မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, January 16, 2007

လွမ်းအိပ်မက်

စိမ်းစိုတဲ့ ကုန်းမြင့်လွင်ပြင် ဟိုးအောက်ခြေမှာ အဖြူရောင်ဘုရားကျောင်းလေးတစ်ကျောင်း။
ထိုဘုရားကျောင်းဆီက ခေါင်းလောင်းသံသဲ့သဲ့ လွင့်ပျံ့ လာသည်။
ဘုရားကျောင်းလေး ပတ်ပတ်လည်မှာ စိန်ပန်းပင်၊ ခရေပင်တို့စီတန်းပေါက်နေကြသည်။
တောင်ကုန်းစိမ်းရဲ့ထိပ် ကုန်းမိုမြင့်မြင့်ပေါ်မှာ လူတယောက်ထိုင်နေသည်။
အဖြူရောင်ရှပ်အင်္ကျီ၊ အညိုကွက်ပုဆိုးနဲ့ ထိုသူသည် တောင်ကုန်းအောက်ရှိ ဘုရားကျောင်းလေးရှိရာကို ငေးကြည့်နေသည်။
သူ့ဆံပင်လှိုင်းတွန့်လေးတွေ လေမှာ အသာအယာလှုးလွန့်သွားသည်။
သူ့နောက်ခပ်လှမ်းလှမ်းမှာ ကျွန်မရပ်ရင်း သူ့ကော်လာဖြူဖြူလေးကို ငေးကြည့်နေမိသည်။

ကျွန်မရင်တွေခုန်နေခဲ့မိသည်။
မတွေ့ရတာ သိပ်ကြာနေခဲ့ပြီပဲ။
မပြောခဲ့ရတဲ့ စကားတွေ၊ ဒီတခါတော့ အသိပေးတဲ့အနေနဲ့ ပြောပြလိုက်တော့မယ်။
ဒီအရွယ်တွေရောက်မှတော့ ကျွန်မတို့အားလုံး ရင့်ကျက်တည်ငြိမ်နေကြပြီပဲလေ။
ဖွာကြဲလန်နေတဲ့ သူ့ပုဆိုးအနားစတွေရယ်၊ ဖာထေးထားတဲ့ အပ်ချည်ရာတွေကိုလဲ မြင်နေရသည်။ သူ့အင်္ကျီဖြူဖြူကတော့ နေရောင်အောက်မှာ မျက်စိကျိမ်းစပ်မတတ် ဖြူစင် တောက်လက်နေသည်။
သူကတော့ ကျွန်မနောက်မှာ ရောက်နေတာကို မသိ။
ဘုရားကျောင်းလေးဘက်ကိုသာ စိတ်ဝင်တစား ငေးကြည့်နေသည်။

စိန်ပန်းပင်၊ သရက်ပင်တို့ စီတန်းပေါက်နေသော သရက်ပင်တန်းလမ်းမကျယ်အတိုင်း အဖြူရောင်ကားနှစ်စင်း ရှေ့ဆင့်နောက်ဆင့် ဖြည်းငြင်းစွာမောင်းနှင်လာသည်။ ဘုရားကျောင်းရှေ့မှာလဲ တောက်တောက်ပြောင်ပြောင်အ၀တ်အစားတွေနှင့် လူကြီး၊ လူငယ်၊ မိန်းမကြီးငယ်တို့။ ရှေ့မှကားက ဘုရားကျောင်းရှေ့မှာ ထိုးဆိုက်လိုက်တော့ ကားထဲမှ သတို့သားဖြစ်သူဆင်းလာသည်။ သတို့သားက ဘုရားကျောင်းရှေ့က စောင့်နေသော ဆွေမျိုးမိတ်ဆွေများကို ပြုံးရယ်နှုတ်ဆက်ပြီး လူပျိုရံများနှင့်အတူ ဘုရားကျောင်းထဲသို့ ၀င်သွားသည်။ နောက်ကထပ်ကျပ်မကွာလိုက်လာသော ကားဖြူဖြူထဲမှ မျက်နှာကို ဇာပုဝါအဖြူနှင့် အုပ်မိုးထားသော သတို့သမီးဆင်းလာသည်။ ဇာအထပ်ထပ် ဖဲပုဝါနောက်က သတို့သမီးမျက်နှာကို ကျွန်မ အာရုံစိုက်ကြည့်လိုက်သည်။ ကင်မရာ အနီးကပ်မှန်ပြောင်းချိန်လိုက်သလို ဟိုးအမြင့်တောင်ကုန်းပေါ်မှာ ရပ်နေတဲ့ကျွန်မရဲ့ မျက်လုံးတွေက တောင်ကုန်းလေးအောက်က သတို့သမီးရဲ့ မျက်နှာပေါ်က အုပ်ကျနေတဲ့ ပုဝါကို ထွင်းဖောက်သွားသည်။

“ဟင်”
“ကျွန်မ …အဲဒါ..ကျွန်မပါလား”
“မဟုတ်ဘူးလေ…အဲဒါ ကျွန်မ မဟုတ်ဘူး”
“ကျွန်မက ဒီမှာ…သတို့သမီးက ကျွန်မ မဟုတ်ဘူး”
“***” ကျွန်မက “***”ရဲ့အနောက်မှာလေ”

“****”
သူ့ ကို ကျွန်မ ခပ်တိုးတိုး ထပ်ခေါ်ကြည့်လိုက်သည်။ သူကတော့ တောင်ကုန်းအောက်က ဘုရားကျောင်းလေးထဲကို လှမ်းဝင်သွားတဲ့ အဖြူရောင် သတို့သမီးကို မမှိတ်မသုန် ငေးကြည့်နေသည်။ ကျွန်မ သူ့ဘေးမှာ ကပ်ထိုင်ချလိုက်ပြီး သူ့မျက်နှာကို ကြည့်လိုက်သည်။
ရီဝေတဲ့မျက်ဝန်းတွေထဲမှာ မျက်ရည်ကြည်တွေ ရစ်ဝိုင်းနေပါလား… ယောင်္ကျားလေးတစ်ယောက်မှာ ဒီလောက်လှတဲ့ မျက်တောင်တွေရှိနေနိုင်တာကို အံ့သြမိပြီး ကျွန်မအကြာကြီးငေးကြည့်နေခဲ့မိသည်။
သူ့ရဲ့လှပတဲ့မျက်တောင်စင်းတွေအောက် မျက်ဝန်းထဲက မျက်ရည်ဥတွေ သူ့ပါးပြင်ပေါ်ကို ဖြည်းဖြည်းလေးလိမ့်ဆင်းလာနေတာကိုမြင်လိုက်ရမှ ကျွန်မလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

“***” အဲဒါကျွန်မ မဟုတ်ဘူး”

“***”
ကျွန်မ အားကုန်အော်လိုက်သည်။ သူ ကျွန်မကို မကြား၊ သတို့သမီးကိုသာ ငေးမြဲငေးနေသည်။
သူ့မေးစေ့ကို ကျွန်မ လက်နှင့် အသာဆွဲလှည့်လိုက်သည်။
အို..
လှည့်မလာခဲ့၊ ကျွန်မလက်ချောင်းတွေက သူ့ကို ထိကိုင်လို့မရ၊

သူကတော့ ထောင်ထားတဲ့ဒူးကို လက်နဲ့ပိုက်ဖက်ရင်း ဒူးပေါ်မေးစေ့ထောက်လိုက်ပြီး
ဘုရားကျောင်းဘက်ကို မျက်ရည်တွေဝိုင်းနေတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်မြဲ စိုက်ကြည့်နေခဲ့သည်။
အနက်ရောင်သဲကြိုးနဲ့ မန္တလေးဖိနပ်တပတ်နွမ်းလေး စီးထားတဲ့ သူ့ခြေထောက်တွေကတော့ ဟိုတုန်းကလိုပဲ သန့်ရှင်းသေသပ်နေသည်။
ဟင်...
သူ့ခြေဖမိုးနားက မြက်ခင်းစိမ်းပေါ်မှာ လတ်လတ်ဆတ်ဆတ် ခရေကုံးလေးတစ်ကုံးပါလား။
ရင်တထိတ်ထိတ်နှင့် ခရေကုံးလေးကို လက်နဲ့ယူလိုက်သည်။
အို... ခရေကုံးလေးက မြက်ခင်းပေါ်မှာ နေရာမရွေ့။
သူ့ခြေဖမိုးကို ကျွန်မရဲ့ လက်ချောင်းလေးတွေနှင့် မရဲတရဲ တို့ကြည့်လိုက်မိပြန်သည်။
သူ ကျွန်မတို့လိုက်တာကို ဘာမှ မခံစားခဲ့ရ။
ကျွန်မရဲ့ လက်ချောင်းတွေကလဲ သူ့ခြေဖမိုးကို ထွင်းဖောက်သွားသည်။

“***”
နောက်ဆုံးအကြိမ် အနေနဲ့ သူ့နာမည်ကို ဆွေးမြေ့စွာခေါ်ကြည့်လိုက်မိသည်။
သူကတော့ ကျွန်မခေါ်သံကိုမကြား၊ သရက်ပင်တန်းလမ်းကိုသာငေးကြည့်နေခဲ့သည်..




အပြင်မှာ ရောင်နီသန်းပြီ။
နှင်းမှုန်လေးတွေ ခပ်ဖြည်းဖြည်းကျနေသည်။
နေ့သစ်တစ်ခု အစပျိုးခဲ့ပြီ။
................
................
................
ညက ငါ့ဝိညာဉ် ခပ်တိုးတိုးတောင်ပံခတ်လို့ မင်းအနားမှာ ရစ်ဝဲခဲ့တယ်... ခရေရှင်ရယ်။

အိမ့်ချမ်းမြေ့

6 comments:

Tesla said...

Very Nice, I Like It. :)

AinChannMyay~ said...
This comment has been removed by the author.
AinChannMyay~ said...

Thank you par ko tesla..
I tried to reply to you but i deleted my own msg. by mistake...oops :)

Yan said...

မလေးရေ...
ဒီစာလေးကို ကြိုက်လို့ယူသွားတယ်နော်. စာမူဘလော့ဂ်မှာတင်ချင်လို့ပါ.
ဘယ်သွားသွားကိုတက်စလာကြီးနဲ့ မလွတ်တာခက်တယ်.
ဒါပေမယ့် ဒီတစ်ခါမနောက်ဘဲ ပြောမယ်နော်.
ဟဲဟဲ. ပြောကာမှ ရီချင်လာပြီဗျာ...

ဒီဝတ္ထုလေးကို ဖတ်ပြီး ကျွန်တော်တစ်ချက်ငိုင်ကျသွားတယ်ဗျာ....
Two Thumbs Up + Two Toe Thumbs Up too

:D :D :D

burmafreedom said...

--------------------------------------------------------------------
--------------------------------------------------------------------
------------------------
ခဏလေး အဲလိုနေခွင့် ရမယ်ဆို သေချင်သား

မိုးထက်နေ said...

နာက်ဆုံးတော့ လက်ဖျောက်တီးလိုက်တယ်။ သူကို သူတိမ်လို ဖန်ဆင်းလို့ ။ တိုက်တိုက်ဆိုင်ဆိုင်
အဲဒီနေ့ က ဘုရားကျောင်းလေး ရဲ့ ခေါင်းလောင်းသံက နုညံ့ချိုမြလို့ ။ အဲဒီနေပဲ သူတို့  စစ်ထွက်တယ်။
တိမ်တွေကလဲ နွေးထွေးဖြုမွလို့ ။ အားလုံးက အပြုံကို အဆင်အမျိုး ဝတ်လို့ ပေါ့။ ဇာပုဝါက ဖျက်ကနဲ့ 
ပျံသန်းသွားတယ်။ စတင်ခြင်းနဲ့  ပြီးဆုံးခြင်း ကို ဘယ်လို ဖန်ဆင်လိုက်သလဲ ဘုရားသခင်။ ခင်ဗျား
သက်တော်ရာကျော် ရှည်ပါစေ။ နှစ်ပေါင်း ၃၀ လောက် အတွင်း ကျနော် ဒီတစ်ခါ အလင်းဆုံးပါပဲ။
ခင်ဗျား သာဝကတွေ ကိုပြောလိုက်ပါ ။ ကျနော်က ပျင်းသေးတယ် ဆိုတဲ့အကြောင်း။ ဘဝ ကို ဘယ်တုန်း ကမှ လဲစာလုံးပေါင်း မတတ်ခဲ့ပါ။ လဘက်ရည် ဖိုးမ ရှိတဲ့ချိန်မျိုးတော့ ငါ့ကောင်တွေ လွမ်းမပေါ့။ ဒီထက်လဲ ဘာကို မှပိုမလို ချင်ခဲ့ပါဘူး။ ကိုယ်ဘာသာ နေလို ထင်ခဲ့ဘူတာတော့ ရှိတာပေါ့လေ။ကျနော် က တောဆင် ခမဲ ကိုလဲ ရမယ်လို ယုံခဲ့တာပါ။ စိတ်ကလဲ ဖမ်းလောက်အောင် အတ္တမကင်း ခဲ့ဘူး။ အရက်ဆို တာ စိတ်ကို မူးစေရုံ သက်သက်ပဲ။ ကျနော် က မူးလို့ မရခဲ့ဘူး။ ဒီကောင်က ရိုးသားမှု တွေကို ခိုးယူ ပြီကာမှ လက်နက်ချ တာလား။ ကျနော် အပိုင်မရမှန် သိပါတယ်မေမေရယ်။ဲဒီအရုပ် လေး ကို ကောင်တာထဲက ထုတ်ခိုင်းပေးပါ။ ခဏလောက် ကိုင်ကြည့်ပရစေ။ ချစ်ခြင်းမေတ္တာနဲ့  သနား စိတ် ကြားမှာ ဖြူစင်မှုကို ပြန်မွေးဖွားဖို့ ကျနော် ခဏသွားမှ ဖြစ်မယ်။ လက်ဖျောက်ဟစ်ချက် စာပဲ တိတ်တိတ်နေ ပေးပါ။ ကျနော် ကို လက်မပြဖို့  သူတို့ အိပ်မောကျနေမှ ရမယ်။ သစ်ရွက် ကလေးတောင် ကြွေမချလိုက်ပါနဲ့ ။ဘုန်းတော် ကြီးရဲ့ မေခွန်းတွေကို ပဲ အမှန်တရား တစ်ခုလို ဖြေပေးလိုက်ပါ။ ကျနော် ဒီအခန်းထဲ မှာ ရှိမနေပါဘူ။ ခေါင်းလောင်းစင် ကို ခြုံပေးထားတာပါ။ သူ အသံလွင်လွင်ကို နတ်ဆိုး မကြားစေချင်ဘူး။ သူငယ်ချင်း တစ်ယောက်ပြောတာတော့ ဆရာဝန်ဆို တာ လူနာကို အတတ်နိုင်ဆုံး ရှင်သန်စေချင်တာ။ မရတဲ့ အဆုံးလဲ အငြင်သာဆုံး အသက်ထွက်စေ့ချင်တာတဲ့။ ဒီက ကောင်ကလဲ ဘယ်ဆရာဝန် မှမသိ အောင် ပြုံးပြခဲ့ချင်တာပါ။ ဘာလို ဓမ္မတေးတွေ ဆိုနေကြတာလဲ။ ချစ်သူတွေ အတွက် လက်ထပ်ချင်း ကလဲ တစိတ် အချိန်ခိုးလွန်းလှပတယ်။ ဘာသာတရားနဲ့ ဂုဏ်သိက္ခာဝတ် ရုံတွေ တလွှားလွှားနဲ့ ခမ်းနား လိုက်ပုံများ ပြောပါတယ်။ လူနှစ်ယောက် အတူတူနေ ဖို့ ကိစ္စမှာ လူအများ ကြီးဘာလို့ လိုအပ်တာလဲ။ ကို ဝိဥာဉ်ကို သစ္စာဆို တာ လူနှစ်ယောက်ဆို အနေတော်ပါပဲ။ အားလုံးပြီးမှ ဝိုင်တစ်ခွက်ကိုလောက် သောက်တာပေါ။ လက်ထပ်တယ် ဆိုတာ လူသိရှင်ကြား တူတူအိပ်မယ်လို ကြေငြာရုံသက်သက်မှ မဟုတ်တာ။ ဇာပုဝါ ဖယ်ခွင့်ပေးလိုက် ပါ ဘုန်းတော် ကြီးရယ်။ သူတို့ ခမျာလဲ နမ်းချင်ရှာ ကြတော့မယ်။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ဒုက္ခနဲ့ တွေ တဲ့ အခါလဲ ဘုန်းတော်ကြီးအပါ အဝင် ခင်ဗျားတို့ နည်းနည်း ခွဲယူကြပေါ့။ ကင်မရာနဲ ဆရာရယ် လင်းတာလဲလင်းပေါ့ ခင်ဗျားကိုပိုင် အလင်းမဟုတ်တာတော့ သိစေချင်ပါတယ်။

"ခေါင်းလောင်စင်နောက် ခံထားပြီ ရိုက်ရအောင်"

" အရေးထဲ မိုးကလဲ့ အုံနေသေးတယ်.. သူငယ်ချင်းတွေလဲ စောင့်နေလောက်ပြီ"

"ရိုက်ရအောင်ပါ ကောင်လေးရယ်... တိမ်တွေနဲ့ ကဗျာဆန်ပါတယ်..."

................................................................................

...............................................................................

................................................................................

တီ .. တီ... တီ.တီ.တီ

ဒီကောင်ကလဲ နောက်ဆုံးအချိန်ထိတောင် မသပ်ရပ်နိုင်ခဲ့ဘူး။ တိမ်မဖြစ်ခင်တုန်းကလဲ အသားအရေ က မဖြုခဲ့ပါဘူး။
မိုးထက်နေ

LinkWithin

Related Posts Plugin for WordPress, Blogger...