မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, June 16, 2007

ဆိုးဝါးတဲ့ အိပ်မက်များ - ဇာတ်သိမ်း

ရဲတိုက်လို ခပ်ချွန်ချွန်မြင့်မြင့် အဆောင်ပြူတင်းပေါက်မှာ ကျွန်မရပ်နေသည်။ လေတွေခပ်ပြင်းပြင်း တိုက်ခတ်နေလို့ ကျွန်မဆံပင်တွေ အတားအဆီးမဲ့စွာ လွင့်မျောနေသည်။ ခပ်လှမ်းလှမ်းမှာ ကနေဒါရော့ကီးတောင်တန်းပြာတွေ။ ဟင်.. ကျွန်မကိုယ်မှာ ရွှေအိုရောင် ဖဲဂါဝန်တစ်ထည်ပါလား။ ပြူတင်းပေါက်မှာ အောက်ကိုငုံကြည့်လိုက်သည်။ အောက်မှာ ဆိုက်ကားတွေ၊ ကားတွေသွားနေသည်။ လူတွေ၊ ကလေးလေးတွေ၊ ဘန်းရွက်ဈေးသည်တွေ။ လမ်းပေါ်က ကတ္တရာလမ်းတွေပေါ်မှာလဲ လက်ဘက်ရည်အရောင် ရေအိုင်ကွက်တွေ။ ညစ်ပတ်နေတဲ့ ခပ်နိမ့်နိမ့် သွပ်မိုးတွေ။
“ဟင်”
ရဲတိုက်အောက်ခြေ တံခါးဝမှာ သူ..နှင့် ညိုထွန်း ပါလား။ ကျွန်မကို မော့ကြည့်နေကြသည်။
သိပ်ပျော်သွားသည်။ ရင်ထဲမှာ အပျော်တို့ ထုံမွှန်းနေသည်။ ပျော်လွန်းလို့ ရင်ထဲတလှပ်လှပ်ဖြစ်နေသည်။ သို့ပေမယ့် ကျွန်မ သူတို့ကို သည်အတိုင်းငုံ့ကြည့်နေခဲ့သလို သူတို့ကလဲ သည်အတိုင်း မလှုပ်မလျှက် ကျွန်မကိုမော့ကြည့်နေခဲ့သည်။

ရှုတ်တရက် ရဲတိုက်၏ အခန်းထောင့်မှာ မဲမဲအရိပ်နှစ်ခု ငုတ်တုပ်ထိုင်နေတာကို တွေ့လိုက်သည်။ သူတို့ဘေးမှာ နောက်ထပ် အဖြူရောင် အရိပ်တစ်ခု။ ကျွန်မ အရမ်းလန့်သွားခဲ့သည်။ ထိုင်နေသည့် အရိပ်တွေ၏မျက်နှာတွေကို သေသေချာချာကြည့်လိုက်တော့ ကျွန်မ ပိုပြီးအံ့သြသွားခဲ့သည်။ အို… သူတို့ပါလား။


“အောက်မှာ ဘာတွေဖြစ်နေလဲ တစ်ချက်ထပ်ငုံ့ကြည့်လိုက်ပါဦး”
အဖြူအရိပ်ကပြောသည်။ ကျွန်မ အောက်ကိုထပ်ငုံ့ကြည့်လိုက်သည်။
“ဟင်”
သည်.. သည်မြင်ကွင်းပါလား။ မမြင်ချင်ဘူး။ ထပ်မြင်ပြန်ပြီ။ သူရယ်၊ ညိုထွန်းရယ်၊ အခြား အဖြူရောင်ကော်လာကတုံးတွေနှင့် ပင်နီတိုက်ပုံတွေ။ သူတို့ရှေ့မှာတော့ အစိမ်းရောင် စစ်တုရင်ရုပ်လေးတွေ။ သူတို့တွေကြားက တင်းမာမှုအရိပ်တွေက ရဲတိုက်ခေါင်မိုးစွန်းထိ တရိပ်ရိပ်တက်လာနေသည်။
“အား.. မကြည့်ချင်ဘူး။” ကျွန်မ သွေးပျက်စွာ တုန်တုန်ရီရီပြောလိုက်မိသည်။
“ဟားဟား.. မင်းတို့လို လူတွေကြောင့််ပေါ့”

“ဟင်.. ကျွန်မတို့လို လူတွေကြောင့်၊ ဘာ.. ဘာဖြစ်လို့လဲဟင်”

“မင်းလို သူတွေကြောင့် သူတို့မိခင်ကို မင်းတို့လက်ကို ပေးလိုက်ရတယ်”

“ဟုတ်တယ် သူတို့ ကျေနပ်သည် ဖြစ်စေ၊ မကျေနပ်သည် ဖြစ်စေပေါ့၊ သူတို့ အသဲကွဲသည်၊ မကွဲသည်ဖြစ်စေပေါ့”

“သူများတွေ မိစုံဖစုံနဲ့ ပျော်နေချိန်မှာ သူတို့ကတော့ သူတို့ရဲ့ငယ်ရွယ်နုပျိုတဲ့ အချိန်တွေကို အမိမဲ့သားတွေ ဘ၀နဲ့ အထီးကျန်စွာ ဖြတ်သန်းခဲ့ရတယ်”

“သူတို့အတွက် ဘယ်သူ ကိုယ်ချင်းစာပေးလဲ။ ဘယ်သူ စကားထဲထည့်ပြောကြလဲ။ သူတို့က ကျေးဇူးအတင်မခံချင်ပါဘူး။ မိခင်အတွက်လဲ ဂုဏ်ယူနေမှာပါ။ ဒါပေမယ့် အသိအမှတ် ပြုခြင်းတစ်ခုလောက်တော့ တစ်ခါတစ်ရံလိုချင်မယ်လို့ မစဉ်းစားမိကြဘူးလား”

“Greater good အတွက် မဟုတ်ဘူးလား” သက်ပြင်းရှိုက်ပြီး ပြောလိုက်မိသည်။

“မိခင်မရှိပဲ ကြီးပြင်းခဲ့ရတဲ့ သားသမီးတွေရဲ့ ခံစားချက်ကို မင်းခံစားဘူးလား။ သူများ မိသားစုတွေ ရယ်မောပျော်ရွှင်နေချိန်မှာ သူတို့ အမေကို တမ်းတစွာ လွမ်းနေခဲ့တယ်လေ၊ အမေ့အတွက် အိပ်မပျော်ခဲ့တဲ့ ညများစွာကို မင်းလျော်ကြေးပေးရမယ်ဆိုရင် ဘယ်လိုလျော်ကြေးပေးမလဲ”

“ဘာပြောနိုင်မလဲ။ ကျွန်မ ကိုယ်တိုင် အရည်အချင်းမရှိလို့ စွန့်ခွာလာခဲ့တာမို့လား”

“ဘာလဲ၊ တစ်နေ့ပြန်မယ်ဆိုတဲ့ အပိုစကားတွေ ထပ်မကြားချင်ဘူးနော်”

“ကျွန်မ လုပ်လဲမလုပ်တတ်ဘူး၊ ဘာမှလဲ လုပ်လို့မရဘူးလေ။ အနည်းဆုံးတော့ ဒီအသိုင်းအ၀ိုင်းက ထွက်ခဲ့တယ်လေ”

“မင်းထွက်ခဲ့ပေမယ့် ကျန်တဲ့ မင်းရဲ့ သူငယ်ချင်းတွေကို ကြည့်လိုက်ပါဦး။ မနှစ်သက်ပါဘူးဆိုပြီး ကျောင်းမပြီးခင်တစ်မျိုး၊ ကျောင်းပြီးတော့တစ်ဖုံ၊ အဲဒီအထဲ တစ်ဖွဲဖွဲ ၀င်ရောက်နေကြတယ်။ မိန်းကလေးတွေကိုလဲ ကြည့်ဦးလေ၊ သူတို့ကိုမှ အထင်ကြီးစွာ လက်ထပ်ပေါင်းသင်းနေကြတယ်။ ပညာတတ်တွေလို့ ကိုယ့်ကိုကိုယ် ခေါ်ကြတဲ့သူတွေလေ။ အချို့တွေကလဲ တချိန်တုန်းကတော့ ပါးစပ်ကနေ ရွံမုန်းလှပါချည်ရဲ့ဆိုပြီး နောက်ကျတော့ ဓာတ်ပုံမှန်ဘောင်ကြီးတွေထဲမှာ သူတို့သားတွေပုံတွေကိုထည့်၊ တခမ်းတနား အိမ်ရှေ့ခန်းမှာ ချိတ်ဆွဲထားမှတော့….. ”

“မင်းကကော မျက်စိစုံမှိတ်ပြီး သူများ ထူထောင်ပြီးသား တိုင်းပြည်တစ်ခုမှာ ဇိမ်လာခံနေတယ်မို့လား”

“ဟင့်အင်း.. မဟုတ်ဘူး၊ ကျွန်မ ရှင်ထင်သလိုမဟုတ်ဘူး”

“ဘာလဲ ပညာလာသင်တာ၊ ငွေလာရှာတာ၊ ဘာလာလုပ်တာ၊ ညာလာလုပ်တာဆိုပြီး အကြောင်းတွေ ပြကြဦးမလို့လား။ တချို့ဆို သူများထူထောင်ပြီးသား နိုင်ငံတွေက ပညာတွေယူပြီး higher ground ကနေ ကိုယ့်လူမျိုး အချင်းချင်း ပြန်တောင် ဝေဖန်သုံးသပ်သယောင်ယောင်နဲ့ အပြစ်တင်နေကြသေးတယ်”

“ထောက်ပြတာ၊ ဝေငှတာဖြစ်ပါလိမ့်မယ်။ တခါတရံ အုပ်စုထဲမှာ ၀င်ကနေရင် အဲဒီအုပ်စုရဲ့ ကကွက်တွေကို မမြင်နိုင်ဘူးလေ။ အဝေးကနေ၊ အပေါ်စီးကနေ ရပ်ကြည့်နေချိန်မှာတော့ ဘယ်သူတွေ ဘယ်လိုကနေကြလဲ ပိုမြင်ရတယ်။ အဲဒီအခါမှာ ဘယ်သူက ဘယ်လို က သင့်တယ်လို့ ထောက်ပြကြတာဖြစ်ပါလိမ့်မယ်။ အပြစ်တင်ကြစတမ်းဆိုရင် ဘယ်သူမှ အပြစ်မလွတ်ပါဘူး”

“ဟားဟားဟား… သွား၊ ဒါဆိုမင်းပြန်သွား၊ ကဲ.. အခုဒီပေါ်က ထပ်ကြည့်လိုက်စမ်း။ ဘာတွေဖြစ်နေပြီလဲဆိုတာ”

ကျွန်မ ရဲတိုက်ပြူတင်းပေါက်မှ အောက်ကို ငုံ့ကြည့်လိုက်သည်။
“အား”
ထိန့်လန့်သွေးပျက်စွာ အော်လိုက်မိသည်။ အောက်မှာ မီးခိုးငွေ့တွေ တစ်အုန်းအုန်း၊ လူတွေလဲ ၀ရုန်းသုန်းကားပြေးနေကြသည်။

“ကို….. ကို….ရေ။ ညိုထွန်း၊ ညိုထွန်း၊ ပြေးပြေး၊ အဲဒီနားမှာ ရပ်မနေနဲ့”

အောက်ကိုငုံ့ကြည့်ရင်း သွေးရှုးသွေးတန်း အော်နေမိသည်။ ထိုအချိန်မှာ အဖြူရောင်အရိပ်က ကျွန်မအနားကို ကပ်လာသည်။ ကျွန်မကြောက်လန့်ပြီး ပုတင်းပေါက်ဘက်ကို ကပ်လိုက်မိသည်။ ကျွန်မ အရှိန်လွန်ပြီး ရဲတိုက် ပြူတင်းပေါက်မှ တဆင့် အောက်ကို ပြုတ်ကျသွားသည်။ ကျွန်မ အကြာကြီး ပြုတ်ကျနေသည်။ ရင်ထဲမှာ အသဲနှလုံးတွေ မရှိတော့သလို ခံစားနေရသည်။

လန့်နိုးလာတော့ အပြင်မှာ ရေခဲမိုးတွေရွာနေပေမယ့် တစ်ကိုယ်လုံး ချွေးတွေနှင့်ရွှဲစိုနေသည်။ ကျွန်မ ပြူတင်းတံခါးကိုဖွင့်လို့ ယောင်ယမ်းကာ လရောင်တောက်တဲ့ အုန်းလက်တွေကို ရှာနေမိသည်။ ထိုညက မြန်မာပြည်ကို လွမ်းဆွတ်တမ်းတစွာ၊ ကြေကွဲစွာ၊ စိတ်ရှုပ်စွာ၊ ရင်နင့်စွာ၊ အဖြေရှာမရစွာ ပေါက်ကွဲခဲ့သည်။

******************

ကျွန်မ အိမ်ကိုပြန်ရောက်နေသည်။ အိမ်ခေါင်မိုးတွေက အရင်ကထက် နိမ့်ဆင်းသွားသလို ခံစားနေရသည်။ ထမင်းစားခန်းထဲက မိဘတွေကို နှုတ်တောင်မဆက်နိုင်ဘဲ တယ်လီဖုန်း အစိမ်းလေး၏ လက်ကိုင်ကို မ လိုက်သည်။ အလွတ်ရနေတဲ့ နံပါတ်တွေကို လှည့်လိုက်သည်။
တစ်ဘက်က လာကိုင်သည်။

“ဟို.. ဟိုဘက်အိမ်က၊ ကို… ရှိပါလားရှင်၊ ကျွန်မ သူ့သူငယ်ချင်း ကနေဒါက ခဏပြန်ရောက်နေလို့၊ ခဏလောက် စကားပြောပါရစေရှင်၊ ခဏလောက်ခေါ်ပေးပါနော်”

“အင်းအင်း သမီး၊ သွားခေါ်ပေးမယ်၊ ကိုင်ထား”

ရင်တွေ တလှပ်လှပ်ခုန်နေသည်။ အို…… သူ့အသံကြားရတော့မည်။
ဖုန်းထဲမှ တဆင့် ခြေသံတစ်ခု ဖုန်းဆီကိုလျှောက်လာနေသံကြားရသည်။ ရင်တွေပိုခုန်လာသည်။ ဖုန်းကို ကောက်ကိုင်လိုက်သံကိုကြားလိုက်ရသည်။

“၀ုန်း”
“အား”
ဖုန်းကို လွှတ်ချလိုက်မိသည်။ နောက်တစ်လှမ်းဆုတ်လိုက်ရင်း မယုံကြည်နိုင်လွန်းစွာ ငေးကြည့်နေမိသည်။
ဖုန်းတစ်ခုလုံး မီးတဟုန်းဟုန်းတောက်လောင်နေသည်။
“ကို…”
“ကို…..”

ကယောင်ကတမ်း အော်လိုက်သံနှင့်အတူ လန့်နိုးလာခဲ့သည်။
အဲဒီညက မီးဖိုထဲသွားပြီး ထမင်းစားပွဲမှာ ရေတစ်ခွက်နှင့် တော်တော်ကြာကြာထိုင်နေခဲ့သည်။

************

မာကျူရီမီးရောင်တွေ ဖြာလဲ့တဲ့ မြို့ပြအောက်မှာ နောက်ဆုံးပေါ်ကားတွေ အသံမမြည် တိတ်ဆိတ်လွန်းစွာ မောင်းနှင်နေကြသည်။ လတ်ဆတ်တဲ့ ပစိဖိတ်လေကြောင့် weeping willow တွေ တရှဲရှဲမြည်သွားသည်။ အမှိုက်မဲ့ ရှင်းသန့်တဲ့ လမ်းတွေပေါ်မှာ ကျွန်မရဲ့ ဖိနပ်သံကို ပြန်ကြားနေရသည်။ ပလက်ဖောင်း တစ်ဖက်တစ်ချက်က The Bay, Sears, Jacobs, LuLu, Old Navy စတဲ့ ဆိုင်တွေနောက်က အရုပ်တွေက ၀တ်ကောင်းစားလှတွေ ၀တ်လို့ ပုံစံအမျိုးမျိုးနှင့် မတ်တပ်ရပ်နေကြသည်။

Granville လမ်းမကြီးအတိုင်း လျှောက်လာရင်း မနေ့ကဖုန်းထဲမှာ သူက သူ့အိမ်ကို ခေါ်သွားပြီး သူ့မိခင်နှင့် ကျွန်မကို မိတ်ဆက်ပေးမည်လို့ ပြောတာကို တွေးနေမိခဲ့သည်။ ကျွန်မ သူ့ဆီသွားနေသည်။ အိပ်မက်ထဲမှာ ညဖြစ်နေသည်။ သူ့မိခင်နှင့် ကျွန်မကို မိတ်ဆက်ပေးနေစဉ်တွင် ကြည်နှုးရှက်ရွံ့စွာ သူ့လက်ကလေးကို ဆုပ်ကိုင်ကာ အားတင်းနေမိမည်။ သူ့မိခင်က ကျွန်မကို သဘောကျပါ့မလား။ အတွေးကြောင့် ပါးပြင်တစ်ခုလုံး ရှိန်းခနဲဖြစ်သွားသည်။ ကိုယ့်အတွေးလေးနှင့်ကိုယ် ဆက်လျှောက်လာရင်း လမ်းဆုံးတော့ ညာဘက်ကို ချိုးကွေ့လိုက်သည်။

“ဟင်”

နားထဲမှာ ဆောင်းဦးလှိုင်၏ သီချင်းတစ်ပုဒ်ကို ထူးထူးဆန်းဆန်းကြားလိုက်သည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လက်ဘက်ရည်ဆိုင်လေးတွေ၊ မုန့်ဟင်းခါးဆိုင်လေးတွေ၊ အရုပ်ဆိုင်လေးတွေ။
ကျွန်မ ရွှေတိဂုံဘုရား တောင်ဘက်စောင်းတန်းနားက လမ်းမတစ်ခုပေါ်ရောက်နေတာပါလား။ လူတွေလူတွေ၊ ကျွန်မနဲ့ ဆံပင်အရောင်၊ မျက်လုံးအရောင်၊ အသားအရောင်တူသူတွေ။ ကျွန်မ မွေးကတည်းက ပြောလာတဲ့ စကားကို ရေပက်မ၀င၊် တွင်တွင်ကျယ်ကျယ်၊ အားရပါးရပြောနေကြပါလား။ အပျော်စိတ်နဲ့ ရင်တွေတဒိတ်ဒိတ်ခုန်လာပြန်သည်။
“အို”
လမ်းရဲ့ ဟိုတစ်ဘက်မှာ သူ၊ သူပါလား။
ဒါပေမယ့် သူ တစ်ယောက်ထဲတော့မဟုတ်၊ သူ့ဘေးမှာ ထမီရှည်ရှည်လေးနဲ့ ယဉ်ယဉ်ချောချော ဆံနွယ်နက်မလေး တစ်ဦး။ သူတို့ လက်တွဲပြီး ရပ်နေကြတာပါလား။ လမ်းတစ်ဘက်မှာ ရပ်နေသည့် ကျွန်မကိုမြင်သွားသည်။ ၀မ်းသာအားရ ပြုံးပြီးလက်ပြနေသည်။ ကျွန်မ နားမလည်နိုင်ခဲ့။

ဘယ်လိုဖြစ်တာလဲဟင်။ မနေ့ကပဲ သူ ကျွန်မကို သူ့မိခင်နှင့် မိတ်ဆက်ပေးမည်ဆို။
ကျွန်မ… ကျွန်မ….။ အို…ဘာပဲဖြစ်ဖြစ် သူ့ကို သွားနှုတ်ဆက်မည်။
ကျွန်မ သူတို့ရှိရာ လမ်းတစ်ဘက်သို့ ကူးသွားသည်။
ဘယ်လိုဖြစ်တာပါလိမ့်၊ တစ်ဘက်ကို မရောက်နိုင်တော့၊ လမ်းကြီးက ကူးဖြတ်လေ၊ ပိုဆန့်လေ။ ကျွန်မဆက်ကူးနေသည်။ ကျွန်မဆက်ကူးနေသည်။

ထိုညက မက်သည့်အိပ်မက်ထဲတွင် ကျွန်မ သူရှိနေရာ ပလက်ဖောင်းဆီကိုတော့ ရောက်သွားခဲ့သည်။ သို့ပေမယ့် ပလက်ဖောင်းပေါ်မှာ သူမရှိတော့။ ကျွန်မတစ်ဦးတည်း အကြာကြီးရပ်နေခဲ့သည်။ သူပြန်လာမည်လား စောင့်နေခဲ့ပါသည်။
သူကတော့ ပြန်မလာတော့ပါ။ ဘယ်တော့မှလဲ ပြန်လာလိမ့်မည် မဟုတ်ဆိုတာကို သိနေခဲ့ပါသည်။

………………..
………………

ကျွန်မတို့တတွေဟာ အိပ်မက်တစ်ခုကို ထပ်ခါတလဲလဲ အကြိမ်ပေါင်းများစွာ မက်တတ်ကြသလို၊ မိမိအိပ်မက်ကို မသိစိတ်ကထိမ်းလို့ ကိုယ်လိုချင်တဲ့ ပုံစံရအောင် မက်တတ်တဲ့ သဘောလဲရှိသည်ဟုဆိုသည်။ အိပ်မက်ကို ဘယ်လိုဘဲ ဖွင့်ဆိုပါစေ အိပ်မက် မမက်ဖူးသူတော့ ရှိလိမ့်မည်မထင်ပါ။ မက်ဖူးတဲ့ အိပ်မက်ကို လွယ်လွယ်နှင့် မေ့တတ်ကြသူများရှိသလို၊ တသသ အောက်မေ့တတ်သူများလဲရှိလိမ့်မည်။

သူ ကတော့ အိပ်မက် က နိုးထသွားခဲ့လေပြီ။
ကျွန်မကတော့…..
ကျွန်မကတော့…..။


(ဒီပိုစ့်လေးက မမယ်လိုဒီမောင်ရဲ့ အိပ်မက်ကလှတယ် ဘ၀ကရုပ်ဆိုးတယ်
ဆိုတဲ့ စာစုလေးနဲ့ မပန်ဒိုရာရဲ့ ကံ့ကော် ကို ဖတ်အပြီး ကျွန်မရဲ့ ဆိုးဝါးတဲ့ အိပ်မက်လေးတွေကို ပြန်ပြောင်းအောက်မေ့ခြင်းစာစုပဲဖြစ်ပါတယ်။)

6 comments:

ဂျစ်တူး - gyit_tu said...

မလေးရေ.. သိပ်ဖတ်လို့ကောင်းတဲ့ အိပ်မက်ဆိုးတွေပဲ ။ ဂျစ်တောင် တခုခု ပို့စ်ရေးချင်နေပြီ ။

Layma said...

မအိမ့်..စကားလုံးတိုင်းကို ခံစားရတယ်…

နေမိုး said...

M Ain Chan Myay,
Thanks for coming to my blog. I never hope it, you could come to mine. I don't want to invite people to come my blog, because I have lack many post to show them. You are good to take a glance my blog without my inviting.
I could see your latest posts would be fiction but I vow these would be felt by our revolution against .......................

Nay Moee

pandora said...

မလေးရဲ့ အိပ်မက်က ကိုယ့်ရင်ထဲမှာလည်း စွန်းထင်းကျန်သွားပြီ..

Ko Phyoe said...

သွားချင်တိုင်းမရောက်တာ အိပ်မက်ထဲမှာမှ မဟုတ်ပါဘူး မလေးရယ်

ချစ်သူ said...

အိပ်မက်တွေဟာ တစ်ခါတစ်လေ အပြင်မှာခံစားရသလိုဘဲ..

LinkWithin

Related Posts Plugin for WordPress, Blogger...