မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, April 16, 2007

ပန်းစိုက်သူ

ဟုတ်ကဲ့ ကျမ ပန်းပင်လေးတွေကို ပြုစုပျိုးထောင်ရတာကို နှစ်သက်ပါတယ်..
နွေရောက်လာပြီမို့ ပူနွေးလာတဲ့ မြေပြင်မှာ ပန်းကလေးတွေကို မျိုးစေ့ချရတာ..
ပန်းပင်လေးတွေ ရှင်သန်ကြီးထွားလာတာကို အရိပ်တကြည့်ကြည့်နေရတာဟာ
အတ္တတွေကင်းငြိမ်းစေတဲ့ ဆေးကောင်းတစ်ခွက်လိုပါပဲ..

ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းက တီကောင်၊ ကျွတ်၊ ခရုပေါက်၊ လေးတွေကို မကြောက်တတ်အောင် သူတို့ရဲ့သဘာဝကို နားလည်တတ်အောင် သင်ပေးတဲ့ ဖခင်ရဲ့ကျေးဇူးကြောင့် မိန်းကလေးပေမယ့် သူတို့လေးတွေနဲ့ အဆင်အမြဲပြေခဲ့ပါတယ်။

အဆင်မပြေတာကတော့ ကျီးကန်းတစ်ကောင်ပါပဲ။ ကျမ ပန်းဥလေးတွေကို အဖြူရောင် အိုးထဲ မျိုးချပြီး ဘယ်တော့ပေါက်မလဲ စောင့်ကြည့်နေခဲ့တာကြာပါပြီ။ ကျမကလဲ မျိုးချတဲ့အိုးမို့ အနားမသွားမိဘူး၊ နောက်ဘက် ခြံစည်းရိုးနားမှာချထားတဲ့ အိုးကို မီးဖိုချောင်ပြူတင်းပေါက်က ပန်းကန်ဆေးရင်း အဝေးကလှမ်းလှမ်းကြည့်နေခဲတာကြာပါပြီ၊ ဘာအညောင့်မှ ထွက်မလာပါ။
မနက်စောစောတွေမှာတော့ ကိုရွှေကျီးကန်းတစ်ကောင်ကို အဲဒီနားမှာ ရစ်သီရစ်သီတွေ့ပါတယ်။ ဘာလုပ်နေလဲ တိတိကျကျတော့မသိဘူး။ ပန်းစားတဲ့ ကျီးဆိုတာလဲ မကြားဘူးတော့ ဘယ်ထင်ရက်ပါ့မလဲ။
နောက်ပန်းပင်ပေါက်မလာလို့ အနားသွားကြည့်တော့မှ ကိုရွှေကျီးကန်းက ကျမ ပန်းပင်ဥကို ထိုးမွှစားထားတာ တွေ့ရပါတော့တယ်။ အခုအသစ်ထပ်ချရပါတော့မယ်။

ကျမနောက်ဘက်စိုက်ခင်းမှာ ငရုတ်၊ ခရမ်းချဉ်သီး၊ ကြက်သွန်မိတ်စသဖြင့်လဲ စိုက်လေ့ရှိပါတယ်။ ဗူးသီးကတော့ သိပ်အဆင်မပြေသေးပါ၊ ကနေဒါရာသီက ဗူးသီးအတွက်အေးနေပါသေးတယ်။ ဂရင်းဟောက်စ်နဲ့တော့ ရနိုင်ပေမယ့် ကျမ မတတ်နိုင်သေးပါ။

အွန်လိုင်းသိပ်မလာနိုင်လို့ သင်္ကြန်ရေလာလောင်းတဲ့ သူငယ်ချင်းများနဲ့ စာဖတ်သူများကို အားနာလို့ ရှိစုမဲ့စု ပုံလေးတွေတင်ပေးလိုက်ပါတယ်။ ကျွန်မကို အွန်လိုင်းမှာ အတွေ့နဲရင်.. ပန်းစိုက်တဲ့လက် ကွန်ပြူတာခလုတ် မကိုင်နိုင်သေးလို့လို့နော်…




ဒါကတော့ နွေဦးရာသီရဲ့ ခရိုးကပ်စ်လေးတွေပါ



ဒါက အိမ်နောက်က ကျွန်မရဲ့ချယ်ရီဖြူပါ



ဒါကတော့ နွေဦးရာသီရဲ့ Heather လေးတွေပါ..သူကတော့ ချုံပုတ်အမျိုးအစားထဲမှာပါပါတယ်..


ဒါကတော့ ကျမရဲ့ အ၀ါရောင်ကျူးလစ်ပန်းတွေပါ..


ဒါကတော့ နေ၀င်ချိန်တိမ်တောက်ချိန်ရောက်ရင် ပန်းနုရောင်သန်းသွားတဲ့ ကျမရဲ့ ချယ်ရီဖြူပါ.

နောက်မှဆက်ပါဦးမယ်
ရွှင်လန်းချမ်းမြေ့ကြပါစေရှင်..

အိမ့်ချမ်းမြေ့

7 comments:

Yan said...

ချယ်ရီဖြူဆိုတာ ကြားပဲကြားဖူးတာ မမြင်ဖူးသေးဘူးဗျ. လှတယ်နော်. Tulip ပန်းလေးတွေကို မြင်ရတော့ Screen Saver လေးကို သွားအမှတ်ရလိုက်သေးတယ်. မလေးရဲ့ အိမ်လေးက တော်တော် ချမ်းမြေ့မှာပဲနော်. ဒါကြောင့်လည်း စာကောင်းပေကောင်းတွေ ရေးနေနိုင်တာနဲ့တူပါတယ်ဗျာ….

MyTH59 said...

မအိမ့်ချမ်းမြေ့နဲ့ ပန်းပင်လေးတွေပါ မင်္ဂလာနှစ်သစ်ဖြစ်ဖို့ ဆုတောင်းပေးပါတယ်ခင်ဗျာ။

ဂျစ်တူး - gyit_tu said...

မအိမ့်ရေ.. ခရိုးကစ်ပန်းတွေနဲ့ tulip တွေ သိပ်လှတာပဲ ။ can u send me those pics by email when u r free? thanks :)

ှုမအိမ့်အိမ်မှာ လာနေချင်တယ်း)

demo said...

hey sis, this is my 1st time visit yr blog.. really cool.. i like those tulip pic.. :) thanks for sharing..

AinChannMyay~ said...

ကျွန်မရဲ့ပန်းပင်၊ သီးပင်လေးတွေမြင်ပြီး အိမ်ကိုလာလည်ချင်ကြသူများအားလုံးကို လာရင် တကယ်ခြံထွက်သီးနှံတွေနဲ့ ချက်ကြွေးမှာပါ။ ကျွန်မတို့ အွန်လိုင်းက ဘလော့ဂါ စာရေးသူညီအစ်ကို၊ မောင်နှမတွေ တစ်နေ့နေ့တော့ ကျွန်မအိမ်လေးမှာ ဆုံဖြစ်ကြရင်ကောင်းမယ်။ စာအကြောင်း၊ ပေအကြောင်း၊ ဂီတ၊ ပန်းချီတွေအကြောင်း ပြောကြရအောင်။ ကျွန်မအသက်ခြောက်ဆယ်ပြည့်မွေးနေ့လုပ်ရင် ဖိတ်လိုက်မယ်လေ...
စောင့်နိုင်ကြတယ်မို့လား။ :D

Tesla said...

မအိမ့်.. ခရိုးကပ်စ်ဆို တဲ့ ပန်းလေးကို အရမ်းသဘောကျတယ်.. အ၀ါရောင်မကြိုက်တာတောင် ကျူးလစ်တွေကို ခိုက်တယ်.. ချယ်ရီဖြူတွေအောက်မှာ ခဏလောက် နားနေချင်တယ်.. အော်.. အင်မတန်လှတဲ့ ပန်းတွေနဲ့ နေတဲ့ မအိမ့်ကို မနာလိုဘူး.. :)

ဥက္ကာမင်း said...

ဒီလိုမျိုး အိမ်လေးမှာ နေခွင့်ရတာ သိပ်ကံကောင်းတာပဲဗျာ.
ဒီပို့စ်က မနှစ်က ပို့စ်နော်. ဒီနှစ်ရော ဘာပန်းတွေပွင့်ပြီလဲဗျ. တင်ပါဦး..

LinkWithin

Related Posts Plugin for WordPress, Blogger...