မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, March 26, 2007

အသဲငယ်တတ်သူများ မဖတ်ကြပါနဲ့



ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း ဘယ်လောက်နီးစပ်မှုရှိလဲဆိုတဲ့ တရားရစေတဲ့ ဒီပုံလေးကိုနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ ရင်ထဲက ခံစားချက်တချို့ …

ကျမသေဆုံးသွားခဲ့ရင်…ပန်းဖြူလေးတွေ တပွင့်နှစ်ပွင့်လောက်ပဲ ကြဲချပေးလိုက်ကြပါ..
မဖြူစင်တဲ့ဘ၀..နောက်ဆုံးအချိန်မှာတော့ ပန်းဖြူလေးတွေရဲ့ ထိတွေ့မှုကို ခံစားပါရစေ..
ကျမက မှုန်ရီေ၀၀ါးနဲ့ တိတ်တဆိတ်ထွက်ခွာဖို့ ခရီးဆက်နေသူ သူလိုကိုယ်လို ခရီးသွားတစ်ဦးပါ..

လောကကြီးက ကျမထွက်ခွာသွားလိုက်တာလဲ ဘယ်သူမှ သိဖို့မလိုဘူး..
ဒါပေမယ့် ရုတ်တရက် နှုတ်မဆက်ပဲ အိမ့်ချမ်းမြေ့ထွက်ခွာသွားတယ်လို့ မထင်စေချင်လို့။
ကျမ ကြိုးစားထားခဲ့သမျှတွေအားလုံးကိုလဲ အထုပ်လိုက်ပုံချထားခဲ့ရမှာ။
ဟေမာနေ၀င်းသီချင်းတပုဒ်ထဲကလို ကြိုတင်နှုတ်ဆက်ထားလိုက်တာပါ..
ကျွန်မကို ချစ်သူ၊ ကျွန်မကိုမုန်းသူ၊ ကျွန်မအပေါ်မှာ ဘာခံစားချက်မှမရှိသူတွေ…
အားလုံး…အားလုံးကိုပေါ့။

တခါတရံ အိမ်မက်တခုထဲမှာ ဂယောင်ချောက်ခြား လမ်းလျှောက်နေရသလိုပဲ..
ခံစားချက်တွေကတော့ အစွန်းစွန်ဆုံး ထုံနေပြီ..

ကျွန်မကို ချစ်သူကပြောဖူးတယ်. စင်းကျနေတဲ့ နှာတံတွေနဲ့၊ လှပတဲ့ လည်တံရှိသူတဲ့။
ဒါတွေဟာ တကယ်တော့ တနေ့မှာ ပုတ်သိုးဆွေးမြေ့သွားမယ့် အရာတွေပဲလေ။
အားလုံးမရှောင်လွှဲနိုင်တဲ့လမ်းမို့ အဆုံးသတ်လမ်းကတော့ တရားမျှတမှုရှိပါတယ်။
သေခြင်းနဲ့ ရှင်ခြင်းဆိုတာ တကယ်တော့ နီးနီးလေးပါ..
ကျွန်မချစ်တဲ့သူတွေ .. အိပ်ရာထဲမှာ အိပ်ပျော်နေရင်း ဒီလောက ကငြိမ်းငြိမ်းချမ်းချမ်းထွက်ခွာသွားကြတာကို အားကျမိတယ်..
ခံစားရမှာ ကြောက်ပေမယ့် သေဆုံးရမှာကိုတော့ မကြောက်တဲ့သူထဲမှာ ကျွန်မထိပ်ဆုံးကပါတယ်..

ကျွန်မထွက်ခွာသွားချိန်မှာ ကျွန်မသိပ်ပျော်နေပြီဆိုတာလေး တခုတော့ အမှတ်ယပေးကြပါ..
ဘာဖြစ်လို့လဲဆိုတော့….
ဟိုတဖက်ကမ်းမှာ ကျွန်မသိပ်ချစ်သူတစ်ယောက် စောင့်နေတယ်လေ..

(မြန်မာသီချင်းများဆိုဒ်က ပေါ်ပြူလာ ပိုစ့်တွေထဲ ဒီစာလေးပါသွားတယ်..
တခါတရံမှာ ရင်ထဲက ပွင့်အန်လာတဲ့ အကြောင်းလေးတွေက တိုက်ဆိုင်မှုရှိသွားရင်.. စာဖတ်သူများရဲ့ ရင်ကိုလဲ ထိခိုက်သွားတတ်တဲ့ သဘောပါ..)


♥အိမ့်ချမ်းမြေ့♥

6 comments:

Tesla said...

မအိမ့် High Art ဖြစ်သွားပြီထင်တယ် လိုက်မမှီတော့ဘူး- :)

ဂျစ်တူး - gyit_tu said...

မအိမ့်.. ဒီပို့စ်က နည်းနည်း မှောင်မိုက်တယ် ခေါ်ရမလားပဲ ။ သေခြင်းအကြောင်း ရေးထားလို့ ။ ကျွန်မကတော့ မသေခင် ကမ္ဘာကြီးအတွက် ကိုယ့်မြန်မာပြည်ကလူတွေတွက် အကျိုးရှိတာ တခုလေးတော့ လုပ်သွားရမယ်လို့ သံဓိထန် ချထားတယ် ။ နောက်ပြီး အားလုံး မရှောင်လွှဲနိုင်တဲ့လမ်းကို လျှောက်တဲ့အခါ အကြာကြီး ဆင်းရဲကြီးစွာ လျှောက်နေရတာထက် ဖြုတ်ခနဲ ပန်းတိုင်ရောက်သွားတာမျိုးပဲ လိုချင်တယ် ။

Yan said...

၁၀ တန်းတုန်းက သင်ခဲ့ရတဲ့ English Poem လေးတစ်ပုဒ်ကို သွားသတိရတယ်။ စာသားတွေကိုတော့ မမှတ်မိတော့ဘူးဗျ။ မအိမ့်ချမ်းမြေ့က စကားပြေ အရေးအသားကောင်းတယ်နော်…
နောက်ဆုံးစာသားလေးကို ကြိုက်တယ်ဗျ။

Anonymous said...

နဲနဲ တောင်ကျောချမ်းသွားတယ် .... အိမ်ချမ်းမြေ့များ တစ်ခုခု ထလုပ်လိုက်သလို့ပဲ ခံစားလိုက်ရတယ် ...

AinChannMyay~ said...

ရင်ထဲက ခံစားချက်အချို့ အပြင်ကို အနည်းငယ်ဖိတ်စဉ်သွားတာပါ..
အားပေးကြတာကျေးဇူးပါရှင်..

BarNyar said...

ကောင်းတယ်အမ..ဖတ်လို့ကောင်းတယ်။ ပြီးတော့ကျနော်ကြိုက်တဲ့ ကဗျာတစ်ပိုဒ် ကိုလည်း share လိုက်ချင်လို့ပါ..

“When I am dead, I hope to be
Remembered—this is true—
Not for my wit or vanities
But what I did for you.”

LinkWithin

Related Posts Plugin for WordPress, Blogger...