မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, April 07, 2007

လွတ်မြောက်ခြင်း

မိုးရွာပြီးစမို့ နေ၀င်ဖျိုးဖျကောင်းကင်က ကြည်လင်နေသည်။ နီယွန်မီးရောင် ၀ါကျင့်ကျင့် အောက်မှာ မိုးငွေ့တို့ဝေ့၀ဲနေသည်။ ရေစပ်စပ်မြေနီလမ်းပေါ်မှာလဲ မိုးငွေ့တွေ။ အင်္ကျီအိတ်ထဲကို လက်နှစ်ဖက်ထည့်ထားရင်း လမ်းလျှောက်နေတဲ့ နိုး ခြေလှမ်းတွေ အရင်နေ့တွေကထက် လွတ်လပ်ပေါ့ပါးနေသည်။ နှုတ်ခမ်းတွေလဲ ကွေးသည်ဆိုရုံ ပြုံးနေတာကို နိုးကိုယ်နိုး သတိထားလိုက်မိသည်။ ရင်ထဲမှာတော့ လွတ်လပ်ခြင်းရဲ့အရသာကို သိသိသာသာကြီး ခံစားနေရသည်။ ပေါ့ပါးလွတ်လိုက်နေလိုက်တာ ဝေဟင်မှာ အတောင်ဖြန့်ပျံနေတဲ့ ငှက်တစ်ကောင်ထက်တောင် လွတ်လပ်၊ ပျော်ရွှင်၊ ရင်ခုန်နေဦးမည်ထင်သည်။ မိုးရိပ်မိုးငွေ့တွေရှိနေတာတောင်မှ ကောင်းကင်က သည်နေ့မှ ပိုလို့ကြည်လင်နေသလိုလို၊ လေထဲက ဘူးသီးကြော်နံ့က ပိုလို့ မွှေးပျံ့နေသလိုလို၊ ကားဂိတ်နောက် လက်ဖက်ရည်ဆိုင်ထဲက သီချင်းသံက ပိုလို့သာယာငြိမ့်ညောင်းနေသလိုလို၊
ရှေ့တူရှုကိုတည့်တည့်ကြည့်ရင်း မိုးငွေ့တွေရောယှက်နေတဲ့ ညနေခင်းလေကို နိုး တ၀ကြီးရှုရှိုက်လိုက်သည်။

ခြံထဲလှမ်းဝင်လိုက်တော့ ခံပင်ကခံသီးနီနီလေးတွေပေါ်မှာ မိုးရေပေါက်လေးတွေ တွဲကျနေသည်။ ခပ်မြင်မြင့်အကိုင်းက အသီးလေးတွေကို ပြေးခုန်လို့ လက်နဲ့ပုတ်လိုက်မိသည်။

“ဘာဖြစ်လာတာလဲ”

ခြံထဲ ရေစပ်စပ်မြက်ခင်းပေါ်က သရက်ကင်းလေးတွေကိုကောက်နေတဲ့ ဒေါ်လေး က လှမ်းမေးလိုက်သည်။

“ပျော်လို့”

ဆံပင်တွေကိုလက်နဲ့သပ်ရင်း ခပ်မော့မော့လေးပြောပြီး နိုး အိမ်ထဲကိုလှမ်းဝင်တော့ နားမလည်သလို ဒေါ်လေးကကြည့်ရင်းကျန်ရစ်ခဲ့သည်။

အဲဒီညက မှောင်စပျိုးလာတော့ အိမ်ရှေ့မှာ အရင်ညတွေကလိုပဲ သီချင်းသည်တွေရောက်လာသည်။ သည်တစ်ခါတော့ ကန့်လန့်ကာကိုအကျယ်ကြီးဖွင့်ပြီး မတ်တပ်ရပ်လို့ နားဆင်နေလိုက်သည်။
နောက်ရက်တွေကစပြီး ဒေါက်မြင့်ဖိနပ်လှလှလေးတွေလည်း
စီးလို့ရပြီဆိုတာကို တွေးမိလိုက်ပြီး နိုး ပြုံးလိုက်မိသည်။

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫

သူနဲ့ နိုး စတွေ့တဲ့ညနေခင်းက အစ်မတွေရဲ့ စာအုပ်ဆိုင်ဘေးကမြေကွက်လပ်မှာ အရင်နေ့တွေကလိုပဲ လူစုံနေသည်။ နေ၀င်ရီတရော လမ်းမီးရောင်လက်စအချိန်မှာ သူ့စက်ဘီးလှလှလေးက စတီးရောင်ထနေသည်။ စာအုပ်ဆိုင်ထဲကအထွက် အကိုတွေနားက ဘောင်းဘီအဖြူ၊ ရှပ်အဖြူနဲ့ ညကြီးမှာ တစ်ကိုယ်လုံးဖြူနေလို့ ထင်းနေတဲ့သူ့ကို အံ့သြပြီးကြည့်လိုက်မိသည်။ အကိုတွေက ဘာစာအုပ်ငှားလာတာလဲလို့ အလိုက်မသိမေးတော့ လက်ထဲက သိုင်းဝတ္ထုကို ရှက်ရှက်နဲ့ထောင်ပြပြီး ဆက်လျှောက်လာတော့ သူကခေါင်းကိုမသိမသာ ငုံ့ထားရင်းနဖူးပေါ်ဝဲနေတဲ့ ဆံပင်တွေကြားကခိုးကြည့်နေတာကို တွေ့လိုက်သည်။

နောက်ရက်တွေကစပြီး သူ့ရဲ့စက်ဘီးက နိုး အိမ်ရှေ့မှာ အခါပေါင်းများစွာအကြောင်းမရှိ ဖြတ်သွားဖြတ်လာပြုနေခဲ့သည်။ ဖြတ်သွားတိုင်းလဲ လမ်းပေါ်က လမ်းသွားလမ်းလာတွေကို တီးသလိုလိုနဲ့ ခေါင်းလောင်းတီးတတ်တော့ ဒီစက်ဘီးခေါင်းလောင်းသံက နိုး နှင့်သာမက တစ်အိမ်လုံးနဲ့ ရင်းနှီးလာရသည်။
နောက်ရက်တွေမှာ နိုးတို့ အိမ်ရှေ့ကခြံတံခါးနားက ပန်းခြုံကြားမှာ တခါမှမမြင်ဖူးတဲ့ ပလတ်စတစ်အိတ်လှလှလေးတွေထဲက မတ်စေ့အရွယ် အသားညှပ်မုန့်လေးတွေ၊ အပြာရောင်စာအိတ်လှလှလေးတွေ ရောက်ရောက်နေတော့သည်။

“ဘာဘာညာညာတွေ စိတ်မ၀င်စားပါဘူး။ စိတ်မပူပါနဲ့”
မိဘတွေရဲ့ စိတ်ပူနေတဲ့ မျက်နှာရိပ်မျက်နှာကဲကိုကြည့်ရင်း နိုးပြောလိုက်သည်။
နိုး တကယ်လဲစိတ်မ၀င်စားခဲ့ပါ။ နိုး စိတ်ဝင်စားတာ ကဗျာရယ်၊ စာရယ်၊ ကျောင်းစာရယ်၊ သီချင်းလေးတွေရယ်။

“နင့်ကိုချိုးဖို့လို့ ငါတို့ကြားတယ်”
“၀တ္ထုတွေထဲကဟာတွေ နင်တို့လာပြောနေကြတယ်” ပြောရင်း နိုး ရယ်မောလိုက်သည်။
“ဟုတ်တယ်နိုး၊ နင့်ကို ဘယ်သူမှလိုက်လို့မရလို့ သူရအောင်လိုက်မယ်တဲ့”
“ဘယ်ကသာ ဘယ်သူကမှလိုက်လို့ မရမှာလဲ၊ ငါ့လို အလှအပ မမက်မောတဲ့သူကို လိုက်မယ့်သူကို မရှိတာဟေ့”

နိုး ခွက်ထိုးခွက်လန်ရယ်မောနေသည်ကို သူငယ်ချင်းများက ခပ်တည်တည်ကြည့်နေကြသည်။

“နိုး ….နင့်လိုက်မယ့်သူမရှိလို့သာ တော်တော့တာပေါ့ဟာ..”
ချိုကသက်ပြင်းချရင်းပြောသည်။

“နောက်ပြီး နင်က စာကလွဲပြီးလောကကြီးအကြောင်း ဘာမှလဲသိပ်သိတာမဟုတ်ဘူး”
သင်း က၀င်ထောက်လိုက်သည်။

“ငါ ရည်းစားတစ်ယောက်ထားရလောက်အောင် ဘယ်ယောင်္ကျားကိုမှ စိတ်မ၀င်စားသေးလို့ပါဟာ”
နိုး လေးလေးနက်နက်လေးပြောလိုက်သည်။

သည်လိုနှင့် နိုး ဘယ်သွားသွား သူသည် နိုး၏ အရိပ်တစ်ခုဖြစ်ခဲ့သည်။
ကြာလာတော့လဲ သူ၏ လှပသောစာရွက်ပြာများထဲက စကားလုံးလှလှလေးတွေ၊
တယ်လီဖုန်းပေါ်က စွဲမက်ဖွယ် စကားသံတွေကို နိုးသာယာသလိုလိုဖြစ်လာခဲ့သည်။

တစ်နေ့ ။။။
တောင်ကုန်းလေးပေါ်က စက်ချုပ်ဆိုင်မှာ အပ်ထည်တွေထားပြီး ခြံဝိုင်းလေးထဲက
နိုး စက်ဘီးလေးကို တွန်းပြီးအထွက်၊ အနားကိုသူရုတ်တရက် ရောက်လာခဲ့သည်။
ထုံးစံအတိုင်း စကားတွေတတွတ်တွတ်ပြောရင်း၊ စက်ဘီးလက်ကိုင်ပေါ်က နိုးလက်ကို
သူ့လက်နှင့်အုပ်ကိုင်လိုက်သည်၊ တစ်ခါမှ လက်ကိုင်မခံရဖူးတဲ့ နိုး တစ်ကိုယ်လုံး ထူပူကာ၊ တုန်ယင်ပြီး ရှက်စိတ်မွှန်ထူနေခဲ့သည်။

“ဒ်ီပတ်ဝန်းကျင်မှာ နိုး ကို သိတဲ့သူတွေချည်းပဲ..ဒီလိုမလုပ်ပါနဲ့”
“မချစ်ဖူးဆိုရင်လွှတ်မပေးဘူး၊ ချစ်တယ်ဆိုမှလွှတ်ပေးမယ်”

အမှန်ဆိုရင် နိုး သူ့ကိုတွန်းလိုက်ပြီး ထွက်ပြေးခဲ့ဖို့ကောင်းသည်။ သူမြေပေါ်မှာ
ထိုင်ရက်လဲကျသွားလို့ပဲဖြစ်ဖြစ်၊ နိုး အသံကျယ်ကျယ်နဲ့အော်လိုက်လို့ ပတ်ဝန်းကျင်က
နိုးကိုမြင်သွားရင်ပဲဖြစ်ဖြစ်…ဒါတွေဟာအရှက်ကွဲသွားခြင်းမဟုတ်ဆိုတာကို
ငယ်ရွယ်တဲ့၊ အတွေ့အကြုံမရှိတဲ့ နိုး... မသိခဲ့။
နိုး ရှက်စိတ်နှင့်တုန်ရင်စွာ ခေါင်းငြိမ့်ခဲ့သည်ထင်သည်။

သည်လိုနှင့် မနုးမနပ်မိန်းကလေးတစ်ယောက် အချစ်ဆိုတာကို မသိတသိနှင့် သူ့ထက်
အသက် ၅ နှစ်လောက်ကြီးသည့် ဘူမိဗေဒအဓိက နောက်ဆုံးနစ် ကျောင်းသားတစ်ဦးနှင့် ရည်းစားဖြစ်ခဲ့ကြသည်။

ဒါပေမယ့် နိုးတခါမှ မပျော်နိုင်ခဲ့။ တစ်စုံတစ်ရာကို အမြဲတမ်း စိုးရိမ်နေခဲ့သည်။
သူနှင့် နိုး စားသောက်ဆိုင်မှာ တွဲထိုင်တိုင်း ပတ်ဝန်းကျင်စားပွဲက လူတွေ နိုး ကိုများသိသလားဟု အမြဲစိုးရိမ်နေသည်။ နိုး ကျုရှင်ကအပြန်လမ်းတွေမှာ လာကြိုတဲ့ သူနဲ့ တွဲလျှောက်နေတိုင်းလဲ ဘာကြောင့်မှန်းမသိ၊ ခေါင်းမဖော်နိုင်လောက်အောင်၊
ပတ်ဝန်းကျင်ကို ရင်မဆိုင်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။

“တောက်”
မီးခိုးနံ့ သင်းပျံ့တဲ့ မြို့ထဲက လမ်းမတစ်ခုပေါ်မှာ တွဲလျှောက်လာတဲ့နေ့ တစ်နေ့။
သူ့ရဲ့ ပြင်းထန်တဲ့ တောက်ခေါက်သံကြောင့် နိုး တကိုယ်လုံး တုန်ယင်သွားသည်။

“ဘာဖြစ်လို့လဲ”

နိုး ဘ၀မှာ ဘယ်သူ့ကိုမှ နိုး တောက်မခေါက်ခဲ့သလို၊ နိုးကိုလဲ ဘယ်သူကမှ တောက်မခေါက်ခဲ့။

“ဘာဖြစ်ရမှာလဲ၊ ကလေးကို ဒီဒေါက်မြင့်ဖိနပ်တွေ မ၀တ်ပါနဲ့လို့ ဘယ်နှစ်ခါပြောရမလဲ”

အို..ဟုတ်ပါရဲ့၊ ဒေါက်ဝတ်ထားမိတော့ သူနဲ့နိုးက အရပ်အတူတူဖြစ်နေတာကိုး။
အဲဒီနေ့ကစပြီး နိုးနှစ်သက်တဲ့ ဒေါက်မြင့်ဖိနပ်လေးတွေကို ဖိနပ်ဗီဒိုထဲမှာ သော့ခတ်ထားလိုက်သည်။

တက္ကသိုလ်ကျောင်းမှာ ရွယ်တူမိန်းကလေးတွေကို အီစီကလီလုပ်လိုက်၊ ကျူလိုက်၊
စလိုက်နောက်လိုက် သူလုပ်နေတယ်လို့ နိုးကြားတဲ့နေ့က သူ့ကိုမေးကြည့်မိသည်။

“တက္ကသိုလ်ကျောင်းဆိုတာ ဒီလိုပဲကလေးရဲ့.. တစ်ယောက်နဲ့တစ်ယောက်စနောက်ကြတယ်”
“သြော်…”
တက္ကသိုလ်ကျောင်းကို မရောက်ဖူးသေးတဲ့ နိုး ပေါက်ဆီကို အခွံနွှာပေးနေတဲ့သူ့ကို ငေးကြည့်နေမိသည်။

“တောက်….အတူတူတွဲသွားတိုင်း လက်တောင်ကိုင်ခွင့်မရှိတဲ့ ငါ့အဖြစ်ကတော့ကွာ”
“ဒီအင်္ကျီမျိုးမ၀တ်နဲ့လို့ ဘယ်နှစ်ခါပြောရမလဲကွ”
“ဆံပင်တွေ ဘာလို့ညှပ်လိုက်တာလဲ… အရှည်ထားပါလို့ မင်းကိုပြောနေတာ”
“သနပ်ခါးကို အဲလိုမညီမညာမလိမ်းနဲ့လေ”
“ပေါင်ဒါတွေ လည်ပင်းမှာ မြင်နေရတယ်”
“ညည ဟိုကောင်တွေ အိမ်ရှေ့မှာ သီချင်းလာဆိုရင် ကန့်လန့်ကာပိတ်ထား... ကြားလား ထွက်မကြည့်နဲ့”

“ဘယ်မိန်းကလေးကထွက်ကြည့်မှာလဲ…ရှင်တို့အဆောင်သူတွေလိုထင်လို့လား”
တစ်ခွန်းတော့ပြန်ပြောလိုက်ရင်း အကြင်နာမပါတဲ့ စကားတွေကြားမှာ နိုး စိတ်ညစ်ညူးပင်ပန်းနေခဲ့သည်။

“ဆယ်တန်းတောင်မအောင်သေးဘူး.. ကိုယ်ပိုင်ဆလွန်းကားနဲ့..ကိုယ့်ကိုမေ့မသွားနဲ့ဦးနော်”
ခပ်ရွတ်ရွတ် မဲ့ပြီးပြောတဲ့ သူ့ကို နိုးအံ့သြစွာ မော့ကြည့်လိုက်မိသည်။

“ဆလွန်းစီးတာနဲ့ လူတစ်ယောက်ကိုမေ့တာနဲ့ ဘာမှမဆိုင်ဘူးထင်တယ်၊
တစ်ကယ်ဆိုရင်စီးရမှာ ရှက်တောင်ရှက်သေးတယ်။ ကိုယ့်ကိုယ်ပိုင်ငွေနဲ့လဲမဟုတ်ပါဘူး၊
နောက်ပြီး ကိုယ်ကတော့ ဆလွန်းနဲ့.. ပတ်ဝန်းကျင်ကလူတွေကတော့ ငါးပိသိပ်ငါးချဉ်သိပ်နဲ့..
မီးပွိုင့်တွေမှာဆို ကိုယ့်ကားရှေ့မှာ လိုင်းကားဆိုရင် မျက်နှာတောင်ပူသေးတယ်”

နိုး ကို နားမလည်သလိုသူကြည့်နေခဲ့သလို နိုး ကလဲသူ့ကို အံ့သြပြီးရင်း အံ့သြနေခဲ့မိတော့သည်။

“တွေ့လားဟိုမှာ လမ်းလျှောက်နေတဲ့ကောင်မလေး ဖိနပ်ပါးပါးလေးနဲ့လှတယ်..
ဒီဇိုင်းကိုလဲတွေ့လား အဲဒါကိုsexy လို့ခေါ်တယ်”
“ဟင်… sexy ဆိုတာဘာလဲ”
“ကလေး… မင်းဒါတောင်မသိဘူးလားကွာ”

နိုးကိုကြည့်ပြီး သူသက်ပြင်းကိုမှုတ်ထုတ်ရင်း ခေါင်းခါလိုက်သည်။
စိတ်ပျက်စွာကြည့်နေတဲ့ သူ့မျက်ဝန်းတွေကြားမှာ နိုး ကျုံ့ 
ဝင်သေးငယ်သွားသလို ခံစားလိုက်ရသည်။

သည်လိုနှင့် အဆင်မပြေတဲ့ရက်တွေရဲ့အဆုံးနားမှာ နိုး ဆီသူအလာကြဲလာခဲ့သည်။
နိုးကို တဖြည်းဖြည်းနှင့် သူလမ်းခွဲထွက်ခွာနေသည် ကို နိုး မသိခဲ့။
တစ်နေ့တော့ ထီးတစ်လက်အောက်မှာ သူ နှင့်လုံးကြီးပေါက်လှ အမျိုးသမီးတစ်ဦးကို
စံရိပ်ငြိမ်ကားဂိတ်ရှေ့ မှာ နိုး တွေ့လိုက်ရသည်။

လေပြင်းပြင်းအောက်က လွန့်လူးသွားတဲ့ ထီးနီနီလေးကို နှစ်ယောက်သားကိုင်ထားရင်း
ရယ်မောလိုက်သည့် သူတို့အသံတွေက ခပ်လှမ်းလှမ်းမှာ ရပ်နေသည့် နိုး နားသို့ ကဆုန်ပေါက်ပြေးလာသည်။

သူတို့နားအထိသွားလို့ မတ်တပ်ရပ်နေသည့်အချိန်အထိ နိုးကိုမမြင်ကြ။
ထီးအောက်မှာ နဖူးချင်းထိလုနီးပါး စကားပြောရင်း ကြည်နူးနေကြသည့် သူတို့ကို မိုးရွာထဲမှာ
သည်အတိုင်းရပ်ကြည့်ရင်း နိုးနှုတ်ခမ်းတွေ ပြုံးလာသည်။
နိုးကိုမြင်သွားသော အလွန်အမင်း အနေရခက်သွားသော သူ့မျက်ဝန်းတွေကို စူးစူးစိုက်စိုက်ကြည့်လိုက်ရင်း အသန့်ရှင်းဆုံးပြုံုးုပြလိုက်သည်။

ထိုနေ့က မိုးရေတွေထဲမှာ တအိအိနဲ့ ဆိုက်ရောက်လာတဲ့ ဘစ်ကားအိုကြီးတစ်စီးပေါ်သို့
ခပ်သွက်သွက်တက်သွားတဲ့ လုံးကြီးပေါက်လှနောက်သို့ ကန့်လန့်ကန့်လန့်နှင့် ပါသွားသော
သူ့ကျောပြင်ကို ကြည့်ရင်း ကားဂိတ်လေးမှာနိုး နှင့် နိုးရင်ထဲက ပဲ့တင်ထပ်နေသော စကားတစ်ခွန်းကျန်ရစ်ခဲ့သည်။

“ငါ လွတ်လပ်ပြီ”

မိုးငွေ့လေးတွေ နိုးဆံပင်မှာ ကပ်တွယ်နေသည်။
ထိုနေ့က နိုးခြေလှမ်းတွေ မြေကြီးနှင့် မထိသလို ပေါ့ပါးနေခဲ့သည်။
ဆည်းဆာကောင်းကင်က ပိုလှပနေခဲ့သည်။
ရင်ထဲမှာတော့ အတိုင်းမသိလွတ်လပ်ခြင်းအရသာ…

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫

ရာသီတွေအလီလီပြောင်းခဲ့ပြီ။
စိန်ရောင်ရွှေရောင်တွေ တောက်လက်နေတဲ့ ပကာသနပွဲတစ်ခုမှာ သူနှင့်ပြန်တွေ့ရသည်။
သူ၏ဇနီးဆိုသူသည် စံရိပ်ငြိမ်ကားဂိတ်မှာ နိုးတွေ့ခဲ့သော လုံးကြီးပေါက်လှတော့မဟုတ်။
အလွန်အမင်း အလေးချိန်တက်လာသော သူ့ကိုထုံးစံအတိုင်း နိုး အံ့သြစွာကြည့်နေမိပြန်သည်။

ထိုညက ဦးဝိဇာရလမ်းပေါ်က တမာပင်တွေ မီးရောင်အောက်မှာအရောင်ပိုလက်နေကြသည်။
ကားပြူတင်းပေါက်က ဖြတ်တိုက်လာသော ညလေကိုခေါင်းလေးအသာ ငဲ့ရှုလိုက်ရင်း
နိုး ခပ်တိုးတိုးရေရွတ်လိုက်မိပါတော့သည်။

“နိုး နင်ကံကောင်းတယ်”

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫

2 comments:

Natthi said...

“ငါ လွတ်လပ်ပြီ” တဲ့ဗျာ။ တစ်မျိုးတော့ တစ်မျိုးပဲ။ ဒါပေမယ့်…နိုးရင်ထဲက ပဲ့တင်သံကို ပီပီပြင်ပြင် ကြားရတယ်ဗျို့။

Yan said...

ကောင်းလိုက်တဲ့ စကားပြေ အရေးအသားလေးဗျာ.
ပြီးသွားမှန်းတောင် မသိလိုက်ရဘူး.
မလေး တကယ်ကို တော်ပါတယ်ဗျာ. ပို့စ် အတင်ကျဲပေမယ့် တင်လိုက်တဲ့ ပို့စ်လေးတွေက အရည်အသွေးပြည့်မီပါတယ်.
Two Thumbs Up!

:D

LinkWithin

Related Posts Plugin for WordPress, Blogger...