မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, January 07, 2007

သတင်းစာဆရာ

ညလေလေးကတဖြူးဖြူးတိုက်ခတ်နေသည်။ လရောင်ကလေသာဆောင်တလျှောက်ကအညိုရောင်ပွတ်လုံးတွေကိုဖြတ်လို့ပြောင်လက်တဲ့ လေသာဆောင်ကြမ်းပြင်ပေါ်မှာတိတ်ဆိတ်စွာလှဲလျောင်းလာသည်။ ခပ်လှမ်းလှမ်းဆင်ဖြူရှင်မဂူနား စေတီဆီမှ ဆည်းလည်းသံကလဲ ညလေအဝှေ့မှာ သာယာနာပျော်ဖွယ်။ ခပ်ဝေးဝေးမှာ လမ်းလေးတစ်ခုအဆုံးက တိုက်ပုလေးတစ်လုံး လရောင်အောက်မှာ အိပ်မောကျနေတာကို အပေါ်စီးကလှမ်းမြင်နေရသည်။ လေသာဆောင်ချင်းဆက်ပြီး အခန်းချင်းကပ်နေတဲ့ ဟိုဘက်ခန်းက ဖေဖေနဲ့မေမေရဲ့ တီးတိုးစကားသံတွေ ညလေနဲ့လွင့်မျောလာသည်။ ဖေဖေက မေမေ့ကို ကျွန်မတို့စိတ်ဝင်စားတဲ့အကြောင်းတစ်ခုကို ပြောနေတာကို တစွန်းတစကြားနေရသည်။

ဂစ်တာကြိုးကိုခပ်ဖွဖွလေးတို့ခတ်ရင်း လကိုမော့ကြည့်လိုက်မိသည်။
တံခါးဘောင်ကိုမှီရင်း ဒူးကိုလက်နဲ့ပိုက်ဖက်ထားရင်း တံခါးဝမှာငုတ်တုပ်ထိုင်နေတဲ့
ငယ်ငယ်ကလဲလကိုမော့ကြည့်ရင်းခပ်တိုးတိုးပြောလိုက်သည်။
“လှလိုက်တဲ့ညနော်”
“အိပ်ကြတော့လေ၊ စိတ်ကူးယဉ်မနေကြနဲ့”
အခန်းထဲက ကုတင်ပေါ်မှာ မီးအမှောင်ချပြီး အိပ်ဖို့ပြင်နေတဲ့ မမကြီးက လှမ်းဟန့်လိုက်သည်။
“ဟိုအကြောင်းပြောပြရင် လာအိပ်မယ်” ငယ်ငယ်ကဂျစ်လိုက်သည်။
“ဖေဖေနဲ့ မေမေက အဲဒီအကြောင်းတွေပြောတာမကြိုက်ဘူးလေ” ကျွန်မ၀င်ဟန့်လိုက်သည်။
“ဟင်သူတို့ကျတော့ပြောနေကြတာ တစွန်းတစကြားနေရတယ်။ မလေးနားမထောင်ချင်ရင်နေ.. တယောက်တဲ လေသာဆောင်မှာနေခဲ့တော့ ငယ်နားထောင်မယ်.. မမကြီးပြောပြ” ပြောပြောဆိုဆိုနှင့် ငယ်ငယ် ငေါက်ကနဲထထွက်ပြီးအခန်းထဲဝင်သွားသည်။
“ဟဲ့ ဒါဆိုရင်တော့ နားထောင်မယ်.. ဒီလေသာဆောင်မှာတော့ တယောက်ထဲမနေခဲ့ချင်ဘူး”



နံနက်ခင်း၏ လတ်ဆတ်တဲ့လေကို ရှုရှိုက်ရင်း လမ်းကျဉ်းလေးအတိုင်း တောင်ကုန်းထိပ်ပေါ်က တိုက်ပုလေးဆီသို့ သတင်းစာဆရာလေးက ခပ်သွက်သွက်လျှောက်လာနေသည်။ ဒီအိမ်ကို သတင်းစာဝေပြီးလျှင် သူ့အတွက်နားရုံသာကျန်တော့သည်။ ခြံစည်းရိုးတစ်လျှောက်က ပန်းနီနီလေးတွေ နံနက်ခင်းမြှုတွေကြားမှာေ၀၀ါးနေသည်။ ခြံဝင်းထဲရောက်ရင် ထုံးစံအတိုင်း တိုက်ပုလေးက တိတ်ဆိတ်နေမည်။ ဆင်ဝင်နားရောက်ရင်လဲ ထုံးစံအတိုင်း သူမ တံခါးဝမှာပေါ်လာမည်။

အသက်အစိတ်ဝန်းကျင်ခန့် အရာရှိကတော်မလေးက ပြုံးပြုံးလေးနဲ့ သူ့လှမ်းပေးတဲ့ သတင်းစာကိုလှမ်းယူလိုက်ပြီး ခေါင်းငြိမ့်ပြမည်။ အသက်အရွယ်နဲ့မလိုက်အောင်တည်ငြိမ်တဲ့ အနေအထိုင်၊ အပြုအမှုတွေနဲ့ ကျက်သရေရှိလှပလွန်းတဲ့ သူမကို သူတချက်ခိုးကြည့်မည်။ ပြီးလျှင်ကျောခိုင်းလှဲ့ထွက်မည်။ ဒါပါပဲ။ ဆံပင်ကို တစ်ပတ်လျှိုတွဲချထားတဲ့ သူမဆံထဲမှာ အဖြူရောင်ပန်းသေးသေးလေးတပွင့်ရှိနေတတ်သည်။ အမြဲတမ်းသေသပ်လှပနေတဲ့သူမထံက မွှေးပျံ့ချိုအီတဲ့ ရနံ့သင်းသင်းကို သူခိုးရှိုက်မိမည်။

ဒီလိုနဲ့ နေ့မှရက်၊ ရက်မှလ၊ တစ်လပြီးတစ်လကြာလာခဲ့သည်။ အရာရှိကတော်မလေးက သတင်းစာသာထွက်ယူသည်၊ သတင်းစာဖိုးကိုမပေးတာလနှင့်ချီခဲ့ပြီ။ သူ့ဆရာသမားနဲ့များ တခုခုစီစဉ်ထားသလားဟု သူလဲဘာမှ မမေးမိ။ တစ်နေ့တော့ သူ့ဆရာသမားက သူ့ကို သတင်းစားဖိုး အဲဒီအိမ်ကတောင်းခဲ့ခိုင်းသည်။

ထုံးစံအတိုင်း သူမ ဒီနေ့က သတင်းစာကို ပြုံးပြုံးလေးထွက်ယူသည်။
“အစ်မလေး.. သတင်းစာဖိုးလေးရှင်းပေးပါဦး”
သူမ သူ့ကိုပြုံးကြည့်ပြီး အိမ်ထဲဝင်သွားသည်။ ပြန်ထွက်လာမလား သူအကြာကြီးစောင့်နေသည်။ ဘယ်သူမှထွက်မလာကြ။ နောက်ဆုံးသူ အားနာနာနှင့် လှမ်းခေါ်ရတော့သည်။
“ဆရာ ဆရာ..” တအိမ်လုံးတိတ်ဆိတ်နေသည်။
“ဆရာကတော်” ဘယ်သူမှမထူးကြ။
နောက်ဆုံးတော့ စိတ်မရှည်စွာ လူခေါ်ခေါင်းလောင်းကို ခပ်နာနာနှိပ်ချလိုက်သည်။

တံခါးဝမှာ အရာရှိရဲ့ တပည့်ဖြစ်သူပေါ်လာသည်။
“ဘာကိစ္စလဲခင်ဗျ”
“သတင်းစာဖိုးပါ.. ဆရာကတော်အိမ်ထဲဝင်ယူတာ ပြန်ထွက်မလာသေးလို့စောင့်နေတာ”
“ခင်ဗျားမနောက်ပါနဲ့၊ ခင်ဗျား သတင်းစာပို့သူမှန်းသိပေမယ့် ဒီအိမ်ကိုမှ မပို့တာ”
“ဟာဗျာ.. ခင်ဗျားသာနောက်နေတာ၊ ကျွန်တော်လနဲ့ချီနေပြီ ပို့နေတာ၊ သတင်းစာဖိုးဒီလမှ မရရင်တော့ မဖြစ်လို့ပါ”
“ဟာ..ဒုက္ခပါပဲဗျာ၊ ခင်ဗျားဘာတွေလာပြောနေတာလဲ”
“ဟေ့ဟေ့..ဘာတွေဖြစ်နေကြတာလဲ”
အိမ်ရှေ့မှာ မနက်စောစောစီးစီးလူသံတွေကြောင့် အရာရှိက အိမ်ထဲကထွက်လာသည်။

“ဆရာ.. ဒီမှာ သတင်းစာဆရာက ကျွန်တော်တို့လဲ သတင်းစာမယူပဲ အဖိုးတောင်းနေလို့”
“မင်းကွာ..အိမ်မှားပြီထင်တယ်.. ငါရုံးမှာပဲဖတ်တာ”
“ဆရာရယ်..မနက်တိုင်းကျွန်တော်လာပို့တာ.. ဆရာကတော်ထွက်ယူနေကြပဲ”
“ဘာကွ..ဟေ့ကောင်..မင်းဘာတွေလာပြောနေတာလဲ..ဒီအိမ်မှာ ငါနဲ့ သူနှစ်ယောက်ထဲနေတာကွ”
“မင်းကွာ..ငါ့ဆရာကလူပျိုကွ.. ဒီအိမ်မှာ ငါတို့နှစ်ယောက်ပဲနေတာ”
“ဗျာ..”
“ဒါ..ဒါဆို. ”
“ဆရာ..ဆရာ..ဒါဆို..ဟိုလေ..အိမ်ရှေ့ကစားပွဲထဲဘာထဲကြည့်ကြည့်ပါဦးဆရာရယ်”
“ဟာ”
“ဟင်”

ဒါနဲ့သူတို့သုံးယောက်လုံး အိမ်ရှေ့က စားပွဲကိုဖွင့်ကြည့်တော့ စီစီရီရီလေးထပ်ထားတဲ့
သတင်းစာလေးတွေကို တွေ့ရကြပါတော့တယ်။
အဲဒီသတင်းစာလေးတွေနားမှာ အဖြူရောင်ပန်းသေးသေးလေးတစ်ပွင့်ငြိမ်သက်စွာလှဲလျှောင်းနေတာကိုလဲ
သတင်းစာဆရာလေးက တွေ့ဖြစ်အောင်တွေ့လိုက်ပါတော့တယ်။

အိမ့်ချမ်းမြေ့

6 comments:

Tesla said...

ကောင်းလိုက်တာဗျာ

Pan Pwint Lay said...

ဖတ်ရတာ တိုပေမယ့် ကောင်းတယ် မ
ဒါနဲ့ အဲဒါ သရဲခြောက်တာလား
ဥစ်စာစောင့်လားဟင် ...။

AinChannMyay~ said...

I think she's just a lost soul who didn't mean harm to anyone.

ဒီဝိုင်း said...

အောင်မငှီး...!!!

burmafreedom said...

စိတ်ကို ဝုန်းကနဲ့ လွတ်ကရော
(စသောက်ပြီ ဗျို့ ....ရတော့ဘူး ဒီနေ့ ရင်ဘတ်နဲ့ ဖမ်းထားတာတွေ တော်တော်များသွားပြီ)

ရွှန်းမီ said...

yeah.. just a lost soul.
I agree with it!

LinkWithin

Related Posts Plugin for WordPress, Blogger...