူတချို့နှင့်  ကော်ဖီဆိုင်၊ အအေးဆိုင် ထိုင်ဖူးခဲ့ ပါသည်။ သူတို့ နှင့်  တွဲပြီး အအေးဆိုင်ထိုင်ခဲ့ စဉ်က လူမြင်ခံရမှာ ရှက်သလိုလို၊ သူတို့ စားတဲ့သောက်တဲ့ ပုံကပဲ တစ်ခုခုမှားနေသလိုလို၊
ကိုယ့်ကိုအကောင်းနှင့် ချီးမြှင့်ပြောတဲ့ သူတို့စကားတွေကပဲ အရှက်ရစေသလိုလို
နှင်းဆီပွင့်ကို ကားရေသုတ်တံမှာ လာညှပ်သွားတဲ့ သူတို့ ရဲ့ လုပ်ရပ်ကပဲ ဒေါသထွက်စရာလိုလို၊ ကုန်ကုန်ပြောရလျှင် သူတို့၏ စကားလုံးများ၊ လုပ်ရပ်များအားလုံးသည်
ကျွန်မအတွက် စိတ်တိုင်းမကျစရာများသာဖြစ်နေခဲ့ ပါသည်။
ဒါတွေအားလုံးသည် သူတို့၏ လိုအပ်မှုများထက် ကျွန်မ၏ စိတ်ခံစားချက်များသာလျှင် ဖြစ်ပါလိမ့်မည်။

ထူးဆန်းလွန်းပါသည်…။
ချစ်သူနှင့်  ကံ့ကော်တန်းမှာ တွဲလျှောက်ခဲ့ စဉ်ကလို ကိုယ့်ကိုကိုယ် အလှဆုံး မိန်းမတယောက်လိုခံစားခဲ့ ရသောခံစားချက်မျိုး၊ အရာရာဟာလဲမယုံနိုင်လောက်အောင်ပဲ သိမ်မွေ့လှပလွန်းနေခဲ့သည့် ခံစားချက်မျိုး၊ ပတ်ဝန်းကျင်တစ်ခုလုံးသည်လဲ အေးမြငြိမ်သက်နေသည့် ခံစားချက်မျိုး၊ အလွန်ဖြူစင်သော အချစ်မျိုး၊ ဘယ်သောအခါမှ ရရှိနိုင်တော့မည်မဟုတ်ဆိုတာကို တပ်အပ်သိခဲ့ပါသည်….။

ငယ်ရွယ်နုပျိုသည့်  အရွယ်တွင် ချစ်သူကို လွမ်းဆွတ်ခြင်း၊ သူများချစ်သူ စုံတွဲလေးတွေ shopping mall တွေထဲမှာ လက်ချင်းတွဲလို့ သွားလာနေကြတာကိုငေးမောရင်း၊ ချစ်သူထံမှ စာလွှာလေးတွေကို စောင့် မျှော်ရင်းနှင့်၊ ကျွန်မ၏အချိန်တွေ ကုန်ဆုံးခဲ့ ပါသည်။ သူငယ်ချင်းများနှင့် ခရီးတိုလေးတွေမှ အပြန်တိုင်းလဲ ကျွန်မရဲ့
ကမ္ဘာငယ်လေးဖြစ်သည့်  အခန်းလေးထဲမှာ ချစ်သူကို လွမ်းဆွတ်ရင်း နှစ်တွေ ကြာခဲ့ ပါသည်။

ချစ်သူကို ကျွန်မ ဘယ်သောအခါကမှ ကြိုးရှည်ရှည်နှင့်  လှန်မထားခဲ့ ပါ။
နှစ်ပေါင်းများစွာစောင့်  နေခဲ့ ရန်လဲ တစ်ခါမှ မတောင်းဆိုခဲ့ပါ။
ကျွန်မထက် ချစ်ရမည့်သူ တွေ့ ရင်လဲ သဘောထားကြီးစွာ ကျွန်မ နောက်ဆုတ်ပေးမည်ကို
ချစ်သူကို အသိပေးထားပြီးလဲ ဖြစ်ပါသည်..။

သို့ သော်ချစ်သူနှင့်  ပေါင်းဆုံ ရန်ရည်စူးပြီး ပညာရေးအပါအ၀င် ဘ၀၏ကြီးမားသော ဆုံးဖြတ်ချက်များကို ချစ်သူအတွက်အမြဲ ထည့် တွက် စဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့ ပါသည်။

သုံးနှစ် အကြာတွင် ချစ်သူနှင့်  ပထမအကြိမ် ရန်ကုန် Main Campus Library
ရှေ့မှာ ပြန်ဆုံခဲ့  စဉ်ကလက်ဆွဲနှုတ်ဆက်ခဲ့  ကြဖူးစဉ်က ကျွန်မတို့၏ သူငယ်ချင်းများက ရယ်မောခဲ့ကြပါသည်။

ကျွန်မကို အံ့သြစွာကြည့်ရင်း ကျောင်းကြီးတခုလုံးမှာအလှဆုံးဟုချစ်သူပြောခဲ့ သည်ကို သူပြောတာမဖြစ်နိုင်မှန်းသိခဲ့ပေမယ့် ချစ်သူနှင့်ဆိုလျှင် ကမ္ဘာပေါ်မှာ
ကျက်သရေအရှိဆုံး မိန်းမတယောက်လို ခံစားနေခဲ့ ဆဲဖြစ်ပါသည်။ အဲဒီတုန်းကတော့  ဘ၀ရှေ့  ရေးအနည်းငယ်ပြောဖြစ်ခဲ့  ကြသည်။ ချစ်ရသူနှင့် ပေါင်းစည်းနိုင်ခြင်းဆိုသည်မှာ ဘ၀၏ အောင်မြင်ခြင်းတစ်ခုဟု ချစ်သူပြောခဲ့  ပါသည်။

ဒုတိယအကြိမ် Singapore Jurong West က သစ်ပင်တန်းအောက်မှာဆုံ ခဲ့  စဉ်ကတော့ 
ချစ်သူနှင့်  သူ၏ Singaporean စကပ်တိုတို မိန်းကလေးကို လက်ဆွဲနှုတ်ဆက်ခဲ့ ပါသည်။
ချစ်သူ၏ကြေကွဲနေသောမျက်ဝန်းများ၏ စကားသံများကို ကျွန်မတို့ ၏ ခုနှစ်နှစ် ဇတ်လမ်းကိုသိသည့်  ချစ်သူ၏မိန်းကလေးက နားလည်ပေးသည့် အနေနှင့်  ခပ်လှမ်းလှမ်းက အုန်းပင်ပျိုအောက်မှာ ရှောင်ပေးနေခဲ့  ပါသည်..။

ချစ်သူတို့ ဇနီးမောင်နှံအတွက် လက်ဖွဲ့ထဲတွင် ခုနှစ်နှစ်နီးပါးသက်တမ်းရှိသည့် 
အရောင်လွင့်ပျယ်ခြင်းမရှိသေးသော ရုပ်ရှင်လက်မှတ်လေးနှစ်စောင်ကိုပါ
ထည့်သွင်းလက်ဖွဲ့ခဲ့ပါသည်။
ချစ်သူနှင့်ကျွန်မအဖြစ်ကိုတွေးလို့တော့ တစ်ခါမျှမငိုကြွေးခဲ့ပါ။

ဒီရုပ်ရှင်ကို မကြည့်သင့်မှန်းသိရဲ့နှင့် သွားကြည့်မိသည်မှာ ကျွန်မကိုကိုယ် ကျွန်မအသဲမာတတ်ပြီလို့ လျော့တွက်ခဲ့မိလို့ ပါ။ ရုပ်ရှင်ထဲမှာ မင်းသမီးက မျက်ရည်ဝဲ သော မျက်ဝန်းများနှင့်  သူချစ်တဲ့ သူကို ကြည့်ပြီး သူ့ဘ၀ရဲ့  ခြေလှမ်းတိုင်းဟာ သူ့  ချစ်သူနဲ့နီးရဖို့ပါဟုပြောခွင့်ကြုံခဲ့ ပါသည်။

ကျွန်မကတော့….
ကျွန်မရဲ့ အထီးကျန် ခြေလှမ်းဟောင်းလေးတွေ အကြာင်း ဘယ်သောအခါမှ ပြောခွင့်ကြုံလိမ့်မည် မဟုတ်တော့ပါ။

ရုပ်ရှင်ရုံ မီးများ လင်းလာချိန်တွင်တော့ ပါးပြင်မှ မျက်ရည်များကို ခပ်ကြမ်းကြမ်း သုတ်လိုက်ရင်း အချစ်ကားတွေ ဘယ်တော့မှ မကြည့် တော့ ဟုဆုံးဖြတ်လိုက်ပါတော့ သည်။
ချစ်သူပြောခဲ့သလို ချစ်ရသူနှင့် ပေါင်းစည်းနိုင်ခြင်းဆိုသည်မှာ ဘ၀၏ အောင်မြင်ခြင်းတစ်ခု အမှန်တကယ် ဖြစ်ခဲ့မည်ဆိုလျှင် ကျွန်မတို့သည် ဘ၀၏ရည်မှန်းချက်များကို ဖြည့်ဆည်းရင်း ရှုံးနိမ့်ခဲ့ကြသူများသာ ဖြစ်ပါလိမ့်မည်။



Comments……..
တပြေသူရဲ့ ခံစားချက်တွေက သိပ်ထိတာပဲ။
(Reader)

ကိုယ်ချင်းစာမိတယ်..
(မွန် on 2006-04-22 08:29)

I love that movie....
(TT (Link) on 2006-04-24 07:08)

အင်း...ထိတယ်ဗျာ.ရင်ဘက်ကြီးထဲကို..ဒိုင်းကတဲ
အော်..အချစ်ကတော်တော်ပူလှောင်ပလားနော်....
ဆက်ရေးပါအုံး
(kingpeacock (Link) on 2006-05-09 05:40)

ခံစားရပါတယ် ...
အားပေးလျက် ...
(nn on 2006-05-17 07:30)

အာ ......မိုက်တယ်ဗျာ။။။
ဘာဘဲဖြစ်ဖြစ်ဗျာ နားလည်ပေးနိုင်ရင်
လောကကြီးက ပျော်စရာကြီးလို့ထင်တာပါဘဲ။ ကျနော်သာ တစ်ပြည်သူ့နေရာမှာ ဆိုရင် ဆွဲဆောင့်လုပ်ပစ်မှာဘဲ...ဟဲ့အကောင် ငါ့မှာတော့ ကြိုးစားလိုက်ရ၊ စောင့်လိုက်ရတာ..နင်ကတော့လုပ်ရက်တယ်ဆိုပြီးတော့လေ။အဲဒီလို နားလည်မှုမျိုးပါ။။။
(phoehtet on 2006-05-28 12:02)

ဖြစ်တတ်ပါတယ်လေ....တကယ်ကြုံတွေ့ရတဲ့သူ တွေအတွက်တော့ ဒါကြီးက တော်တော်ခံစားရတယ်ဗျ..
ကျွန်တော့်အဖြစ်ကတော့ တပြည်သူနဲ့နည်းနည်း ကွဲနေတယ်.. ဒါပေမဲ့ပူပူနွေးနွေးခုရက်ပိုင်းလေးပဲ ဖြစ်သွားတာ..
တကယ်ချစ်ခဲ့ကြတဲ့သူတွေအတွက်တော့ ပြောမပြ
နိုင်အောင်ခံစားရမှာပါ.. ကိုယ်ချင်းစားပါတယ်ဗျာ.
ချစ်ရသူနဲ့ပေါင်းစည်းနိုင်ခြင်းဆိုသည်မှာ ဘ၀ရဲ့ အောင်မြင်ခြင်းတခု ဆိုတာကို တော့ တော်တော်သဘောကျတယ်.
ဒါပေမဲ့လည်း ချစ်တိုင်းလည်းမညား၊ ညားတိုင်းလည်း မချစ်ဆိုတာကြီးက ရှိသေးတော့..
အင်း..တကယ်ချစ်တဲ့သူတွေတကယ်ညား ကြပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်..
(သားဇေ on 2006-06-02 08:14)

စာဖတ်သူ ကိုပါ ကိုယ်တိုင် ခံစား လာစေ တဲ့ အရေး အသား ကို ကြိုက် ပါတယ်...
(ဒီဝိုင်း on 2006-06-22 08:26)

I feel that I read about myself.
Love is pain.
(Laura on 2006-07-14 00:38)

I've been there... and it's painful...but finally I'm together with my chit-tu after eight yrs...
keep up
(hnem on 2006-07-16 19:16)

Thu ka thate yat sat tar pei naw? I guess that is life! You've got talent!
Keep it up.
(YYK on 2006-08-28 03:08)

I agree! The writer is such a great talent!
Keep up the good work.
(LWN on 2006-09-14 23:38)

..feeling so sorry..
(Thyda on 2006-09-15 06:06)

I admit that i had some kind of unexpressive feeling after reading. Sometimes, we are being cheatted by love without known. But it's really true that time will heal the pain finally.
I like the plot of the writer very much. Ok, go on. I wish the writer to success sooner.
(Thandar on 2006-11-22 03:56)

ရေးထားတာ အရမ်းဖတ်လို့ကောင်းပါတယ် ။ ရိုးရိုးလေး ခံစားချက်အပြည့်နဲ့ ။ ”ချစ်သူ့ အိမ်” ဆိုတာကိုလဲကြိုက်ပါတယ် ။
တခုလောက် တကယ်သိချုင်လို့ပါ -- ၇နှစ်ကြာတဲ့ရုပ်ရှင် လက်မှတ်က ကြည့်လို့ရသေးလားဟင် ။ ဘာရုပ်ရှင်ဘာလိမ့် ။
(gyit_tu on 2006-11-23 07:37)

I wanna know whether it is real story or not. If it is not a real story of yours or your friend,I want to let you know that there is such story on the earth... Btw, I like your writing... it is very very good....
(deadwalker on 2006-12-31 12:03)
Love is like that.
But life is not.
Be sure that you must have success in life.
(MZN on 2007-01-03 04:37)

The writing style is really smooth. I am sorry if this is a true story. The music at the end of the post could add to the feeling of the reader. I am not sure who added this song, but can anyone tell me the title and the singer of the song? I am in love with this song!!! (I'd appreciate it very much if any could post the reply back here as a comment.)
(Thant on 2007-01-14 21:03)

Thanks a lot! It helped me find the song and the whole album at
the Myanmar MP3 website. Thanks again!
( Thant on 2007-01-14 22:41)

Very touching!
(ShweKywet on 2007-04-05 16:05)

@)--- for.....aSm
(aye myat on 2007-04-22 04:37)
ko bala so tar,minn thar gyi thu mg ko pyaw dar lar?
(aye myat on 2007-04-22 04:52)

Feeling so bad. But like it.
Thanks for ur short story. i like it so much.
(ghostbell on 2007-06-22 00:04)

9 comments:

ပုံရိပ် said...

မအိမ့် ဒီစာကို တစ်နေရာမှာ ဖတ်ခဲ့ဖူးတယ်။ သံလွင်မှာ လား အိပ်မက်မှာလား မသိဘူး။h အဲဒီတုန်းက လည်းကြိုက်တယ် လို့ မှတ်မိနေတယ်။ ခုထပ်ဖတ် ပြန်တော့လဲ ဖတ်လို့ ကောင်းတုန်း ပါပဲ :)

Min Min said...

ကောင်းလိုက်တာဗျာ.. တစ်ခါတည်း ရုပ်ရှင်လက်မှတ်ကို လုလိုက်ချင်စိတ်ပေါက်သွားတယ်။ လာ မအိမ့် ၊ ဒီကောင် မအိမ့်နှင့် မကြည့်တော့ဘူးဆို၊ ကျွန်တော် နှင့် သွားကြည့်မယ်လို့ အားပေးချင်စိတ်တွေ ဖြစ်လာတယ်ဗျာ..

စိုးဇေယျထွန်း said...

အစ်မရဲ့ ခြင်္သေ့ကျွန်းက ချစ်သူကို ကျွန်တော် သိသလိုပဲ။ အရပ်ရှည်သလား။ :P သူ့မိန်းမက ပုတယ်လေ မှားရင် ထားလိုက် မှန်ရင် အကြောင်းပြန် :D

တပြည်သူ အိမ့်ချမ်းမြေ့ said...

ပုံရိပ် နဲ့ မင်းမင်းရေ.. အားပေးတာကျေးဇူးနော်…

ကိုစိုးဇေယျ.. ဟင်းဟင်းဟင်း.. လေဘယ်လ်တပ်ထားတယ်.. ဒါဝတ္ထုနော်..
ကိုစိုးဇေယျမသိပဲ ရောချပါတော့မယ်။ ဟွန်းဟွန်း

Mg Yin said...

ကျွန်တော်Cast away ကြည့် ခဲ့တာကြာလှပေမယ့်ရုပ်ရှင်လက်မှတ်ကလေးနှစ်စောင်ဖတ်ပြီး Chuck Noland(Tom Hanks)ရဲ့ ကားမောင်းထွက်သွားတဲ့လမ်းကလေးကိုပြန်မြင်ယောင်မိတယ်။It's touchy and can feel with you Ma A.C.Myay

sisain said...

ဘ၀မှာ တစ်ခါမှ မချစ်ဖူးတာထက်စာရင် ချစ်ပြီးလမ်းခွဲလို့ လွမ်းရတာက ပိုကောင်းတယ်တဲ့။ (ကျနော်ဖတ်ဖူးတာ)
အဲဒီ အလွမ်းတွေ၊ အမှတ်တရလေးတွေ ဆိုတာကလည်း ဘ၀ရဲ့ကောင်းသော မှတ်တိုင်လေးများပါ မအိမ့်-
သိပ်လှတဲ့ပို့စ်လေးတစ်ခုပါ-

bbo said...

ဘယ်နှစ်ခါ ဖတ်ဖတ်.. ဖတ်လို့ကောင်းနေတုန်းပါပဲ.. တစ်ပြည်သူ..

Yan said...

ချစ်သူပြောခဲ့သလို ချစ်ရသူနှင့် ပေါင်းစည်းနိုင်ခြင်းဆိုသည်မှာ ဘ၀၏ အောင်မြင်ခြင်းတစ်ခု အမှန်တကယ် ဖြစ်ခဲ့မည်ဆိုလျှင် ကျွန်မတို့သည် ဘ၀၏ရည်မှန်းချက်များကို ဖြည့်ဆည်းရင်း ရှုံးနိမ့်ခဲ့ကြသူများသာ ဖြစ်ပါလိမ့်မည်။

………………

ချစ်ရသူနှင့် ပေါင်းဖက်ပြီး ဘ၀ရည်မှန်းချက်တွေ ပျောက်ဆုံးခဲ့ရင်တော့ ဘ၀တစ်ခုလုံး ရှုံးနိမ့်ရုံသာမက သံသရာအထိပါ ရှုံးနိမ့်တော့မှာပဲလေ..
ကိုယ့်ရဲ့ မျိုးဆက်တွေလည်း လူလုံးမလှ ဖြစ်ရတော့မယ်. ဒါကြောင့် ကိုယ့်အနေနဲ့ တစ်ကိုယ်ကောင်းမဆန်ခဲ့ချင်ဘူး.
မင်းအထင်မှာတော့ ငါဟာ တစ်ကိုယ်ကောင်းဆန်တယ်ပေါ့
ဟုတ်တယ်.. ဒါမင်းအထင်ပါ.
ငါကတော့ ငါ့ရဲ့ ခံစားချက်ကို ချိုးနှိမ်ခဲ့ပြီး လုပ်သင့်တာတွေကို ဦးစားပေးလုပ်ခဲ့တယ်.
မင်းနဲ့ပေါင်းဖက်ရကိုလည်း ငါမျှော်လင့်ခဲ့တာပေါ့…

ဒါပေမယ့်လေ
တစ်ယောက်နဲ့တစ်ယောက် စူးနင့်အောင် ချစ်မြတ်နိုးကြပါလျက်နဲ့ လောကကြီးမှာ ကိုယ်ရည်ရွယ်သလို ဖြစ်မလာတတ်တာ၊ ဖြစ်မလာနိုင်တာတွေ၊ မပေါင်းဖက် မဆုံဆည်းနိုင်ကြတာတွေလည်း ရှိတတ်သေးတယ်.
ငါနဲ့မင်း အဖြစ်အပျက်က အဲဒီ့မြောက်မြားလှစွာသော မဆုံဆည်းနိုင်ခြင်းတွေထဲက တစ်ခုပဲပေါ့

အခြားသူတွေအတွက်တော့ အဖြစ်အပျက်တစ်ခုပါပဲ
မင်းနဲ့ငါအတွက်ကတော့ ဘ၀တစ်သက်တာ ရင်းလိုက်ရတယ်.
မင်းခံစားရသလို ငါလည်း ကြေကွဲတယ်.
ဒါပေမယ့်
ငါတို့ ဆက်လျှောက်သွားရမှာပဲလေ….

မျက်ရည်တွေကိုသုတ်
တုတ်တုတ်မလှုပ်တော့တဲ့ နှလုံးသားထဲက ပလတ်စတစ်ရင်ခုန်သံတွေကို
ပြန်လည်ထုပ်ပိုးပြီး
မရိုးနိုင်တဲ့ ဘ၀ဖြစ်စဉ်တွေထဲ
အားခဲပြီး လျှောက်ရဦးမှာ
ဒါကသာ
မှန်ကန်တဲ့ အောင်မြင်ခြင်းတစ်ခုပါ…

ဘာလို့လဲဆိုတော့
ငါဟာ…
အောင်မြင်စွာ ရှုံးနိမ့်တတ်ခဲ့သူ တစ်ယောက်ဖြစ်ခဲ့လို့ပဲလေ…

မင်းချမ်းမြေ့ပျော်ရွှင်ပါစေလို့ ငါဆုတောင်းပေးနေမှာပါ.


~ရေခဲငှက်~

မောင်မျိုး said...

အစ်မရေ့ ကျနော်ယူသွားပြီး ရတယ်ဟုတ် မောင်နှမချင်းချင်းတွေ =)

LinkWithin

Related Posts Plugin for WordPress, Blogger...