မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, June 15, 2007

ဆိုးဝါးတဲ့ အိပ်မက်များ - (အပိုင်းတစ်)

သူ ကတော့ အိပ်မက် က နိုးထသွားခဲ့လေပြီ။

**********

အချို့ ပညာရှင်တွေက အိပ်မက်ဆိုတာ ဦးနှောက်ရဲ့ အရှေ့ပိုင်းမှာ စတင်ဖြစ်ပေါ်တယ်လို့ဆိုကြသည်။ အချို့ကလဲ ဦးနှောက်ရဲ့ အနောက်က စတာလို့ဆိုကြသည်။ အိပ်မက်ဆိုတာ သိစိတ်နဲ့ မသိစိတ်တို့ရဲ့ ကူးလူးဆက်ဆံမှု၊ နောက်ပြီး ခံစားချက်တွေနဲ့ ဘ၀ရဲ့ ရောင်ပြန်ဟပ်မှုလို့လဲဆိုကြသည်။ အိပ်မက်တစ်ခုကို ထပ်ခါတလဲလဲ အကြိမ်ပေါင်းများစွာ မက်တတ်ကြသလို၊ မိမိအိပ်မက်ကို မသိစိတ်ကထိမ်းလို့ ကိုယ်လိုချင်တဲ့ ပုံစံရအောင် မက်တတ်တဲ့ သဘောလဲရှိသည်ဟုဆိုသည်။ အိပ်မက်ကို ဘယ်လိုဘဲ ဖွင့်ဆိုပါစေ အိပ်မက် မမက်ဖူးသူတော့ ရှိလိမ့်မည်မထင်ပါ။

အချို့အိပ်မက်တွေက ပြန်လည်မှတ်မိဖို့ သိပ်ခက်သည်။ အိပ်မက်မက်တိုင်း ဒိုင်ယာရီထဲမှာ ချရေးလေ့ရှိသည့် သူတွေထဲမှာ ကျွန်မတော့မပါ ပါ။ သို့ပေမယ့် မှတ်မှတ်ထင်ထင် မက်ခဲ့ဖူးသည့် အိပ်မက်များကိုတော့ နှစ်တွေ ဘယ်လောက်ကြာကြာ မှတ်မိနေတတ်ပါသည်။


ငယ်စဉ်တောင်ကျေး ကလေးဘ၀တုန်းက ညနေစောင်း ထမင်းစားပြီးချိန်များတွင် ခြံထဲမှ မောင်နှစ်မ ၀မ်းကွဲများနှင့် အိမ်နောက်က မန်ကျည်းပင်အောက် သဲဖြူဖြူ မြေကွက်လပ်ပေါ်တွင် ဆူညံအော်ဟစ် ပြေးလွှားလို့ အီစွတ်၊ ရွှေစွန်ညို၊ တူတူပုန်းတမ်း ကစားခဲ့ကြဖူးသည်။ ညရောက်ပြီဆိုရင်ဖြင့် လူကြီးတွေပြောသည့် ထမင်းလုံး တစ္ဆေခြောက်သည့် အိပ်မက်တွေ မက်ပါတော့သည်။ ချောက်ကမ်းပါးကြီးပေါ်မှ ပြုတ်ကျနေသည်မှာ ရင်ထဲကိုလှိုက်၊ ဟာ၊ အေး သွားသည်။ တစ်ခါတစ်ရံ ဟယ်လီကော်ပတာပေါ်မှ လေထီးနှင့်ခုန်ချသည်မှာ လေထီးမပွင့်ဘဲ အမြင့်ကြီးကျနေတာ မရပ်တော့ပါ။ ထူးဆန်းသည်မှာ အောက်က မြေပြင်နှင့် ထိတော့မည်ဆိုတိုင်း ကိုယ့်ကိုကိုယ် နိုးအောင်တော့ အမြဲနှိုးနိုင်ခဲ့သည်။

ကျွန်မက လူထူးလူဆန်းတစ်ယောက်ဖြစ်နေသည်ထင်သည်။ ကိုယ်နှစ်သက်တတ်သည့် အရာလေးတွေက လူအများသတိမထားမိသည့် စပါးခင်းထဲမှ မထင်မရှားပန်းကလေးတို့၊ လူကြိုက်မများတဲ့ ချောင်ထဲက ပိတ်ဆင်စလေးမျိုးတို့။ တစ်စုံတစ်ရာကို၊ အထူးသဖြင့် သိပ်ပြီး လူကြိုက်များခံရသည့် အရာတစ်ခုကို ဘယ်သောအခါကမှ ယှဉ်ပြိုင်ပြီး မယူတတ်။ သူများမလိုချင်သည့် အရာကို ကိုယ့်လက်ထဲမှာ ယုယုယယထားပြီး မြတ်နိုးရတာ ပိုပြီး အေးမြသည်ဟု ထင်မိသည်။

သည်လိုနှင့်.. ပြောင်လက်တောက်ပသည့် ရန်ကုန်တက္ကသိုလ်၏ သီရေတာခန်းမထဲက ချောင်တစ်ချောင်မှာ ငြိမ်ငြိမ်လေး ထိုင်နေတတ်သည့်၊ မည်သူကမှ အရေးမစိုက်၊ သတိမထားမိသည့် သူတစ်ယောက်ကို သတိထားမိတတ်လာသည်။
ဘစ်ကားနှင့် အိမ်ပြန်ဖြစ်တဲ့တစ်နေ့၊ ကားပေါ်မှာ သူနှင့်ဆုံသည်။ သူထိုင်နေသည့် ခုံနားမှာရပ်လျှက် ခေါင်မိုးမှလက်ကိုင်တန်းကို ကိုင်ပြီးမတ်တပ်ရပ်နေသည့် ကျွန်မကိုတော့ သူမမြင်။ အမှတ်မထင် မျက်လုံးက သူ့ပုဆိုးပေါင်ပေါ်က အပေါက်သေးသေးလေးတစ်ခုကို သွားတွေ့လိုက်သည်။ ပုဆိုးကလဲ တောက်တောက်ပြောင်ပြောင်မရှိ။ ထိုနေ့က အိမ်ပြန်ရောက်ကတည်းက ကျွန်မ တွေတွေဝေေ၀ဖြစ်နေခဲ့သည်။

ငိုင်ကျသွားခဲ့တဲ့ ထိုနေ့တွေရဲ့ အဆုံးတွင်တော့ တစ်ရပ်ကွက်ထဲနေကြသည့် ကျွန်မတို့ သူငယ်ချင်းတွေဖြစ်သွားကြသည်။ ကျောင်းမှ အိမ်အပြန်လမ်းတွေပေါ်မှာ ကားပေါ်မှ ကြည့်လိုက်တိုင်း ပဲခူးဆောင်ဘေး၊ မျက်ရှည်ပင်တွေကြားမှာ လမ်းလျှောက်နေတဲ့သူက အမြဲပြုံးပြီး လက်ပြတတ်သည်။ တစ်ရပ်ကွက်ထဲနေတာတောင် ကျွန်မကားနှင့် သူတစ်ခါမှ ကားကြုံသူလိုက်မစီးခဲ့။ သည်လိုနှင့် ကျောင်းသွားကျောင်းပြန် သူနှင့်လိုက်ချင်ခဲ့သည့် ကျွန်မ၊ အိမ်က ကားကို လမ်းတစ်ဝက်မှ လှည့်ပြန်ခိုင်းတတ်လာသည်။

ညကိုးနာရီလောက်တွင် ကျွန်မအိပ်ပျော်သွားခဲ့သည့် နွေရာသီဝင်စ ညတစ်ည။
လေယာဉ်စက်သံတွေ ဆူညံနေသည်။ ဆွေမျိုးတွေက ခပ်လှမ်းလှမ်း အဆောက်အဦးပေါ်မှ လက်ပြနေကြသည်။ လေယာဉ်လှေကားအတက်နားမှာ ဖေဖေ၊မေမေ နှင့် ညီမလေးက မတ်တပ်ရပ်နေသည်။ လေယာဉ်ထွက်တော့မည်။ ကျွန်မ လေဆိပ်ဘက်ကို ကြည့်လိုက် မိဘတွေကို ကြည့်လိုက်နှင့် ခြေတုံချတုံဖြစ်နေခဲ့သည်။

“သူ နေမကောင်းဘူး”
အသံတစ်ခုက ကျွန်မနောက်တည့်တည့်မှ ပဲ့တင်ခတ်နေသည်။

“သွားနှင့်လိုက်ကြတော့၊ သမီးလိုက်လာခဲ့မယ်”

သက်ပြင်းရှိုက်လျှက် မိဘတွေရဲ့မျက်ဝန်းအိမ်တွေထဲ စိုက်ကြည့်ပြီးပြောအပြီး လေဆိပ်ဘက်ကို ကျွန်မအားကုန်ပြေးသွားသည်။ လေဆိပ်ထိပ်ရောက်တော့ ရန်ကုန်မြို့၏ ဟောင်းနွမ်းနေသော လေးထပ်တိုက်ခန်းတစ်ခု၏ ခြေရင်းသို့ ရုတ်တစ်ရက် ကျွန်မရောက်နေသည်။ တိုက်ခန်း၏ အပေါ်ဆုံးထပ်မှာ သူရှိနေသည်။ ကျွန်မ ကျဉ်းမြောင်းသော၊ ချဉ်စူးစူးအနံ့ရှိသော တိုက်ခန်းလှေကားများမှတဆင့် သူရှိရာ အပေါ်ဆုံးထပ်ကို တက်လာခဲ့သည်။ မောလိုက်တာ၊ မရောက်နိုင်သေးပါလား။ ကျွန်မအကျီ င်္မှာ ချွေးတွေ စိုရွှဲနေသည်။ အသက်ရှုလဲမမှန်တော့။ ခြေထောက်တွေ ခွေကျတော့မည်။

နောက်ဆုံး အခန်းဝတစ်ခုသို့ရောက်သွားသည်။ အခန်းက မီးအားမပြည့်တဲ့ မီးလုံးဝါအောက်မှာ ပိုလို့ အိုဟောင်းနွမ်းနယ်နေသည်။ မီးလုံးကြိုးမှာလဲ ပင့်ကူအိမ်မျှင်တန်းတွေ၊ နံရံမှာ ဆေးတွေက အချပ်လိုက်ကွာနေသည်။ အိမ်ရှေ့ခန်းမှာ ကုတင်တလုံး။ အိပ်ရာခင်းတွေနှင့် ခေါင်းဦးတွေက ညစ်ပတ်ပေရေနေသည်။ ပိတ်စအသားကြောင့်လား၊ ဆပ်ပြာမကောင်းလို့လား၊ ရေမသန့်လို့လား၊ ဒါမှမဟုတ် လပေါင်းများစွာ မလျှော်ဖွတ်ထားလို့များလား။ ကုတင်ဘေးမှာ သူ ရပ်နေသည်။ သူ့အကျီ င်္ကလဲ အ၀ါရောင်လား၊ အဖြူရောင်လား မသဲကွဲတော့။ သူ အရမ်းပိန်နေသည်။
“နင့်ကို ငါစောင့်နေတာ”
သူ့အနားရောက်သွားသည်။ သူ့၏ ထူထဲသောမျက်ခုံးများကို ငေးကြည့်နေမိသည်။ သူ့မျက်နှာကို ကျွန်မနမ်းလိုက်သည်။ သူ့နှုတ်ခမ်းကို နမ်းလိုက်မိသည်။ သူက မျက်နှာကိုလွှဲ လိုက်သည်။ ကျွန်မ ရှက်ရှက်နှင့် ခေါင်းငုံ့ရယ်လိုက်သည်။
“ငါ …လိုက်မသွားတော့ဘူးနော်” တိုးညှင်းစွာ ကျွန်မပြောလိုက်သည်။

အိပ်မက်က လန့်နိုးတော့ ည ဆယ့်တစ်နာရီထိုးနေပြီ။ လရောင်က ကျွန်မ ခေါင်းအုံးဖြူဖြူပေါ်မှာ ခွင့်မတောင်းပဲ မှေးစက်နေသည်။ လရောင်အောက်မှာ တောက်လက်နေတဲ့ အုန်းရွက်တွေကိုငေးရင်း ကျွန်မ ရှက်စိတ်နှင့် ပြုံးလိုက်မိသည်။
အခန်းထောင့်က ကြင်စုကို ခပ်ထွေးထွေးပွေ့ထားမိသည်။ ကြိုးတွေတောင် မလဲဖြစ်တာကြာပြီ။ မခွဲနိုင်ဆုံးထဲမှာ သည်တစ်ခုလဲပါသည်။ ကြိုးလေးတွေကို ခပ်ဖွဖွတို့ထိနေမိသည်။
“ငါ..မင်းကို လွမ်းနေမယ်နော်” ဂစ်တာလေးကို ငုံ့ကြည့်ပြောလိုက်သည်။
ထိုအချိန်မှာ တယ်လီဖုန်းလေးက မြည်လာသည်။ စာမေးပွဲနီးလို့ သူငယ်ချင်းတွေထဲက တစ်ယောက်ယောက်ဖြစ်မည်။
“ဟလို”
“…. ငါ….”
“ဟင်……..နင်……။ ညကြီးပါလား။ ဘယ်ကဆက်တာလဲ၊ လမ်းထိပ်ကလား”
“မဟုတ်ဘူး၊ ညိုထွန်း တို့အိမ်မှာ စာစုကျက်နေတာ။ နင်ကောဘာလုပ်နေလဲ။ စာကျက်နေတာလား”
“ဟင့်အင်း… ဂစ်တာတီးနေတယ်”
“နင်ကတော့လုပ်ပြီဟာ။ စာမေးပွဲ ဒီလောက်နီးနေတာကို”
“ရပါတယ်။ ငါမအောင်လဲ အရေးမှ မကြီးတော့တာ”
“……..”
“……..”
“ဘာပဲ ဖြစ်ဖြစ် နင်နဲ့ ငါ တစ်သက်လုံး သံယောဇဉ်ရှိသွားကြမယ်နော်”

သူ့စကားကို ကျွန်မယုံကြည်ခဲ့သည်။


***************
ဆက်ရန် (တစ်ကယ် စနေနေ့မှာ ဆက်ပါမယ်)

4 comments:

Ko Phyoe said...

မလေးရေ အရမ်းမိုက်တယ်ဗျာ အိပ်မက်ကို ရုပ်ရှင်ရိုက်ပြနေသလိုပဲ စကားလုံးတွေနဲ့ ဖွဲ့စည်းပြထားတာ ... အနမ်းပွင့်လေးတွေ ရှက်ပြုံးလေးတွေပါ ပါသေးတယ်။

pandora said...

မလေး.. ကံ့ကော်တွေ တွေ့ပြီး သတိရသွားတာလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဝတ္တုလေးကို အရမ်းနှစ်သက်မိပါတယ်။ “သိုသိပ်ဝှက်ကွယ်ထားတဲ့ မေတ္တာစကားတွေ…. ရင်ထဲမှာ ကိုယ်စီကိုယ်ငှလေ… ချစ်စရာ နှုတ်ခမ်းများက… စကားများလည်း မပွင့်လင်းခဲ့ပေ..” ဆိုတဲ့ ကျောင်းထဲမှာ ဆိုလေ့ရှိကြတဲ့ မြန်ာသီချင်းဟောင်းလေး တပိုင်းတစ သတိရလာတယ်။

ဂျစ်တူး - gyit_tu said...

ချောက်ကမ်းပါးကြီးပေါ်မှ ပြုတ်ကျနေသည်မှာ ရင်ထဲကိုလှိုက်၊ ဟာ၊ အေး သွားသည်။ တစ်ခါတစ်ရံ ဟယ်လီကော်ပတာပေါ်မှ လေထီးနှင့်ခုန်ချသည်မှာ လေထီးမပွင့်ဘဲ အမြင့်ကြီးကျနေတာ မရပ်တော့ပါ။ ထူးဆန်းသည်မှာ အောက်က မြေပြင်နှင့် ထိတော့မည်ဆိုတိုင်း ကိုယ့်ကိုကိုယ် နိုးအောင်တော့ အမြဲနှိုးနိုင်ခဲ့သည်။

.........

ဂျစ်လည်း အဲလို အမြဲမက်တယ် ။ မလေးရဲ့ ဒီဝတ္ထုလေး သိပ်ကြိုက်တယ် ။ မြန်၂ဆက်ပါနော် ။

balargout said...

မပန်ရဲ့အိပ်မက်က လန့်နိုးအိပ်မက်ဘဲ။
တကယ်ဇာတ်သိမ်းပြီအောက်မေ့တာ။
စနေနေ့ တကယ်နော်။

LinkWithin

Related Posts Plugin for WordPress, Blogger...