မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, June 05, 2007

သီရေတာနံပါတ် ၁၄၁၅ - တတိယပိုင်း

ရောင်စုံပန်းကလေးတွေ ဖွင့်ဖူးနေတဲ့ တိုက်ပုလေးရှေ့မှာ ကားရပ်လိုက်တော့ မွှေးပျံ့တဲ့ ပန်းရနံ့လေးတွေ ကားပြူတင်းပေါက်က တဆင့်ဖြတ်ဝင်လာသည်။ ကားထဲက အဆင်း အိမ်ရှေ့မှာ ရပ်ထားတဲ့ ကားရှစ်စီးကို တွေ့လိုက်တော့ မိတ်ဆွေ၊ သူငယ်ချင်းတွေ ရောက်နှင့်နေပြီဆိုတာ သိလိုက်သည်။ လူခေါ်ခေါင်းလောင်းတီးလိုက်လို့ မှန်တံခါးဝနောက်က မှုန်ဝါးဝါးအရိပ်ကို တွေ့လိုက်ချိန်မှာ အနဲငယ်စိတ်လှုပ်ရှားသွားမိသည်။ တံခါးဝမှာ တည်ငြိမ်တဲ့ မျက်ဝန်းညိုတစ်စုံ ပေါ်လာသည်။
“ဟိုင်း..မင်း.. လာလေ.. အထဲကိုဝင်ပါ”
“ဟိုင်း.. ကျေးဇူးပါ”
“လိပ်စာရှာရတာလွယ်ရဲ့လား”
“လွယ်ပါတယ် သီယာ”

လက်ထဲက ၀ိုင်ပုလင်းကို သူမကို လှမ်းပေးလိုက်သည်။ ယူလာစရာမလိုပါဘူး၊ ဒါပေမယ့် ကျေးဇူးဟု သူမပြောသည်။ ဧည့်ခန်းထဲက သူငယ်ချင်းတွေထံ လမ်းညွှန်ပြရင်း သူမက မီးဖိုထဲသို့ ၀င်သွားသည်။ အချို့က ခုံတွေပေါ်မှာ ထိုင်နေကြသည်။ အချို့ကတော့ ၀ိုင်ခွက်လေးများ ကိုယ်စီနှင့် ပြူတင်းပေါက်အပြင်ဘက်က လှပသော ပင်လယ်ပြင်ကို ငေးရင်း ရောက်တတ်ရာရာတွေ ပြောနေကြသည်။ သူငယ်ချင်းများအနားသို့ သွားထိုင်ရင်း သူမ အိမ်လေးကို မသိမသာ အကဲခတ်နေမိသည်။

အဆောင်အယောင်နဲပါးသော တက္ကသိုလ် ဆရာမ တစ်ယောက်၏ နေအိမ်လေးက သန့်ရှင်း၊ မွှေးပျံ့၊ ငြိမ်းချမ်းနေသည်။ နံရံတွေပေါ်မှာ ရိုးရှင်းသော ပန်းချီလေး တစ်ခု နှစ်ခုသာ ချိတ်ထားသည်။ ကြည်လင်သော မှန်တွေကိုဖြတ်လို့ ပြာလဲ့တောက်ပနေသော ပစိဖိတ်ရေပြင်နှင့် မြင့်မားသော ထင်းရှုးပင်၊ မေပယ်ပင်တွေကို လှမ်းမြင်နေရသည်။ ရေပြင်ကျယ်က လေညှင်းကြောင့် လှိုင်းကြက်ခွပ်လေးတွေ ခပ်ဖြေးဖြေး ပြေးလွှားနေသယောင်။






နံရံထောင့်က စားပွဲလေးတွေပေါ်မှာ ထွန်းညှိထားတဲ့ ဖယောင်းတိုင်မွှေးမွှေးလေးတွေထံမှ ရနံ့လေးက သင်းပျံ့နေသည်။ ပွင့်နေသော တံခါးတစ်ခု၏ နောက်တွင်တော့ နံရံပြည့် စာအုပ်စင်များကို လှမ်းတွေ့လိုက်ရသည်။ မဟော်ဂနီရောင် ထမင်းစားပွဲပေါ်တွင်တော့ လူဆယ်ယောက်စာ ညစာအတွက်၊ ငွေပန်းကန်၊ ဇွန်း၊ ပြောင်လက်နေသော ၀ိုင်ခွက်နှင့် ရေခွက်များက အဆင်သင့်။ သူမနှင့် မိန်းကလေး သူငယ်ချင်း အချို့ မီးဖိုထဲမှာ အလုပ်ရှုပ်နေကြသည်။

သူမရှိရာ မီးဖိုချောင်သို့ လိုက်သွားပြီး ဘာအကူအညီပေးရမည်လဲဟု လှမ်းမေးလိုက်သည်။ သူမက ပြင်ဆင်ပြီးသား ဟင်းခွက်များကို ထမင်းစားပွဲပေါ်သို့ သယ်ယူသွားနိုင်မလားဟုမေးသည်။ သူမနှင့် ကျွန်တော့်သူငယ်ချင်းမများ (သို့) သူမ တပည့်မလေးများ ပြင်ဆင်ထားသော အမဲသားရိုစ့်၊ သိုးသားကင်၊ အာလူး၊ ဟင်းသီးဟင်းရွက်ပေါင်းများနှင့် ကယ်စရိုလ်း ပန်းကန်များကို ကျွန်တော်ချပေးလိုက်သည်။

စားပွဲမှာ ၀ိုင်းထိုင်ကြစဉ် အားလုံးက သူမကို ကျေးဇူးတင်ကြောင်း ပြောနေကြသည်။ ကျွန်တော် သူမ မျက်နှာကို စူးစိုက်ကြည့်နေမိသည်။ သူမ မျက်နှာလေးက မီးရောင်အောက်မှာ လှပစွာ ပန်းနုရောင်သန်းနေသည်။ “အားလုံးကို တပည့်တွေလို့ စိတ်ထဲမှာမရှိဘူး။ ကျွန်မရဲ့ မိတ်ဆွေတွေလို့ သဘောထားတယ်။ အခုလို ပြန်ဆုံရလိမ့်မယ်လို့လဲ မမျှော်လင့်မိဘူး။ ဒီညစာစားပွဲလေးက အမှတ်တယပါ၊ ဘာမှ အပန်းမကြီးပါဘူး။ အများဆုံး ရှာလိမ်းပဲလုပ်သွားတာ” ဟု သူမဆိုသည်။ အားလုံးက ရှာလိမ်းကို ကျေးဇူးဝိုင်းတင်တော့ ရှာလိမ်းက ၀ိုင်ခွက်ကို မော့လိုက်ပြီး ဟက်ဟက်ပက်ပက် တစ်ချက်ရယ်လိုက်သည်။

ညလေက ဝေ့၀ဲတိုက်ခတ်သွားသည်။ ထမင်းစားပွဲဝိုင်းက ဇွန်း၊ ခက်ရင်းသံတို့ တိုးတိတ်ညင်သာနေသော်လည်း ညဉ်နက်လာသည်နှင့်အမျှ စာရေးဆရာမ ဂျိမ်းယာကုပ်၏ အသက်ရှင်နေထိုင်မှု စနစ်များ ကိုအခြေခံသည့် စကားဝိုင်းက အရှိန် အနည်းငယ်မြင့်လာသည်။

“လူတွေရဲ့ အတွေးခေါ်၊ အပြုအမှု၊ အပြောအဆိုတွေနဲ့ ထုံးတမ်း အစဉ်အလာတွေကို မိမိဘာသာ ထိမ်းသိမ်းနိုင်မှုက ဥပဒေတွေ ရှိနေတာထက် အရေးပိုကြီးတယ်လို့ ယာကုပ် ကပြောပေမယ့် ဥပဒေတွေ မရှိလို့မှ မဖြစ်တာ”

“ဟုတ်တယ်။ ဥပဒေတွေ ဘယ်လောက်ရှိရှိ၊ တစ်ယောက်မှ ဘာကိုမှ မလိုက်နာဘူးဆိုရင်လဲ အလကားပဲလေ၊ ပတ်ဝန်းကျင်တစ်ခုလုံး ပျက်စီးနေတာနဲ့ အတူတူပဲ”

“ဒါဆို ဥပဒေတွေ မရှိရတော့ဘူးလား”

“ဥပဒေကို လက်ကိုင်ထားပြီး အားလုံးရဲ့ စိတ်ဓာတ်တွေက ဖောက်ပြန်နေရင်လဲ ဘာမှ မှ လုပ်လို့မရတာ။ အထူးသဖြင့် အုပ်ချုပ်သူ၊ ကာကွယ်စောင့်ရှောက်သူတွေူ Guardian တွေရဲ့ စိတ်ဓာတ်တွေ ဖောက်ပြန်နေရင်ပေါ့”

“ကုန်သွယ်မှုလုပ်သူတွေရဲ့ လက္ခဏာစုတွေနဲ့ (Commercial Syndrome) အုပ်ချုပ်သူတွေရဲ့ လက္ခဏာစုတွေကို (Guardian Syndrome) လုံးဝခွဲခြားလို့တော့ ရမယ်မထင်ဘူး၊ အနဲနဲ့အများ ရောယှက်မှုတွေတော့ ရှိနေမှာပဲ”

“ဟုတ်တယ်။ အားလုံးက သူနဲ့ငါလို့ ခွဲနေသမျှတော့ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။ ဘယ်အဖွဲ့ အစည်းမှာပဲ ဖြစ်ဖြစ်၊ မင်းတို့ နဲ့ ငါတို့ ဆိုပြီး ကွဲနေသမျှ ဘယ် ရည်မှန်းချက်မှ အောင်မြင်မှာ မဟုတ်ဘူး”

“ဒါတော့ သဘောမတူဘူး၊ ခွဲထားရမယ်၊ အထူးသဖြင့် တာဝန်တွေကိုခွဲရမယ်၊ ကိုယ့်တာဝန်လဲ ကိုယ်ကျေသင့်တယ်”

“တာဝန်ခွဲတာကို သဘောတူတယ်။ အချင်းချင်း ကွဲပြားတာကိုပြောနေတာ”


“ကုန်သွယ်မှုလုပ်သူတွေက ဖိအား၊ တွန်းအားတွေ မသုံးပဲ အရောင်းအ၀ယ်တွေလုပ်တယ်၊ Guardian တွေက ဘယ်လိုနည်းနဲ့ဘဲ ဖြစ်ဖြစ် အဲလို အလဲအလှယ်လုပ်မှု၊ စီးပွားရှာမှု ကို ရှောင်သင့်တယ်။ ကုန်သွယ်မှုပြုသူတွေက တရားနည်းလမ်းကျစွာ အမြတ်အစွန်းကို ရှာတယ်။ Guardianတွေက အမြတ်အတွက် လုပ်တာမှမဟုတ်တာ”

“ ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့ လက္ခဏာစုတွေက တစ်အုပ်စုနဲ့ တစ်အုပ်စုမတူ လုံးဝ ကွဲပြားနေတာလို့ ယာကုပ်က ဒါကြောင့်ပြောတာ”

“အုပ်စုလိုက်နေတဲ့ တိရစ္ဆာန်တွေတောင် ဒါတွေလိုက်နာတာပဲ။ အစားအသောက်ရှာဖွေသူများနဲ့ သူတို့ကို ကာကွယ်သူများ။ တကယ်ဆို တိရစ္ဆာန်တွေက လူတွေထက်တောင် အကုသိုလ်တောင်ပိုနဲသေးတယ်။ မခိုးတတ်ဘူး။ မလိမ်တတ်ဘူး။ လျော့ဈေးနဲ့ လိမ်မရောင်းတတ်သလို၊ ဈေးလဲမတင်တတ်ဘူး”

“ဒါကလဲ လူတွေက သူတို့အကြောင်း အကုန်မသိသေးလို့ပါ။ မျောက်တွေကတော့ ခိုးတတ်တယ်လေ”

“မျောက်တွေမှာ Guardian တွေရှိတယ်လို့ မင်းဖတ်တဲ့ အဲဒီစာထဲမှာပြောထားလား”

“အဲဒါတော့ ငါလဲမသိဘူး နေပါဦး၊ အဲသလို အုပ်စုနှစ်စုလုံးနဲ့ သက်ဆိုင်တဲ့ လက္ခဏာစုတွေရှိတယ်လို့တော့ ယာကုပ်ကပြောတယ်၊ အဲဒါပြောပြချင်လို့”

“ဘာတွေလဲ”

“အားလုံးသိတဲ့ အတိုင်းပါပဲ။ အိုဟောင်းနေတဲ့ သမ္မာရိုးကျ သမ္မာတွေပဲလေ၊ လိုက်နာနိုင်ဖို့သာ ခက်ကြတဲ့အရာတွေပေါ့။ စည်းလုံးညီညွှတ်ခြင်း၊ သတ္ထိရှိခြင်း၊ အစွန်းမရောက်ခြင်း၊ ကိုယ်ချင်းစာစိတ်၊ တရားမျှတမှု၊ အမြော်အမြင်ရှိမှု၊ တရားမျှတစွာ ယှဉ်ပြိုင်ခြင်းတွေဘဲ”

“………….”

“…………..”


ထမင်းစားပွဲ ၀ိုင်းမှာ အရှိန် မသေသေးတဲ့ သုံး၊လေး၊ ယောက်က ဆက်လက် ဆွေးနွေးနေကြသည်။ အချို့က သူမနှင့်အတူ စာအုပ်စင်ကို မွှေနှောက်ဖို့ ထွက်သွားကြသည်။ နှစ်ယောက်က မီးဖိုထဲသို့ ပန်းကန်ကိုယ်စီကိုင်လျှက်ဝင်သွားသည်။ ကျွန်တော်က ၀ရံတာကို ထွက်လာခဲ့သည်။ အပြင်မှာ နေလုံးက နီနေပြီ။ ၀ရံတာက နံရံကပ်ခုံရှည်လေးပေါ်မှာ ထိုင်ပြီး ထင်းရှုးနံ့သင်းတဲ့ ပင်လယ်လေကို ရှုရှိုက်လိုက်သည်။

ခဏအကြာ ၀ရံတာ တံခါးက ပွင့်လာသည်။ သူမ ၀ရံတာဘက်ကိုတန်းတန်းမတ်မတ်သွားပြီး တိုင်ကိုမှီလျှက် ပင်လယ်ပြင်ကို ကြည့်နေသည်။ ကျွန်တော့ကို မမြင်။ သူမကို မကြည့်မိဖို့ ကိုယ့်ကိုကိုယ် ကြိုးစားပြီး ထင်းရှုးပင်တွေဘက် အကြည့်ကိုပို့ထားမိသည်။ အော်..လူ့စိတ်ဆိုတာကလဲ ခက်လှပါလားနော်။ ထိန်းချုပ်လေ စိတ်ကရုန်းကန်လှုပ်ရှားနေလေလေ။

ကဲ..မထူးတော့ပါဘူး။
သူမကို ရင်ခုန်စွာ ငေးကြည့်နေလိုက်မိသည်။ သူမဂါဝန်က လေအဝှေ့မှာ ကဗျာဆန်စွာ လွန့်လူးနေသည်။ ဆံပင်အညိုလေးတွေလဲ လွင့်နေသည်။ ဆည်းဆာအောက်မှာ သူမကောက်ကြောင်းတွေက မှုန်ဝါးဝါး၊ သူမ ဆံပင်ကို ဟန်ပါပါတစ်ချက်သတ်လိုက်သည်။ ကျွန်တော် လက်ထဲက စူးရှရှ ၀ိုင်ကို အသံမဲ့သောက်လိုက်သည်ရင်း သူမ ခြေသလုံးကို တစ်ချက်ကြည့်လိုက်မိသည်။ ကိုယ့်ဟာကိုယ်ရှက်ပြီး ချောင်းသီးသွားသည်။ သူမ လှည့်ကြည့်လာသည်။

“မင်းက ဒီမှာ လာထိုင်နေတာကိုး”
“ဟုတ်တယ်..လေလာရှုတာ.. အထဲမှာ စကားဝိုင်းက အရှိန်တွေမြင့်လာလို့”
ကျွန်တော့်လေသံတွေက မှုမမှန်။
“ထိုင်လို့ရမလား”
“ရပါတယ်”





သူမက ဘေးမှာ ၀င်ထိုင်ရင်း ရောက်တတ်ရာရာတွေ ပြောနေသည်။ သူမ နှုတ်ခမ်းပေါ်က စတော်ဘယ်ရီရောင် နှုတ်ခမ်းနီလေးကို သူမ မသိအောင် ခိုးကြည့်လိုက်မိသည်။ အိမ်ထဲက စကားပြောသံသဲ့သဲ့၊ ဖန်ခွက်သံ သဲ့သဲ့တို့ကို တစ်ချက်တစ်ချက် ကြားနေရသည်။ ထိန်းထားသည့်ကြားထဲက သူမ မျက်လုံးတို့နှင့် အကြည့်ချင်းသွားဆုံလိုက်သည်။ ကျွန်တော့အကြည့်တွေထဲမှာ တမ်းတခြင်းတွေ၊ မြတ်နိုးခြင်းတွေ ပျော်ဝင်နေတာကို ဘယ်လိုမှ အချိန်မှီ မထိန်းလိုက်နိုင်တော့။ သူမ မသိမသာလေး အံ့သြသွားသည်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က သူမ လည်ပင်းပေါ်က ထွက်သက်ငွေ့ငွေ့ကို သူမ သတိရလိုက်မိလို့များလား။

“မင်း..သီယာ အိမ်ထဲမှာ သွားကူလိုက်ဦးမယ်နော်”
သူမ မတ်တပ်ရပ်လိုက်သည်။ ကျွန်တော် ဘယ်လိုမှ မတားဆီးနိုင်တော့။
“အို…မသွားပါနဲ့ဦးနော်၊ မင်း နဲ့ ခဏ နေပေးပါ သီယာ”
သူမ လက်နှစ်ဖက်လုံးကို အနည်းငယ်အားသုံးပြီး ဆွဲကိုင်လျှက် ဘေးနားမှာ ပြန်ထိုင်ခိုင်းလိုက်မိသည်။

ရုတ်တရက်မို့ သူမ ကျွန်တော့ဘေးသို့ ကပိုကရို ပြိုကျလာသည်။
“သီယာ”
တိုးညှင်းစွာ ခေါ်လိုက်ပြီး သူမ လက်ချောင်းတွေကို နမ်းရှိုက်လိုက်မိသည်။ ပြီးတော့ ကျွန်တော့ ပါးပြင်မှာ ထိကပ်ထားစေလိုက်သည်။ သူမနဲ့ ကျွန်တော် အကြာကြီး အကြည့်ချင်းဆုံမိကြသည်။ သူမ မျက်လုံးလေးတွေ အရောင်တောက်နေသည်။ သူမ လက်ချောင်းလေးတွေ တုန်နေသည်။
သူမ ပါးပြင်ပေါ်မှာ ဆံနွယ်လေးတွေ ဝေ့၀ဲနေသည်။
အဲဒီညက ကျွန်တော့ နှုတ်ခမ်းပေါ်မှာ သူမ၏ စတော်ဘယ်ရီ ရနံ့လေး စွဲထင်ကျန်ခဲ့သည်။


ဆက်ရန်…….

(ဒီပိုစ့်ကို တင်ဖို့ နှေးကွေးသော ကျွန်မကို နားလည်သည်းခံပေးသော …
ချစ်သော သူငယ်ချင်းများနဲ့ စာဖတ်သူများ အားလုံးကို ကျေးဇူးတင်ပါတယ်။)

8 comments:

တပြည်သူ အိမ့်ချမ်းမြေ့ said...

5 Jun 07, 07:58
ဂျစ်တူး: တတိယပိုင်းဖတ်ပြီး မယ်လိုဒီတွေ ရင်တွေ နှလုံးသားတွေ ဗြောင်းဆန်သွားတယ်း) တကယ်

5 Jun 07, 05:19
ပန်ဒိုရာ: အင်း.. ရင်တွေ ဘာတွေ တောင် ခုန်သွားတယ်.. မလေးရယ်. ဟတ်ဟတ်..

5 Jun 07, 02:11
MELODYMAUNG: မအိမ့် သီရေတာလေး လာဖတ်သွားတယ် အဲဒီညလေးကို လွမ်းလိုက်တာ ဟဲဟဲ ရောယောင်ပြီးတော့ လေ

naing said...

ဆက်ပါ ခင်ဗျာ ။ ဖတ်လျှက်ပါ ။

ကလိုစေးထူး said...

တတိယအပိုင်းမှာ အပြန်အလှန်ဆွေးနွေးကြတဲ့ အချက်အလက်တွေက တော်တော်စိတ်ဝင်စားစရာ ကောင်းတယ်။ ဒီဝတ္ထုအတွက် အိမ့်ချမ်းမြေ့ အတော် အားထုတ်ရမယ့်ဟန် ရှိတယ် လို့ မြင်မိတယ်။ အဆင်ပြေသလို အေးအေးဆေးဆေးသာ ဆက်ပါ။ အပိုင်းတခုနဲ့ တခု ကြားထဲမှာ တခြားပို့စ်လေးတွေ တင်ရင်တော့ နေ့စဉ်လာဖတ်နေကြ အိမ့်ချမ်းမြေ့ ပရိသတ်အတွက် တခုခု ဖတ်စရာ ရတာပေါ့။ :)

Yan said...

အဲဒီညက ကျွန်တော့ နှုတ်ခမ်းပေါ်မှာ သူမ၏ စတော်ဘယ်ရီ ရနံ့လေး စွဲထင်ကျန်ခဲ့သည်။

ဒီစာကြောင်းလေးနဲ့တော့ စာဖတ်သူကို မရိုးမရွဖြစ်အောင် မလုပ်သင့်ဘူး.
ဘာလဲဗျာ. စတော်ဘယ်ရီရနံ့လေး ကျန်ခဲ့တာက ၀ိုင်အရက်သောက်ရင်း စတော်ဘယ်ရီသီးလေးတွေ စားနေလို့လည်း ဖြစ်နိုင်တာပဲ. တကယ်ဆို ရှင်းအောင်ရေးသင့်တယ်သိလား

အစမ်းရေးပြမယ်နော်. ဟတ်ဟတ်

သူမနဲ့ ကျွန်တော် အကြာကြီး အကြည့်ချင်းဆုံမိကြသည်။ သူမ မျက်လုံးလေးတွေ အရောင်တောက်နေသည်။ သူမ လက်ချောင်းလေးတွေ တုန်နေသည်။ သူမ ပါးပြင်ပေါ်မှာ ဆံနွယ်လေးတွေ ဝေ့၀ဲနေသည်။

“သီယာ..”
“မင်းမင်း…”

နှစ်ယောက်လုံး အသံတွေထဲမှာ လှိုင်းတွေထနေတာကို ကိုယ်စီခံစားမိကြသည်။ ညလေပြည်က သူမ၏ဆံနွယ်လေးတွေကို တိုးဝှေ့ကစားနေကြသည်မှာ မနာလိုဖွယ်ပင် ကောင်းလိုက်ပါဘိ။

သီယာ၏ မျက်ဝန်းလေးတွေထဲမှာ မျှော်လင့်ခြင်းနှင့် ဝေခွဲမရဖြစ်နေခြင်းတို့ ရောထွေးနေသည်…

မျက်ဝန်းနှစ်ခု ဆုံအတွေ့မှာ နှုတ်ခမ်းအစုံတို့ လှုပ်ရွလာကြသည်။ သီယာ၏ပါးပြင်လေး နှစ်ဖက်ကို သူ၏လက်ဖ၀ါးနှစ်ခုကြားမှာ ညှပ်ထားလိုက်ပြီး ခေါင်းလေးကို အသာအယာမော့စေလိုက်သည်။

ငှက်လေးတစ်ကောင် ဖျတ်ခနဲ လန့်ပြီး ပျံသွားသည်။ လမင်းကြီး တိမ်တိုက်များကြားသို့ ပြေးဝင်သွားသည်။ ကြယ်စုံနေသည့် ညဉ့်လယ်ယံတွင် အတောက်ပဆုံးကြယ်ပွင့်လေး၏ သက်ပြင်းမောလေးများ သူ၏လက်ချောင်းလေးများကို ထိခတ်နေသည်ကို ခံစားမိသည်မှာ ရင်ခုန်ရန်ပင် မေ့နေသည်အထိပင်…

သီယာ၏ မျက်ဝန်းလေးများကို မြတ်နိုးခြင်းအပြည့်ဖြင့် စိုက်ကြည့်နေမိရင်း မင်းမင်းရင်တွေ ထိန်းမရအောင် ခုန်လာမိသည်။

ခေါင်းကို အသာငုံ့ပြီး သီယာ၏ နှုတ်ခမ်းလွှာလေးများကို …..

တော်ပြီ… ဆက်မရေးရဲတော့ဘူး… မလေးဘလော့ဂ်ကို ဆင်ဆာတွေ လာထိနေမှာ စိုးလို့.
သေချာတယ်. ဒီစာကတော့ စတော်ဘယ်ရီသီး မစားဘူး..

ဟတ်ဟတ်ဟတ်…

စတာပါ မလေးရေ… စိတ်မဆိုးနဲ့နော်…

ဂျစ်တူး - gyit_tu said...

မောင်ရန်က သူဖြစ်ချင်တာတွေမလုပ်ရဲလို့ မလေးဝတ္ထုမှာ လာထည့်နေပါတယ်ဗျို့း)

မေဓာဝီ said...

ကွန်မန့်ရေးမလို့ကြည့်လိုက်တာ .. ကိုရန်လေး ကွန်မန့်ဖတ်ပြီး ဘာရေးရမှန်းတောင် သိတော့ဘူး။ အဲဒီလို မရိုးမရွဖြစ်အောင် ရေးတာလည်း “မလေး အိမ့်ချမ်းမြေ့” ရဲ့ စာရေးခြင်း အတတ်ပညာတခုပဲ မဟုတ်လား ကိုရန်လေးရဲ့ .. ။
ညီမလေး အိမ့်ချမ်းမြေ့ …
အရေးအသား အတွေးအခေါ် အကြောင်းအရာ တင်ပြပုံ အားလုံး နှစ်သက်မိပါတယ်။ နောက်ထပ် ဆက်ရေးမယ့် အပိုင်းလေးတွေကို ရင်ခုန်စွာ စောင့်မျှော် ရဦးတော့မပေါ့ … ။

Tesla said...

မအိမ့်ရေ ကောင်းလွန်းလို့ ဘာကွန်မန့်မှ မရေးပဲ ငြိမ်ပြီး ဖတ်နေတာပါ.. ဇာတ်သိမ်းမှ ရေးမလို့ .. ဟဲ.. ဒီထဲက အတွေးအခေါ်တွေကော အချစ်တွေကော ဖတ်ရတာ အရသာရှိလှပါတယ်- ဇာတ်အိမ်ကလည်း တကဲ့အဖြစ်အပျက်လားလို့တောင် ထင်မိတယ်- :P .. ပင်ပင်ပန်းပန်းရေးရမယ်ဆိုတာ မြင်ပါတယ်- ဘယ်တော့ဖတ်ရမှာလဲ လို့ လာလာအော်တာက စတာပါ.. အေးဆေးရေးပါ.. အဆက်ထွက်တိုင်း အဟောင်းကိုပါ ပြန်ဖတ်ဖတ်ပြီး ခံစားပေးနေပါကြောင်း...

တပြည်သူ အိမ့်ချမ်းမြေ့ said...

မလာတာကြာလို့လာသွားပါတယ်။ လာအားပေးတာပါ။ တချက်တချက်မှာ ဖျပ်ကနဲ လှမ်းကြည့်ဖြစ်သေးတယ်။ အရင်လိုပဲလားလို့ မှုံဝါးဝါးထင်ပြီး အောင်ဖေပြန်ဂျောင်းသွားတာ။ အခုတော့လည်း အားပေးစရာတွေကများနေပါ့လား။
သီရေတာကို သီတာရေနဲ့ဘာမှမဆိုင်ပေမယ်လည်း သီတာ့ကိုတော့ သတိရစရာဖြစ်ရတာပေါ့လေ။ ဇာတ်လမ်းက ရှည်မယ်ဆိုရင် အတွဲလိုက်တွေပဲကောင်းပါတယ်။ ဒါလည်း ဖီလင်တမျိုးပဲလေ။
ကောင်းခန်းတွေရောက်မှ ဆန့်တငင်ငင်ဖြစ်ကျန်ရစ်ခဲ့ရတာတွေက မြ၀တီနဲ့ မြန်မာအသံတွေ ကောင်းမှုကြောင့် ကျနော်တို့တွေလည်း ကျင့်သားရသလိုလိုဖြစ်နေပြီ။
ကျနော်တို့သူငယ်ချင်းတွေက ဥပမာရီစရာတောင် လုပ်ထားသေးတယ်။ စကားပြောရင်လေကြောရှည်တဲ့သူကို ကိုမြ၀တီ ကိုမြန်မာ့အသံလို့ ခေါ်သဗျဗျာ။ စာများဆက်ရေးးနိုင်ပါစေ
နေမိုး

LinkWithin

Related Posts Plugin for WordPress, Blogger...