မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, April 23, 2007

လူတွေမသိတဲ့ ကိုယ့်အကြောင်းတစေ့တစောင်း

ကိုယ့်အကြောင်းလူသိမှာကြောက်ပါတယ်ဆိုမှ ကိုတက်စလာကောင်းမှုကြောင့် www တစ်ခုလုံးသိတော့မှာပါလားနော်..
ကဲ..စပါပြီ။

၁။ ဈေးဝယ်ထွက်ရတာ မကြိုက်တဲ့ ရှားရှားပါးပါးမိန်းမထဲမှာ ကျမ ပါတယ်။ ၀ယ်ရမယ့် ဆိုင်ဆီကိုတန်းတန်းမတ်မတ်သွားပြီး လိုတဲ့ပစ္စည်းဝယ်ပြီးတာနဲ့ မောလ်ထဲက ချက်ချင်းထွက်လာတာပဲ။ ရေမွှေးနံ့၊ လူနံ့တွေနဲ့ ပစ္စည်းနံ့တွေကို မခံနိုင်လို့။ သူငယ်ချင်းတွေနဲ့ အမတွေ၊ညီမတွေနဲ့ ဈေးဝယ်ထွက်တာ လိုတာထက်ကြာတာနဲ့ သူတို့တွေ ဇက်ကြောတွေတက်လွန်းတဲ့ ကျမကို ၀ိုင်းပြီးနှိပ်နယ်ပေးရတော့တာပါပဲ။

၂။ ဗင်ကူးဗား ကျွန်းပေါ်ကို နွေရောက်တိုင်း အနဲဆုံး တစ်နှစ်တစ်ခါတော့ သင်္ဘောနဲ့သွားတယ်။ ၃နာရီပတ်ဝန်းကျင်ကြာတဲ့ ခရီးစဉ်မှာ ဘယ်လောက်အေးအေး၊ လေတိုက်တိုက်၊ မိုးရွာရွာ၊ မြူထထ၊ သင်္ဘောထဲမှာ မစီးပဲ ကုန်းပတ်ပေါ်မှာပဲ လေပြင်းပြင်းထဲမှာ ထိုင်စီးတယ်။

၃။ ကိုယ့်တိုင်းပြည်၊ ကိုယ့်စကားရှိရဲ့သားနဲ့ သူများထူထောင်ပြီးသားတိုင်းပြည်မှာ လာနေနေရတာ၊ ကိုယ့်စကားမဟုတ်တဲ့ စကားကိုပြောနေရတာကို ရှက်တယ် (သိပ်စီး၇ီးယစ်ဖြစ်သွားလားမသိဘူး။ ရင်ထဲရှိရာပြောလိုက်တာပါ။ ဒါဆိုဘာလို့ မပြန်လဲလို့တော့ မမေးပါနဲ့နော်၊ အဖေနဲ့ အမေလွှတ်လိုက်လို့ ရောက်လာရာက၊ သူတို့ပါရောက်လာကြပြီး မပြန်ဖြစ်သေးတာပါ)။ မြန်မာပြည်မြေပုံကို ပိုက်ဆံအိတ်ထဲ အမြဲထည့်ထားတယ်။ ဘားမား၊ မြန်မာပြည်ဆိုလိုက်တိုင်း လူတွေက ဘာမြူဒါလား၊ ကျွန်းသေးလေးတစ်ခုလားလို့ မေးကြလွန်းလို့။ မြေပုံကိုထုတ်ပြဖို့ သွားလေရာသယ်တာပါ။

၎။ ပတ်ဝန်းကျင်မှာ လူတွေစကားတွေအများကြီး ကိုယ့်အလှည့်မစောင့်ဘဲ တစ်ယောက်တစ်ပေါက်ပြောရင် ရင်တွေတုန်ပြီး ခေါင်းတွေမူးလာတတ်တယ်။

၅။ နွေရောက်လို့ ပင်လယ်ကမ်းစပ်မှာ သူများတွေ ဘီကီနီလေးတွေနဲ့ နေစာလှုံချိန်၊ အိပ်နေကြချိန်မှာ ကျမကတော့ ကမ်းစပ်က အရိပ်ကောင်းတဲ့ သစ်ပင်တစ်ပင်အောက်မှာ သဲတွေပေါ်မှာ ဂွမ်းစောင်ထူထူခြုံပြီး အိပ်လေ့ရှိတယ်။

၆။ လူခြေတိတ်ဆိတ်တဲ့ နယ်မြို့လေးတွေဆီ ခရီးထွက်ရတာကြိုက်တယ်။ ဥပမာ ထမင်းဆိုင်ပိုင်ရှင်၊ တက္ကဆီမောင်းသမား၊ စသူတို့နဲ့ သူတို့ဘ၀ အတွေ့အကြုံတွေ တမော့တမောပြောရတာကြိုက်တယ်။

ရ။ ကိုယ်ကြိုက်တဲ့ သီချင်းတိုင်းဟာ ထူးဆန်းလွန်းစွာ နံပါတ်ရှစ်တွေ ဖြစ်နေတတ်တယ်။

၈။ ထမင်း၊ဟင်းမချက်ခင် မီးဖိုချောင်စင့်၊ ဘီဒိုတံခါး၊ ကရွတ်ခွေစသည်ကို သန့်ရှင်းတာလွန်ပြီး မောသွားတာနဲ့ ထမင်းဟင်းချက်တဲ့ဆီမရောက်တော့ပါ။..အဲ…ဟို..ရေချိုးခန်းဝင်ရင်လဲ ကောင်တာတွေ၊ ဘာတွေ၊ ဆေးနေတာနဲ့ လိုရင်းကိစ္စမေ့သွားတတ်တယ်။ (ကိုတက်စလာရော၊ မဂျစ်ရော မကောင်းဘူး)

၉။ အသက်အရှည်ကြီးနေချင်တဲ့ လူတွေထဲမှာ ကျမ မပါဘူး။ ပတ်ဝန်းကျင်ကို ပေးကမ်းဝေမျှ၊ contribute လုပ်နိုင်မှုကုန်ဆုံးသွားချိန်မှာ ဒီလောကထဲက ထွက်ခွာသွားချင်ပြီ။

၁၀။ အမြဲတမ်းလုပ်ချင်ပေမယ့် ဘယ်တော့မှ မလုပ်မယ့် အရာတစ်ခုကတော့ ခရီးနှင်နေတဲ့ သင်္ဘောတစ်စီးရဲ့ ကုန်းပတ်ပေါ်မှာ ဆေးလိပ်သောက်ခြင်းပါပဲ။

အဆစ်ထပ်ထည့်လိုက်ဦးမယ်။ အရာရာကို အလေးအနက်ထားတတ်ပေမယ့် sense of humour ရှိပါတယ်။ သူများတွေရဲ့ ရယ်စရာကို စိတ်ပါလက်ပါ ရယ်ပေးပေမယ့် များသောအားဖြင့် ကိုယ့်ဟာသတွေကတော့ သူများတွေအတွက် ရယ်စရာမကောင်းဘူး ဖြစ်နေတတ်တယ်ထင်တယ်။ တခါက အိပ်မက်မှာ ဟာသတပုဒ်ရေးတာ စာဖတ်သူ တယောက်က ကွန့်မင့်ပေးသွားတယ်။ လုံးဝမရယ်ရဘူးတဲ့။ ဒါနဲ့ပဲ ဟာသများဆိုတဲ့ ကဏ္ဍကနေ အဲဒီပို့စ်ကို ကိုယ်တိုင်ပဲ ဖယ်ပစ်လိုက်တယ်။

ကဲ ကျမ tag လုပ်သူတွေကတော့
ကိုသန့်ဇင်
ကိုညီညီ(သံလွင်)
မထက်ရည်မွန်
တို့ပဲဖြစ်ပါတယ်……..

12 comments:

Hay Mar said...

အိမ့်ရေ.....
ဟာသရေးပြီးမရယ်ရတာကိုက ဟာသမြောက်နေပြီ။
ဆရာတစ်ယောက်ပြောဖူးတယ် "မင်းကပရိတ်သတ်ငို
အောင်ရေးပေမယ့် ပရိတ်သတ်ကမင်းရဲ့စာကိုဖတ်ပြီး
ရယ်သွားတာမျိုးလည်းဖြစ်တတ်ပါတယ် " တဲ့။ Author
အတွက်တော့ပိုပြီးငိုချင်စရာကောင်းသွားတာပေါ့။
သူတို့ဘာပဲရသွားသွား တစ်ခုခုတော့ရသွားမှာပါ။ရသမျှပေါ့
အိမ့်ရေ...။

AinChannMyay~ said...

မ တယောက်ပဲအားပေးတယ်။ ကျေးဇူးပါ မ ရေ.. အဲဒီစာဖတ်သူက ကျမရေးတာ မရယ်ရလို့ စိတ်ကိုဆိုးသွားတာ..တကယ်။ သူက ဖတ်ပြီး အားပါးတရ ရယ်ဖို့ပြင်ထားတော့ မရယ်ရတော့ ဒေါသထွက်ပြီး ပြန်သွားတာထင်ရဲ့။

BarNyar said...

်ဟားဟား..အမနဲ့ ဘာညာနဲ့က နံပါတ် ၁ ကတူတယ် သိလားမအိမ့်။ ဘာညာလည်း ဈေးဝယ်ထွက်ကတာကို စိတ်အကုန်ဆုံးပဲ....

ဂျစ်တူး - gyit_tu said...

နံပါတ် ၃ ၊ ၆ ၊ ၉ အရမ်း တူတာပဲ ။

နံပါတ် ၁၀ ကို အရမ်းခိုက်တယ် ။ မလေးမှာ အဲလို စိတ်ကူးမျိုးရှိမယ် မထင်မိဘူး (ဟီဟီ) ။ မလေး အဲလို လုပ်ဖြစ်ရင် ကျွန်မကိုလည်း ခေါ်ဦး ။ ဆေးလိပ်မသောက်တတ်ပေမယ့် တခါလောက် လုပ်ကြည့်ကြတာပေါ့ ။ ဒါပေမယ့် ရေမကူးတတ်တော့ ပင်လယ်ထဲတော့ မသွားရဲ ။ သဘောင်္မူးတတ်တယ် ဟီဟီ ။

Tesla said...

မအိမ့်
၁) အင်း အင်း (ဆင်ဆာ) :X
၂) လှလှပပ ကဗျာဆန်တယ်
၃) ကောင်းပါတယ်ဗျာ- တချို့ဆို မြန်မာနိုင်ငံက လို့ပြောရမှာ ရှက်တယ်ဆိုတာ တောင်ကြားဖူးတယ်- တခါက မလေးရှား လေဆိပ်မှာ ဈေးရောင်းနေတဲ့ လူကို မြန်မာမှန်းသိလို့ နုတ်ဆက်တာ စကားနားမလည် ချင်ယောင်ဆောင် တယ်တဲ့ ဒါနဲ့ ဟေ့ကောင် လုပ်မနေနဲ့ မင်းမြန်မာ ဆိုတာ ငါသိပါတယ်ကွာ မင်းလက်မှာ သွေးလို့ တက်တူးထိုးတာ တာလေဆိုတော့မှ အဲ့ဒီလူက သူ့အနားကပ်လာပြီး တောင်းပန်သတဲ့ အကိုရယ် ဒီမှာ လုပ်စားရတာ မြန်မာမှန်း သိသွားရင် အဆင်မပြေလို့ပါ လို့ ခပ်တိုးတိုးပြောသတဲ့- အင်း သူ့အခြေနေ နဲ့ သူတော့ ရှိမှာပေါ့လေ-
၅) အဆန်းကြီးပါလား ချမ်းလို့လားဗျ
၆) တူတယ်တူတယ်
ရ) ဗျာ? နံပါတ်ချစ် :p
၈) အားပါးတရ ရယ်ပါရစေတော့- လပ် အောက် လောက်
၉) အေးဆေးပေါ့ဗျ- အနည်းဆုံး စာလေးတွေ ရေးပြီး ပန်းလေးတွေ စိုက်နေနိုင်ပါတယ်- :D
၁၀) မအိမ့်အစား ကျနော် တာဝန်ယူပေးပါ့မယ် :)
အဆစ်က အရမ်းရယ်ရတယ် :) -

sisain said...

(၁) ကျနော့်ဒိုင်ယာရီမှာ မအိမ့်(ဈေးဝယ်ထွက်တာမကြိုက်တဲ့ မိန်းမစစ်စစ်) ပြိုင်ဖက်မရှိ၊ နံပါတ်တစ်လို့ မှတ်ထားလိုက်ပါပြီ။ ကျနော်အခုမှ ကြားဖူးလို့ပါ။ ကျနော့်ပတ်ဝန်းကျင်က မိန်းမတွေအားလုံးကြောင့် ရှော့ပင်းဆိုတဲ့အသံကြားရင် ဇက်ကြောတက်၊ ခါးနာနေရတာကြာလှပြီလေ။

(၃) ကျနော်ဆို ပတ်စပို့စ်ရှေ့ဖုံးအတွင်းပိုင်းလေးထဲကို မြန်မာပြည်မြေပုံလေးထည့်ထားတယ်။ ပတ်စပို့စ်စာအုပ်နီနီတွေ့လိုက်တိုင်း စပ်စုတဲ့လူတွေက ဘယ်နိုင်ငံကလည်းမေးပြီး ပြန်ဖြေတိုင်းလည်း မသိကြတာမို့။ ဒါပေမယ့် မအိမ့် အိုင်ဒီယာလေးက ပိုမိုက်တယ်ဗျ။

(၆) ၊ (၇) နဲ့ (၉) တူတယ်။ တော်တော့်ကို တူနေတယ်ဟ။

အဆစ်ကလေးကတော့ ရယ်ရတယ်။
ကျေးဇူးပါ မအိမ့်

AinChannMyay~ said...

ဘာညာရေ..
မောလ်ထဲ လူတွေ ရုတ်ရုတ်သဲသဲဆိုရင် ဘယ်လိုမှ မရဘူး၊ ညပွဲဈေးတန်းတို့၊ ပင်လယ်ကမ်းစပ်က ညမီးပန်းလွှတ်ပွဲတို့တော့ရတယ်။
မောလ်ထဲက ရေမွှေးနံ့ ကိုတော့ဘယ်လိုမှ မခံနိုင်ဘူး။ အလာဂျီရှိတယ်။ ဒီတက်ဂ်ဂိမ်းက တော်တော်ဆိုးတဲ့ ဂိမ်းပဲ။ ကျမ အကြောင်းတွေ လူတော်တော်သိကုန်ပြီ..ကိုတက်စ်လာ တော်တော်မကောင်းဘူးပဲ။

မဂျစ်
ဗင်ကူးဗား တစ်နေ့တော့ရောက်အောင်လာနော်။ စင်္ကာပူကဆိုရင် ခဏလေးနဲ့ရောက်တယ်။ လာရင် သဘောင်္စီးခေါ်သွားမယ်။

ကိုတက်စ်လာ
ရယ်ပါ..များများရယ်နိုင်ပါစေ၊ သူခင်းတဲ့ ဇာတ် ကျန်သူတွေ က နေရပြီကိုး။

ကိုစစ်အိမ်
ဘာညာလဲရှိသေးတယ်လေ….ကျမ ဘာဖြစ်လို့လဲမသိဘူး ရှော့ပင်ဆိုတာနဲ့ အခုတောင် ဇက်ကြောတက်တယ်။ နံပါတ် ရ တူတာ ကျမ အံ့သြလိုက်တာ။ ကျန်တာတူတာသိပ်မအံ့သြဘူး၊ အဲဒါကိုပဲ အံ့သြတယ်။

Yan said...

စတော်ဘယ်ရီပင်အောက်မှာ စောင့်နေတယ်ဆိုတာက ဒီပို့စ်လေးအကြောင်းကို ဆွေးနွေးမလို့ပဲဗျ. မလာတော့လည်း ဒီမှာပဲ ရေးခဲ့ရတော့မယ်

၁. တွက်ခြေကိုက်လိုက်တာဗျာ. မလေးရဲ့ ကိုကိုကံကောင်းပြီသာမှတ်.
၂.အဲဒါကြောင့်ခဏခဏဖျားတာပေါ့. လုပ်ရ၀ူးနော် နောက်တစ်ခါဆိုရင်
၃. ဒါမှမဟုတ် ကိုယ့်နိုင်ငံကိုယ်မေ့သွားမှာ စိုးလို့ ခဏခဏ ထုတ်ကြည့်တာလားမှ မသိတာ. သွပ်သွပ်သွပ်
၎. ကျွန်တော်အဲလို ပြောဝူးနော်. စိတ်ချ. ဟဲဟဲ
၅. သဲပေါ်မှာတောင် ဂွမ်းစောင်ခြုံအိပ်တယ်ဆိုတော့ ကျွန်တော့်ရဲ့ နံပါတ် ၁ အကျင့်နဲ့တူသွားပြီ
၆. ကျွန်တော် ထမင်းဆိုင် ဖွင့်မလို့. စကားလာပြောမှာလား
၇.ကျွန်တော်လည်း ထူးထူးဆန်းဆန်း ဂ ရက်နေ့မွေးတယ်ဗျာ.
ဂ. ထမင်းဟင်းမချက်ချင်တိုင်း အိမ်လိုက်ရှင်းနေတာနဲ့တူတယ်. ဒီတစ်ခါတော့ မလေးရဲ့ ကိုကို ကံချိုးပြီဂျာ...
၉. အေးဆေးပေါ့. လွန်းထားထားတွေ လျှော့ဖတ်ဦး. ဇာတာက ၁၂၀ လို့ပြောထားတယ်မဟုတ်လား. ကျန်တာတွေကိုတော့ ဘာမှ စိတ်မပူနဲ့ တက်စလာနဲ့ ကျွန်တော်တာဝန်ယူထားပေးမယ်. ဟဲဟဲဟဲ.
၁၀. ဘာဆေးလိပ်သောက်ချင်လဲဆိုတာလည်း မပါဘူး. လေတိုက်နေတုန်း ဆေးလိပ်သောက်ရင် မီးပေါက်တော့မှာပဲ.

မလေးက ခုလို ပွင့်ပွင့်လင်းလင်း ၀န်ခံထားတာကိုက ရယ်စရာကောင်းပါတယ်. မရယ်နိုင်ဖြစ်သွးတာက အိပ်မက်မှာမို့ပါ. အိပ်မက်ထဲဆိုတော့ ဘယ်ရယ်နိုင်ပါ့မလဲ. ကိုယ်တိုင်ဖယ်လိုက်တာတော့ မကောင်းပါဘူးဗျာ. လူတိုင်းမရယ်နိုင်ကြဘူးလေ. ရယ်မောနိုင်ခြင်းက လာဘ်တစ်ပါးပဲ မဟုတ်လား. ကျွန်တော်အရမ်းရယ်ချင်နေတယ်. ပြန်တင်ပေးနော်. နော်နော်နော်. မလေး နော်.

About Me said...

မအိမ့်ချမ်းမြေ့.. ဘာလို့ အသက်အရှည်ကြီးမနေချင်တာလည်း။ လောကကြီး ကိုစိတ်နာစရာတွေရှိခဲ့၊ ရှိနေလို့လား။ မသိလို့ပါ။

တပြည်သူ အိမ့်ချမ်းမြေ့ said...

ကိုရန် အရမ်းရယ်ချင်နေသပဆိုလဲ အဟောင်းတွေပြန်တင်ပေးပါမယ်။ ကျွန်မလဲ ကျွန်မစာစုတွေ အားလုံး တစ်စုတစ်ဝေးထဲ ကိုယ့်ဘလော့ဂ်မှာ တင်ထားမလားစဉ်းစားနေတာ..


ကိုပရိုဂရမ်မာ..
ကျွန်မ အကြာကြီးဘာလို့ မနေချင်လဲ ရေးလိုက်ရင် ၀တ္ထုနောက်တပုဒ်ဖြစ်သွားလိမ့်မယ် :D လူ့ပတ်ဝန်းကျင်၊ health systems စသဖြင့်ကို burden မပေးချင်လို့ လို့ပဲ တိုတိုပဲ ပြောပါရစေတော့။ အသက်တိုသော်လည်း quality life ကို ပိုပြီးလိုလားလို့ ဆိုရင်လဲ ဆိုနိုင်ပါတယ်။

jun said...

နံပါတ်(၁၀)က ကဏ္ဍကို ဂဏ လို့စာလုံးပေါင်း
ထားတာ မှားတယ်လို့ကျွန်တော်ထင်တယ်...
ကျွန်တော်ဆရာလုပ်တယ်လို့ထင်ရင်တော့ဆော
ရီးလို့တောင်းပန်ပါရစေ....

တပြည်သူ အိမ့်ချမ်းမြေ့ said...

ကျေးဇူးပါ..ကိုဂျွန်ရယ်..ဆရာလုပ်တယ်မထင်ပါဘူး၊ တချို့ထပ်ဆင့်စာလုံးတွေ ကျွန်မမရိုက်တတ်လို့၊ ပြောပြတာကျေးဇူး၊ ကျွန်မ copy and paste လုပ်လို့ရပြီ။ :)

LinkWithin

Related Posts Plugin for WordPress, Blogger...