မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, May 04, 2007

ကန္တာရမိုး

နေခြစ်ခြစ်တောက်ပူနေသည်။ ကောင်းကင်က တိမ်ကင်းစင်နေသည်။ နေမင်း၏ စူးရဲသော အပူရှိန်ကြောင့် နဖူးကချွေးတို့ တဒီးဒီးစီးကျနေသည်။ ဖိနပ်မပါသော သူမ၏ ခြေထောက်တို့သည်လည်း ပူပြင်းသော သဲပူပူပေါ်မှာ ကျိန်းစပ်နေပြီ။ အရှေ့၊ အနောက်၊တောင်၊မြောက်..ပတ်ပတ်လည် ၀ိုင်းနေသည်က.. အဆုံးအစမဲ့သော သဲပင်လယ်…။
အပူရှိန်ကြောင့် တစ်ကိုယ်လုံး တုန်ယင်မူးဝေချင်လာသည်။ ရေငတ်လွန်းလို့ လည်ချောင်းများပင် အက်ကွဲလာသလိုခံစားရသည်။

ဟော…..
ခပ်ဝေးဝေးက သဲကြမ်းပြင်ပေါ်မှာ လျှပ်ရောင်တလက်လက်…။
“ရေ…”
“ရေ…တွေ့ပြီ”

တရွတ်တိုက်ဆွဲနေသော ခြေထောက်တို့ မျှော်လင့်ချက်နှင့် အားအင်ပြည့်လာသည်။
ရေရှိရာဘက်ကို အားအင်သုံးလို့ လှမ်းလျှောက်လာခဲ့သည်။
ဘယ်လောက်ကြိုးစားပါစေမူ၊ ရေရှိရာဆီကို ရောက်မလာနိုင်သေး။
ဝေးလွန်းလှချည်လား။
မျက်စိတွေပြာလာသည်။ အသက်ရှုမ၀ချင်တော့၊
သဲပြင်ပေါ်ကို ပုံရက်သားလဲကျသွားတော့ ခပ်ဝေးဝေးက ရေပြင်ကိုငေးကြည့်လိုက်သည်။ ကိုယ်ကို တရွက်တိုက်ဆွဲလို့ ရေရှိရာဘက်ကို တွားသွားရင် ထပ်မံမျှော်ငေးကြည့်လိုက်တော့..။



ခပ်ဝေးဝေးက တလက်လက်တောက်ပနေတဲ့…တံလျှပ်။
“သြော်…တံလျှပ်ကို ရေထင်ခဲ့မိသူပါလား”

မျှော်လင့်ချက်မဲ့စွာနှင့် သဲပြင်ပေါ်မှာ အရုတ်ကြိုးပြတ် မှောက်ရက်လဲကျသွားသည်။ ငိုဖို့ကြိုးစားကြည့်သည်။ မျက်ရည်ကထွက်မလာ။ ကိုယ်ခနွာထဲမှာ ရေခမ်းချောက်နေပြီပဲ။ သဲတွေကို လက်နဲ့ ဆွဲဆုပ်ထားရင်း အံကြိတ်ထားမိသည်။ တစ်ကိုယ်လုံးနာကျင်တုန်ယင်နေပြီ။

ထိုအချိန်မှာ ရုတ်တရက် မိုးချိန်းသံ။ အို…ဟုတ်မှဟုတ်ရဲ့လား၊
ကောင်းကင်ကို ရှိသမျှအားနဲ့ မော့ကြည့်လိုက်သည်။ ဟုတ်တယ်…..မိုးတိမ်။ တိမ်မဲညိုတစ်လိပ်..သူမ ထိပ်တည့်တည့်မှာ။ ရုတ်တရက်..မိုးစက်ပွင့်တို့ တိမ်မဲညိုက ကြဲချလိုက်သည်။ ငွေရည်တွေက ဆံပင်တွေပေါ်မှာ၊ ပါးပြင်ပေါ်မှာ၊ နှာသီးထိပ်မှာ၊ လည်ပင်းတစ်လျှောက်မှာ၊ အရောင်မဲ့တဲ့ အကျီ င်္လက်ဖျံမှာ၊ လက်မောင်းတွေပေါ်မှာ၊ စုတ်ပြတ်နေတဲ့ ထမီအနားစမှာ၊ သလုံးသားတွေမှာ၊ ဖိနပ်မပါတဲ့ ပေရေနေတဲ့ ခြေဖမိုးတွေပေါ်မှာ၊ ပတ်ဝန်းကျင်က အနက်ရောင်သဲတွေပေါ်မှာ။ သူမ မျက်နှာကို မိုးစက်တွေရှိရာသို့ မော့ထားလိုက်သည်။ မိုးရေတွေက သူမနှုတ်ခမ်းကို အရှိန်ပြင်းပြင်းထိခတ်နေသည်။ မိုးရေကို သူမ သောက်သုံးဖို့တော့ ကြောက်ရွံ့နေသည်။ နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း မျက်လုံးများကို မှိတ်ထားမိသည်။

မိုးတိမ်က အဝေးကို ဆက်လက်ရွေ့လျောသွားပြီ။ စူးစူးရဲရဲနေမင်းက တဖန်ပြန်ပေါ်လာသည်။ ခပ်ဝေးဝေးကို ဆက်လက်လွင့်မျောသွားနေသည့် မိုးတိမ်ကို သူမငေးကြည့်နေမိသည်။ သူမ တကိုယ်လုံးတုတ်တုတ်ရွှဲနေသည်။ ဒါပေမယ့် မကြာခင် သူမအ၀တ်အစားတို့ ပြန်လည်သွေ့ခြောက်သွားဦးမည်။

သူမ သဲပြင်ဘက်ကိုငုံ့ကြည့်လိုက်သည်။
အို…သူမလက်ဖမိုးပေါ်မှာ..မိုးစက်တစ်ပွင့်။ သူမရင်ခုန်သွားသည်။
လက်ဖမိုးကို သူမနှုတ်ခမ်းဆီသို့ ဖြည်းငြင်းစွာ ဆွဲယူပြီး နှုတ်ခမ်းနှင့်ကပ်ထားလိုက်သည်။
မိုးစက်လေးက သူမနှုတ်ခမ်းထိပ်မှာ…။

ထိုအချိန်မှာ သူမ ….မျက်လုံးတွေပြာဝေလာသည်။ ပတ်ဝန်းကျင်က တဖြည်းဖြည်းမှောင်လာသည်။ ကောင်းကင်ကတော့ ပိုလင်းလာသလိုလို။ အဝေးမှာလဲ ဓမ္မတေးသံလိုလို…။

“ရေ..မရှိလို့ ခြောက်သွေ့သော..
လွင်ပြင်တွင် ကျွန်ုပ် ၀ိညာဉ်…
ကိုယ်တော်ရှင်ကို ကြိုးစားလို့ ရှာသောအခါ”။

သူမ မျက်လုံးတို့ ပိုလို့ပြာဝေလာသည်။ သူမသိနေသည်။
သူမ..သွားရတော့မည်။ သူမ နှုတ်ခမ်းလေးက အားအင်ချိနဲ့စွာ တစ်ဖြည်းဖြည်းပြုံးလာသည်။
သူမ နောက်ဆုံးပင့်သက်ကိုရှုလိုက်ရင်း ခေါင်းက သဲပြင်ပေါ်သို့ ဖြည်းငြင်းစွားစောင်းကြသွားသည်။ သူမနှုတ်ခမ်းပေါ်က ရေစက်လေးကလဲ အားအင်ချိနဲ့စွာ…နဲ့ ဖြည်းငြင်းစွာ သဲပေါ်ကို လိမ့်ဆင်းသွားပါတော့သည်။


5 comments:

ဂျစ်တူး - gyit_tu said...

မအိမ့်... description ရေးတာမှာ အရမ်းတော်တယ် ။ အသေးစိတ် တခုချင်း စလိုးမိုးရှင်းနဲ့ သွားနေသလို မျက်စိထဲ မြင်လာတယ် ။

အချစ်ဝတ္ထုလေးတွေ ရေးပါဦး ။ မအိမ့်ရဲ့ ကိုယ်ပိုင်ပဲ ဖြစ်၂.. သိထားတဲ့ သူများအကြောင်းပဲ ဖြစ်ဖြစ်ပေါ့ ။ ခုတလော ဘလောဂ့်မှာ အချစ်တွေ လိုအပ်နေတယ် ။ မောင်ရန်ကတော့ အလွမ်းတွေအပြည့်နဲ့ လုပ်နေလေရဲ့ ။ ကျွန်မကတော့ အတွေးတွေနဲ့ ဖြည့် ။ ဒီတော့ မအိမ့်က အချစ်ရည်လေးနဲ့ ပက်ဖြန်းလိုက်ပါဦးး)

Ko Nay Gyi said...

အမလေးလေး.... ရေဆာလိုက်တာနော်......။ ကျွန်တော်ကိုယ်တိုင် ရေငတ်သွားတယ်ဗျာ...။ အရေးအသားကတော့ ဂွတ်ရှယ်ပဲ.....။

Tesla said...

ဖတ်ရတာ အာဂေါင်တောင်ခြောက်သွားတယ်- :)

Yan said...

မဂျစ်ကတော့ဗျာ. ကော်မန့်ရေးတာတောင် ကျွန်တော့်ကို ခလုတ်ဝင်တိုက်သွားသေးတယ်.
ဟုတ်တယ်မလေးရေ.. ကိုနေခြည်နဲ့ ကိုကိုတက်စ်ကြီးပြောသလိုပဲ. Sprite တစ်ဗူးတောင် ကုန်သွားတယ်. (ကြုံတုန်းကြွားလိုက်တာ ဟတ်ဟတ်ဟတ်)

ကျွန်တော်ဝတ္ထုတစ်ပုဒ်ပျိုးနေတယ်. မလေးနာမည်ထည့်သုံးထားတယ်. ဟဲဟဲ မကြာခင်သိလိမ့်မယ်နော်.

တပြည်သူ အိမ့်ချမ်းမြေ့ said...

မဂျစ်
အချစ်အကြောင်းရေးဖို့ လောလောဆယ် ကုန်ကြမ်းကုန်နေလို့ပါ။
မဂျစ်အကြောင်းမေးလ်ပို့လိုက်ရင်..ခံစားရေးပေးမယ်လေ… ;)

ကိုနေကြီး နဲ့ ကိုတက်စ်ရေ..အားပေးတာကျေးဇူး..ရေငတ်ရင် ကနေဒါက spring water စင်စစ်ရမယ်… မြောက်ဝင်ရိုးစွန်းက ပျော်ကြလာတဲ့..glacier တွေဆီက ရေသန့်ရမယ်။ ရေကြော်ငြာဝင်နေတာမဟုတ်ဘူးနော်…။

ကိုရန်..ကိုနေခြည်မဟုတ်ပါဘူး..ကိုနေကြီးဆိုတဲ့ ကျားကျားယားယားနာမည် သူနဲ့မှ ကိုနေခြည်ဖြစ်ရတယ်လို့..

LinkWithin

Related Posts Plugin for WordPress, Blogger...