မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, May 12, 2007

ကျွန်မချစ်တဲ့ သစ်တစ်ပင်



စမ်းရေစီးသံ တသွင်သွင်ကြားနေရသည်။
စမ်းချောင်းလေးတစ်ဖက်တစ်ချက်က ထင်းရှုးတောနဲ့ မေပယ်ပင်တွေကြားထဲကို လေပြေ ခပ်တိုးတိုးတိုက်ခတ်သွားသံကိုလဲ ကြားလိုက်ရသည်။ လေပြေကြောင့် ရွက်နုလေးတွေနဲ့ ထင်းရှုးသီးပေါက်စလေးတွေ ကြွေကျသွားတော့ ရော်ဘင်ငှက်ကလေးက လန့်ပြီးပျံထွက်သွားသံကိုလဲ ကြားလိုက်ပြန်သည်။
ကန်စပ်မှာ ငန်းမိသားစုတစ်စု အစာရှာနေကြသည်။
နွေဦးရောက်ပြီဆိုတော့ ငန်းပေါက်လေးတွေ..ပေါက်လာကြပြီလေ။ ဖခင်ငန်းကြီးကတော့ ဘယ်တော့မှ အစာဖြောင့်အောင် မစားနိုင်ရှာ။ ငန်းမလေးနဲ့ သူ့ကလေးတွေကို စိုးရိမ်စိတ်နဲ့ လည်တံရှည် ဟိုလှည့်ဒီလှည့်နဲ့.. ပတ်ဝန်းကျင်ကိုအမြဲစောင့်ကြည့်နေသည်။

ခပ်ဝေးဝေးမှာတော့ တိုက်တာအမြင့်ကြီးတွေ…။ Kodak, Creo, Electronic Arts, MDS ဆိုင်းပုဒ်တွေကို လှမ်းမြင်နေရသည်။ ခပ်လှမ်းလှမ်းဟိုင်းဝေးပေါ်မှာ ကားတွေ အရှိန်ပြင်းပြင်းသွားတဲ့ လေတိုးသံတွေ။ ဒီစမ်းချောင်းလေးထိပ်က ဒီသစ်ပင်ကြီးအောက်မှာ ကိုယ်လာလာထိုင်ရင်း..အတ္တတွေကို တစ်စစီချွေချနေမိတာကြာပေါ့။ သစ်ပင်ကြီးက စိမ်းလန်းသည်၊ မြင့်မားသည်၊ လှပသည်။ ပင်စည်ခြေရင်းမှာ စိမ်းစိုလန်းဆန်းတဲ့ မြက်ခင်းပြင်ရှိသည်။ ဒေါက်မြင့်ဖိနပ်ကို ချွတ်လိုက်ပြီး ဘေးနားသို့ အသာကန်ပစ်လိုက်ပြီး စိတ်လွတ်လက်လွတ်ထိုင်ချလိုက်သည်။ သစ်ပင်ကြီးရဲ့ ပင်စည်ထဲမှာ ကျောကိုမှီကပ်ပြီးထိုင်လိုက်တော့ သူ့ထံကနွေးထွေးမှုတွေ။ ထိပ်ဖျားကိုမော့ကြည့်လိုက်တော့ သစ်ပင်ကြီးက ကိုယ့်ရဲ့ နေ့လည်စာထည့်တဲ့ အိတ်အစိမ်းနုလေးကို ခပ်တိုးတိုးပြုံးပြသည်။ ကိုယ့်အိတ်လေးထဲမှာ ပျင်းခြောက်ခြောက်နေ့လည်စာက ထုံးစံအတိုင်းပေါ့၊ ယိုးဂတ်ဗူးရယ်၊ အသားညှပ်မုန့်ရယ်၊ ပန်းသီးဖျော်ရည်ဗူးရယ်။ စပျစ်သီးခြောက်လေးတွေရယ်။ သစ်ပင်ကြီးကပြောသည်။ ထမင်းဖြူ၊ ကန်ဇွန်းရွက်ကြော်နဲ့ ငပိရည်တော့ အိမ်ရောက်မှစားပေါ့တဲ့။ ကိုယ်ခေါင်းငုံ့ပြုံးလိုက်ရင်း စပျစ်သီးခြောက်လေးအချို့ကို ငန်းလေးတွေဘက်ပြစ်ပေးလိုက်တယ်။ သစ်ပင်ကြီးကအလန့်တကြားထပ်ပြောသည်။ “မလုပ်နဲ့လေ..သူတို့ကိုသဘာဝအတိုင်းထားလိုက်၊ မင်းတို့လို အစာကြွေးသူတွေများလာရင် သူတို့ဘာသာ အစာမရှာတတ်ဘူးဖြစ်သွားလိမ့်မယ်၊ တစ်ခါတစ်ရံ အရာရာကို ပါးစပ်ထဲအထိ လိုက်ခွန့်ပေးခြင်းဟာ စေတနာမဟုတ်ဘဲ ဝေဒနာဖြစ်တတ်တယ်။ သူ့သဘာဝအတိုင်းလေးရှိပါစေ”တဲ့၊


ရိုးဂတ်ဗူးကိုဖောက်လိုက်ပြီး ဇွန်းသေးသေးနဲ့ကော်စားနေတုန်း မြက်ခင်းပေါ်မှာ ပိုးကောင်လေးတစ်ကောင် ခပ်ဖြေးဖြေးခရီးထွက်နေတာကိုမြင်လိုက်သည်။ စားနေတာကိုရပ်လိုက်ပြီး ပိုးကောင်လေးကို စိုက်ကြည့်ရင်း စိတ်ထဲက လှမ်းခေါ်လိုက်သည်။ တော်တော်ကြာကြာစိုက်ကြည့်ရင်း ဒီဘက်ကိုလာပါလားလို့ လှမ်းခေါ်နေလိုက်သည်။ မမျှော်လင့်ပဲ ပိုးကောင်လေးက အလျှားလိုက်သွားနေရင်းက ကိုးဆယ်ဒီဂရီလှည့်လိုက်ပြီး ကိုယ့်ဆီကိုတည့်တည့်မတ်မတ်ကြီး လျှောက်လာသည်။ ကိုယ့်ခြေဖမိုးနားရောက်လာတော့ ရပ်လိုက်သည်။ ပြီးတော့ ခေါင်းထိပ်က အတံလေးကို မြှောက်လိုက်ပြီး ကိုယ့်ကိုမော့ကြည့်နေသည်။
“မင်းကိုယ်မင်း စိတ်စွမ်းအင်ကောင်းတယ်ဆိုပြီး ပိုးကောင်လေးကို ခေါ်လို့သူရောက်လာတဲ့အခါကျတော့ မင်းဘာဆက်လုပ်မလဲ။ သူခရီးသွားနေတာနှောက်ယှက်သလို မဖြစ်သွားဘူးလား။ အခုမင်းက သူ့ရှေ့က အတားအဆီးဖြစ်နေပြီ၊ သူဆက်သွားလို့မရတော့ဘူးလေ”လို့ သစ်ပင်ကြီးကပြောတယ်။
ကိုယ်ပိုးကောင်လေးကို တုတ်ချောင်းလေးနဲ့ အသာတို့ယူပြီး သူသွားနေတဲ့ လမ်းကြောင်းပေါ်ကို ပြန်ချပေးလိုက်တယ်။

ဆံပင်တွေထဲကို လက်ထိုးသွင်းလိုက်ပြီး ခေါင်းကိုခါပစ်လိုက်သည်။ ပင်စည်ကြီးကို ကျောနဲ့ပိုဖိကပ်ထားပြီး ခြေကိုစင်း မျက်စိကိုမှိတ်ထားလိုက်သည်။ ပိုးကောင်လေးတွေရဲ့အော်သံ၊ ကျွတ်ဆတ်တဲ့လေညှင်းသံ၊ စမ်းရေခတ်သံ၊ သစ်ရွက်လှုပ်သံတွေကိုကြားနေရသည်။ လူရှင်းတဲ့တစ်နေ့က ကိုယ်ကိုတိုင်တက်ချိတ်ပေးထားတဲ့ ဆည်းလည်းလေးရဲ့ တေးသံသာကိုလဲကြားနေရသည်။

“ရတဲ့အခိုက်အတန့်လေးမှာ အပြစ်မဲ့စွာ ပျော်နေလိုက်ပါ၊ မင်းပဲ ဒီကိုလာချင်လှချည်ရဲ့လို့ မိဘတွေကိုပူဆာခဲ့တယ်။ ဟိုဆယ်စုနှစ်လောက်ကလူတွေ လွယ်လွယ်နဲ့ မပြန်ဖြစ်ကျတာသိလို့ လေယာဉ်ကွင်းကိုလိုက်ပို့တဲ့ မင်းအဖေ ယောက်ျားကြီးတန်မဲ့ လေယာဉ်ကွင်းမှာ အံကြိတ်လို့ မျက်လုံးတွေ ရဲတွတ်နေခဲ့တယ်။ ဒီကိုရောက်ခါစက သတင်းစာပို့ရပို့ရ၊ နွားနို့ပို့ရပို့ရဆို။ နောက်တော့လဲ ဘွဲ့လေးတစ်ခု၊ အလုပ်ကောင်းလေးတစ်ခု၊ နောက်တော့ ကားလေးတစ်စင်း၊ အိမ်လေးတစ်ဆောင်၊ ဘယ်အရွယ်မှာ ဘာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်တွေကိုဖြည့်စည်းနေရတာနဲ့ အချိန်တွေတိုက်စားနေတာ သတိတောင်မထားလိုက်မိဘူးမို့လား။ အခု စာရေးလို့ ပန်းစိုက်ပြီး လူသူနဲ့တဲ့မြို့လေးတစ်ခုမှာ ဘ၀တစ်ခုအဆုံးသတ်ချင်တယ်ဖြစ်ပြန်ပြီလား။ မင်းတို့လူတွေက မရခင်တော့ လိုချင်လိုက်ကြတာ၊ ရသွားတော့လဲ ဘာမှမဟုတ်သလိုပါပဲလား”

“အခြေအနေတစ်ခုမှ တစ်ခုပြောင်းခြင်းဟာ ကောင်းကင်ဘားတန်းတစ်ခုမှ တစ်ခုကို လွှဲခုန်ခြင်းလိုပါပဲ။ ဘယ်သူမှ ဘားတန်းတစ်ခုထဲမှာပဲ တွဲလွဲအကြာကြီးခိုမနေကြဘူးလေ။ ရှေ့ကမြင်နေရတဲ့ဘားတန်းကို ခုန်လွှဲပြီးရောက်အောင်သွားချင်ကြတာ။ ရှေ့ကဘားတန်းကို မထိခင် လေထဲက အခိုက်အတန့်ကတော့ ရင်ခုန်စရာကောင်းပါတယ်” သစ်ပင်ကြီးကိုမော့ကြည့်ရင်း ခပ်တိုးတိုးငြင်းခုန်လိုက်သည်။

“တစ်ကယ်လို့ ပြုတ်ကျသွားခဲ့ရင်ကော” ပြောပြီး တချက်ရယ်မောလိုက်သည်။ သစ်ပင်ကြီး၏ ရယ်မောသံကို ကိုယ်အံ့သြသွားမိသည်။ မာနသံနှောသည့် တပ်မက်ဖွယ်ကောင်းသည့်ရယ်မောသံ။

“ဒါဆိုလဲ ထပ်ကြိုးစားကြည့်ရမှာပဲ၊ နာကျင်သွားခဲ့ရင်လဲ ဒီလူဟာပြုတ်ကျဖူးတဲ့သူ၊ နာကျင်ဖူးတဲ့သူပေါ့။ ဘားတန်းပေါ်က ပြုတ်ကျဘူးသူတွေ တော်တော်များကြမှာပါ”

“ဒီလိုပါပဲ ဘယ်လုပ်ရပ်မဆို တန်ပြန်သက်ရောက်မှုတွေ ရှိတယ်။ ဒီတန်ပြန်သက်ရောက်မှုရဲ့ အကျိုးအပြစ်တွေကိုလဲ ခံရဲရမှာပေါ့”

ခပ်လှမ်းလှမ်းက ခုံတန်းလေးပေါ်မှာ ရုံးတစ်ရုံးရုံးက စုံတွဲလေး ထမင်းအတူတူစားနေကြသည်။ သူတို့ထံက ရယ်မောသံတွေ တချက်ချက်ကြားလိုက်ရသည်။ ကိုယ်မရှိတဲ့အချိန်တွေမှာ သူတို့ ကိုယ့်သစ်ပင်အောက်မှာ ထိုင်တတ်ကြသည်တဲ့။ ဒီသစ်ရိပ်မှာ သစ်တောက်ငှက်လေးတွေ၊ ရော်ဘင်ငှက်လေးတွေ၊ ကျီးကန်းလေးတွေ နားခိုတတ်သည်။ အနီးအနားရုံးတွေက လူတွေလဲ သစ်ရိပ်ခိုကြသည်။ စမ်းချောင်းလေးတစ်လျှောက် သစ်ပင်ရိပ်တွေ ပေါများသော်လည်း ကိုယ်ကတော့ ဒီသစ်ရိပ်မှာပဲ ခိုလေ့ရှိသည်။ တစ်ခါတစ်ရံ ဒီအရိပ်အောက်မှာ လူရှိနေတတ်လျှင် ကိုယ်ခပ်လှမ်းလှမ်းက လှည့်ပြန်တတ်သည်။

“နောက်နေ့တွေလဲ…မင်း.. ပျင်းရင်လာခဲ့လေ။ ဒီမှာငါအမြဲရှိနေမှာပါ”
“ဟင်”
အားအင်ချိနဲ့စွာနဲ့ ပင်စည်ကိုမှီချလိုက်သည်။ ကျောပြင်နဲ့ ပိုကပ်ထားလိုက်ပြီး မျက်ရည်တွေစိုလာသည်။ နောက်..မျက်နှာချင်းဆိုင်အောင် ကိုယ်ကိုတပတ်လှည့်လိုက်ပြီး ပင်စည်ထဲမှာ ဖက်တွယ်မြုပ်ဝင်လို့ ရှိုက်ကြီးတငင်ငိုကြွေးလိုက်မိသည်။
ပျင်းလို့လာတယ်…ဒီလိုထင်နေသလား။ ငါ့မှာလေ..မရှိတဲ့အချိန်တွေထဲက ရသမျှအချိန်လေးလုပြီး အေးမြတဲ့ အရိပ်မှာခဏလေးဖြစ်ဖြစ်ခိုဝင်ချင်လို့ အဝေးကြီးကလာခဲ့တဲ့သူပါ။ ခါးသီးမှုတွေ၊ မောပန်းမှုတွေ၊ ကြေကွဲမှုတွေ၊ နာကျင်ခြင်းတွေနဲ့ မင်းဆီကို အရောက်လာခဲ့သူပါ။
မင်းအရိပ်မှာ ခိုနားနေသူရှိတဲ့နေ့ဆိုရင်လဲ လှည့်ပြန်တတ်သူပါ။

“အချိန်ရှိတယ်…မရှိဘူးဆိုတာလဲ မင်းကိုယ်တိုင်သာဖန်တီးနေတာပဲမဟုတ်လား၊
နောက်ပြီး ငါက အရိပ်ပေးရမယ့်တာဝန်ရှိတယ်။ ဒီအရိပ်ဟာမင်းတစ်ယောက်ထဲအတွက်တော့ မဖြစ်နိုင်ဘူးလေ”

“နားလည်ပေးပါတယ်။ ဒီအရိပ်ကို တစ်ယောက်ထဲအတွက်တောင်းဆိုနေတာလဲမဟုတ်ပါဘူး။ ဒါပေမယ့် မင်းဆီလာနေတာ..မင်းနဲ့ရှိနေချင်တာတစ်ခုတည်းသက်သက်ဆိုတာတော့ လက်ခံပေးပါနော်”
ပင်စည်ကြီးကို နှုတ်ခမ်းနဲ့ အသာလေးထိတို့ထားရင်း ခပ်တိုတိုးရည်ရွတ်လိုက်မိတယ်..။ နှုတ်ခမ်းပေါ်မှာ ကြမ်းရှရှအထိအတွေ့တစ်ခု။ ဒီအတွေ့ကိုပျယ်ပြယ်မသွားစေ့ချင်မိတဲ့ စိတ်နဲ့ ပင်စည်နဲ့ နှုတ်ခမ်းကိုဖိကပ်ထားလိုက်မိသည်။

“သွားတော့မယ်”

ခပ်တိုးတိုးပြောပြီး မတ်တပ်ရပ်လိုက်သည်။ လေအဝှေ့မှာ ပါးပါးလျှလျှအကျီ င်္အဖြူက လွန့်လူးသွားသည်။ ဖိနပ်ထဲ ခြေထိုးစီးလိုက်သည်။ ထမင်းဗူးအိတ်လေးကို ကောက်ယူလိုက်သည်။ ခါးကိုဆန့်ပြီး ခြေတစ်လှမ်း လှမ်းလိုက်သည်။ သစ်ပင်ကြီးဘက်ကို တစ်ချက်ငေးကြည့်လိုက်သည်။ ပြီးတော့ လာရာလမ်းလေးအတိုင်း ပြန်ခဲ့ပါတော့သည်။



16 comments:

ဂျစ်တူး - gyit_tu said...

မလေးရေ.. ဒီပို့စ်လေးထဲက ခံစားချက်တွေနဲ့ ထပ်တူပါပဲ ။ ကျွန်မတို့တတွေ ဘ၀ခရီးရှည်ကြီးကို ဖြတ်နေရတုန်း ကိုယ့်ဆုံးဖြတ်ချက်ရဲ့ ရလဒ်ကို ခံယူရဲတဲ့စိတ် မွေးပြီး ဘာမဆို ရင်ဆိုင်ကြရမှာပေါ့ ။

ရေးထားတာလေး အရမ်းကောင်းတယ် ။ မလေးရဲ့ master piece နောက်တခုပေါ့း)ဘလောဂါ့စာအုပ်မှာ ထည့်ဖို့ အကြံပြုပါရစေ ။

ပုထုဇဉ် said...

မဂျစ်တူးပြောတာကို သဘောတူတယ်၊ ဒီဝတ္ထုက မအိမ့်ချမ်းမြေ့ရဲ့ နောက်ထပ် masterpiece တခုပဲ၊ ဘလော့ဂါစာအုပ်အတွက် ပို့ဖြစ်အောင် ပို့စေချင်ပါတယ်။ မြန်မာပရိသတ်နဲ့ ထိတွေ့ဖို့ အနီးစပ်ဆုံး အခွင့်အရေးပဲ မဟုတ်လား။

စကားမစပ်… ဘားတန်းဥပမာကို သဘောကျတယ်… ကျွန်တော်ကတော့ မျောက်သစ်ကိုင်းလွတ် ဖြစ်ပေါင်းများပြီ၊ ပြုတ်ကျလွန်းလို့ သိပ်လည်း မနာတတ်တော့ဘူး…

BarNyar said...

မလေးရေ.. မလေးရဲ့ ဘလောက်ကို အနော်ပဲ ဖတ်ပြီးဘလောက်စာအုပ် ပေါ်တင်တင်ပေးဖို့တာဝန်ကျတာ မလေးရ။ ခုတော့မလေးဆီက ဟိုဟာလည်း ယူမယ်. ဒီဟာလည်းယူမယ်ဆိုပြီး ရွေးထားတာများကြီးပဲ..။ ခုဒါကိုလည်းယူအုံးမှာပဲ.. နော်မလေးနော်။

Tesla said...

မအိမ့် ကောင်းပြန်ပြီ-

pandora said...

ရင်ထဲကိုရောက်သွားတယ်. မအိမ့်ရေ

maydarwii said...

“အချိန်ရှိတယ်…မရှိဘူးဆိုတာလဲ မင်းကိုယ်တိုင်သာဖန်တီးနေတာပဲမဟုတ်လား၊
နောက်ပြီး ငါက အရိပ်ပေးရမယ့်တာဝန်ရှိတယ်။ ဒီအရိပ်ဟာမင်းတစ်ယောက်ထဲအတွက်တော့ မဖြစ်နိုင်ဘူးလေ”

အဲဒီစာသားလေး သဘောကျပါတယ်။
တပုဒ်လုံးလည်း ကောင်းပါတယ် ညီမလေး။
အားပေးလျက် …

မမေ

တပြည်သူ အိမ့်ချမ်းမြေ့ said...

မဂျစ်၊ ကိုပုထုဇဉ်၊ ဘာညာ၊ ကိုတက်စ်၊ မပန်၊ မမေ၊
အားလုံးကိုကျေးဇူးတင်ပါတယ်..
ဒီလိုနွေးထွေးတဲ့ အားပေးမှုလေးတွေကို သယ်ဆောင်ပြီး ကျမ ခရီးဆက်နေတာပါ…

ဂျစ်တူး - gyit_tu said...

တခု ထပ်စဉ်းစားမိတယ် မလေးရေ... ကျမသိပ်ကြိုက်တဲ့ ဂျူးရဲ့ ကျွန်မ၏သစ်ပင် ဆိုတဲ့ ၀တ္ထုလေး အကြောင်း.. ။

တပြည်သူ အိမ့်ချမ်းမြေ့ said...

မဂျစ်ရေ..ဂျုးစာတွေတော်တော်များများဖတ်ဖူးတယ်..အဲဒါတော့မဖတ်ဖူးသေးဘူး၊
ဆရာမဂျုးက ကျမချစ်တဲ့ စာရေးဆရာမတစ်ယောက်ပါ..

ကလိုစေးထူး said...

တပြည်သူရေ.. ၀တ္ထုလာဖတ်သွားတယ်။ ကောင်းတယ်ဗျာ။ တချို့နေရာတွေမှာ စကားပြောနဲ့ စကားပြေကို ရောရေးထားတာတော့ တွေ့တယ်နော်။ စမ်းသပ်ထွင်ရေးကြည့်တာများလား မသိ။

တပြည်သူ အိမ့်ချမ်းမြေ့ said...

အကိုစေးထူးရေ..အားပေးတာကျေးဇူးပါ
ကျမ ထွင်ထားတာမဟုတ်ဘူး..ပထမက စကားပြောနဲ့ရေးပြီး စကားပြေနဲ့ ပြင်တော့ ကျန်ခဲ့တယ်ထင်တယ်..စာလုံးပေါင်းတွေကလဲ မှားသေးတယ်အကိုရေ..သတ်ပုံမှားတဲ့ညပေါ့..
ထောက်ပြတာကျေးဇူးပါ။

ဒီဝိုင်း said...

ma aint,

i want to be that kind of tree which can not only hang out with human but also give a place for someone to stay away from tired and robotic life.

*************************************
************two thumbs up************

တပြည်သူ အိမ့်ချမ်းမြေ့ said...

ကိုဒီဝိုင်း
မတွေ့တာ တော်တော်ကြာပြီနော်..
အားလုံးအဆင်ပြေပါစေ

Yan said...

သူများတွေရေးပြီးတော့မှ နောက်ဆုံးမှာ ၀င်ရေးတယ်လို့တော့ မမြင်ပါနဲ့နော် မလေးရေ…
သူများတွေရဲ့ အားပေးစကားကို အရင်ကြားစေချင်တာကြောင့်ရယ်၊ ဒီစာစုလေးကို အကြိမ်ပေါင်းများစွာ ပြန်ဖတ်ရင်း စဉ်းစားမိနေတာတွေရယ်ကြောင့်ပါ…

ဒီစာစုလေးကို မလေးတင်တင်ချင်း ဖတ်မိပါတယ်. အင်မတန်မှ ပြေပြစ်တဲ့ စကားပြေအရေးအသားလေးပါ. တစ်ချို့နေရာတွေမှာ သစ်ပင်ကြီးကိုယ်တိုင် အသက်ဝင်ပြီး စကားတွေ အပြန်အလှန်ပြောနေတဲ့ ပုံစံလေးရေးသွားတာ ဩဇဂုဏ်မြောက်စေပါတယ်ဗျာ.

ကျွန်တော်သိပ်ကြိုက်တဲ့စာသားလေးတစ်ချို့ ထုတ်ပြမယ်နော်.. တစ်ခြားစာသားတွေလည်း ကောင်းပါတယ်. ဒါပေမယ့် ဒီစာသားလေးတွေကို ဖတ်ရတာ ရင်ထဲမှာ တစ်စုံတစ်ရာကို ခံစားသွားရလို့ပါ.

သစ်ပင်ကြီး၏ ရယ်မောသံကို ကိုယ်အံ့သြသွားမိသည်။ မာနသံနှောသည့် တပ်မက်ဖွယ်ကောင်းသည့်ရယ်မောသံ။

အဲလိုရယ်သံမျိုး ကျွန်တော်လည်း ရယ်တတ်ချင်လိုက်တာ..

“နောက်နေ့တွေလဲ…မင်း.. ပျင်းရင်လာခဲ့လေ။ ဒီမှာငါအမြဲရှိနေမှာပါ”
“ဟင်”
အားအင်ချိနဲ့စွာနဲ့ ပင်စည်ကိုမှီချလိုက်သည်။ ကျောပြင်နဲ့ ပိုကပ်ထားလိုက်ပြီး မျက်ရည်တွေစိုလာသည်။ နောက်..မျက်နှာချင်းဆိုင်အောင် ကိုယ်ကိုတပတ်လှည့်လိုက်ပြီး ပင်စည်ထဲမှာ ဖက်တွယ်မြုပ်ဝင်လို့ ရှိုက်ကြီးတငင်ငိုကြွေးလိုက်မိသည်။
ပျင်းလို့လာတယ်…ဒီလိုထင်နေသလား။ ငါ့မှာလေ..မရှိတဲ့အချိန်တွေထဲက ရသမျှအချိန်လေးလုပြီး အေးမြတဲ့ အရိပ်မှာခဏလေးဖြစ်ဖြစ်ခိုဝင်ချင်လို့ အဝေးကြီးကလာခဲ့တဲ့သူပါ။ ခါးသီးမှုတွေ၊ မောပန်းမှုတွေ၊ ကြေကွဲမှုတွေ၊ နာကျင်ခြင်းတွေနဲ့ မင်းဆီကို အရောက်လာခဲ့သူပါ။
မင်းအရိပ်မှာ ခိုနားနေသူရှိတဲ့နေ့ဆိုရင်လဲ လှည့်ပြန်တတ်သူပါ။

သိပ်ကောင်းတယ်ဗျာ.
ပင်စည်ထဲမှာ ဖက်တွယ်မြှပ်ဝင်လို့ ရှိုက်ကြီးတငင်ငိုကြွေးလိုက်မိသည်… တဲ့..
လက်တွေ့ဘ၀မှာ မလေးကို ကြင်နာနားလည်တတ်တဲ့ သစ်ပင်ကြီးရဲ့ အရိပ်အောက်မှာ ခဏလောက်လေးပဲဖြစ်ဖြစ် ခိုနားခွင့် ရရှိနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ် မလေး….

eithu said...

ဒီနေ့မှ ဖတ်မိလို့ ရေးလိုက်တာ .စိတ်မရှိနဲ့ နော် ..
တိုက်ဆိုင်တာ တစ်ခုတွေ့လို့ ..
အိ ဒီကိုလာခါစ က မေမေပေးလိုက်တဲ့ ဆည်းလည်းလေးကလည်း
မအိမ့်ချစ်တဲ့ သစ်ပင်မှာ ချိတ်ထားတဲ့ ဆည်းလည်းလေးနဲ့ တော်တော်တူတယ်သိလား ..
အိတို့ဆီမှာ က မြေရှားတော့ အိပ်ခန်း ပြတင်းပေါက်အပြင်ဘက်မှာ ချိတ်ထားရတာပါ .. ကျောင်းတက်ခဲ့တဲ့ သုံးနှစ်လုံး အဲဒီ့ဆည်းလည်းသံက အိမ်ကိုလွမ်းတိုင်း အားပေးတဲ့ အသံပေါ့ ..

နောက် ပြီး ...

“အချိန်ရှိတယ်…မရှိဘူးဆိုတာလဲ မင်းကိုယ်တိုင်သာဖန်တီးနေတာပဲမဟုတ်လား၊"

အဲဒါ အိကိုယ်အိပြောနေကျ စကားသိလား ..
ဒီစာလေး ဖတ်ပြီး .. ခံစားချက်ခြင်းတော်တော်များများတိုက်ဆိုင်တာ သိရပါတယ် . .ဒီလိုပဲ အိမ်နဲ့ ဝေးတဲ့သူတိုင်း အဲလိုပဲလား မသိပါဘူးနော် ..

ဒီဝတ္ထု ဖတ်ရတဲ့ အတွက် ရေးတတ်တဲ့ မအိမ့်ကို ကျေးဇူး ပဲနော်. .^.^

burmafreedom said...

“မလုပ်နဲ့လေ..သူတို့ကိုသဘာဝအတိုင်းထားလိုက်၊ မင်းတို့လို အစာကြွေးသူတွေများလာရင် သူတို့ဘာသာ အစာမရှာတတ်ဘူးဖြစ်သွားလိမ့်မယ်၊ တစ်ခါတစ်ရံ အရာရာကို ပါးစပ်ထဲအထိ လိုက်ခွန့်ပေးခြင်းဟာ စေတနာမဟုတ်ဘဲ ဝေဒနာဖြစ်တတ်တယ်။ သူ့သဘာဝအတိုင်းလေးရှိပါစေ”

တော်တော် ချစ်ဖို့ ကောင်းတဲ့ အတွေး

“မင်းကိုယ်မင်း စိတ်စွမ်းအင်ကောင်းတယ်ဆိုပြီး ပိုးကောင်လေးကို ခေါ်လို့သူရောက်လာတဲ့အခါကျတော့ မင်းဘာဆက်လုပ်မလဲ။ သူခရီးသွားနေတာနှောက်ယှက်သလို မဖြစ်သွားဘူးလား။ အခုမင်းက သူ့ရှေ့က အတားအဆီးဖြစ်နေပြီ၊ သူဆက်သွားလို့မရတော့ဘူးလေ”

ပိုးကောင်လေး က ပေကပ်ပြီးနေ ခွင့်ရသလောက်နေ နေမယ်လို့ ရော မတွေးဘူးလား

ဘာပဲဖြစ်ဖြစ်
ကျနော် သစ်ပင် ခဏလောက်ဖြစ် ခွင့်ရချင်လာမိတယ်
ဒါပေမဲ့  တောအုပ်ထဲ ကသစ်ပင်တော့ မဟုတ်ဘူး ..
ပုဂ္ဂလိ ကပိုင် ခြံလေးတစ်ခြံထဲ က သစ်ပင်

LinkWithin

Related Posts Plugin for WordPress, Blogger...