မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, June 22, 2007

အင်ကြင်းတစ်ခိုင်

ပန်းချစ်သူရေ..

တစ်ကယ်တမ်းမတော့ အင်ကြင်းပန်း အပြင်မှာ.. မမြင်ဘူးခဲ့ သူပါ..
မရရအောင် ရှာဆောင်တော်မှုပါဆိုလို့.. ရှာဖွေပေးခဲ့ရတာပါ..
အင်ကြင်းနဲ့ပတ်သက်ရင်.. ကံ့ကော်တောမှာ အင်ကြင်းပင်တစ်ပင်ရှိတယ်ဆိုလား
ကြားတော့ကြားဖူးခဲ့ပါရဲ့….

ဒီ့အပြင် အင်ကြင်းနဲ့ပတ်သက်တဲ့
ကျွန်မရဲ့ ခံစားချက်ကို သိချင်သေးသပ ဆိုရင်တော့…


ဒီမှာလာပါပြီ.. ဆရာစိန်ဝင်းရဲ့ “အင်ကြင်းတစ်ခိုင်”ကဗျာသီလေးတစ်ပုဒ်ရယ်ပါ…….

မုန်းပင်စိုက်ရင်လဲ
မုန်းလိုက်ပါတော့ချစ်သူခင်…။

ဆဒ္ဒန်ဆင်မင်းတောင်မှ
အင်ကြင်းခိုင် ခါချဉ်ပါတော့
သုဘဒ္ဒါမုန်းမာန်အရှကို
ခံရသည်ပင်။

ရင်တွင်းမှာ နာကျင်မျက်စေလို့
အင်ကြင်းလွှာ ခါချဉ်ဖက်ပြီး
သက်သက်မရည်ရွယ်ပေမယ့်
ကျီစယ်တာ အခံခက်လေတော့
အမျက်သို မုန်းမာန်ပွားလေတဲ့
သုဘဒ္ဒါ မိဖုရားလိုပဲ
အားရအောင်သာ ရန်စွယ်ငြိုးပါတော့
ဆိုးမိသူ မောင့်အပြစ်ပါပဲ
စိတ်ညစ်ကာ ပူပန်ကဲပေမယ့်
အယူခံ မ၀င်ရဲသူမို့
ရင်ထဲမှာတော့ တမြည့်မြည့်ကျင်
တငွေ့ငွေ့ပင် ပူလောင်ပေါ့။

သုဘဒ္ဒါ အစွယ်ဖြတ်သလို
ကျေနပ်အောင် ကြိုက်သလိုပြုပါတော့
ခုဘ၀မှာ မကျေသေးရင်လဲ
ကျေအေးအောင် ခံရန်အသင့်ပါပဲ
မာန်ဝင့်ကာ ကျိန်စာတိုက်တောင်မှ
ကိုယ့်ထိုက်နဲ့ ကိုယ့်ကြမ္မာပေါ့
သုဘဒ္ဒါ အချစ်ကြီးကာ
ချစ်မီးလျှံ ရင်ဝယ်မြိုက်ပြီး
ဆင်စွယ်ပိုက်ကာ ရင်ကွဲသလို
ခင်လဲလေ သည်အဖြစ်ဆိုးနဲ့
မတိုးရင် စိတ်ကျေနပ်ပါရဲ့
သုဘဒ္ဒါ မုန်းမာန်ပျိုးသလို
ရန်ငြိုးသို အသည်းနှလုံးမှာ ခိုက်အောင်
အချစ်ရယ်……..


အမြဲမုန်းလိုက်ပါတော့။


ဆဒ္ဒန်ဆင်မင်းကလဲ နှစ်ယောက်တစ်ပြိုင်နက် သွားချစ်မိတာကိုးလေ။
နောက်ပြီး အင်ကြင်းခိုင်မှာ ခါချဉ်ပါမပါ အရင် စစ်ဆေးပြီးကာမှ သုဘဒ္ဒါကို ပေးဖို့သင့်တာပေါ့။
သူယောင်္ကျားဘဲ.. အဲလေ ဆင်ထီးပဲ၊ ဒီလောက်တော့ စီစဉ်နိုင်ရမှာပေါ့။
သုဘဒ္ဒါကလဲ ဟိုဆင်မကျ လှလှပေးတယ်။ ငါ့ကျမှ ခါချဉ်ပါရသလားရယ်လို့ စိတ်ဆိုးမိမှာဘဲ…
ဆင်မ သဘာဝ ဒီလောက်တော့ အူတိုမိမှာပေါ့နော်။

သုဘဒ္ဒါကလဲ ဆဒ္ဒန်ကိုမှ သွားချစ်မိလေရော့သလား။ တစ်ခြား လွတ်လွတ်ကင်းကင်းဆင်ကို ချစ်ပါတော့လား။ ခါချဉ်မပါတဲ့ အင်ကြင်းကို ခူးပေးနိုင်တဲ့ ဆင်မျိုးကိုပဲဖြစ်ဖြစ်ပေါ့။
ခါချဉ်ပါတော့လဲ ဘာဖြစ်လဲ .. ခါချလိုက်ပေါ့.. ။ ဒါမှမဟုတ်... ကိုယ့်ဟာကိုယ် နောက်အင်ကြင်းတစ်ခိုင် ခူးလိုက်ရောပေါ့။ ကိုယ့်မှာလဲ နှာမောင်းရှိနေတာပဲဟာ။ ဘာခက်တာမှတ်လို့။ သူများအားကိုးတာထက် မိမိကိုယ်ကို အားကိုးတာပဲကောင်းတယ်မို့လား။ အချစ်ကလဲကြီးမိတာကိုး၊ ချစ်မိရင် ပူလောင်တာပဲ။ မပူလောင်ဘူးဆိုရင်တော့ မချစ်လို့လို့ ပြောကြတယ်။ ဒါပေမယ့်လဲ ပူပူအေးအေး ဆင့်စိတ်ကို ထိမ်းဖို့ အဲဒီနေ့က ချွန်းပျောက်နေတယ်နဲ့တူပါတယ်။
ခုတော့ ဘာမဟုတ်တဲ့ ခါချဉ်ကိစ္စလေးနဲ့ ဆဒ္ဒန်သေရတဲ့အထိက ဒီဆင်မ မရင့်ကျက်တဲ့ သဘောကိုပြတာပဲ။ ပြောရင်းဆင်မ ကိုတောင် စိတ်တိုလာပြီ။


တကယ်တော့ ပြဿနာ အရင်းမြစ်က ဘာလဲသိကြပါသလား... ။။
………..
…….။

တစ်ကယ့် ပြဿနာ  အရင်းမြစ်က...
အချစ်လား။
ဟင့်အင်း…မဟုတ်ဘူး။

ပြိုင်ဆိုင်မှုလား…
ဒါလည်းမဟုတ်ဘူး။

အမ မြင်ရင် ပန်းလိုက်ပေးချင်တဲ့ အထီးတွေရဲ့ သဘာဝကြီးကြောင့်လား။
ဒါလည်း မဟုတ် (လောက်) ဘူး။

ပန်းများ ကိုယ့်ဟာကိုစိုက်၊ ကိုယ့်ဟာကိုခူး (ဒါမှမဟုတ်) ကိုယ့်ဟာကို ဈေးမှာဝယ်လို့ ရတာပဲရယ်လို့ စိတ်ဓာတ်မျိုး မရှိတဲ့ မမ သုဘဒ္ဒါကြောင့်လား။
ဒါလည်း မဟုတ်။

အားလုံးရဲ့ ပြဿနာအရင်းမြစ်က.လေ…
…………..
ခါချဉ်ပဲ။
ဟုတ်တယ်…
အဲဒီနေ့မှာမှ အင်ကြင်းပင်ပေါ် ရှည်တော်မှုပြီး ရောက်နေရတဲ့ ခါချဉ်ကြောင့်ပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ်.. သုဘဒ္ဒါ လုပ်ချင်သလိုလုပ်ဆိုပြီး ဆဒ္ဒန်က အသေခံပေးမယ့်အစား
ကျေလည်အောင်ရှင်းပြခဲ့လို့ သူတို့အဆင်ပြေသွားကြမယ်ဆိုရင်….


အားလုံး အဆင်ပြေကြမယ်ဆိုရင်ပေါ့…..








(ပန်းချစ်သူရေ.. အင်ကြင်းကို.. cannonball tree လို့ခေါ်တယ်ထင်တယ်ရှင်..)

11 comments:

May Nyane said...

အိမ့် ရေ..
တွေးပုံလေး ချစ်စရာကောင်းလိုက်တာ။
မဟာဝင်၊ ရာဇ၀င်တွေမှာ
အဲလို အတွန့်တက်ချင်စရာဇာတ်တွေ အများကြီး။
အိမ့်က မြင်တတ်တယ်။

pandora said...

ခါချဉ်ကိုက်တယ်လို့
နာကျင်လိုက်ပါတော့ ချစ်သူခင်။

အတင်းမရည်ရွယ်ပေမယ့်
မင်းကျီစယ်တာခံရခက်တယ်လို့
ဒီ မယ်မှာ အငယ်ချစ်ဆိုတော့
တကယ်ရစ်တာ နားပူလှပါပေါ့
အနားယူ ကြားလူကိုသာပုံအောင်းလိုက်ချင်ရဲ့
ပန်းရောင်းတဲ့ ဟို မောင်ရင်။ (ဘလော့ဂါ ကိုမောင်ရင်မဟုတ်ပါ)

အင်ကြင်းဆို ပန်းသဘာဝကိုက
နွမ်းမလှာခင် မှန်းကာခူးရတာမို့
ခါချဉ် တစ်ခါပင် ပါရင်ပါမှာပေါ့
မျက်နှာလုပ်မိသူ ကိုယ့်အမှားပါပဲ
ကဲ.. ဆဲလိုက်တော့ ပျိုမေခင်
အယူခံဝင်ဖို့ ရေလည် ညစ်။

သုဘဒ္ဒါ ..
ခုထပ်ခါ ကိုယ် မကြားချင်လည်း
နှစ်ပါးယှဉ် သွားကြင်မိသူ ဒီလူအပြစ်ပေမို့
ချစ်ညိုးသူ အစွယ် လာမဖြတ်ခင်မှာ
(ကဲ အကြီး အငယ်တို့ရေ) လက်ဖက်ရည် ဆိုင်သာ အသာလစ်။



(အေးဆေးပေါ့.. သိပ်မခံစားကြပါနဲ့လေ..ဟဲ..)

naing said...

အင်ကြင်းတစ်ခိုင်
ခါချဉ်လည်းဆိုင်သမို့
ပန်လိုလျှင် ခွင့်မစေလို
ကျိုးစေချင့် ကိုင်းကို ချိုးသူသာမှား ။
ခါချဉ်ကောင် မာန်ကြီး ဆင်ကြီးကို မဖြိုနိုင်
ထီးမည်မမယ် မသိသည် ၊
ပန်းချစ်သူ ချဉ်ကောင်ငယ်ငယ်
နေမိသည် ဒီအင်ကြင်းကြား
ဆွတ်ချူသူ ကိုင်းကျိုးလို့
ပန်းရန်စွယ် ကွယ်မိပါ့
အားငယ်သူ ပြစ်ဖို့ရန်ကော
ခါချဉ်ငယ် ကိုယ့်ကိုထား
မလေးငယ် သိစေသား
ရန်တွေ့ပါရစေလား ။

Tesla said...

သုဘဒ္ဒါ အချစ်ရယ်ကလည်း
အပြစ်ကယ်မတင်ရက်ပါဘူး
ချွှန်းပျောက်လို့ပင်..
စွဲမိသူ နှစ်ယောက်ကြား
ဆင်မင်းရယ် ဗျာတွေများလို့
မချစ်ရဘူးတဲ့လား..
ခါကျင်ကောင် မာန်ကြီးလို့
တောင်ကြီးကိုတဲ့ ဖြိုမယ်ပြင်
အဲ့လိုပင် ရာဇ၀င်သိသော်လည်း
ဒီခါကျင် မာန်မရှိခဲ့ပါဘူး
အင်ကြင်းခိုင်အရိပ်အောက်မှာ တိတ်တဆိတ်ပင်
စိတ်သိပ်မငြိုညင်ပါနှင့်လေး…
တကယ်တွေးရရင်တော့
ဘယ်သူ့ကိုမှပင် အပြစ်ရယ်မမြင်မိတာမို့
အင်ကြင်းရယ် စိတ်မညစ်ပါနှင့်
ပွင့်မြဲတိုင်းပွင့်….

(ကြားထဲက အင်ကြင်းစိတ်ပျက်ပြီး မပွင့်ပဲ နေမှဆိုးလို့ . ဟီး)

တပြည်သူ အိမ့်ချမ်းမြေ့ said...

ခါချဉ်လေးငယ်ငယ်ရယ်
အားငယ်တယ်ဆိုဆိုပြီး...
ပိုကာပင် ၀င်မဖြီးလေနဲ့
ခပ်ဖဲ့ဖဲ့ကိုက်ကာမှတော့
ကြော့မူယာ စိတ်တော်ညိုပြီပေါ့
ဆော့တဲ့ခါချဉ်။

နှစ်ပါးယှဉ် သွားကြင်မိသူ
တူးတိုင်ဘင် ဆဒ္ဒန်ရှင်လဲ
တွဲမိသူ အစွယ်လာဖြတ်မှာမို့
စို့မျက်ရည်တလည်လည်နဲ့
နွဲ့မူပို မငိုတော့ပါဘူး
လက်ဘက်ရည်ဆိုင်ဦးက စောင့်ပါမယ်။

ဂရုဏာသက်သယောင်ယောင်နဲ့
ကိုတက်စ်တောင် ရောက်လာသပ။
ပန်းလှလှ မပွင့်လေအောင်
ခါချဉ်ကောင်ဒုက္ခပေးသည်မို့
သည်မြို့မှာ မပွင့်တော့ဘူးရယ်ပ
တကယ်စို့စို့ရွာ ခါချဉ်ပြေးပါကွယ့်
ညိုးထန်သူ မူယာမိုးရွာမယ့်
စင်္ကာပူမှာသာ ပွင့်ပါမယ်။

ဂျစ်တူး - gyit_tu said...

အရီအူပေါက်နေတဲ့ မလေးရဲ့ အင်ကြင်းကဗျာတွေကို နောက်ထပ် ပြန်ဖတ်သွားတယ် :)

ပုံရိပ် said...

အာပါး တယ်ဟုတ်ကြပါလား။ လက်ခါ၍ ပြန်သွား ပါသည်။

Yan said...

မုန်းလို၍မုန်းသည်ကားမဟုတ်ပါဆဒ္ဒန်အရှင်
ကြင်သူပေါ်ဝန်တိုစိတ်ရှေ့ရောက်မိကယ်နှင့်
မေ့ဖျောက်နိုင်အရှက်ပိုမျက်သိုခြင်းရယ်က
ဖြေဆည်နိုင်ရင်ဝယ်တောက်လောင်ငြီးတာကြောင့်
ချစ်မီးလျှံဒေါသမာန်ပြောင်းခဲ့တယ်
အဆိပ်ပင်ရေလောင်းခဲ့မိမှား..

မိန်းမသားသဘာဝမှာကား
အရှက်ကိုတန်ဖိုးထားသည်ကြောင့်
ဆင်ပုံလယ် ရှက်တော်ကွဲခဲ့သည်ကိုလည်း
ဆဒ္ဒန်ရှင်ဘယ့်တွက်ကြောင့် လျစ်လျူတော်ရှုခဲ့နိုင်ရက်အား…

ရာဇ၀င်စာထင်ရှားရှိခဲ့ထင်ရှား
မိဖုရားစောလုံငယ် ရှင်ဘုရင်ပေါ်ချစ်ပါလျက်ကယ်နှင့်
ရေသဘင်ဆင်ယင်တူယှဉ်နွှဲသည့်ပွဲ
မောင်းမအလယ် ရှက်တော်ခွဲခံရသည်ကြောင့်
ရာဇမာန်ပြင်းစွာထိရှလေပြီဟုတ်
ဘုရင်ပင်သူမကြောက်
အသက်ပင်စွန့်၍
အံတုခဲ့ချေပြီတမုံ့…

စူဠသုဘဒ္ဒါကျွန်တော်မမှာကား
ပြိုင်ဘက်ရှင် မဟာသုဘဒ္ဒါမရှိခဲ့လျှင်တော့
မောင်တော်သခင်အမှားကို ခွင့်လွှတ်နိုင်တော့မပေါ့
ကြင်ယာတော်နှစ်ပါးစဉ်ရှိပါလျက်ကယ်နှင့်
သူ့ဆံနွယ်အင်ကြင်းပွင့်ငယ်ကြော့ကြော့
ချစ်ကြင်သူကျွန်တော်မမှာတော့ ခါချဉ်ဒဏ်ရာနှင့် ဦးမမော့
အရှက်ထန် ဒေါသမာန်ပြောင်းမိခဲ့ပြီလား
နှောင်းနောင်ကို တွေးမဆင်ခြင်မိ
ပြင်ဆင်ရန်ခက်သည့်ဆုကိုလည်း တောင်းခဲ့မိသည့်အမှား..

ဧကန်ပင် နိုင်ယူလိုသည်က
မောင့်ဆင်စွယ်လက်ဝယ်ပိုင်သည်ခဏ
ငါဟဲ့စူဠလို့ ကြွေးကြော်နိုင်မည်မုချ..

အမှန်ကားကျွန်မပျော်
မောင့်ဆင်စွယ်ရင်ဝယ်ပိုက်ကာထွေးလျက်
တွေးမပြေရှေးရေစက်ပြန်ပြောင်းဆင်ခြင်မိ
နှလုံးအိမ်ဟက်တက်ကွဲလျက်ရယ်နှင့်
ဖြေဆည်နိုင်တင်ကဲမချိ
သေပွဲဝင်ရပါ၏….

ဒီဖြစ်အင်ဆက်အစဉ်မကြုံဆုံရစေဖို့
စူဠရှင် ပမာပုံပြဆောင်ခဲ့လေတယ်
တွယ်တာသူ ပြုမိမှားလေက
တားမနိုင်ငြိုးမာန်မထားစေသင့်
အို. ပန်းသခင်..
စိတ်စောပါလင့်…

နေမိုး said...

မအိမ့်ရေ....
စာရေးသူကကောင်းသလောက် မှတ်ချက်တွေကလဲ အပြန်အလှန် အလာကြီးတွေချည်းပဲနော်။ ဒီအတိုင်းဆိုရင်တော့ မြန်မာ့ကိုယ်ပိုင် အဖွဲ့အနွဲ့ ကဗျာတွေလည်း အသက်ရှင်အားရှိနေသေးတယ်လို့ ဂုဏ်ယူစရာကြီးပဲ။ ဦးပုညလုပ်လိုက်တာနဲ့
ဆရာမောင်စိန်ဝင်းပြန်ဖွလိုက်တာနဲ့ ဆဒ္ဒန်ဆင်မင်းကော သုဘဒ္ဒါတို့လည်း အခုထက်ထိရှင်သန်နေတုန်းပဲနော်။ ကျနော်ကတော့ ဘာရယ်ညာရယ်မဟုတ်တော့ ဘယ်ရယ်ညာရယ်ပြောင်းပြီး ပြန်ညောင်းသွားပါပြီ။

စာပေကိုတန်ဖိုးထားလျှက်
နေမိုး (DK)

yin lay said...

I like all your posts, ma ain chann myae! They are so touching to my heart!

မိုးထက်နေ said...

သဘာဝတရားက ရှက်ရွံ့ နေတဲ့ ခဏ
(ဒီမိုးကို မိုးဟု)

LinkWithin

Related Posts Plugin for WordPress, Blogger...