မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, April 30, 2007

နေသာတဲ့ နေ့တစ်နေ့

ဒီနေ့ သိပ်လှတဲ့နေ့..
ကောင်းကင်ဟာ အပြာရောင်တောက်တောက် ကြည်လင်လှပ၊ ငှက်တို့ပျော်ကြတဲ့နေ့…
ခြံထဲက ပန်းကလေးတွေ လေယူရာယိမ်းတဲ့နေ့..
တခြားသူတွေအတွက်တော့ ထူးထူးခြားခြားနေထီးဆောင်းတဲ့နေ့..နေထီးအ၀ိုင်းက ကြီးလွန်းလို့ ကင်မရာထဲ ၀င်အောင် မနည်းချိန်ရင်း မြက်ခင်းစိမ်းပေါ် အိပ်ပြီးရိုက်ရတဲ့ အခြေအနေရောက်သွားတော့ ကောင်းကင်ပြာကို နောက်ခံထားလို့ လွတ်လပ်စွာ ပျံဝဲနေတဲ့ လိပ်ပြာဖြူလေးတွေကို ကလေးဘ၀ကလို ပြန်လည်ငေးမောခွင့်ရခဲ့ပြန်တယ်။
တစ်ကယ်တော့ ကိုယ့်အတွက်ကတော့ တစ်ရက်ခြားတစ်ခါ မြင်နေကျ ခုနှစ်လွှာသက်တန့်ရဲ့ သာမန်နေ့လေး တစ်နေ့..။ လူတွေကတော့ ယုံကြမယ်မဟုတ်ဘူး..နေ့စဉ်လိုလို၊ ကိုယ်..သက်တန့်မြင်တယ်လို့ ဆိုရင်..။



ကုန်လွန်ခဲ့တဲ့ ဆောင်းရာသီရဲ့ ရိုက်ချက်ပြင်းပြင်းကြောင့် အုန်းပင်ပျိုရယ်၊ နှင်းဆီနှစ်ပင်ရယ်၊ fig အသီးပင်နှစ်ပင် သေဆုံးသွားပြီ။ မိုးကြိုးပစ်ခံရသလို မဲကျစ်နေတဲ့ fig အပင်လေးနှစ်ပင်ကို နစ်မျောတသ ကြည့်နေမိတဲ့နေ့ လို့လဲဆိုနိုင်ပါတယ်။ ခြံထဲမှာ ခိုအောင်းနေတဲ့ နွေဦးပေါက်ရင် ထွက်လာလေ့ရှိတဲ့ ယုန်ညိုလေးသားအမိလဲ ကိုယ်မတွေ့တော့ဘူး။ ဘယ်ကိုများပြောင်းရွှေ့သွားပြီလဲ။ ဒါမှမဟုတ်..ဒီဆောင်းကို မကျော်နိုင်လို့များလား။ တစ်နေရာရာကို ပြောင်းသွားတာဖြစ်ပါစေလို့ ကြိတ်ဆုတောင်းနေမိတယ်။

ဒီနေ့ သူငယ်ချင်းတစ်ယောက် အနည်းငယ်စိတ်ဓာတ်ကျနိုင်တဲ့နေ့။ သူစိတ်ပျော်ပါစေလို့ ရယ်ရွယ်ပြီး နေထီးဆောင်းတဲ့ပုံလေး တင်ပေးလိုက်တယ်။ အလုပ်က ပါဝါနက်ပ် ယူအပြီးကြည့်လို့ရအောင်..။ မှတ်ကျောက်အတင်ခံရတဲ့ သေးငယ်တဲ့ စမ်းသပ်ခံရမှုလေးတစ်ခုလို့ သူယူဆနိုင်ပါစေ။



ကောင်မလေးကို ပေးဖို့ထင်တယ်၊ ပန်းတစ်ပွင့်တောင်းတဲ့ မောင်လေးတစ်ယောက်အတွက် ပန်းသီးပင်က ပန်းလေးတွေလဲ တင်ပေးလိုက်ပါတယ်။ ကြိုက်သလို ခူးယူပါ.. ဒီနှစ်ပန်းသီး လေး၊ငါး၊ဆယ်လုံး ကျန်ရင်တော်ပါပြီ။ ပန်းသီးငါးပိချက် ချက်စားရရုံကျန်ရင် ကျေနပ်ပါတယ်။

3 comments:

ဂျစ်တူး - gyit_tu said...

မလေးအိမ်မှာ ပန်းသီးပင်ရှိလား ။ ဟာ ကောင်းလိုက်တာ ။ မလေးရဲ့ အိမ်မှာ ရှိတဲ့ အပင်တွေအကြောင်း ဓါတ်ပုံတွေနဲ့ တင်ပေးပါလား ။ တကယ် ကြည့်ချင်လို့ပါ ။

ပန်းသီးပွင့်လေးတွေ သိပ်လှ ။ နှင်းဆီဝါရှိလားဟင် ။

Yan said...

You are really a great friend to others...
I'm proud to be your friend, Ma Layy...
BTW, do you know how to cook Apple-Fishpaste?
I wanna try that once in a lifetime. Hahaha.

တပြည်သူ အိမ့်ချမ်းမြေ့ said...

မဂျစ်ရေ..
နွေပေါက်ရင် ပန်းတွေ၊ သီးပင်တွေအများကြီးထပ်တင်ပေးမယ်.. ဒီတစ်နွေလုံးဒါပဲတင်တော့မလားစိတ်ကူးနေတာ..နောက်မှ တင်လွန်းလို့ မကြည့်ချင်တော့ဘူးဆိုမရဘူးနော်.. အဲဒီနှင်းဆီအ၀ါပေါ့ ဒီနှစ်ဆောင်းရာသီကြမ်းလို့ သေသွားပြီ။

ကိုရန်..
ထပ်မဖားနဲ့..:D တက်ဂ်ဘလော့ တမ်းပလိပ် လုပ်ပေးမယ်ပြောပြီးသားနော်..ဒါပေမယ့် နောင်နှစ်မှလုပ်မယ်နော်..ဖြစ်တယ်နော်…

LinkWithin

Related Posts Plugin for WordPress, Blogger...