မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, April 30, 2007

ကြက်

ဟိုးငယ်စဉ်အခါ နွေရာသီကျောင်းပိတ်ရက်တစ်ခုတုန်းက ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်တဲ့ သင်္ဘောတစ်စီးနဲ့အတူ မိသားစုအပျော်ခရီး ထွက်ခဲ့တယ်။ ခရီးမထွက်ခင် ညကတည်းက နောက်တစ်နေ့  ခရီးထွက်ရမှာကို တွေးပြီးပျော်လွန်းလို့  အိပ်လို့ တောင် မပျော်ခဲ့ဘူး။ နံနက်ရောက်တော့ ကြက်မတွန်ခင် ဝေလီဝေလင်းအချိန်မှာ သဘောင်္ဆိပ်ကို ရောက်ခဲ့ကြတယ်။ သဘောင်္ဆိပ်က လူတွေ၊ ကုန်တင်ကုန်ချအလုပ်သမားတွေရဲ့ အသံတွေနဲ့  အသက်ဝင်လှုပ်ရှားနေတယ်။ နံနက်ခင်း လေထဲမှာလဲ ကောက်ညှင်းပေါင်းနံ့ ၊ မုန့် ဟင်းခါးနံ့ ၊ ဘယာကြော်နံ့တို့  မွှေးပျံ့  နေတယ်။

ဒီလိုနဲ့ သောင်ပြင်ဖြူလွလွတွေပေါများတဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဆန်တက်လာတာ တစ်နေကုန်လို့  ညရောက်လာခဲ့ ပြီ။ ကမ်းရိုးတစ်လျှောက်က ခြေတံရှည်တဲအိမ်လေးတွေမှာ မှုန်ဝါးဝါး မီးရောင်လေးတွေ ညအမှောင်ကြီးစိုးလာတာနဲ့ အမျှ တစ်ဖြည်းဖြည်း အရောင်ပိုလက်လာကြတယ်။

သဘောင်္ပေါ်မှာ လူသံတွေတစ်ဖြည်းဖြည်းတိတ်ဆိတ်လာတယ်။
အားလုံးအိပ်ရာဝင်ဖို့  ပြင်ဆင်နေကြတာပေါ့။ ခရီးသည်တွေအားလုံး ကိုယ့်နေရာတွေမှာကိုယ် အဆင်ပြေနေသားကျနေကြပြီ။


အဲဒီအချိန်မှာ ခရီးသည်တစ်ဦးဖြစ်တဲ့  အဖွားတစ်ယောက်က အိပ်ရာမ၀င်ခင်
အပေါ့ အပါးသွားဖို့  သဘောင်္ရဲ့  ပဲ့ပိုင်းကိုထွက်သွားတယ်။ အလင်းရောင်ကလဲနဲ သူ့ ခမျာ အသက်ကလဲကြီးတော့ မမြင်မစမ်းနဲ့  ပဲ့ပိုင်းနားက ကြိုးနဲ့ချည်ထားတဲ့ ကြက်တစ်ကောင်ကို သွားတက်နင်းမိလိုက်တယ်။ ကြက်ကတော်တော်နာပြီး တော်တော်လေးလဲ လန့်သွားတယ် ထင်တယ်။ အော်နေလိုက်တာမရပ်နိုင်တော့ဘူး။

လူတွေအားလုံးကလဲ အိပ်ဖို့  ပြင်နေကြတော့  ဇိမ်ပျက်သွားကြတာပေါ့ ၊
အဲဒီအဖွားက အနီးအနားမှာရှိတဲ့  ခရီးသယ်တွေကို စိတ်လှုပ်ရှားစွာနဲ့ ဓာတ်မီးတောင်းလိုက်တယ်။
“ဟဲ့ ငါ့ ကို ဓာတ်မီးပေးကြစမ်း” တဲ့။
အနားကခရီးသယ်တွေကလဲ သူတို့အိတ်ထဲက ဓာတ်မီးဝိုင်းကူရှာပေးကြတယ်။
ကြက်ကလဲ “ကတော် ကတော်”နဲ့  တော်တော်ကျယ်ကျယ်ဆက်အော်နေတယ်။
“အော်…ဓာတ်မီးမြန်မြန်ပေးကြစမ်းပါ” စိတ်မရှည်တော့တဲ့လေသံနဲ့ အဲဒီအဖွားကထပ်ပြောတယ်။
“ရော့ရော့ ဒီမှာအဖွား၊ အဖွားအိမ်သာသွားရင်ယူသွားဖို့လား၊ သွားပြီးပြန်လာမှပေး” လို့  လူတစ်ယောက်ကဓာတ်မီးလှမ်းပေးရင်း ပြောလိုက်တယ်။
အဲဒီအချိန်မှာ အဲဒီနားမှာ ဓာတ်မီးရှာတဲ့အသံတွေကော၊ တစ်ယောက်တစ်ပေါက်ဝိုင်းပြောနေတဲ့ လူသံတွေကော၊ ကြက်အော်သံတွေပါ ဆူညံနေတယ်။
“နေကြစမ်းပါဦး” လို့  အဖွားက တော်တော်စိတ်တိုနေတဲ့ အသံနဲ့  ပြောပြီး ဓာတ်မီးကိုလှမ်းယူလိုက်ပြီး ကြက်ရှိရာနေရာကို မီးနဲ့  လှမ်းထိုးကြည့် လိုက်တယ်။
ပြီးတော့ ခပ်လေးလေးနဲ့  တစ်လုံးချင်း ပြောချလိုက်တယ်။

“သြော်… ကြက်ပဲ”


ဧပြီလ ၂၁၊ ၂၀၀၆ အိပ်မက်ဒေါ့ကွန်း


5 comments:

ပုထုဇဉ် said...

သြော် ဒုက္ခပဲ၊ ဒီလောက် ‘ကတော် ကတော်’ နဲ့အော်နေတာ ကြက်မှန်းမသိဘူးကိုး။ :D

Yan said...

Hahahaha!
Do you know the problem, ko puthuzin? I think the old lady is deaf. Right, Ma Layy?

Ma Layy, Ma Layy...
:*

:D

Tesla said...

မအိမ့်က ဟာသဆိုပေမဲ့ ကျနော်ကတော့ လွှမ်းသွားတယ်ဗျာ ကျနော့်ရဲ့ ဇာတိချက်ကြွှေ က ခရီးစဉ်မို့လို့ပါ-

တပြည်သူ အိမ့်ချမ်းမြေ့ said...

ကိုပုထုဇဉ်နဲ့ ကိုရန်ရေ..
ရယ်ပေးတာကျေးဇူးပါ…နောက်လဲ ဆက်ရေးပါဦးမယ်..:D

ကိုတက်စ်လာရေ..
လွမ်းပေးတာကျေးဇူးပါ…ကိုတက်စလာကမှ ပြန်ချင်ရင် ကောက်ထပြန်လို့ရပါသေးတယ်…ဇာတိကဘယ်မြို့လဲ။ ကျမ ဘိုးဘွားတွေက လောင်းကြီး၊ ပုတီးကုန်း၊ ပေါင်းတလည်။ ကျမတော့ တစ်ခါမှမရောက်ဖူးသေးဘူး။ ဒီတစ်ခါမြန်မာပြည်ပြန်ရင် သွားမယ်စိတ်ကူးတယ်။

Tesla said...

အော်..
မအိမ့် ဘိုးဘွားတွေက ဧရာဝတီ အောက်ပိုင်းဗျ.. ကျနော်က ဧရာဝတီ အထက်ပိုင်းကပါ ကသာအောက်က ထီးချိုင့်လေ ကြားဖူးလား လက်ဝဲသုဒ္ဒရ ရဲ့ မဲဇာရပ်ဝန်းပေါ့ :)- မအိမ့်သွားဖြစ်ရင် ကျနော်တို့ အထက်ဘက်က ဧရာဝတီခရီးစဉ်က ပိုပျော်ဖို့ကောင်းမယ် ထင်တယ်- ရေအရမ်းကြည်တယ် လှိုင်းအရမ်းလှတယ်- အင်း ကသာအထက်ဘက်ဆိုရင် ပတ်ဝန်းကျင်က တော်တော်လှတယ်- ကျနော်လည်း မရောက်တာ ဆယ်စုနှစ် တခုတောင် ကျော်နေပါပြီဗျာ-

LinkWithin

Related Posts Plugin for WordPress, Blogger...