မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, June 02, 2007

ချစ်တဲ့….ပန်း

ဒီနေ့ ကျွန်မခြံထဲက အပြာရောင် forget-me-nots လေးတွေ ပွင့်လန်းနေတဲ့နေ့။





အနီရောင် bleeding hearts တွေ ရဲရဲတောက်တဲ့နေ့။



အဝေးကြီးက သာယာတဲ့ အသံချိုကြားလိုက်ရတဲ့နေ့။ ဟုတ်တယ်။ အိမ်ရှေ့က ကိုယ့်ထင်းရှုးပင်ပေါ်မှာ ငှက်နီလေးတစ်ကောင် သီချင်းဆိုနေတဲ့နေ့။



ညရောက်လာတော့ ဘယ်ကိုလွမ်းမှန်းမသိလို့ (သိတော့သိပါတယ်.. စာဖတ်သူတွေကိုတော့ ဘယ်ကိုလွမ်းနေလဲလို့တော့ မပြောပြလိုတော့ပါဘူး။ ကိုရန်တို့ မဂျစ်တို့ ရဲ့ အလွမ်းဓာတ်တွေ ကူးသွားတယ်လို့ပဲ ယူဆလို့ရပါတယ်) ဘလော့ဂ်တွေပေါ်မှာ လျှောက် သွားရင်း ကိုနေဘုန်းလတ်ရဲ့ စာမျက်နှာကို ရောက်သွားခဲ့တဲ့နေ့။ ကဗျာတွေကိုဖတ်ရင်း ကျိုက္ကစံဘုရားက ကောက်လာတယ်ဆိုတဲ့ ခရေပန်းတွေတွေ့လိုက်တဲ့နေ့။



ခရေနွမ်းလေးတွေ၊
မြေပေါ်မှာလွင့်၊ အပင်မှာမ၀င့်ပေမယ့်
ကြွေတဲ့ဘ၀၊ နွမ်းတဲ့ဘ၀မှာတောင်၊ လှပအောင်နွမ်းလို့ကြွေ.....


ရွှေဒါးမောင်လေးရည်ရဲ့ ကဗျာတပုဒ်ထဲကလို....




လှလွန်း၊ မွှေးလွန်း၊ ကြွားလွန်းတဲ့ ပန်းတွေ ပေါများလှတဲ့ ဒီကမ္ဘာကြီးထဲမှာ ခရေသာ မရှိဘူးဆိုရင်လို့ တွေးမိလိုက်တယ်။ ခရေ….။ ဓာတ်ပုံလေးမြင်တာတောင်မှ ငယ်စဉ်ကလိုပဲ ရင်ခုန်ဆဲ၊ စိတ်လှုပ်ရှားဆဲ။ ဘယ်ပန်းနဲ့မှ မတူတဲ့ ဖြူစင်ရိုးသားမြေခလို့ နှိမ့်ချတဲ့ခရေရယ်ပါ။ ကိုနေဖုန်းလတ်ရဲ့ ခရေတွေကို လက်ကလေးနဲ့ ဖွဖွကိုင်ရင်း ကိုယ့်ဘလော့ဂ်ဆီသယ်လာတော့

ပန်းခရေ..
နွမ်းကြေနေလေသော်မှ…
ရနံ့ရယ် မပြေပါတကား…

လို့ ကိုတက်စ်လာရေးဖူးသလို ခရေလေးတွေက မွှေးပျံ့လို့နေသေးတော့တယ်။

ခရေ..
တစ်သက်မှာ တစ်ခါမို့
ကြွေလို့ပဲ နွမ်းနွမ်း
အလှမ်းဝေးလဲ
သည်ပန်းသာလျှင် မြတ်နိုးသည်……..။

ခရေနဲ့ပတ်သက်လို့ ကလေးဘ၀က စပ်ဖူးတဲ့ ကျွန်မရဲ့ ကဗျာလေးတပုဒ်ရယ်ပါ။

ရဖူးတဲ့ ပန်းနွယ်၊ ပန်းခက်၊ ပန်းစည်း၊ ပန်းဆိုင်း၊ ပန်းဆွဲတွေ အထဲမှာမှ ကလေးဘ၀က ရဘူးတဲ့ ခရေလေးတွေကို အခုထိ စွဲလန်းစိတ်နဲ့ မှတ်မိလို့နေသေးပါတယ်။ အရောင်အသွေးစုံတဲ့ ဒီပန်းတောကြီးထဲက ပန်းတွေ၊ သူ့အရောင်အသွေး၊ သူ့အနံ့နဲ့သူ လှပ၊ ၀ံ့ကြွားကြပေမယ့် ကျွန်မရင်ကို ခုန်စေတာ ခရေတစ်ခုတည်းပါ။

ဆရာစိန်ဝင်းရဲ့ ထာဝရ ဆိုတဲ့ ကဗျာလေးထဲကလို…
ခရေကိုလေ..

ပွင့်လျှင်လဲနမ်း
နွမ်းလျှင်လဲကောက်
ခြောက်လျှင်လဲသိမ်း
တိမ်းညွှတ်တွယ်မက်
သည်တစ်သက်မှာ
တစ်ပွင့်သာလေ…..
စွဲလမ်းနေမည်
ဝေေ၀ကြွေကြွေ မြတ်နိုး၏။


ထာဝရ မြတ်နိုးနေမည်….ခရေ……..။

5 comments:

May Nyane said...
This comment has been removed by the author.
May Nyane said...

တနေ့က
ပေ၂၀၀၀ကျော်မြင့်တဲ့ တောင်ပေါ်ရောက်တယ်။
အဲဒီမှာ တခါမှ မမြင်ဖူးခဲ့တဲ့ ပန်းတွေတွေ့ရတယ်။
ခုနောက်ပိုင်းမှာ ပန်းတွေတွေ့ရင် အိမ့်ကိုသတိရတယ်။
ပန်းတွေနဲ့ ခံစားပြီး အိမ့်လိုပဲ စာရေးဦးမှလို့ တွေးမိတယ်။

(အမှားမပြင်တတ်လို့ delete လုပ်ပြီး
ပြန်ပို့တာပါ..ခုန စာလုံးပေါင်းမှားလို့)

Natthi said...

အကြွေပန်းဆိုတာ မြေရဲ့ အနမ်းကို ခင်တွယ်သူပါ။
ကြင်သူရဲ့ အချစ်ပန်း နှလုံးသားမြေအနမ်းကို ခုံမင်တယ်ဆိုရင်
ရင်နင့်အောင်မွှေးတဲ့ ခွေးသေးပန်း…ဟုတ်ပါဘူး…ခရေပန်း
အလွမ်းတွေ လေမှာ လွင့်လို့
အလွမ်းတစ်ပွင့် ပန်းတစ်ပွင့်လား….
ကြွေပါတော့….ဒီရင်ခွင်ထဲကို…
ကြွေရစ်တော့လေ...မြေချစ်တဲ့သူရေ….။

အဟဲ…ပန်းပွင့်လေးတွေရဲ့ ဖြားယောင်းသွေးဆောင်မှုကြောင့် ရူးသွပ်သွားသော ပန်းစကားများ ဖြစ်ပါ၏။

တပြည်သူ အိမ့်ချမ်းမြေ့ said...

ဆရာမ..
ဆရာမရေးရင် အများကြီးပိုကောင်းမှာ
ရေးပါနော်…ဖတ်ချင်တယ်

ကိုနတ္ထိ
ကိုနတ္ထိလဲ ကဗျာဆန်သွားပြီနော်။ ကောင်းလိုက်တဲ့စာ။ လက်တမ်းပဲလား

eithu said...

me too .. i love flowers also ..It's very nice that u can enjoy the flowers and nature .. I hope I'll also grow flowers one day.. Now, in that crowd city, there is no land to grow.. ..life is hectic and not much time to enjoy the nature .. sis yay .. i'll come again .. and thx a lot for making my day with your beautiful flowers ..

LinkWithin

Related Posts Plugin for WordPress, Blogger...