မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, June 09, 2007

အိပ်မက်ချို

ငါအိပ်မက် မက်နေတယ်
အိပ်မက်မှန်းသိလျက်နဲ့ ဆက်မက်နေတယ်
ချိုလား၊ ခါးလား၊ မှန်လား၊ မှားလား
မတွေးလိုတဲ့ ဒီအိပ်မက်ချိုထဲ
ငါ……အိပ်မက် မက်နေတယ်။




ငါအိပ်မက် မက်နေတယ်
အိပ်မက်မှန်းသိလျက်နဲ့ ဆက်မက်နေတယ်
မက်သင့်၊ မမက်သင့်၊
တွေးသင့်၊ မတွေးသင့်၊ ဝေးလွင့်မှာသိလဲ
ငါ….. အိပ်မက် မက်နေတယ်။

ငါအိပ်မက် မက်နေတယ်
အိပ်မက်မှန်းသိလျက်နဲ့ ဆက်မက်နေတယ်
ကြေကွဲစွာ၊ မွတ်သိပ်စွာ၊ ခါးသည်းစွာနဲ့
တစ်ချိန်ထဲမှာပဲ……
အိပ်မက်လေးကို သိပ်ချစ်လွန်းစွာ၊ မြတ်နိုးလွန်းစွာနဲ့
ပိုင်ရှင်ရဲ့ ခွင့်ပြုချက်နဲ့ ……..
ငါ….. အိပ်မက် ဆက်မက်နေတယ်…….။
………..
………...
အိပ်မက်ပိုင်ရှင်….. ငါ့ကိုလှုပ်မနှိုးခင် အထိပေါ့……..




6 comments:

ဂျစ်တူး - gyit_tu said...

မလေး.. ဂျစ်တို့တတွေ အိပ်မက်ကို တခါတလေ မက်ခွင့်ရှိကြပါတယ် ။ မက်နိုင်တုန်း မက်ပစ်လိုက်ပါ ။

အဲဒီ အိပ်မက်မျိုးဟာ တခါတလေ လက်တွေ့ မှာ ဖြစ်ချင်မှလည်း ဖြစ်နိုင်မယ်လို့ သိသိကြီးနဲ့ပဲပေါ့ ။

ဒါပေမယ့်.. တနေ့မှာ နိုးထနိုင်ဖို့လည်း ပြင်ဆင်ထားရမှာပေါ့ ။

Ko Phyoe said...

အရမ်းကြိုက်တာပဲ ဒီကဗျာလေးကို

Layma said...

မအိမ့်ရယ်…..ကိုယ်မက်ချင်တဲ့ အိပ်မက်ကို တကယ်ဘဲ ဆက်မက်လို့ ရလားဟင်……

Tesla said...

အိပ်မက်ဆိုတာ ခဏဖြစ်သည်- တချိန်ချိန် ပြန်လှည်နိုးထလျှင် ပျောက်ကွယ်သွားမည်- ဟော. ပြန်လည်နိုးထတဲ့ အစစ်ကကော မပျောက်ကွယ်မှာ ကြနေတာပဲ.. ချိုရင်တော့ ဆက်မက်လိုက်ပါ.. ကဗျာလေးက တော်တော်လှပါသည်-

နေမိုး said...

အိပ်မက်လေးထဲ လာပါလားကွယ် လာနိုင်ပါတယ် ပြန်လည်ထွက်မသွားနဲ့ ...... ခွဲမသွားနဲ့ အချစ်ရယ် နိုး နိုး.... မုန်းသမြွးနဲ့ အချစ်ရယ် နိုး နိုး ကိုယ်မငိုချင်ဘူးကွယ်။ မအိမ့်ရေ.... အိပ်မက်တွေ အိပ်မက်တွေ လူတွေလည်း မမောတမ်းမက်နေကြရတော့တယ်။ ကျနော့်ရဲ့အိပ်မက်ကကော ရွှေပြည်တော် ခေါ်တော့လည်းမရောက် မျှော်တော့လည်း ပျောက်နေဆဲပါပဲဗျာ။

နေနေမိုးမိုး
ဒမ

Anonymous said...

ငါ သစ်ပင်ဖြစ်ချင်တယ်
"…. "မောရင် ငါ့အရိပ်အောက်မှာ
အပန်းဖြေဖို့ရယ်
အထီးကျန်တဲ့ ခံစားချက်တွေနားထောင်ပေးဖို့ရယ်
...သစ်ရွက်သံစဉ်တွေနဲ့
ချွေးသိပ်ဖို့ရယ်..
"…."အလိုရှိတယ်ဆို ငါ့အရိပ်ကို
တစ်ဘဝစာ မိုးပေးချင်တာပါ…
သစ်တစ်ပင်ဖြစ်ဖို့အတွက်
နှုတ်ခမ်းတစ်စုံရဲ့ ဒဏ်ကိုတော့ငါခံနိုင်ရမယ်
ဒါပေမယ့်…
ငါ….သစ်ပင်ပါ…

ငါ….ခရေတစ်ပွင့်ဖြစ်ချင်တယ်
သွေးလွှမ်းတဲ့စိန်တွေ မကြိုက်တဲ့ "…."အတွက်
ကြယ်တွေခူးပြီး ခရေ တစ်ကုံးပေးချင်တယ်
"…."အတွက်ဆို ငါ့ခရေကအမြဲမွှေးပျံ့စေရမယ်..
ဘဝအမောတွေ ကြုံတိုင်း
ခရေအနမ်းတွေနဲ့ လန်းဆန်းစေရမယ်…
ငါ ခရေတစ်ပွင့်ဖြစ်ဖို့အတွက်
"….."ကေသာရဲ့နူးညံ့မှုဒဏ်ကိုတော့ ငါခံနိုင်ရမယ်
ဒါပေမယ့်…
ငါ….ခရေတစ်ပွင့်ပါ….

ငါ….ဆော်လမွန်တစ်ကောင်ဖြစ်ချင်တယ်
ဝက်ဝံနဲ့ သိမ်းငှက်တွေ
အရိုးခိုက်တဲ့ ရေခဲချောင်းရေချိုတွေကြား
အရာအားလုံးကို အံတုပြီး
"…."ရှိမယ့်ကမ်းစပ်ကို အရောက်ပြန်လာမှာပါ
နူးညံ့သိမ်မွေ့လွန်းတဲ့
"….."အကြည့်ဒဏ်ကိုတော့ ငါခံနိုင်ရမယ်
ဒါပေမယ့်…
ငါ….ဆော်လမွန်တစ်ကောင်ပါ…

ငါ…မိုးစက်ပွင့်ဖြစ်ချင်တယ်….
ဒီ ဘဝကန္တရထဲ
"….."လက်ကိုဆွဲပြီး
တို့ ထွက်သက်ကို အတူတူ
ရှိုက်ကြရအောင်ပါ
နွေးထွေးလွန်းတဲ့
"….." ရဲ့ရယ်သံချိုတွေ ဒဏ်ကိုတော့ ငါခံနိုင်ရမယ်
ဒါပေမယ့်…
ငါ…မိုးစက်ပွင့်ပါ…

ယုံကြည်ပါ "…." ရယ်....

LinkWithin

Related Posts Plugin for WordPress, Blogger...