မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, December 29, 2007

အရောင်မဲ့ စားပွဲခင်း

ဒီစားပွဲပေါ်မှာ အရောင်မဲ့ စားပွဲခင်းတစ်ခုရှိတယ်။

နွမ်းကြေတဲ့ ပန်းတွေ ခင်းပြရမလား….
စမ်းရေနံ့သင်းတဲ့ သစ်ရွက်ခြောက်တွေ တဂေါက်ဂေါက် ကြဲပြစေလိုသလား။
အလွမ်းမသင့်တဲ့ လဂမုန်းပွင့်ရဲ့ ရင်ဖွင့်သံလား…။
အမှန်တွေလား၊ အမှားတွေလား၊
အပေါ်ယံတွေလား၊ အရှိအတိုင်းလား၊
လွတ်လပ်မှုတွေတဲ့လား…။


အမှန်တွေ…….
ရှုထောင့်စုံကကြည့်တဲ့ မဟားတရား အမှန်တရားလား
တစ်ဝက်မှန်လား…၊ တစ်ဝက်မှားလား..။
အိပ်ငိုက်နေတဲ့ အမှန်တရားလား၊
သတ်ခံထိမယ့် အမှန်တရားလား
ပန်းတွေကြောင့် စမ်းကြွေမယ့် အမှန်တရား
ဆားခါးထက်ဆိုနေ..။

အမှားတွေ….
ခါးသက်တဲ့ ကျားကွက်တွေလို တစ်ချက်မှားတာနဲ့ အစားခံရမလို
အိုဟောင်းနေတဲ့ နေပြောက်ထိုး
မလိုအမှား၊ လိုတော့လဲထားလိုက်..
မိုက်မဲတဲ့ အမှားတွေ...။

အပေါ်ယံတွေ…
တမင်ဖန်တီးထားတဲ့ အပေါ်ယံတွေလား..။
ရို့ကျိုးနေတဲ့ အပေါ်ယံတွေလား..။
စိတ်ဆိုးနေလို့ ဆူညံအုန်းထ
အလှပျက်ညတွေလို အပေါ်ယံတွေကြား
နေလိုအားသူတွေ…။

အရှိအတိုင်း…
ထိမိလို့လဲစရာ ဖြစ်မှာစိုးလို့
ဖွင့်မပြရဲ၊ ချို့တဲ့ဆဲအမှန်တွေ
ဒါမပြောသင့်ဘူး သူတို့အားငယ်သွားမယ်
ဒါမရေးသင့်ဘူး သူတို့နာကျင်သွားမယ်
ဒါမဆိုသင့်ဘူး သူတို့ကြွားတယ်ထင်မယ်..
ဒါမကြားသင့်ဘူး သူတို့ ကိုယ့်ထက်ပိုတတ်တယ်..
ဒါလဲ…
ဒါလဲ…

လွတ်လပ်မှုတဲ့……….
အားနာစွာ လစ်လျုရှုခံရလို့
ချို့တဲ့နေတဲ့ အမှန်တရားတစ်ချို့ စားပွဲထောင့်မှာ ရပ်နေတယ်။

ဒီစားပွဲပေါ်မှာ အရောင်မဲ့ စားပွဲခင်းတစ်ခု….
ခင်းကျင်းပြမယ့် အရာတွေကို emotion မပါဘဲ စောင့်မျှော်နေတယ်…



Tuesday, December 25, 2007

လူလူချင်းမို့

မွေးနေ့တော်မြတ်မှာ မွေးနေ့တော်မြတ်နဲ့ ပတ်သက်ပြီး အနှစ်သာရရှိမယ့် စာစုတစ်ခုခုထက်၊ commercial/material ကာလဖြစ်မှန်းမသိဖြစ်လာတဲ့ အကြောင်း ဘလော့ဂ်ပေါ်တက် ရင်ဖွင့်တော့မယ်လို့ စိတ်ကူးခဲ့မိတယ်။

ဒီကာလမှာ shopping mall တွေဟာ ကြိတ်ကြိတ်တိုးနေတတ်တယ်။ ကားရပ်စရာမရှိလို့ တစ်ခါတစ်ရံ မိနစ်ပေါင်းများစွာ ကားရပ်ရန်နေရာမှာ လှည့်ပတ်မောင်းရင်း mall ထဲက ဈေးဝယ်ပြီးလို့ ထွက်သွားမယ့် ကားနေရာကို စောင့်ရတယ်။ တစ်ခါတစ်ခါ သူထွက်သွားမယ့်နေရာလိုချင်လို့ လူတစ်ယောက်နောက်ကို ကားနဲ့ဖြေးဖြေးဘီးလှိမ့်ရုံ လိုက်မောင်း၊ အဲဒီလူ ပစ္စည်းတွေ ကားထဲထည့်တာ စိတ်ရှည်လက်ရှည်စောင့်၊ သူထွက်မယ်ထင်လို့စောင့်ပေမယ့် သူက ပစ္စည်းတွေထည့်ပြီး တစ်ခုခုကျန်ခဲ့လို့ မော်လ်ထဲ ပြန်ဝင်တာနဲ့ကြုံရင် အောင့်သက်သက်နဲ့ နောက်တစ်နေရာ ရှာရတယ်။ သာမန်အချိန်တွေမှာတောင် shopping mall တွေကိုမနှစ်သက်တဲ့ကျွန်မ လူနံ့၊ ရေမွှေးနံ့တွေ၊ လိုတာထက်ပိုများနေတဲ့ ကုန်ပစ္စည်းတွေ ကြားထဲမှာမွန်းကျပ်လာတယ်။ အရင်က ၅မိနစ်ပဲမောင်းရတဲ့ အိမ်ထောင့်က ဆိုင်တစ်ဆိုင်ဆိုင်ကိုရောက်ဖို့ ခုရက်တွေမှာတော့ ကားတန်းရှည်ကြားထဲ မိနစ်ပေါင်းများစွာ ထိုင်စောင့်နေရတတ်တယ်။

မွေးနေ့တော်ကာလဟာ ပေးလှုခြင်းကို ပုံဆောင်ပြီး စခဲ့တာပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ လက်ဆောင်လဲလှယ်ပွဲကြီး ဖြစ်မှန်းမသိဖြစ်လာပါတယ်။ ဒီဇင်ဘာလမှာ လူတွေအချင်းချင်းလက်ဆောင်ပေးတာရယ်၊ ချို့တဲ့သူတွေကို ဝေမျှတာတွေရယ်အတွက် ကနေဒါနိုင်ငံ တစ်ခုထဲမှာကို debit card transactions ၂၆မီလျှံနဲ့ credit card transactions ၂၈မီလျှံဒေါ်လာ ရှိလိမ့်မယ်လို့ CNW Group က ခန့်မှန်းထားပါတယ်။ ဒီဇင်ဘာ ၂၄ရက်နေ့ညနေမှာတော့ တစက္ကန့်ကို credit and debit transactions ပေါင်း လေးသန်း ရှိလိမ့်မယ်လို့ဆိုပါတယ်။ ဘီလျှံနဲ့ချီသုံးလိုက်ကြလို့ တတိယကမ္ဘာက နိုင်ငံတစ်နိုင်ငံရဲ့ ၁၀နှစ်စာ ၀င်ငွေလောက်ကို တစ်လထဲတင်သုံးလိုက်ကြတယ်ထင်ပါတယ်။ ဒီအကြောင်းတွေပြောမယ်ဆိုရင် ထမင်းစားဖို့တောင် မြိုမကျဖြစ်ရပါတယ်။ ဒီနှစ်တော့ ရုံးမှာလဲ အရင်နှစ်တွေကလို ဘယ်သူမှဘယ်သူ့ကို လက်ဆောင်မပေးတော့ဘူးလို့ အားလုံးသဘောတူဆုံးဖြတ်ပြီး ငှာနကလူတွေအကုန်စုပြီး ကလေးဆေးရုံကြီးကို ငွေလှုလိုက်ကြတယ်။ ထုတ်ရပိုးရတာတွေသက်သာတယ်၊ နောက်ပြီး မလိုအပ်သူတွေကို ပေးလှုရတာထက်၊ လိုအပ်သူကို ပေးလှုရတာ ပိုမြတ်ပါတယ်လို့ထင်ပါတယ်။

ကျွန်မနှစ်သက်တာကတော့ ဆွေမျိုးတွေ ဆုံရတာရယ်၊ မြန်မာကာရာအိုကေသီချင်းတွေ ၀ိုင်းဝန်းသီဆိုရင်း မြန်မာပြည်အကြောင်းအမှတ်တယလေးတွေ ၀ိုင်းပြောရတာတွေနဲ့ ..



နံနက်မိုးလင်းရင် အိမ်ရှေ့ခန်း ခရစ်စမတ်သစ်ပင်က ထင်းရှုးနံ့က တစ်အိမ်လုံးမှာ လတ်ဆတ်စွာ သင်းပျံ့နေတာရယ်လေးတွေပါ။



သူငယ်ချင်းဘလော့ဂါတွေရယ်၊ လင့်ခ်မလုပ်ထားသော်လည်း bookmark ထဲ ထည့်ပြီး မကြာခဏရောက်ဖြစ်သော ဘလော့ဂါတွေဆီ တစ်ဦးချင်းဆီလိုက်နှုတ်ဆက်နေရင်း (ရုတ်တရက် pop-ups block ဖြစ်ပြီး လင့်ခ်တွေ အလုပ်မလုပ်တော့လို့ ကကြီးက စတာ င လောက်မှာ ရပ်သွားပါတယ်။ ကျန်ခဲ့သူတွေကိုတောင်းပန်ပါတယ်။ အားလုံးကို ဒီကပဲ နှုတ်ဆက်ပါတယ်နော်)



ဘလော့ဂါတွေကို လိုက်နှုတ်ဆက်ရင်း မကေသွယ်ရဲ့ ဆီရောက်သွားတော့ သူမရေးထားတဲ့ ပိုစ်က ကျွန်မရင်ကိုထိသွားပါတယ်။ စာကောင်းကောင်းဖတ်ချင်နေတဲ့ ကျွန်မ ရေငတ်တုန်းရေတွင်းထဲကျသွားသလိုခံစားလိုက်ရပြီး commercial/material ကာလတစ်ခုအကြောင်း ရေးမယ့်စိတ်တွေပျောက်ပြီး ငယ်ငယ်က ဆိုဖူးတဲ့ ကျွန်မနှစ်သက်သော သီချင်းလေးတပုဒ်က ခေါင်းထဲရောက်လာတယ်။ စာသားလေးကို ဖတ်ကြည့်ကြပါနော်။ ဆိုတော့မပြတော့ဘူးရှင်။ ထမင်းစားပျက်နေကြမှာစိုးလို့ပါ။ ခေါင်းစဉ်လေးကတော့ …

လူလူချင်းမို့ …….. တဲ့ရှင်။

ပိုင်ဆိုင်မှု နဲ့ အသွေးအရောင် ဘယ်လိုခြားနေပါစေ
အယူအဆ ခြင်း ကွဲပြားနေပါစေ။
ခံယူချက် နဲ့ အတွေးအခေါ် မတူရင်လဲရှိပါစေ။
လူချင်းတော့ တူတူပဲလေ။
သင်တို့အချင်းချင်း ချစ်ပါဆိုတဲ့ ပညတ်တော်လို
လူလူချင်း ချစ်ကြပါရင်..
လူကိုချစ်တဲ့ ဘုရားအလိုတော်နဲ့ ပြောစကားကို
လိုက်လျောခြင်းဖြစ်လိမ့်မယ်..။

လောကကြီးထဲ ရှိရှိသမျှဟာ
ကျေးဇူးတော် သက်သက်ဖြစ်ပြီမို့
ကိုယ်စံရတာကို ဂုဏ်ယူ ၀ါကြွားဖို့မလိုဘူး
မာန်မာန ထောင်လွှားနေမယ့်အစား
လူသားချင်းပဲ ဆိုတဲ့ အသိလေးတွေ
ကိုယ်နဲ့အမျှ အလေးထားပြီး
လူ ကို ချစ် တတ် ကြ ပါ စေ…။

အေးချမ်းကြပါစေ။
ငြိမ်သက်ကြပါစေရှင်……..။

Saturday, December 22, 2007

ဆောင်းအိပ်မက်

ထိုနေ့ညက နှင်းစက်တို့ ထင်းရှုးပင်တွေထဲ တဖောက်ဖောက်ကျနေသံကို ကြားနေရသည်။ ကြည့်လိုက်တိုင်းဖွေးဖွေးလှုပ်ဖြူနေသော နှင်းစက်တွေအောက်မှာ မြို့ပြရဲ့ရောင်စုံမီးတွေက ဖျိုးဖျိုးဖျတ်ဖျတ်။ တောင်ကုန်းအောက်ခြေမှာ အိပ်မောကျသော အိမ်ပုလေးတစ်လုံးဆီက ခေါင်းတိုင်မှ မီးခိုးကတလူလူတက်လာနေသည်။ ဆောင်းလေက အလိုက်မသိစွာ ခါးသက်ကြမ်းရှနေလေရော့သလား။ သူမအိပ်မောကျနေလေရော့သလား။ သူမဘေးမှာ တစ်စုံတစ်ဦးများရှိနေလေမလား။ ခြံထဲသို့ဝင်သည့် လမ်းတစ်လျောက်မှာ နှင်းပုံက အိအိစို့စို့။ အိမ်ရှေ့ခန်းပြူတင်းကဖြတ်လို့ မီးရောင်က ပြူတင်းအပြင်ဘက်က အကိုင်းကျဲကျဲ မေပယ်ပင်ပေါ်ကို ဖြာကျနေသည်။ သူမအခန်းထဲမှာလဲ မီးရောင်ကဖျာလဲ့လဲ့။


ခြံထဲမှာ သူမစိုက်ထားသည့် အပင်တွေ နှင်းဒဏ်အောက်မှာ အလဲလဲအပြိုပြို။ နွေရာသီတုန်းက သူမ၏ နွယ်ပန်းမွှေးပင်အတွက် ကိုယ်တိုင်စဉ်ထိုးပေးခဲ့သည့် ပန်းစင်ကတော့ ဆွေးမြေ့နေပြီ။ ပန်းစင်အောက်က နှင်းပုံထဲမှာ လက်လက်တောက်တောက် အရာတစ်ခုကို တွေ့လိုက်သည်။ အော်… သူမထိုးနေကျ ဆံထိုးလေး။ သူမပန်းစိုက်တုန်းက ကျခဲ့ဟန်တူသည်။ ဒူးထောက်ထိုင်ရင်း ဆံထိုးလေးကို ခပ်ဖွဖွတို့ကြည့်မိသည်။ ရင်မှာ တစစ်စစ်နာကျင်လာတော့ နှင်းရိပ်အောက်က ငိုက်မြည်းနေသောသစ်ပင်အိုထံမှ ညငှက်တစ်ကောင် နာကျည်းစွာ အော်ဟစ်ပြန်ထွက်သွားသည်။

တစ်နေ့သော ညနေစောင်းတစ်ခုတုန်းက မီးဖိုထဲမှာ ခရမ်းချဉ်သီးတွေ လှီးနေသော သူမကို နောက်က သိမ်းဖက်ရင်း သူမနားရွက်ကို ချစ်မြတ်နိုးစွာနမ်းလိုက်စဉ်က ထိုဆံထိုးလေး ပန်းကန်ဆေးခွက်ထဲသို့ ပြုတ်ကျသွားခဲ့ဖူးသည်။ နောက်တော့ သူမ ကိုယ်ကို တစ်ပတ်လှည့်လာပြီး ရင်ခွင်ထဲမှာ မှီနွဲ့လာခဲ့သည်။ အဲဒီနေ့က ကော်လာဖြူပေါ်မှာ သူမဆီက ခရမ်းချဉ်သီးပေကျန်ခဲ့သည်။ ဆောင်းလေက အရိုးအေးမတတ်တိုက်ခတ်နေသည်။ သက်ပြင်းမောကို မှုတ်ထုတ်အပြီး သူမနှစ်သက်သည်ဆိုသည့် ဆေးလိပ်နံ့နံနေသည့် ကိုယ့်နှုတ်ခမ်းကို ရောင်ရမ်းထိကြည့်မိသည်။ ၀ဲစရာမျက်ရည်တော့ မရှိတော့။

အိမ်ကို တပတ်ပတ်ကြည့်မိသည်။ အရင်အတိုင်း ဘာမှပြောင်းလဲခြင်းမရှိ။ ခြံထောင့်က သစ်ရွက်သိမ်းသည့် ဂွတံကို သူမ မသိမ်းပဲ နှင်းတွေထဲ ဒီအတိုင်းပစ်ထားသည်ပဲ။ ပန်းရေလောင်းသည့် ရေပိုက်တွေလဲ မသိမ်းပဲပစ်ထားတော့ အက်ကွဲကုန်ပြီထင်သည်။ အိမ်ဘေးပြူတင်းပေါက်မှ အိမ်တွင်းသို့လှမ်းအကြည့် အိမ်ရှေ့ခန်းမီးလင်းဖိုမှာ မီးဖိုထားသည်ကို မြင်နေရသည်။
သူမကော…။
အိပ်ခန်းထဲမှာ စာဖတ်နေလား။ မဖြစ်နိုင်။ သူမက မီးလင်းဖိုနားမှာ စောင်တစ်ထည်ခြုံရင်း စာဖတ်တတ်သည်ပဲ။ စာဖတ်ရင်း အိပ်ပျော်သွားတတ်သည့် သူမနဖူးကို ဟိုတုန်းကတော့ သာသာနမ်းပြီး နှိုးနေကျ။ တစ်ခါတစ်ရံ သူမသောက်ဖို့ ဖျော်ပေးထားသည့် လက်ဘက်ရည်ကို မသောက်ပဲ အိပ်ပျော်သွားသည့်အခါ တဗျစ်တောက်တောက် ပြောမိခဲ့သည်များကို နောင်တရမိသည်။ ယခုတော့ သူမထိုင်နေကျ မီးလင်းဖိုနားက ခုံက လွတ်နေသည်။ ဒါဆို ရေနွေးကန်ထဲမှာ စိမ်ရင်း အိပ်များပျော်နေသလား။ သူမ၏ ရေနွေးစိမ်ရင်း အိပ်ပျော်တတ်သည့် ထူးထူးဆန်းဆန်း အကျင့်ဆိုးကြောင့် ခဏခဏ နေမကောင်းဖြစ်သော သူမ၊ ဆေးသောက်ရမှာ အလွန်ကြောက်သောသူမ၊ ဘယ်ဆေးကိုမှ အယုံအကြည်မရှိသောသူမ၊ ဒီတစ်ဆောင်းလုံးဘယ်လိုများ နေနေပါလိမ့်။

အိမ်ရှေ့ သုံးထစ်လှေကားအတိုင်း တက်လာခဲ့သည်။ နွယ်ပန်းတွေ အအေးဓာတ်အောက်မှာ ခေတ္တအိပ်စက်နေကြသည်။ နွေဦးဆိုရင်တော့ ခေါင်းထောင်လို့ ကြော့လာကြပေဦးမည်။ အရင်လို အသံပေးပြီး အိမ်ထဲဝင်ရမလား။ သူမအရမ်းအံ့သြသွားမလား၊ လန့်သွားမလား။ သူမနာမည်ကို တချက်ခေါ်ကြည့်လိုက်သည်။ စိတ်လှုပ်ရှားလွန်းလို့ထင်သည်။ ကိုယ့်အသံတောင် ကိုယ်ပြန်မကြားရ။ အိမ်ထဲက ဘာသံကြားမလဲ စောင့်ကြည့်နေသည်။ ဘာသံမျှမကြား၊ ဘာလှုပ်ရှားမှုမှမတွေ့။ အိမ်ရှေ့တံခါးကို အသာတွန်းလိုက်တော့ တံခါးက ပွင့်နေသည်။
အို….
သူမဘာကြောင့်များ တံခါးပိတ်မထားပါလိမ့်။

အိမ်ရှေ့ခန်းထဲရောက်တော့ အရာအားလုံး အရင်အတိုင်း၊ ဘာမှမပြောင်းလဲ။ အဆောင်အယောင်ကင်းမဲ့တဲ့ အခန်းလေးထဲမှာ အသံတွေ တိတ်ဆိတ်နေသည်။ နံရံပေါ်မှာတော့ သူမအတွက် စပ်ခဲ့ဖူးတဲ့ကဗျာတပုဒ်။ အဲဒီနေ့က ထုံးစံအတိုင်း နောက်နေ့စာတွက် သူမ ထမင်းချက်ရန် ဆန်အိုးကိုဖွင့်လိုက်သည်ကို ခပ်လှမ်းလှမ်းမှ ပန်းကန်တွေဆေးရင်း သူမမျက်နှာကို မသိမသာ အကဲခတ်နေခဲ့သည်။ ဆန်အိုးထဲက ထွက်လာတဲ့ စာရွက်ခေါက်ကို သူမ မျက်မှောင်ရှုံ့ပြီး ဖွင့်ဖတ်လိုက်သည်။ သူမ မျက်နှာလေးတည်သွားသည်။ နောက် တဖြည်းဖြည်း ပြုံးလာသည်။ နောက် အောက်နှုတ်ခမ်းလေးကို သူမကိုက်ပြီး မျက်လုံးလှန်ကြည့်သည်။ နောက် ဆင်မယဉ်သာ ခြေလှမ်းများနှင့် အနားကို ကပ်လာသည်။ နောက် လည်ပင်းကိုသိုင်းဖက်ပြီး ယဉ်ကျေးသိမ်မွေ့သော အနမ်းတစ်ခုကိုပေးသည်။ နောက်တစ်နေ့တော့ ထိုကဗျာစာရွက်လေးကို ဘောင်လှလှလေးထဲထည့်ပြီး အိမ်ရှေ့ခန်းမှာ သူမချိတ်ထားလိုက်သည်။

ယခုတော့ သူမ အရမ်းတိတ်ဆိတ်နေသည်။ အိပ်မောကျနေရော့သလား။ ရေချိုးခန်းထဲမှာ ပန်ကာလည်သံလဲမကြား၊ မီးလဲဖွင့်မထား။ စင်္ကြန်အတိုင်း အိပ်ခန်းရှိရာဘက်သို့လျောက်လာသည်။ အခန်းတံခါးက စေ့နေသည်။ မီးရောင်ကဖြာကျနေသည်။ အခန်းတံခါးကို အသာတွန်းဖွင့်လိုက်သည်။

သူမ ကုတင်ပေါ်မှာ အိပ်မောကျနေသည်။ ဟင်…….. သူမ.. သူမ သိပ်ပိန်သွားပါလား။ စောင်ပုံလေးပဲ မြင်နေရသည်။ အနားကို ခပ်ဖွဖွလှမ်းလို့ ကပ်သွားမိသည်။ သူမ ပိန်လိုက်တာမှ အရိုးပဲကျန်တော့သည်။ ဘယ်လိုဖြစ်တာလဲ။ အရင်က နီရဲဖူးစိုခဲ့သော နှုတ်ခမ်းတွေ မဲညစ်ခြောက်ကပ်နေသည်။ မြတ်နိုးစွာနမ်းခဲ့သော ပါးပြင်မို့မို့တွေ ချိင့်ဝင်နေသည်။ အရောင်တောက်လက်ခဲ့သော ဆံနွယ်တွေ ဖွာလန်ကြဲနေသည်။ လက်ချောင်းတွေက အရိုးငေါငေါထွက်နေသည်။ ကျွန်တော်ဝတ်နေကျ အနွေးထည် အညိုရောင်ကို တင်းတင်းကျပ်ကျပ်ဖက်ရင်း သူမအိပ်ပျော်နေသည်။ ခေါင်းရင်းက စားပွဲပေါ်မှာလဲ ဆေးပုလင်းတွေ ကြဲပြန့်နေသည်။ ဆေးတွေက အိပ်ဆေးတွေ၊ စိတ်ငြိမ်ဆေးတွေပါလား။ သူမ မျက်နှာကို ငုံ့ကြည့်လိုက်သည်။ ဟာ… ပါးပြင်မှာ မျက်ရည်တွေ ခြောက်တောင် မခြောက်သေးဘူး။ သူမ ငိုရင်း အိပ်ပျော်သွားသည်ပဲ။

“ကိုယ် ပြန်ရောက်ပြီလေ”

သူမ နဖူးလေးကို ဖွဖွနမ်းပြီး နှိုးလိုက်သည်။ သူမ မလှုပ်၊ သူမအသက်ရှုသံ လေးလေးမှန်မှန် ဆက်ထွက်နေသည်။

“ကန့်လန့်ကြီး အိပ်နေတော့ မောင် ဘယ်နားအိပ်ရမှာလဲ”

နှာခေါင်းလေးကို လက်နဲ့ အသာဖျစ်လိုက်ပြီး ပြောလိုက်သည်။ သူမ ကိုယ်ကို တချက်တွန့်ပြီး ဟိုဘက်စောင်းပြီး ဆက်အိပ်နေသည်။ အရမ်းပိန်သွားသည့်အတွက် သူမကောက်ကြောင်းတွေက အရင်လို မပီပြင်တော့။ သူမ ဆံနွယ်တွေကို အသာပွတ်ပြီး ဟိုအရင်ကလို နားရွက်လေးကို နမ်းလိုက်သည်။ သူမ နှုတ်ခမ်းက အပြုံးတစ်ခု လှစ်ကနဲ မြင်လိုက်ရသည်။
သူမ နှုတ်ခမ်းက အပြုံးလေးကို တစိမ့်စိမ့်ကြည့်နေမိသည်။ သူမ နှုတ်ခမ်းတွေလှုပ်ရွလာသည်။
“မောင်…”
တိုးတိုးလေး….
“ဗျာ”
“မောင်… မောင်”
သူမကိုယ် လူးလွန့်လာသည်။
“ဗျာ… မောင်ဒီမှာလေ”
“မောင်.. အို… မောင်” သူမ မျက်လုံးမှိတ်ရင်း ဆက်ခေါ်နေသည်။ မျက်လုံးအိမ်မှ မျက်ရည်တွေ တသွင်သွင် စီးကျလာသည်။
“မောင်.. မောင် မသေဘူးနော်…”
သူမ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်နေသည်။
“ဟင်.. မောင်မသေပါဘူး၊ ဘာတွေပြောနေတာလဲ။ မောင်မသေပါဘူး”
သူမ ကို မျက်ရည်သုတ်ပေးရန် စက္ကုပါးလေးကို ထယူလိုက်သည်။ သူမ၏ ကိုယ်လုံးပေါ်မှန်ရှေ့က ဖြတ်လျောက်မိတော့ တစ်ခုခု မှားနေသလိုခံစားလိုက်ရသည်။
မှန်ရှေ့ကို နောက်ခြေတစ်လှမ်း ပြန်လှမ်းလိုက်ပြီး တည့်တည့်ရပ်လိုက်သည်။
“ဟာ”
မှန်ထဲမှာ………
မှန်ထဲမှာ……..
ကိုယ့်ကိုကိုယ် ပြန်မမြင်ရပါလား။
သူမကို အံ့သြတကြီး လှဲ့ကြည့်လိုက်သည်။ သူမကတော့ သူ့နာမယ်ကို တမ်းတကြေကွဲစွာ ဆက်၍ခေါ်နေသည်။

နံရံတွေထဲက အလင်းတွေ ဖြာထွက်လာသည်။ အခန်းတစ်ခုလုံး လင်းလက်နေသည်။ ထူးဆန်းစွာ မျက်စိတွေကတော့ ကျိမ်းစက်မနေ။

“မောင်…. မောင်…”
သူမ အသံက တဖြည်းဖြည်း ဝေးသွားသည်။ တိုး၍… တိုး၍……….
“မောင်…….. မသွားပါနဲ့မောင်”
“မောင်…”
မောင်…..
မောင်…….


Friday, December 21, 2007

မင်္ဂလာအပေါင်း ခညောင်းကြပါစေရှင်…






သူငယ်ချင်းများ၊ စာရေးဖော်များ၊ အလည်လာသူများအားလုံး……..
နှင်းပွင့်လေးတွေလို အေးမြဖြူစင် ကြည်လင်လန်းဆန်းကြပါစေရှင်။

Saturday, December 15, 2007

မှ………. သို့ - (အိမ့်ချမ်းမြေ့၏ အိပ်မက်တစ်ခု)




From Carnage………..

Rage ဒေါသလက်ကိုင်ထားခြင်း၊ ပုဆိုးသို့မဟုတ် ထမီအလံလွှင့်ခြင်း
Violence ကိုယ်ထိလက်ရောက်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ စော်ကားခြင်းအာဏာယစ်မူးပြီး
လက်နက်ကိုင်၍ အနိုင်ကျင့်ခြင်း
Carnage သွေးထွက်သံယိုဖြစ်စေခြင်း၊ အချင်းချင်းလည်လှီးခြင်း
Exclusion တံဆိပ်တစ်ခုခုတပ်၍ ကျဉ်လိုက်ခြင်း(ဥပမာ.. ခွဒေါင်း၊ စပိုင်)




To Civility ……………..

Reason အကျိုးကြောင်းဆီလျော်စွာ၊ တွေးတောဆင်ခြင်နိုင်သော သမာဓိဥာဏ်ရှိခြင်း
Legitimacy တရားမျှတခြင်း
Civility တဖက်သားကိုနားလည် စာနာခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း လက်နက်တွေ၊ ရွှေဘားတွေ၊ ဗျောက်တွေကိုလည်းကောင်း၊ ရုန့်ရင်းကြမ်းတမ်းသောဆဲဆိုမှုတွေကိုလည်းကောင်း အမှိုက်ဗုံးထဲထည့်ပြီး စားပွဲတစ်လုံးတွင် မျက်နှာချင်းဆိုင် ဆွေးနွေးခြင်း
Debate အကျိုးသင့်အကြောင်းသင့် ဆွေးနွေးငြင်းခုံနိုင်သော အရည်အချင်းများပိုင်ဆိုင်ခြင်း

"A day will come when the only fields of battle will be markets opening up to trade and minds opening up to ideas. A day will come when the bullets and the bombs will be replaced by votes, by the universal suffrage of the peoples" Victor Hugo (1849)

From Carnage .......... to Civility

Wednesday, December 12, 2007

နိုင်ငံခြားသွားမယ်ဆိုရင်…

နိုင်ငံခြားသွားမယ်ဆိုရင်… ဆိုတဲ့ ကိုစေးထူးရဲ့ ပိုစ်ကို ဖြေထားခြင်းပါ။
(ကျွန်မ နေနေသော တိုင်းပြည်နဲ့ ကျွန်မရဲ့ ရှုထောင့်တစ်ခုတည်းမှသာ တတ်နိုင်သလောက် ဖြေထားခြင်းဖြစ်ပါတယ်ရှင်။ လိုအပ်မှုများရှိနေပါလိမ့်မည်)

နိုင်ငံခြားသွားသူတိုင်း အဆင်ပြေဖို့ဆိုတာ မေးသူပြောသလိုပဲ ကိုယ်ဘယ်လမ်းကြောင်းကလာသလဲ၊ မိမိကိုယ်ပိုင်အရည်အချင်းက ဘယ်လောက်ရှိလဲ၊၊ ကိုယ့်ရဲ့ ရည်မှန်းချက်က ဘယ်လောက်မြင့်သလဲ၊ ဘယ်လောက်အတိုင်းအတာအထိ ရောင့်ရဲနိုင်မလဲအပေါ်မှာ မူတည်ပါတယ်။
မိဘနဲ့လာတာလား၊ တစ်ယောက်ထဲထွက်လာတာလား၊ ယောင်္ကျားနောက်လိုက်လာတာလား၊ မိန်းမနောက်လိုက်လာတာလား၊ သားသမီးတွေပါ ပါလာသလား စတဲ့ အချက်တွေအပေါ်မှာလဲ မူတည်ပါတယ်။ ကိုယ်သွားတဲ့ တိုင်းပြည်ပေါ်မှာလဲ မူတည်ပါတယ်။ မိမိကိုယ်ပိုင်အရည်အချင်းတွေ အပေါ်မှာလဲ မူတည်ပါတယ်။


(၁) နိုင်ငံခြားသွားတဲ့လူတိုင်း အဆင်ပြေဖို့ဆိုတာ မျှော်လင့်ချက်အားဖြင့် ဘယ်နှစ်ရာခိုင်နှုန်းလောက်ရှိနိုင်ပါသလဲ။ (ဒီမေးခွန်းအတွက်ဖြေဆိုပေးတဲ့နေရာမှာ အစမှာပြောခဲ့တဲ့ စဉ်းစားပုံ လမ်းကြောင်းပေါ်ကို အခြေခံစေလိုပါတယ်။
ယေဘုယျအားဖြင့်လည်းဆွေနွေးနိုင်ပါတယ်။)

ရာခိုင်နှုန်းတော့ ကျွန်မ မသိပေမယ့် နိုင်ငံခြားဆိုတဲ့ တိုင်းပြည်တွေကို ထွက်သွားတဲ့သူတွေ အိမ်သိပ်မပြန်ကြတော့တာကို ကြည့်ခြင်းအားဖြင့် အဆင်ပြေနေကြလို့လို့ ယူဆလို့ရပါတယ်။

(၂) ပထမဆုံးကျောင်းသွားတက်မယ်...။ ကျောင်းတက်ရင်းအလုပ်လုပ်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ကျောင်းပြီးမှ အလုပ်ရှာလုပ်မယ် ဆိုတာလည်းရှိမယ်။ အလုပ်အတွက် သီးသန့်သွားတာ မဟုတ်ဘဲ ကျောင်းသွားတက်ရင်း အလုပ်ရှာ၊ နောက်… အခြေကျနေထိုင်ဖို့ စဉ်းစားတဲ့လူတွေ အတွက် ဘယ်လိုအခက်အခဲမျိုးတွေ ရှိနိုင်မလဲ။

ကျောင်းသွားတက်ရင်း ပညာရှာ အချိန်တန်တော့ အလုပ်ရတာကတော့ ကနေဒါမှာ UBC (University of British Columbia) မှာ co-op program တွေနဲ့ ကျောင်းတက်ရင်း တဘက်တလမ်းက ကျောင်းစရိတ်ရဘို့ ၀င်ငွေရရန်ရှာရင်း မိဘကိုတောင် ငွေပြန်ပို့နိုင်တယ်လို့သိရပါတယ်။ ဘွဲ့ရရင် အလုပ်ရှာပြီး ဒီနိုင်ငံမှာဆက်နေရန် အကြောင်းတွေလဲ ဖြစ်လာနိုင်ပါတယ်။ အဲလိုလူမျိုးတွေကတော့ နိုင်ငံခြားမှာ ထွက်အလုပ်လုပ်နေတဲ့ မိဘတွေရဲ့ သားသမီးတွေများပါတယ်။ ငွေရေးကြေးရေး နောက်ပိုင်း ပူပန်နေရသူတွေ၊ မိဘကိုထောက်ပံ့ရသူတွေ အတွက်ကတော့ ပညာနောက်ထက်၊ ငွေနောက်ကို လိုက်ကြရတာများပါတယ်။

UBC က အင်ဂျင်နီယာ ပရိုဂရမ်တွေမှာ မလေးရှားနဲ့ အင်ဒိုနီးရှားမှ ကျောင်းသားတွေ တော်တော်များများရှိပေမယ့် မြန်မာပြည်မှ ကျောင်းသားအရည်အတွက်ကတော့ အလွန်နဲနေပါသေးတယ်။ ဘွဲ့ရပြီးရင် remote area တွေမှာ အလုပ်လုပ်ရန် ဗီဇာ ၁နှစ် သို့မဟုတ် ၂နှစ် သက်တမ်းပေးပါတယ်။ အဲဒါပြီးရင် Immigrant visa လျောက်လို့ရတယ်လို့ သိရပါတယ်။ နိုင်ငံခြားသားအနေနဲ့ကျောင်းလာတက်မယ်ဆိုရင်တော့ ကနေဒီယန်တွေထက် ကျောင်းလခ သုံးဆလောက် ပိုပေးရတတ်ပါတယ်။ မိဘချမ်းသာသူတွေအနေနဲ့ ဒီနည်းကို သုံးလို့ရပါတယ်။ ကျောင်းတက်ရင်း ကျဘမ်းအလုပ် (ဥပမာ သန့်ရှင်းရေး အလုပ်သမားအနေနဲ့ ညဘက်တွေ လိုက်လုပ်ရင် တစ်လကို ငါးရာလောက် ကျန်နိုင်တယ်လို့လဲ သိရပါတယ်)။ နောက်တစ်ခုက ကောလိပ်လေးတွေမှာ အင်္ဂလိပ်စာ လာတက်ပြီး ယူနီဗာစီတီတွေကို တဆင့်လှမ်းတဲ့ နည်းလဲရှိပါတယ်။ တစ်ခါတစ်ရံတော့လဲ ဗီဇာသက်တမ်းကုန်လို့ ကောလိပ်ကနေ လှည့်ပြန်ရတာတွေလဲ ရှိပါတယ်။ အဲဒါဆိုလဲ အနည်းဆုံး အတွေ့အကြုံရသွားတာပေါ့။ ဗီဇာသက်တမ်း တိုးမပေးလို့ ပြန်သွားရရင်လဲ နောက်လူတွေအတွက် လမ်းပွင့်တာပါပဲ။ ကျောင်းလာတက်ပြီး မပြန်တော့ပဲ ဆက်နေနေတာမဟုတ်ရင်၊ ကနေဒီယန်အစိုးရဟာ မြန်မာကျောင်းသားတွေအပေါ် ယုံကြည်မှုရှိလာရင်၊ နောက်ပိုင်းလူတွေအတွက် လမ်းတွေ ပိုပွင့်လာနိုင်ပါတယ်။ ဒါပေမယ့်လဲ တော်ရုံလူက ရောက်လာပြီးရင် မပြန်ချင်ကြတာကိုလဲ နားလည်ပါတယ်။ ကိုယ်ချင်းလဲစာပါတယ်။ အဲလိုအင်္ဂလိပ်စာလာတက်ပြီး ဆက်နေဖို့ ကြိုးစားတဲ့အခါမှာ အောင်မြင်သွားသူတွေရှိသလို၊ ပြန်သွားရသူတွေလဲရှိပါတယ်။

ကျောင်းမတက်ဘူး အလုပ်နဲ့လာမယ်ဆိုရင်တော့ skill worker အနေနဲ့လာလို့ရပါတယ်။ ကနေဒီယန် အစိုးရ ဆိုဒ်မှာ အင်ဖို ရယူနိုင်ပါတယ်။ http://www.cic.gc.ca/english/index.asp ဒီဆိုက်ဒ်မှာ အလုပ်၊ အလည်အပတ်၊ ကျောင်း စသဖြင့် အင်ဖိုအပြည့်အစုံရှိပါတယ်။
ကနေဒါမှာ လိုနေတဲ့ အလုပ်သမားတွေအနေနဲ့ လာဖို့ရန်ကတော့ အမှတ်မှီရပါတယ်။ အင်တာဗြူးလဲ အောင်ရပါတယ်။ အခက်အခဲကတော့ အင်တာဗြူးလုပ်သူရဲ့ စိတ်ပေါ်မှာ၊ ကိုယ်ဖြေတဲ့အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ချင်းခံရတာပါပဲ။ စင်္ကာပူမှာ လုပ်ငန်းအတွေ့အကြုံလဲရှိတယ်။ ကနေဒါကလဲ အဲဒီလုပ်ငန်းမှာ လူလိုတယ်၊ ကိုယ်ကလဲ အရည်အချင်းပြည့်မှီ၇င် ရဖို့ရှိပါတယ်။

နောက်တစ်ခုက (ရေတိုမှာ) ရိုးရိုးသာမန်ဘွဲ့ရသူတစ်ဦးရဲ့ လစာနဲ့ ဘွဲ့မရသူတစ်ဦးရဲ့ လစာဟာ တူညီနေတတ်ပါတယ်။ သာမန်ဘွဲ့ရသူတစ်ဦးနဲ့ trade school တက်ထားသူတစ်ဦးနဲ့ ယှဉ်ရင်လဲ သာမန်ဘွဲ့ရသူတစ်ဦးဟာ အလုပ်ရရန် ပိုခက်နေတတ်တာတွေလဲ ရှိပါတယ်။ trade school သမားက ကျောင်းဆင်းတာနဲ့ မိမိလုပ်ငန်းပေါ်မှာ မူတည်လို့ တစ်နာရီ ၁၆ဒေါ်လာ၊ ၁၈ဒေါ်လာလောက် တန်းရသည့်အချိန်မှာ သာမန်ဘွဲ့နဲ့ အလုပ်ချက်ချင်းမရလို့ ပိုလီကျောင်းသွားတက်ရသူတွေလဲရှိပါတယ်။ ရလာတဲ့ ၀င်ငွေဟာနဲ့ အိမ်တစ်ဆောင်၊ ကားတစ်စင်းနဲ့ ချက်ချင်းလဲ ဖြစ်စေတတ်တာမို့ ဒီတိုင်းပြည်က လူငယ်တွေတောင် ပညာဆက်သင်လိုစိတ်ကုန်သွားတတ်ပါတယ် (ကြီးမှ နောင်တ ရကြတာပေါ့လေ)၊

အကောင်းဆုံးကတော့ မိမိဟာ တိုင်းတပါးမှ ရွေ့ပြောင်းလာသူ တစ်ဦးဆိုရင် ပရိုဖက်ရှင်နယ်တစ်ဦးဖြစ်ရန် ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်းတစ်ခုခုရရန် ကြိုးစားခြင်းက အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။ ဆရာဝန်၊ သူနာပြု၊ လက်သမား၊ ကားပြင်ဆရာ စသဖြင့်ပါ။ အုပ်ချုပ်ရေးပိုင်း၊ တည်ဆောက်အောင်မြင်ပြီးသား ကုမဏီကြီးတွေရဲ့ စီးအီးအို၊ စီအိုအို ဖြစ်ဖို့ကတော့ Immigrant တွေအနေနဲ့ သိပ်တော့ မလွယ်ပါဘူး။ အင်္ဂလိပ်စာကို ကျွမ်းကျင်စွာ တတ်မှဖြစ်ပါမယ်။ မှန်မျက်နှာကျက် (glass ceiling) ကိုဖြတ်နိုင်ဖို့ မလွယ်ပါဘူး။ ချွင်းချက်တွေတော့ ရှိတာပေါ့နော်။


(၃) တချို့ကလည်းရှိပါတယ်။ သားသမီးတွေ နိုင်ငံခြားသွားနိုင်ဖို့ ရှိသမျှအရင်းအနှီး၊ အိမ်ရာ အစရှိသဖြင့်ထုခွဲပြီး စွန့်စားလိုက်ကာမှ အဆုံးမှာ အခက်တွေ့နေရတဲ့ လူတွေပါ။ ဒီလိုစွန့်စားတာမျိုးကောလုပ်သင့်ပါသလား။

ဒါကတော့ ဘာသွားလုပ်မှာလဲ၊ ဘယ်နိုင်ငံကိုသွားမှာလဲ မူတည်ပါတယ်။ ရှင်းရှင်းပြောရရင် ယူအက်စ်၊ ကနေဒါကိုလာဘို့ ရှိသမျှထုခွဲလိုက်ပြီး လွှတ်လိုက်ရင် အဆင်ပြေရန် probability ပိုများနိုင်ပါတယ်။ ကနေဒါမှ အဆင်မပြေပဲ ပြန်သွားရတာကတော့ တော်တော် နဲမယ်ထင်ပါတယ်။ ဒီမှာက နောက်ဆုံး အဆင်မပြေရင် social welfare ဆိုတာ ရှိပါတယ်။ အစိုးရက ကျွေးထားတယ်ပေါ့နော်။ အဲလိုလူတွေအလုပ်ပြန်ရှာနိုင်အောင်လဲ အင်္ဂလိပ်စာ သင်ပေးတယ်၊ အလုပ်ရှာနည်းတွေ၊ resume ရိုက်နည်းကအစ လုပ်ပေးတယ်။ လုပ်ငန်းခွင်ထဲ မရောက်ရောက်အောင် ပြန်သွင်းပေးတယ်။

တရားဝင်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ၊ အရင်ဆုံး ရရာအလုပ်လုပ်ပြီး နောက်မှ အခြေအနေကြည့် ဆက်လုပ်မယ် ဆိုပြီး စဉ်းစားတဲ့လမ်းကြောင်း။
ပြန်သွားရတဲ့သူတွေရှိသလို၊ ယူအက်စ်ဘက်ကို ကူးသွားတဲ့ သူတွေလဲ ရှိပါတယ်။ ကျွန်မ သိရသလောက်တော့ ဒီမြို့မှာ တရားမ၀င် ဆက်ပြီး နေနေတာတွေ မရှိဘူးလို့ထင်ပါတယ်။ အဆင်မပြေရင် ယူအက်စ်ဘက်ကို သူတို့ ထွက်သွားလေ့ရှိပါတယ်။


(၄) နိုင်ငံခြားထွက်တယ်ဆိုတာ အရည်အချင်းရှိသူတွေရဲ့ ထွက်ပေါက် ဖြစ်တယ်။ နိုင်ငံခြားမှာကြုံရမယ့် စိန်ခေါ်မှုတွေကို ခံနိုင်ရည်ရှိမယ့် အရည်အချင်းမျိုး မရှိရင် မလွယ်လှဘူး ဆိုတာတွေ ပြောနေကြတာရှိပါတယ်။ ဒါကကော ဘယ်လောက်အထိမှန်နိုင်မလဲ။ နောက် နိုင်ငံခြားမှာ င်္ကြုရနိုင်တဲ့ စိန်ခေါ်မှုတွေကရောဘာတွေများဖြစ်နိုင်မလဲ။

နိုင်ငံခြားမှာ ကြုံရတဲ့ စိန်ခေါ်မှုတွေကတော့ မိမိ ကျင်လည်တဲ့ ပတ်ဝန်းကျင်ပေါ်လဲ မူတည်ပါတယ်။ ဒီမှာတော့ ရာသီဥတုဒဏ် အန်တုရတာရယ်၊ ကိုယ့်တိုင်းပြည်နဲ့ဝေး၊ အသားအရောင်တူသူတွေနဲ့ ဝေးလို့ ရောက်ခါစမှ စိတ်ထိခိုက်နိုင်ပါတယ်။ စိတ်ကျနိုင်ပါတယ်။ စင်္ကာပူ၊ မလေးရှား စသည့်နိုင်ငံတွေမှာ အနည်းဆုံးတော့ ကိုယ်နဲ့ အသား၊ဆံပင်အရောင်တူပါသေးတယ်။ ရာသီဥတုက ကြည်ကြည်လင်လင်ရှိပါသေးတယ်။ အဓိက ကတော့ အင်္ဂလိပ်စာ ကို ကျွမ်းကျင်ရန်လိုပါတယ်။ ကိုယ်သွားမယ့် တိုင်းပြည်ရဲ့ ရုံးသုံးဘာသာစကားကို ကျွမ်းကျင်မှုမရှိခြင်း၊ လူတွေနဲ့ဆက်ဆံတဲ့အခါမှာ မိမိကိုယ်ကိုယုံကြည်မှုအားနည်းနေခြင်း၊ ဒါမှမဟုတ် လိုတာထက်ပိုပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေများနေခြင်း၊ အဲဒါတွေကြောင့် ရောက်စမှာ အခက်အခဲရှိနိုင်ပါတယ်။

ယဉ်ကျေးမှုကတော့ မြန်မာပြည်မှာနေလဲ ထိုးဖောက်မှုခံရတာပါပဲ။ ဘယ်မှာနေနေ မိမိကိုယ်ပိုင်ဥာဏ်နဲ့ ခံယူချက်၊ မိဘသွန်သင်မှုတွေက စကားပြောသွားတာပါပဲ။ နောက်တစ်ခုက မြန်မာပြည်မှာ အနောက်ယဉ်ကျေးမှုကို တိုက်ရိုက် ထိုးဖောက်ခံရခြင်းနဲ့ သွယ်ဝိုက်သောနည်းအားဖြင့် ထိုးဖောက်ခံရခြင်းတွေကိုလဲ သတိပြုသင့်ပါတယ်။ တစ်ခါတစ်ရံ မိမိတိုင်းပြည်တွင်းမှာ ကြည့်နေတဲ့ အစီအစဉ်တွေဟာ အရှေ့ယဉ်ကျေးမှု ယောင်ယောင်နဲ့ တစ်ကယ်တော့ အနောက်ကို ကိုးကွယ်သူတွေဆီမှရတဲ့ တဆင့်ယဉ်ကျေးမှုတွေကို ဆိုတာကို သတိပြုချင်မှ ပြုမိပါလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် စစ်မှန်တဲ့ ကမ္ဘာ့ယဉ်ကျေးမှုကြီးတွေကတော့ ဘယ်ယဉ်ကျေးမှုကမဆို သူ့ဟာသူ ကောင်းကြတာပါပဲ။ ယဉ်ကျေးမှု ဆိုတဲ့ စာလုံးကို လက်ကိုင်ပြီး မသိနားမလည်သူ ငယ်ရွယ်သူတွေကို အသုံးချတတ်တဲ့ လူတွေကိုသာ သတိပြုဖို့သင့်တာပါ။ တစ်ခါတစ်ရံ သူတို့ယဉ်ကျေးမှုဟာ ကိုယ့်အတွက် ရိုင်းသလိုဖြစ်နေသလို၊ ကိုယ့်ယဉ်ကျေးမှုဟာလဲ သူတို့အတွက် ရိုင်းနေတတ်တာတွေလဲ ရှိနိုင်ပါတယ်။

နောက်တစ်ခုက တင်းကျပ်တဲ့ ဥပေဒေတွေနဲ့ ဆရာနဲ့ တပည့်၊ ကျောင်းသားအချင်းချင်း အလုပ်ရှင်နဲ့ အလုပ်သမား စည်းကမ်းသတ်မှတ်မှုတွေရှိတဲ့အတွက် မိမိကို မတရားလုပ်တယ်၊ နှုတ်နဲ့စော်ကားတယ်။ နောက်ဆုံး ပခုံးတို့ လက်တို့ကို ထိတယ်၊ ကိုင်တယ်ဆိုရင်၊ အလုပ်သမားအစည်းအရုံး၊ ကျောင်းငှာနတွေကို တိုင်လို့ရပါတယ်။ မိမိကိုယ်ကို ထိန်းသိမ်းတတ်ဖို့ကတော့ အဓိက ကျတယ်လို့ ဆိုချင်ပါတယ်။ ယေဘူယျပြောရမယ်ဆိုရင် တိုးတက်နေတဲ့ တိုင်းပြည်တွေဟာ စည်းကမ်းအနည်းနဲ့ အများရှိကြပါတယ်။ ရုပ်ရှင်တွေထဲကလို ဖြစ်ချင်တာဖြစ်နေတာတွေက အပြင်မှာမဟုတ်ပါဘူး။ တစ်ကယ်တမ်းတော့ တိုးတက်နေတဲ့ တိုင်းပြည်တွေဟာ ဒါတွေကို ကျော်လွှားသင့်သလောက် ကျော်လွှားသွားခဲ့ ပြီးပါပြီ။

နိုင်ငံခြားဆိုတဲ့ နေရာကို ရောက်လာရင် လူတွေတော်တော်များများက မမြင်ဖူးတာတွေ မြင်ရ၊ ခံစားရတော့ သာယာသွားတတ်ကြတယ်။ အလှပြ ငါးကန်ထဲက ငါးတစ်ကောင်ကို ပင်လယ်ထဲ ပစ်ချလိုက်သလိုပေါ့။ အပူချိန်ကိုလဲ အန်တုရတယ်။ မမြုပ်အောင်လဲ ကူးရသေးတယ်။ ဘေးက ငါးတွေရဲ့ တွန်းထိုးမှုကိုလဲ ခံရသေးတယ်။ ရေလှိုင်းငြိမ့်ငြိမ့်လေးနောက်ပါသွားရင်တော့ ပန်းတိုင်ကို မျက်ခြေမပြတ်စေနဲ့။ ရောက်အောင် ပြန်ကူးလာခဲ့ပေါ့။ ပြန်မကူးနိုင်လောက်အောင် အာရုံငါးပါးထဲ မျောပါသွားရင်တော့ မည်သူမပြု မိမိမှုပါပဲ။

(၅) ကျနော်တို့မြန်မာတွေအတွက်ရော နိုင်ငံခြားကအလုပ်အကိုင်အခွင့်အလမ်းဆိုတာ ဘယ်လောက်ရှိနိုင်ပါသလဲ။

အဲဒါလဲ ကိုယ့်ပညာအရည်အချင်းနဲ့ မိမိသွားမည့် တိုင်းပြည်ပေါ်မှာ မူတည်ပါတယ်။ ကျွန်မတို့ မြို့မှာ မြန်မာပြည်က ဘွဲ့တွေနဲ့ ကုမဏီကောင်းကောင်းတွေမှာ အလုပ်ကောင်းကောင်းရနေသူတွေ ရှိပါတယ်။ အများစုကတော့ စင်္ကာပူမှာ လုပ်ငန်းအတွေ့အကြုံရှိဖူးသူတွေများပါတယ်။ မိသားစု ပြောင်းရွှေ့လာသူများဟာ စင်္ကာပူမှ ပြောင်းလာသူတွေများပါတယ်။ အခြားတိုင်းပြည်တွေမှာ ကုန်တင်ကားမောင်းရန် အလုပ်ရှာပေးမယ်၊ စသည်များကိုတော့ သတိထားစေလိုပါတယ်။ တစ်ခြားတိုင်းပြည်တွေတော့ မသိပါ။ ဖြစ်ကောင်းဖြစ်မယ်။ ကနေဒါမှာတော့ ကုန်တင်ကားမောင်းချင်လို့ အလုပ်ရှာနေသူတွေကိုရှိနေတော့ နိုင်ငံခြားမှ ကားမောင်းဖို့ လူခေါ်တယ်ဆိုတာ မဖြစ်နိုင်ပါ။ နိုင်ငံတိုင်းမှာ အလုပ်လိုချင်သော အလုပ်လက်မဲ့များရှိပါတယ်။ သူတို့ကိုကျော်ပြီး မြန်မာပြည်မှ လူများကို ခန့်မည်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် ချင့်ချိန်စေလိုသော စေတနာပါရှင်။ ဥပမာ မြန်မာ ထမင်းဆိုင်ဖွင့်လို့ မြန်မာစာချက်တတ်မည့်သူကိုသာ ခန့်မည်ဆိုရင် ကနေဒါအစိုးရက ၀င်ခွင့်ပေးပါဦးမယ်။ ကနေဒါမှာ တက္ကစီမောင်းဖို့ မြန်မာပြည်မှ ကားမောင်းသူကို ဗီဇာပေးရန် ကနေဒါ အစိုးရက ဘယ်လိုမှ ခွင့်ပြုမည် မဟုတ်ပါ။

(၆) ကတော့ (၄) မှာဖြေပြီးပါပြီ။

(ရ) နိုင်ငံခြားမှာနေထိုင်ဖို့ ကုန်ကျစရိတ်အသေးအဖွဲက စလို့ ကုန်ကျစရိတ်တွေ ဘယ်လောက်ရှိနိုင်ပါသလဲ နဲ့အစ်ကိုတို့ဆီမှာရော သာမန်လူတစ်ယောက်ရတဲ့ ၀င်ငွေနဲ့ ထွက်ငွေ ကွာဟမှုက ဘယ်လောက်ရှိနိုင်ပါသလဲ။

ဝင်ငွေနဲ့ ထွက်ငွေကတော့ ကိုယ်သုံးတဲ့ အပေါ်မှာ မူတည်ပါတယ်။ ဘယ်အသိုင်းအ၀ိုင်းမှာ၊ ဘယ်အလွှာမှာ ကျင်လည်သလဲအပေါ်မှာလဲ မူတည်ပါတယ်။ ကနေဒါနိုင်ငံ၊ ဘီစီပြည်နယ်ရဲ့ အနိမ့်ဆုံးလစာက တစ်နာရီကို ရှစ်ဒေါ်လာဖြစ်ပါတယ်။ ဥပမာ.. နာမယ်ရ ကုမဏီတစ်ခု (Lululemon) ရဲ့ စီအီးအိုတစ်ယောက်ရဲ့ ၀င်ငွေကတော့ စာရွက်ပေါ်မှာ တစ်နှစ်ကို တစ်သိန်းခွဲလောက် ပြထားပေမယ့် အပိုဆု bonus ကတော့ မီလျှံနဲ့ချီပါတယ်။
ဒါပေမယ့် အနိမ့်ဆုံး လခစားတစ်ဦးဟာ နေတတ်ရင် လှအောင်ဝတ်ပြီး၊ ၀အောင်စားနိုင်ပါတယ်။ social ladder ကို မတက်ပဲ တစ်သက်လုံး အဲဒီအလွှာမှာ ကျေနပ်နေမယ်ဆိုလဲ မငတ်တဲ့အပြင် မြန်မာပြည်ကိုတောင် ငွေပြန်ပို့လို့ရတယ်လို့ ဆိုချင်ပါတယ်ရှင်။

(၈) နောက်ဆုံးအနေနဲ့ နိုင်ငံခြားသွားမယ့်လူတစ်ယောက်ဟာ သေချာပြင်ဆင်ပြီမှ သွားသင့်ဆိုတာကို လက်ခံပါသလား ဆိုတာနဲ့ ရင်းနှီးမြှုပ်နှံမှု အသွင်ဆောင်လာတဲ့ နိုင်ငံခြားသို့သွားရောက်မှုတွေ အတွက် ထွက်ခွာသူတွေဟာ ဘယ်လိုပြင်ဆင်မှုတွေ လုပ်သင့်သလဲဆိုတာ သီးခြားအင်္ကြပေးစေလိုပါတယ်။

ဒါကတော့ လုပ်သင့်ပါတယ်။ ဘယ်အရာမဆို သေချာလေ့လာပြင်ဆင် သင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ် ဆိုပြီး ဘာမှ မလေ့လာပဲ (မိဘများရဲ့ လမ်းပြမှုသက်သက်နဲ့)လူငယ်သဘာဝ ဇွတ်ထွက်လာတဲ့ ကျွန်မလဲ အတိုင်းအတာ တစ်ခုထိ အဆင်ပြေတယ်လို့ ဆိုရပါမယ်။ မိဘရဲ့ လေ့လာထားမှုတွေကလဲ အရေးကြီးပါတယ်။ လူခံ၊ ဆွေမျိုးရှိဖို့လဲ အတိုင်းအတာတစ်ခုထိ လိုအပ်ပါတယ်လို့ထင်ပါတယ်။ သိပ်ပညာတတ်ပြီး အတွေ့အကြုံရင့်ကျက်နေသူ ဆိုရင်တော့ အပေါ်ကအရာတွေ သက်ရောက်မှု နည်းပါလိမ့်မယ်။

တစ်ခါ ဘယ်ရှုထောင့်က ကြည့်ပြီး အဆင်ပြေတယ်လို့ပြောမလဲ လို့လဲ မေးခွန်းထုတ်နိုင်ပါသေးတယ်။ ဘယ်သူအဆင်ပြေတာလဲ လူတစ်ဦး၊ မိသားစုတစ်ခု အဆင်ပြေသွားတာလား၊ လူများစုအဆင်ပြေသွားတာလား၊ ရေရှည်လား၊ ရေတိုလား၊ စသဖြင့်ပါ။ ဘယ်သူမှ ကိုယ့်တိုင်းပြည် မဟုတ်တဲ့ နေရမှာ ရေရှည် မနေချင်ပေမယ့် ကျွန်မအနေနဲ့ နေခွင့်ရရဲ့သားနဲ့ အိမ်ကို ပြန်သွားသူတွေတော့ ရာခိုင်နှုန်း အလွန်နည်းနေသေးတယ်ထင်ပါတယ်။ တိုင်းပြည်ဘက်ကနေ လူမျိုးစုတစ်ခုလုံးဘက်ကနေ ရေရှည်အတွက် ကြည့်ရင်တော့… အဆင်ပြေ၊ မပြေ… ဆိုတဲ့အဖြေကတော့ မိမိတစ်ဦးချင်းရဲ့ ခံယူချက်တွေပေါ်မှာပဲ မူတည်နေပါလိမ့်မယ်ရှင်..။

Saturday, December 08, 2007

ကျွန်းကြီးသူ..

၂ရက်လောက် ရှိပြီ ကျွန်မ တပြုံးပြုံး ဖြစ်နေတာ။ ဘာဖြစ်လို့လဲဆိုတော့
ကနေဒါ အနောက်ဘက် ကမ်းခြေမှ ဘလော့ဂ်ရေးတဲ့ မြန်မာ ဆိုလို့ ကျွန်မ တစ်ဦးထဲ အထီးကျန် ဘ၀မှာ လွတ်မြောက်ပါပြီရှင်။ သူမ ဘလော့ဂ် ကို သိပြီးသားလဲ ဖြစ်ကြပါလိမ့်မယ်။ စာအရေးအသား အလွန်ညက်ညောသူလဲဖြစ်ပါတယ်။ ကျမနဲ့ စံတော်ချိန်တူတူပဲ ဖြစ်ပေမယ့် သူကတော့ အနောက်ဘက်ပြည်နယ်က မြို့တော်တည်ရှိရာ အရမ်းလှပတဲ့ ဗစ်တိုးရီးယား ကျွန်းကြီးပေါ်မှာ နေထိုင်သူ ဖြစ်ပါတယ်။
အောက်ကတော့ သူမနေသော မြို့ရဲ့ ဓာတ်ပုံအချို့နဲ့ သူမရဲ့ဘလောဂ် လိပ်စာပါရှင်..။










jewelofjewel

ညီမရေ.. အစ်မတော့ ပြန်စာမစောင့်ပဲ တင်လိုက်ပြီနော်..

Thursday, December 06, 2007

လူတွေ… လူတွေ

ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကြောင့် ကိုယ်ဘာလဲ ဆိုတာ ပျောက်ကွယ်မသွားဖို့ တစ်ကယ်တမ်း ကြိုးစားမိရဲ့လား.. တစ်ကယ်တော့ လူဆိုတာနဲ့ ကိုယ့်ကိုကိုယ် ဘာလဲဆိုတာ သိဖို့ထက် ရှင်သန်မှုတစ်ခုကို ပိုဦးစားပေးတတ်ကြတယ်..

We humans are on a journey toward societies that are more civilized than those we have now, and in which every single person will be treated fairly regardless of race, ethnicity, sex, gender, religion or age. Since the Stone Age we have come a long way, and it took tremendous amount of work to get where we are today. I believe that we will continue to evolve by changing our ways of thinking, traditions, beliefs, cultures and technology to reach a complete civilization, just as our ancestors went through many different stages of biological and cultural evolution to reach where we are today. While we are on our journey toward this future civilization, every single one of us struggles against domineering power for our rights, equality, beliefs and, ultimately, our existence, while striving to be authentic and free from the influences of the societies we live in, yet enjoying camaraderie and conforming to those societies. In this paper, I define "societies" as the world’s societies, which humans belong to, and "existence" as trying to survive to live to our life expectancy.

ဘယ်လောက်ပဲ တန်းတူ အခွင့်အရေးလိုချင်သော်လည်း အခြေအနေပေါ်မှာ မူတည်လို့ အမျိုးသမီးတွေဟာ self-identity ပျောက်နေဦးမလား.. ဒီစာပိုဒ်လေး တပိုဒ်ထဲဖတ်ပြီး အိမ့်ချမ်းမြေ့ကို feminist ဟု မမြင်စေလိုပါရှင်..။
It was not long ago that American women received the right to vote and to serve on juries. Women had to demand legal equality with men to achieve equality in education, employment and government. In addition, some women such as Babette from DeLillo’s White Noise considered men to have a capacity for insane and violent jealousy, and homicidal rage. Society considers women less valuable than men, although we do not openly admit it. As Virginia Woolf stated, women are considered mentally, morally and physically inferior to men; and women have to serve as looking glasses to reflect the figure of man at twice its natural size. Like she said, women serve men by being mothers and homemakers so that men can go on rendering judgments, civilizing natives, making laws, writing books, dressing up and speechifying at banquets. In the meantime some women rely on their husbands’ larger, more powerful persona to build up and reinforce their own fragile sense of self-worth and self-identity, as Jack from White Noise relies on Hitler’s larger surface. In addition, women always have practiced soft relativism, in which they do not try to challenge anyone else’s, especially men’s, values, particularly when their husbands are richer and more powerful than they are.

လေ့လာတွေ့ရှိချက်အရ ၈၅ရာခိုင်နှုန်းသော ယောင်္ကျားများဟာ narcissist တွေလိုဆိုပါတယ်။
Charles Taylor states that society is sliding toward a "culture of narcissism," in which the individual is important above all. He also states that soft relativism is somewhat rooted in individualism. According to his estimation, 85% of narcissists are males; and I believe that most women are mentally, psychologically and biologically programmed to be soft relativists, but not narcissists. I also believe that we should have the right to choose for ourselves our own pattern of life, instead of fulfilling others' needs all the time. I think we should be somewhat balanced, being soft relativists, individualists and narcissists for our own and society's sake; but we should always remind ourselves that a fine line separates them.

ဒီရုပ်ရှင်လေးကတော့ တစ်ကယ် ပညာပေးလေးပါပဲ။
By coincidence I happened to watch a Burmese movie tonight. The setting was Northern Shan State, which is one of Myanmar's less developed regions. One of the girls from the village became pregnant and did not know who her unborn baby's father was. None of the villagers, including the pregnant girl, had received any formal education or sex education. To make things worse, the region was suffering from a drought, and the villagers thought that her premarital pregnancy was causing it, so everybody started to blame her and rush to find her baby's father. Finally she was sent to a small town nearby that had a hospital, and found out that she was not pregnant, but had fibroids in her uterus. We can see that the girl had no right to speak on her own behalf to defend herself, and that the village's elders, all of whom were men, made all decisions on her behalf. This shows that the time and situation also determine our soft relativism or individualism. The girl could not hold onto her belief to seek her own fulfillment by taking her own life or aborting her baby, but had to conform to her society, especially because it was powerful. Like Don DeLillo points out, humans sometimes obey authority blindly, and are willing to abandon ourselves to a strong personality. On the other hand, we can see that humans continuously attempt to dominate certain people, to oppress and control them, as the elders from the village dominated and made decisions for the girl and her family.

တစ်ခါတစ်ရံ လူတွေဟာ ခြုံလွှာတွေနောက်မှာ ပုန်းကွယ်လို့ မကောင်းမှုတွေ လုပ်တတ်ကြတယ်။ မိန်းမတွေကော ယောင်္ကျားတွေေ၇ာပေါ့။
We also see evidence of human frailty: humans use power, position and authority to cover up their moral and spiritual frailty; boost their ego and hide their evil inside themselves with power, position and authority; and use weapons to abuse the vulnerable. People in powerful positions do not have to be oppressive authorities with weapons, like German SS soldiers. As we all know, monks in all religions, including Catholic and Buddhist monks, lay leaders and even some parents, use their power and authority to sexually, emotionally and mentally abuse defenseless people, including youngsters. Being a woman, it is beyond my understanding how men can be so extremely deceitful, aggressive and cruel when it comes to fulfilling their sexual needs, and can commit these sexual crimes by using their position and their yellow, black or white robes as protection. We can see one man’s deceitful ways through the actions of the project manager responsible for the drug Dylar, Willie Mink, who traded Dylar for sex and who had an affair with Babette, who also traded sex for Dylar. We can also see aggressive behaviour in the character of the self-taught man from Sartre’s Nausea, who is educating himself by reading all of the local library's books in alphabetical order. He might argue that his timid caress of a young boy’s hand in the library is a way of showing his love for mankind; however, it is merely an example of human frailty.

တစ်ခါတုန်းက နိုင်ငံတော်အလံကို ထမီဇောက်ထိုးဝတ်ခဲ့တဲ့ စစ်အစိုးရကို ရွံရှာမုန်းတီးလွန်းလှပါချည်ရဲ့ဆိုတဲ့ ရဲရဲတောက် သူငယ်ချင်းမတွေဟာ အခုတော့ ဗိုလ်ကတော်တွေဖြစ်သွားတာ… အဲဒါကို ဂုဏ်ယူနေကြတာ.. အင်း နာဇီခေတ်က အတိုင်းပဲဆိုပါတော့နော်။
Haffner’s Defying Hitler also gave me the impression that we all conform to the society that we live in for our existence, even that society is frail with weak morality and spirituality; yet may seem strengthened by technology and modernity. However, we can argue that one man's meat is indeed another man's poison, and that Hitler was doing the right thing for his people. Some might say that it is a "necessary evil" for man to fully realize what man is capable of doing. From my point of view, however, it is sad to find out that as Burmese society, German society tended to conform to the Nazis' evil, and that the country's people waited to act until things got really out of hand. Not only did they not try to oppose evil, the Social Democratic leadership betrayed their millions of faithful and blindly loyal followers, according to Haffner. He stated that Severing and Grzesinski betrayed their followers by “yielding to greater force”. Charles Taylor also highlighted this conformity as one of the components in The Malaise of Modernity, which suggests that we lose our freedom due to the predominance of large institutions. For example, a German soldier might want to preserve his own dignity and morality by following his inner voice, and might try to resist killing human beings; however, he will have to honour his country and the institution that he belongs to by carrying out the orders and joining in the killings. In Defying Hitler, Haffner states that camaraderie comforts and helps people who live under unbearable or inhuman conditions. He says that camaraderie helps to make the intolerable tolerable, and also helps people to cope with filth, calamity and death.

တစ်ယောက်က ဒါဆိုရင် အကုန်က လိုက်လုပ်တတ်ကြတဲ့သဘောရှိတတ်တာတွေ၊ တစ်ခါတစ်ရံ သူများနောက်လိုက်လွန်းတာဟာ၊ ပြောသမျှယုံတာဟာ၊ တစွန်းတစလေးနဲ့ ထင်မြင်ချက် ချပစ်လိုက်တာဟာ ခြောက်ကမ်းပါးထဲကို မျက်စိစုံမှိတ် ခုန်ချတာထက် ဆိုးတတ်တယ်ဆိုတာ…
This camaraderie can be seen in the relationship between Babette and Jack in White Noise, by Don DeLillo. Jack suffers from necrophobia, the fear of death, after his exposure to the toxic chemical Nyodene D. Jack and Babette initially help each other to cope with this fear. However, all the advertisements from the stores for products that prevent illness and ageing and help people to stay young and healthy, and her elderly students fighting their ageing, might have pushed Babette toward this fear. Jack does not know that his wife is also suffering from necrophobia, or that she is taking Dyler, which is a psycho-pharmaceutical drug that controls necrophobia. Although Jack’s previous wives belong to the intelligence community and are secretive, Babette is a homey wife who shares everything with her husband until she, too, develops necrophobia. Their camaraderie in sharing the fear of death corrupts them, because I believe that Babette's infidelity, rooted in her uncontrollable fear of dying, is especially important because it signals the convergence of Jack’s fears of dying and plots. Also, as Heffner says, their camaraderie makes them unfit for normal, responsible, civilian life. Babette changes from an open, loving wife into a quiet, somber, cryptic figure because of this camaraderie. I think that if they could somehow accept their mortality, as Winnie does, it could enable them to fulfill their dreams while they are living. As Winnie said, I believe that a sense of belonging to a higher realm, whether it is true or not, could make us peaceful and help all of us to avoid necrophobia.

သူများတွေ သေခြင်းတရားနဲ့ ရင်ဆိုင်ရရင်တော့ ကိုယ်နဲ့ ဘာမှမဆိုင်သလိုနေတတ်တာ.. သူတစ်ပါးမြတ်နိုးတဲ့ အရာတစ်ခုကို စွန့်လွှတ်လိုက်ရလို့ ၀မ်းနဲနေတာကို ကိုယ်လဲတစ်ခါမှ မပိုင်ဆိုင်ဖူးပဲ၊ ကိုယ်လဲ တစ်ခါမှ မခံစားရဖူးပဲ.. ဘာသာရေးခုံမြင့်တွေပေါ်က ထိုင်လို့ လူလူချင်း တရားချတတ်တာ..
To avoid necrophobia can also be seen as a selfish act of humans while we are striving for our existence. It is depressing to see that we value our own existence more than anything else, sometimes even more than the lives of our spouses and our children. It is sad to read that Jews had no choice other than just to watch their wives and children sent to the gas chambers. However, when it comes to the deaths of others, it may seem natural to all of us; they might even become just “numbers.” We see that many people have died. Thousands have died in Afghanistan, thousands have died in plane crashes, tens of thousands perished in the tsunami, and millions have been tortured and killed by genocide. However, it may seem to be a life transforming experience when our loved ones or we face death. DeLillo states that Hitler could not bear to be anywhere near Christmas decorations because his mother had died near a Christmas tree, yet he ordered the ultimate massacre to be carried out on millions of Jews and homosexuals. However, we are free to perceive Hitler as a hero in the sense that his idiocy and mass killings were the catalyst for shaping many great lives.

အမှန်တရားဆိုတာတောင်မှ အချိန်နဲ့အမျှ ထာဝရပြောင်းလဲနေတာ..
One might ask "How would you maintain your faith/belief when everything is falling around you?" and, "How you would try to find authenticity?"
I believe that soft relativism, self-fulfillment and self-centeredness can be practiced better in democratic societies where people have the right to choose for themselves their pattern of life, and where the legal system protects these rights. These practices, which are somewhat highly regarded in Western civilization, would not have worked in Hitler’s era, or in some socialist or communist countries. A person cannot stand up and proclaim, “I am I,” “I can do what I want because I am a free man” or, “This is my authenticity, that I am a homosexual” in font of hundreds of SS men, because that person would be gassed right away. It is obvious that the majority of us tend to choose "existence" over "freedom" when we have the choice, because most of us are afraid of death and we believe that freedom can be had only when we are living. As Sartre suggests, "Man first of all exists, encounters himself, surges up in the world - and defines himself afterwards".
This is why some religions create heaven, life after death or reincarnation, to give people a sense of another existence beyond this one, in hopes that we can somehow continue to define ourselves there.

သေခြင်းတရားကို မိမိကိုယ်တိုင် မြင်ဖူးပါရဲ့နဲ့ ကိုယ်ဘယ်လိုသေမလဲ မဖွင့်ဆိုတတ်တာ..
As Murray Jay Siskind from DeLillo’s White Noise claims, only a shallow person would claim not to fear death. However, I believe that someone suffering tremendously from mental or physical illness might wish to die, finally overcome the fear of death and eventually take his own life, like Virginia Woolf did. As she was suffering from mental illness and attempted to commit suicide, we could also see that she was afraid of death. Her first attempt to commit suicide did not succeed. It is possible that she made another unsuccessful attempt, for she returned from a walk soaking wet, saying that she had fallen. Jack Gladney suffers from necrophobia while Virginia Woolf is longing to die; but Gladney is not suffering from any illness, yet Woolf is suffering from mental illness. I also think we all have encountered an episode of déjà vu about our death, as Don DeLillo points out. He points out that these things are reminders of things that happened before in our minds as visions of the future, yet we didn’t know how to process the experience. It is very interesting when he points out that we have seen our own death, but haven’t known how to make the material surface. This interests me because I believe that I saw death many times before it really happened to my beloved ones. I wish I could interpret those supernatural signs so that I could somehow have prevented those deaths. In addition, when our family members fail to survive or cease to exist, we all tend to continue with our lives and free ourselves of guilt by justifying our loss with the notion that death is just a part of living, or that “life without death is somehow incomplete,” as Murray said. We do this because this is what all societies believe, and we are told that this is how it should be because we are the human symbols of conformity who are thriving for our existence.

ပတ်ဝန်းကျင် ရိုက်ခတ်မှု၊ ထုံးတမ်းစဉ်လာ၊ အာဏာ၊ ဂုဏ်သိက္ခာတွေကို လူတွေ မလွန်ဆန်နိုင်ကြတာ
This conformity is one which humans cannot fight against. We are not free, although we have been fighting to be free for centuries. We live in a world of copies, and even movies are self references: they are movies about movies. Our ego weakens as we overly socialize in modern strength. We cannot stand against conformity to the modern world, which includes technology, peer pressure, power, authority, tradition and prestige. Freedom is perhaps the most important thing about being human, for Sartre. But freedom is frightening, so it is easy to run from it into the safety of roles and realities that are defined by society, or even by your own past. To be free is to be thrown into existence with no "human nature" as an essence to define you, and no definition of the reality into which you are thrown, either. To accept this freedom is to live "authentically," but most of us run from authenticity. This authenticity could take us to the unknown, and I believe that this is what we fear; therefore, we tend to conform to our fellow humans instead of finding our own authenticity. It is not surprising to know that Sartre, the writer of philosophical books, especially on existentialism, declined the Nobel prize for literature. He is known to be the second person to decline the Nobel prize, for fear that it would turn him into an institution.

It is not easy for a person to decide who he is even after knowing "himself" because, as in White Noise, the conformity and camaraderie shared among tourists give the Most Photographed Barn meaning and value. Taylor defines authenticity as an idea of freedom, and says that we need to design ourselves against the demands of external conformity. He thinks that the enemy of authenticity can be social conformity. However, Jack Gladney notices that it is hard to find our own authenticity under the persuasion of modern technology, because it is hard for all of us to be free from technology and popular culture, such as celebrities, soda bottles and cereal packing from the superstore. It is also easier said than done to choose concentration rather than conformity; it is even harder to use a critical approach to social reality, in which we never assume that things are what they seem. To raise questions, investigate and criticize, and to be authentic and free, take courage, time, chance and situation. I am sure that most of us want to be authentic and free, or to be an individual.
However, we live in societies, and we have to somewhat conform to the rules of the society we live in for our own survival.

ဘာတွေပဲ ပြောနေပြောနေ နောက်ဆုံးတော့ စားဝတ်နေရေးကို အရင်ဆုံးဖြေရှင်းနေကြရသူတွေ ခမျာတော့ ငါဘာကောင်ပါလိမ့် ဆိုတာကို မစဉ်းစားနိုင်ကြတာ....
In conclusion, I have learned tremendously by reading these quoted books. These books will not only take up space on my bookshelf, but will be reread occasionally. I believe that my interpretation and views of these books will change as time passes and as my age, knowledge and thinking change. I have learned that a majority of people at the bottom rows of Maslow’s hierarchy of physiological and safety needs have to fight for their existence before finding meaning in their lives, like others who are at the higher levels have done, because people who can fulfill their basic needs have chance to climb to higher levels and, eventually, to the top level, to find meaning in their and others' lives. In contrast, economically developed societies that are full of material goods other than just the basic needs of air, water and food can create individualists whose primary values are the autonomy of the people who search for pleasure, success and freedom; however, societies with a high mean number of births per family, whose members need to share physical space and to recognize the need for cooperation among all members, create camaraderie and conformity. I believe that as humans’ brains continue to grow, and as we proceed on our journey toward a more civilized society, we will always be trying to survive and be authentic.


Reference
DeLillo, D. (1998, December). White Noise. America: Penguin Books
Haffner, S. (2003, July). Defying Hitler: A Memoir. Picador
Levi, P. (1995, January). Survival in Auschwitz. Simon & Schuster Trade
Taylor, C. (1992). The Malaise of Modernity. House of Anansi Press
Woolf, V. (2001, November). Room of One’s Own. Broadview Press
Sartre, J. Paul (2007, April 23). Nausea. New Directions Books

Sunday, December 02, 2007

နှင်းတွေလဲ ကျနေသည်.. ဒီဆောင်းမြောက်လေမြူးသည်..

ဒီဇင်ဘာဝင်တာနဲ့ နှင်းတွေက တဖျောက်ဖျောက်ကျနေတာ ၂ရက်ဆက်တိုက်ရှိပြီလေ..

ရုပ်ရှင်ကား ကောင်းကောင်းလေးကြည့်ပြီး ၀ိုင်လေးသောက်ပြီး အိမ်ထဲမှာ မီးလင်းဖိုလေးနဲ့ နေနေတယ်……..

လို့ ….မထင်လိုက်ပါနဲ့..။

ရေနွေးကြမ်းသောက်ပြီး အလုပ်သွားဖို့ ကားထွက်လို့ရအောင် ကော်ပြားနဲ့ လမ်းဆင်းဆင်းရှင်းနေရပါတယ်။

ကြာရင် ဒီနိုင်ငံက မိန်းမတွေလို အပေါ်ပိုင်းကြီးပြီး ပခုံးကြီး ကား လာတော့မယ်ထင်ပါတယ်။


ဒီနေ့ ညီမလေးရဲ့ မွေးနေ့ စားသောက်ဆိုင်တစ်ခုခုမှာ ထမင်းတူတူစားဖို့ ချိန်းထားတာလဲ ဖျက်လိုက်ရတယ်။

မုန်တိုင်းများ ၀င်လာဦးမလားမသိ…။

ဒီညတော့ မိုးရွာမယ်လို့ ရေဒီယိုက ဆိုထားတယ်လေ။

မိုးရွာမှ နှင်းပျော်မှာမို့…

မိုးကိုစောင့်နေပါတယ်။


အွန်လိုင်းမတက်ဖြစ်တာ အရမ်းကြာနေလို့ အားလုံးကို သတိရလျှက်

ချိုရွှင်သော ဒီဇင်ဘာဖြစ်ပါစေလို့....




နွေနှောင်းမိုးစက်တွေအောက်က ရွက်စိမ်းတွေ လွှမ်းခြုံထားတဲ့ ချယ်ရီပင်လေးဟာ…

အခုတော့လဲ.. နင်းပွင့်ဖြူတွေနဲ့ လိမ်းချယ်လို့ အလှဆင်ထားပါတယ်....




ဒါကတော့နှင်းရည်စိုစွတ်တဲ့ ဂျပန်မေပယ် ပင်လေး…



နွေတုန်းက ပန်းသီးပင်က



နှင်းတွေကြားမှာ အရွက်မဲ့နေတယ်..
(အိမ်ပေါ်က လှမ်းရိုက်လို့ အပင်က ပုသွားသလို ဖြစ်သွားတာပါ)


ဘာညာ.. ညီမ .. အမ သတိရနေပါတယ်။ စိတ်ချမ်းသာပါစေ။
ဘာညာ့ ပန်းသီးပင် ချမ်းနေတယ် လာကြည့်လိုက်ဦးနော်

Saturday, November 24, 2007

မာယာသစ်ပင်

ပတ်ဝန်းကျင်မှ ပိုးစုန်းကြုးလေးတွေ၊ သစ်ပင်တက်ပိုးကောင်လေးတွေ၊ ခြေခြောက်ချောင်း သစ်ခြောက်ကောင်လေးတွေကို မြိန်ရည်ရှက်ရည် စားသောက်တတ်သော သစ်စိမ်းပင်အောက်မှာ သူ တွေဝေစွာရပ်နေခဲ့သည်။ စမ်းရေသံကတော့ တငြိမ့်ငြိမ့်။ အနက်ရောင်နှင်းဆီတွေအောက်မှာ ယုန်ဖြူလေးတွေ တလိမ့်လိမ့်။

သူ၏ မျက်ဝန်းအိမ်ထဲမှာ ကျောက်ဆောင်တွေ ပြိုကွဲနေသည်။
ဖူးကြွနုရွတဲ့ ခြေလှမ်းတွေနဲ့ သွေးစိမ်းရှင်ရှင်ကျနေတဲ့ အသည်းနှလုံးတစ်ခုကို ကျောက်သံပတ္တမြားတွေ စီချယ်ထားတဲ့ ရွှေလင်ပန်းပေါ်မှာ သယ်ဆောင်လျှက် စပါးခင်းကိုဖြတ်လျှက် လုံမပျိုက လှုပ်လီလှုပ်လဲ့ ခြေလှမ်းများနှင့် သူရှေ့သို့ သယ်ဆောင်လာနေသည်။


တိတ်ဆိတ်သွားတော့မယ့် သူ့တွက်သံစဉ်တွေကို
မမြင်ရဲလို့ ခုထဲက ဒီအသည်းနှလုံးကို မစားသုံးလိုဟု သူက လုံမပျိုကိုဆိုသည်။
လုံမပျိုက ကျမအသည်းနှလုံးကို စားသုံးပါလော့ဟု မျက်စိစုံမှိတ်လျှက် အော်ဟစ်ငိုယိုလိုက်သည်။ ပတ်ဝန်းကျင်မှ ငှားငှားစွင့်စွင့်ပွင့်နေသော ဖွင့်ဖတ်တွေမှာ အစူးတွေငေါထွက်နေသော နက်ပြာရောင် ပန်းပွင့်တွေ ငုံသွားသည်။ ငှက်ကလေးတွေ တဖုတ်ဖုတ် ကျလာသည်။ စမ်းရေစီးသံ ရပ်တန့်သွားသည်။ ယုန်ဖြူလေးတစ်ကောင် ရင်ကွဲသေသွားသည်။

သူ ထိတ်လန့်ကြောက်ရွံ့စွာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။
ယောင်ယမ်းလျှက် သစ်ပင်ကို လက်ထောက်လိုက်မိသည်။ သစ်ပင်ထဲမှာ ဖြူဖွေး ချောမွေ့လှပသော၊ နှုးညံ့သိမ်မွေ့သော လက်တစ်စုံက ဖေးမ မယောင်ယောင်နှင့် သူ့ကို တွန်းထိုးလိုက်သည်။
အရှိန်ပြင်းစွာ ထွန်းထုတ်လိုက်သည်။ အားကြီးလွန်းစွာ…

သူ …. လုံမပျို၏ ရင်ခွင်ထဲကို အလဲလဲ အပြိုပြို ပြုတ်ကျသွားသည်။
သူမ၏ သွေးတွေနှင့် စိုစွတ်နေသော ရွှေရင်အုံ၌ သူမျက်နှာအပ်၍ ငိုကြွေးလိုက်မိသည်။
မျက်ရည်တွေကြားမှ သစ်စိမ်းပင်ဘက်သို့ မော့ကြည့်လိုက်သည်။ သစ်ကိုင်းတစ်ကိုင်းမှာ သူ့၏ အသဲနှလုံးက လေကြမ်းကြမ်းအောက်တွင် ယိမ်းထိုးနေသည်။

လုံမပျိုက မြက်ခင်းပေါ်မှ ရွှေလင်ပန်းနားမှာကျနေသော သူမ အသဲနှလုံးကို တုန်ယင်နေသော လက်အစုံနှင့် ကောက်ယူလိုက်သည်။ သူရဲ့ ဟာလာဟင်းလင်း ရင်ဘတ်အစုံဘက်ထိ ခပ်ဖြည်းဖြည်း ယူဆောင်လာနေသည်။ လုံမပျိုကို သူ တွန်းထုတ်လိုက်သည်။ တောင်ကုန်းလေးအတိုင်း လုံမပျို တလိမ့်ခေါက်ကွေးကျသွားသည်။

စမ်းချောင်း၏ လှမ်းခေါ်သံကို သူ ကြားလိုက်ရသည်။ အေးမြသော၊ ကြည်လင်သော ဒီစမ်းချောင်းက သူ့ကို အနက်ရှိုင်းဆုံး၊ အကျယ်ပြန့်ဆုံး ပင်လယ်ပြာတစ်ခုသို့ သယ်ဆောင်ပေးသွားနိုင်မည်ဟု သူ ယုံကြည်လိုက်မိသည်။ စမ်းချောင်းဘက်သို့ သူ လျောက်သွားသည်။ ကြည်လင်သောရေအလျင်ကို သူငေးကြည့်နေမိသည်။ ခပ်လှမ်းလှမ်းကလုံမပျို၏ တောင်းပန်တိုးလျိုးသံကို သူ ကြားနေရသည်။

သစ်ပင်စိမ်းကို သူတချက်ကြည့်လိုက်မိသည်။ လေက ခပ်ပြင်းပြင်းတစ်ချက် တိုက်ခတ်လိုက်သည်။ ချိတ်ထားတဲ့ သူ့အသည်းနှလုံးက အရှိန်ခပ်ပြင်းပြင်းနဲ့ မြေပြင်ပေါ်သို့ကျလာသည်။ ပတ်ဝန်းကျင်မှာ တစ်စစီကျဲပြန့်သွားတဲ့ သူ့အသည်းနှလုံးကို လုံမပျိုက တစ်စစီ ပြန်ကောက်ယူဖို့ ကြိုးစားသည်။ သစ်ပင်စိမ်းပေါ်က တို့လို့တန်းလန်း သံမဏိအသည်းနှလုံး၊ ပန်းအသည်းနှလုံး၊ ဖဲအသည်းနှလုံး၊ မှော်အသည်းနှလုံး၊ အတ္တအသည်းနှလုံး၊ မရွေးအသည်းနှလုံး၊ ဖော့အသည်းနှလုံး၊ ပလတ်စတစ်အသည်းနှလုံးတွေထံမှာ ဂီတသံတွေ ကြားနေရသည်။

နောက်.. ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားသည်။

လုံမပျိုက သူ ယူဆောင်မသွားသော သူမ၏ နှလုံးသားကို လင်ပန်းထဲသို့ ပြန်ထည့်လိုက်သည်။ သူထားခဲ့သော နှလုံးသားကြေမွမွနှင့် သူမ၏ အသည်းနှလုံးကို ၀ိုင်းရံလျှက် စမ်းရေပြင်ကို ငုံကြည့်နေသည်။ လုံမပျိုလောက် သူ့ကို ချစ်တတ်သောသူ မပေါ်သေးဟု လုံမပျိုက ကြေကွဲစွာ တတွတ်တွတ် ရွတ်ဆိုနေတော့သည်။

Thursday, November 22, 2007

ဒီမိုးကို မိုးဟု…

မိုးစက်တွေနဲ့ ရောယှက်နေသော လေနုအေးက ကားပြူတင်းပေါက်မှ ဖြတ်တိုက်သွားသည်။ လမ်းဘေးမှ သစ်ပင်တွေတရိပ်ရိပ်ပြေးနေသည်။
ကျောင်းအဆင်း ၀င်ခေါ်လာတဲ့ သားတော်မောင်က ဖခင်လုပ်သူကို တစ်ချက်စောင်းငဲ့ကြည့်ပြီး ပြောလိုက်သည်။

“ဒီည မိုးရွာမယ်လို့ ရေဒီယိုကပြောတယ်”
“အခုရွာနေတယ်လေ” ဖခင်လုပ်သူက ပြန်ပြောသည်။
“ရေဒီယိုကတော့ ဒီညရွာမယ်ပြောတယ်”
“ရေကာမှန်ကို ကြည့်လေ..။ အဲဒါမိုးမဟုတ်လို့ဘာလဲ သားရ”

“ရေဒီယိုက ပြောတာကို ပြောပြတာပါ”
“ရေဒီယိုက ပြောတာနဲ့ အထောက်အထားတွေနဲ့ မြင်နေရတာတွေကို၊ အသိတရားတွေကို ငြင်းဆန်ပစ်ရတော့မှာလား”
“အသိတရား၊ အသိတရားဟုတ်လားအဖေ။ ကျွန်တော်တို့ရဲ့ အသိတရားက မှန်နေတာထက် မှားနေတာ ပိုများပါတယ်။ ဓာတ်ခွဲခန်းတွေထဲမှာ သက်သေတွေရှိတယ်။ မြင်နေသမျှအရာတိုင်း မြင်တဲ့အတိုင်းမဟုတ်ဘူးဆိုတဲ့ သီအိုရီကို အဖေ ဘယ်နားသွားထားမလဲ။ တကယ်တော့ အတိတ်၊ ပစ္စုပန်၊ အနာဂတ်ဆိုတာလဲ ကိုယ့်စိတ်ထဲမှာဖြစ်နေတာပဲ။ ပတ်ဝန်းကျင်က ကြားနေရတဲ့ အသံတွေတောင် စိတ်ကို လှည့်စားနိုင်တာပဲ။ အသံတစ်ခုခုကို မကြားတာနဲ့ အဲဒီအသံဟာ တည်ရှိမနေဘူးလို့ ဘယ်လိုငြင်းချက်ထုတ်မလဲ။ လူတွေမကြားနိုင်ပေမယ့် ခွေးတွေကြားနိုင်တယ်။ တခြား သတ္တ၀ါတွေကြားနိုင်တယ်။ ခွေးတွေမကြားနိုင်တဲ့ အသံလှိုင်းတွေတောင် ရှိတယ်။ ဘယ်သူမှမကြားနိုင်တဲ့ ဒီအသံတွေဟာ လေထဲမှာလှိုင်းတွေအနေနဲ့ရှိနေတယ်။ သိပ်ကိုမြင့်လွန်းတဲ့ အသံတွေ။ ဆူညံအုန်းထနေမှာ။ တနေရာရာက လာတဲ့ အသံတွေပေါ့။ ဘယ်သူမှမကြားနိုင်တဲ့ အသံတွေ။ ကိုယ်မကြားတိုင်း၊ မမြင်တိုင်း မရှိဘူးလို့ ဘယ်လိုပြောနိုင်မလဲ”

“အခု မိုးရွာနေလား မရွာနေဘူးလားသာ ဖြေစမ်းပါကွာ”
“မပြောချင်ဘူး အဖေ”
“အခုနေ တစ်ယောက်ယောက်က မင်းခေါင်းကို သေနတ်နဲ့ ထောက်ပြီးမေးရင်ကော”
“ဘယ်သူမေးမှာလဲ။ အဖေလား”
“တစ်ယောက်ယောက်ပေါ့ကွာ။ မျက်မှန်နက်တပ်ထားတဲ့ မိုးကာရှည်ကြီးနဲ့ လူတစ်ယောက်ဖြစ်ဖြစ်၊ မင်းခေါင်းကို သေနတ်နဲ့ထောက်ထားပါမယ်တဲ့၊ ပြီးတော့မေးမယ် မိုးရွာနေလား၊ မရွာနေဘူးလား မေးမယ်။ မင်းအမှန်ကိုပြောရမှာပဲ”

“ဘာအမှန်လဲအဖြေ၊ ဘယ်အမှန်တရားကို သူလိုချင်မလဲ။ ဘယ်ထောင့်ကကြည့်မယ့် အမှန်တရားလဲ။ အလင်းနှုန်းနဲ့ လာနေတဲ့ တစ်ခြား ဂယ်လက်ဆီကလာတဲ့ လူတစ်ယောက်ရဲ့ အမှန်တရားလား။ အဲဒီလူတွေ တစ်ကယ်လို့ ကျွန်တော်တို့ကို တယ်လီစကုပ်နဲ့ကြည့်လို့ ၂လက်မ အမြင့်လောက်ပဲ ရှိနိုင်မယ့် ကျွန်တော်တို့ရဲ့ ဒီနေ့ရွာနေတဲ့ မိုးဟာ သူတို့အတွက် မနေ့က ရွာနေတဲ့ မိုး ဖြစ်မနေနိုင်ဘူးလား”
“မင်းခေါင်းကို သေနတ်နဲ့ ချိန်ထားမှတော့ မင်းရှုထောင့်ရဲ့ အမှန်တရားပေါ့ကွ”
“ကျွန်တော့ရှုထောင့်ရဲ့ အမှန်တရားကကော ဘယ်လောက် ယုံကြည်နိုင်ရလို့လဲ။ တခြား နေစင်္ကြာကလာတဲ့ သူတစ်ဦးဦးအတွက် ကျွန်တော်တို့ရဲ့ မိုးဟာ ဆပ်ပြာ ဖြစ်ချင်ဖြစ်နေမှာပေါ့။ ကျွန်တော်တို့အတွက် ပန်းသီးဟာ သူ့အတွက် မိုး ဖြစ်ချင်ဖြစ်နေမှာပေါ့။ အဲဒီတော့ ကျွန်တော်က သေနတ်ချိန်ထားသူကို ဘာပြောရမလဲ.. ကဲ”
“သူမင်းခေါင်းကို သေနတ်နဲ့ ချိန်ထားတယ်။ အခု၊ လက်ရှိ၊ မိုးရွာနေလား မရွာနေဘူးလား သိချင်တယ်”
“ယခု ဆိုတာ ဘယ်တုန်းက ရှိလို့လဲအဖေ။ ယခုလို့ ကျွန်တော်ဆိုပြီးချိန်မှာ အတိတ်ဖြစ်သွားပြီလေ”

“မင်းခုနကပဲပြောတော့ အတိတ်၊ ပစ္စုပန်၊ အနာဂတ်ဆိုတာ မရှိဘူးဆိုကွ”
“ဟုတ်တယ်။ မရှိဘူး။ ကြိယာတွေထဲမှာပဲရှိတာ”
“မိုးက ကြိယာ မဟုတ်ဘူးနော်။ နမ်။ ဒီနေရာမှာ မိုးရွာနေလား မရွာနေဘူးလား”
“အဖေ.. ရွေ့လျောနေတဲ့ ကားပေါ်မှာ ဒီနေရာမှာ မိုးရွာနေလား မေးနေကတည်းက ဆွေးနွေးဖို့ ခက်နေပြီ”
“အဖြေသာပေးစမ်းပါ သားရာ”
“ကျွန်တော် ခန့်မှန်းရုံပဲ ခန့်မှန်းနိုင်မယ်အဖေ”
“ဒါခန့်မှန်းဖို့ မလိုဘူးကွ၊ မိုးရွာလား မရွာနေဘူးလား၊ ဒါပဲဖြေ”
“ဒါပဲလေအဖေ၊ ရွာလား၊ မရွာလား ခန့်မှန်းချက်တစ်ခုပဲ မဟုတ်ဘူးလား”
“ဟ.. မင်း မိုးရွာနေတာ မမြင်ဘူးလား”

မဟုတ်သေးဘူးလေ အဖေ၊ နေက ကောင်းကင် အရှေ့က အနောက်ကို ရွေ့သွားတာ အဖေမြင်တာပဲမဟုတ်ဘူးလား။ ဒါပေမယ့် တစ်ကယ်တမ်းက ကမ္ဘာက ရွေ့နေတာ၊ နေက ရွေ့နေတာမဟုတ်ဘူး။ ကျွန်တော်တို့ မြင်နေတာက ဘယ်လောက်မှန်နေလို့လဲ
“ဒီဥပမာကို အဖေလက်မခံနိုင်ဘူး”
“အဖေ... ရွာနေတာမိုးပါလို့ သေချာလို့လား။ ဟိုဘက်မြစ်တစ်ဘက်ကမ်း စက်ရုံက ဆာလဖြူရစ် အက်စစ်တွေ ရွာချနေတာ မဖြစ်နိုင်ဘူးလား။ တရုပ်ပြည်ဘက်ကလာတဲ့ ဓာတ်ငွေ့တွေ ရွာချနေတာကော မဖြစ်နိုင်ဘူးလား။ အဖေ ဒါကို မိုးလို့ခေါ်တယ်။ လူတွေက မိုးလို့ ခေါ်တယ်။ ဒါတစ်ကယ်မိုး အစစ်လား။ မိုးဆိုတာကကော ဘာလဲ။ ဘယ်လိုသရုပ်ခွဲထားလဲ”
“ကောင်းကင်က ကျလာတဲ့ အရာ၊ မင်းတစ်ကိုယ်လုံးကို ရွှဲစေတဲ့အရာဟေ့”
“အခု အဖေ မိုးစိုနေလို့လား။ ကျွန်တော်တော့ မစိုဘူး”
“ကောင်းပြီ၊ ငါအရှုံးပေးတယ်၊ ရှုပ်ထွေးပွေလီမှုတွေ၊ စနစ်တကျဖြစ်ပေါ်ခြင်းမရှိတဲ့ အရာတွေ၊ မသေချာမရေရာမှုတွေ အတွက် အောင်မြင်မှုသရဖူ ဆောင်းပေးလိုက်တယ်။ သိပ္ပံ အသိရဲ့ အနှုးညံ့ဆုံး အချိန်တစ်ခုပဲ”
“မရွဲ့ပါနဲ့အဖေရာ”

မိုးရေထဲမှာ ကားလေးက တရွေ့ရွေ့။
မိုးရွာနေသည်။
မိုးရွာနေသည်။
ဒီမိုးကို မိုးဟု… လူတွေခေါ်ကြသည်။

Don DeLillo ၏ White Noise မှ ကောက်နှုတ်ချက်။

Monday, November 19, 2007

ငယ်ဘ၀ရယ် ပြန်မရနိုင်တော့တယ်..

ချစ်လေပြေက ငယ်ငယ်က ကစားခဲ့ဖူးတဲ့ ကစားနည်းလေးတွေကို ဝေမျှခိုင်းတယ်။
ကျွန်မကိုယ့်အကြောင်း ပြောပြရဦးမှာပေါ့နော်။ ကဲ.. မထူးတော့ပြီပဲ။
ငယ်ဘ၀က အကြောင်းလေးတွေ အကုန်ပြောပြမယ်နော်။

ကျွန်မတို့တွေ လမ်းတစ်လမ်းလုံးနီးပါး ဆွေမျိုးတွေချည်းပဲဆိုတော့ ၀မ်းကွဲ အကို၊မောင်၊ အမ ညီမတွေနဲ့ ခြံထဲမှာ ကစားနည်းပေါင်းမျိုးစုံ ကစားခဲ့တယ်။
မိန်းကလေးကျောင်းကလဲထွက်သူမို့ တက္ကသိုလ်ရောက်တဲ့အထိ ကလေးစိတ်က မကျွတ်။ ခြံတွေက ပုံဏ္ဌရိပ်ပင်တွေနဲ့ပဲ ကာထားတာများတယ်။ အုတ်ခြံစည်းရိုးတွေ သိပ်မရှိဘူး။ ရှိရင်လဲ တစ်ခြံနဲ့ တစ်ခြံ တိုးရိုပေါက် ဖွင့်ထားတယ်။ အိမ်မှာ ကူညီတဲ့ အမကြီးတွေကလဲ အပျိုတွေများတော့ သူတို့ကိုပါ ကျွန်မတို့ ခေါ်ကစားတယ်။ နဲနဲအသက်ကြီးတဲ့ အဒေါ်ကြီးတွေဆို သူတို့မမြင်နိုင်တဲ့ နေရာမှာ သွားကစားတယ်။ အခုပြန်စဉ်းစားရင် ကလေးဘ၀ရဲ့ အပျော်ဆုံးအချိန်တွေကို ပြည့်ဝစွာရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။


မိန်းကလေးတွေစုမိရင် ထုံးစံအတိုင်း အိုးပုတ်ခွက်တမ်း ကစားတယ်။ ပုံဏ္ဌရိပ်ပန်းလေးတွေကို အရည်ဖျော်တော့ အနီရောင်ရည်လေးနဲ့ ဇီးဖျော်ရည်လုပ်ရောင်းတယ်။ အအေးရောင်းတယ်။ သဲတွေကိုရေနဲ့ဖျော်ပြီး ငပိလုပ်တယ်၊ မုန့်စိမ်းပေါင်းလုပ်တယ်။ နောက်ပြီး သြဇာစေ့တောက်တယ်။ ဇယ်တောက်တယ်၊ တွင်းတူးတာတမျိုး၊ အထိတမျိုး၊ အကျော်တဖုံ စသဖြင့်။ မပန်တို့လိုပဲ သားရေကွင်းတွေဆက်ပြီး အီစွတ်ခုန်တယ်။ ကိုးတန်းဆယ်တန်းထိကို ခုန်တာ ကိုယ်လုံးလှတယ်ဆိုလို့။ (ပြောရတာတော့ ခပ်ရှက်ရှက်ပဲ အရပ်ကတို့ရေ)

အကိုတွေ မောင်တွေ စုံရင် စစ်တိုက်တမ်း ကစားတယ်။ နွေရာသီကျောင်းပိတ်ရင် လူကြီးတွေ အလုပ်သွားချိန်မှာ တစ်ခြံလုံးအနှံ့၊ ခြံထဲက အိမ်တွေထဲပါမကျန် စစ်တိုက်တမ်းကစားတယ်။ အိမ်ဆောက်လက်စ အဒေါ်အိမ်တစ်အိမ်မှာ ပုံထားတဲ့ သဲပုံပေါ်ကို ၀ရံတာပေါ်ကနေ တန်းစီပြီး ခုန်ချကြတယ်။ လပေါင်းများစွာပဲ။ အိမ်ဆောက်အလုပ်သမားတွေကလဲ ကလေးတွေ မဆော့နဲ့လို့ လုံးဝမပြောဘူး။ ခုန်ချကြလို့ ပြားသွားတဲ့ သဲပုံကြီးကို စိတ်ရှည်လက်ရှည် ဂေါ်ပြားတွေနဲ့ ပြန်ပုံတော့ ချွန်ချွန်လေးပြန်ပြန် ဖြစ်သွားတယ်။ သဲပုံချွန်ချွန်လေးဟာ ကျွန်မတို့မောင်နမတွေကို လက်ယပ်ခေါ်နေသလိုပဲ။ တစ်နေ့တော့ Bionic Woman လို့ အော်ပြီး ခြေကားလက်မြှောက်နဲ့ ကျွန်မ ခုန်ချပြီး သဲပုံပေါ် ပက်လက်ကြီးအိပ်လို့ ကောင်းကင်ပြာကို ငေးနေလိုက်တဲ့ အချိန်မှာပဲ ရုံးက စောစောပြန်လာတဲ့ အဒေါ်ကားက သဲပုံဘေးမှာ ထိုးရပ်တဲ့ အချိန်နဲ့ တိုးသွားပါတယ်။

ညနေစောင်းတွေ ကန်ကြီးပေါ်မှာ လမ်းလျောက်ထွက်မယ်ဆိုပြီး ကန်ထဲမှာ ရွံနိုက်တယ်။ ငါးနှိုက်တယ်။ နေ့လည်ဆို ရွံ့တွေကို သယ်လာပြီး အကိုတွေ၊ မောင်တွေနဲ့တူတူ လောက်စာလုံး လုံးတယ်။ နွေရာသီ ရေခမ်းချိန်ဆို ကန်နံရံပေါ်မှာ hiking တက်တယ်။ ငါးရှဉ့်ပေါက်ကို နှိုက်တယ်။ တစ်ခါက မောင်တယောက် ငါးအနှိုက်ကောင်းလို့ ရေနစ်ပါလေရော။ ကံကောင်းလို့ သူဘာမှ မဖြစ်တယ်။ အဲဒီညက မောင်နှမတွေ တန်းစီ ဆော်ခံထိတယ်။ တစ်ယောက်အိမ်တစ်ယောက် တစ်ပတ်လောက် မလည်ရဘူး။ ကျွန်မတို့မောင်နှမတွေကို လူကြီးတွေက တစ်ခါတည်းမှာထားတယ်။ ရန်ဖြစ်ရင် သူတို့ကို ဘယ်သူမှ လာမတိုင်ရဘူးတဲ့။ ကိုယ့်ပြဿနာကိုယ်ရှင်း သူတို့ဘယ်တော့မှ မ၀င်ဘူး။ တကယ်လဲ ပြောတဲ့အတိုင်းလုပ်တယ်။ ပြဿနာဖြစ်ရင် ဖြစ်သူတွေပဲ တိုက်ရိုက်ရှင်းရတယ်။

ကျွန်မတို့တွေ အုတ်ကန်အကြီးကြီး ရှိတဲ့ ဦးလေးအိမ်က ကန်ထဲကို မောင်နှမတွေ တန်းစီဝင်တယ်။ အုတ်ကန်ထဲမှာ ရေကူးတယ်။ ဦးလေးနဲ့အဒေါ်က ပြန်လာရင် ခြေရာလက်ရာပျက်နေတော့ ပြောတာပေါ့။ နောက်နေ့လဲ ၀င်ကူးတာပဲ။ မကူးဖြစ်တဲ့နေ့ သစ်ပင်တက်တယ်။ ကတက်ပင်၊ မာကလာပင်၊ ဇောင်းကားပင်၊ စကားပင် အပင်မှန်သမျှ အကုန်တက်တယ်။ ရေတွင်းလေးနားက ကတက်ပင်ကတော့ ကျွန်မ အကြိုက်ဆုံးပေါ့။ စာတက်ကျက်တယ်။ အဲ.. ၁၀တန်းထိပဲ။ ခရေရှင်က “မိုးခေါင်တော့မယ်… xxxx ရယ်”လို့ ကတက်ပင်အောက်က ခပ်တိုးတိုးလာပြောတော့မှ သစ်ပင်တွေဘက် ခြေဦးလှည့်ခြင်းမှ ရပ်ဆိုင်းသွားတော့တာပါပဲ။

ကျွန်မဆီမှာ မမီလို(မယ်လိုဒီမောင်) ခါးပတ်နက် သူငယ်ချင်းကောင်မလေး၂ယောက်ရှိတယ်။ သူတို့ကို သိပ်အားကျတာ၊ လမ်းလျောက်ရင်ကို မြောက်ကြွမြောက်ကြွ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ပေါ့။ ကျွန်မ ကရာတေးသင်ချင်လို့ အဖေ့ကို တဂျီဂျီ။ အဖေက အဲဒါလက်မခံပေမယ့် ဂစ်တာ၊ တယောနဲ့ စန္ဒယားတော့ ခွင်ပြုပါတယ်။ ညညဆို ခြံနောက်က မန်ကျည်းပင်အောက်က သဲဖြူတွေပေါ်မှာ မိန်းကလေးတွေစု ဂစ်တာတီးသူတီး၊ ကရာတေး ခိုးသင်ပေးသူ သင်ပေးပေါ့။ တစ်ခြားသူငယ်ချင်းမလေးတွေ နှုတ်ခမ်းနီပါးနီဆိုးချိန်မှာ၊ ဆံပင်လေးတွေ စင်းအောင်ဖီးချိန်မှာ၊ အချစ်ကိစ္စရင်ခုန်တတ်ချိန်မှာ ကျွန်မတို့ ညီအမတွေက သိုင်းဝတ္ထုတွေဖတ်၊ ထမီကိုတရွတ်တိုက်ဆွဲအောင် အရှည်ကြီးဝတ်၊ လွယ်အိတ်ကိုစလွယ်သိုင်း၊ မိုရွာထဲ တမင်ထီးမဆောင်းပဲ ကားယားကားယားနဲ့ လမ်းလျောက်နေခဲ့တာပါပဲ။

နည်းနည်းအရွယ်ရောက်လာတော့ (တက္ကသိုလ်ပထမနှစ် ၁၇နှစ်လောက်) နွေရာသီဆို အဖေက သူတာဝန်ကျရာ အရပ်လေးကို ခေါ်သွားပါတယ်။ အဲဒီမှာ ပျော့ပျော့အေးအေးလေးနဲ့ ပုံသွင်းတော့တာပါပဲ။ မောင်နှမတွေနဲ့ ဝေးသွားတော့ လူက ငုတ်တုပ်ကြီး ငြိမ်ပြီး အဖေပေးထားတဲ့ Times, Newsweek နဲ့ အဘိဓာန်တွေ (အင်္ဂလိပ်စာ မကျွမ်းကျင်လို့) ကြားမှာမျက်ရည်လည်အောင် စိတ်ညစ်ခဲ့ပါတယ်။ သူရုံးသွားတာနဲ့ ဂစ်တာဒေါင်ဒင်ခေါက်တော့တာပါပဲ။ ထန်းတောထဲသွား ကလေးတွေနဲ့ ဇယ်တောက်တယ်။ အိမ်နောက်ဖေးက သူငယ်ချင်းမတွေကိုခေါ်ပြီး ပင်လယ်ထဲမှာ ရေခိုးကူးတယ်။ ဟိုလေ.. လေတ၀ှီးဝှီးကျောက်ဆောင်ပေါ်မှာ ထန်းရည်သောက်တယ်။ အဖေ့ရှေ့မှာတော့ Rubik Cube ကစားတယ်၊ ကွန်ပြူတာဂိမ်းကစားတယ်။ အဖေနဲ့တော့ သေနတ်ပစ်တယ်။ ချက်စ်ထိုးတယ်။ ကွန်ပြူတာဂိမ်းကစားတယ်။ အင်္ဂလိပ်စာတိုးတက်အောင် Word Games တွေ ကစားတယ်။ အပြောအဆိုတွေလဲ တဖြည်းဖြည်းပြင်တာပေါ့။ ထမင်းစားပါဦးလား ဆိုတာထက် ထမင်းသုံးဆောင်ပါရှင် အဲလိုအဲလိုပေါ့။ နောက်ဆုံးတော့ ကျွန်မလဲ စိတ်ညစ်လွန်းလို့ အမေ့ကိုငိုယိုတိုင်လို့ နွေရာသီအကုန်မှာ ရန်ကုန်ပြန်ခဲ့ပါတယ်။

နောက်တော့လဲ တဖြည်းဖြည်းနဲ့ ပျော်စရာကလေးဘ၀နဲ့ ပျော်စရာ ကစားပွဲလေးတွေကို စွန့်လွှတ်ခဲ့ရတာပါပဲ၊ အခုတော့လဲ လောကဇာတ်ခုံပေါ်မှာ ကစားပွဲတွေကို နိုင်လိုက် ရှုံးလိုက်နဲ့ ဆက်လက် ကစားနေနေရဆဲပါပဲ။ ကိုယ်နိုင်ရင်ပြုံးလိုက်၊ ရှုံးရင်မဲ့လိုက်ပေါ့။ တစ်ကယ်တော့ ငယ်ငယ်က ကစားနည်းတွေဟာ ဘ၀ရဲ့ တစ်ကယ့် ကစားနည်းတွေတွက် ရှေ့ပြေးလေ့ကျင့်ေ၇းတွေပေမယ့် တစ်ကယ်တမ်း ဘ၀ရဲ့ ကစားပွဲထဲမှာ ကျင်လည်ရတဲ့ အခါမှာတော့လေ……….။

Tuesday, November 13, 2007

လွမ်းတယ်….။

လွမ်းတယ်……….
ဆီမီးလေးတွေ လှုပ်ခတ်သွားတဲ့အခါ
ထင်းရှုးကိုင်းတွေ ကြွေကျသွားတဲ့အခါ
ငှက်ကလေး တစ်ကောင် ပျံထွက်သွားတဲ့အခါ..
လွမ်းတယ်….။

လွမ်းတယ်………..။
ရောင်စုံသစ်ရွက်တွေ ကြွေသွားတဲ့အခါ
တိမ်နီတွေ လွင့်သွားတဲ့အခါ
ရထားဥသြသံတွေ ပျံ့လွင့်တဲ့အခါ…..
လွမ်းတယ်…။

လွမ်းတယ်….။
ကြယ်တွေကို မင်းမျက်ဝန်းတွေနဲ့ မှားတဲ့အခါ…
ဆံနွယ်တွေ လေမလွင့်တဲ့အခါ
ပင်လယ်ပြင် တိတ်ဆိတ်စွာ ငိုညည်းတဲ့အခါ…
လွမ်းတယ်……။

မေ… လေ
မသေခင်အထိ..
မင်း ကို လွမ်းနေမယ်….



တနှစ်ခွဲခဲ့သော်လည်း.....
မနေ့ကအတိုင်းပဲ။



Thursday, November 08, 2007

အိတ်

ဂျစ်က တက်ဂ်ထားတော့လဲ ရှက်ရှက်နဲ့ ရေးရပါတော့တယ်။
တက်ဂ် ဂိမ်းတွေဟာ ကိုယ့်အဖြစ် လူတော်တော်သိစေပါလားနော်။
ကျွန်မအိတ်က မှောက်ချလိုက်တော့မှ သူများတွေလို စိတ်ဝင်စားစရာမကောင်းဘူးဆိုတာ သိလိုက်ရတယ်။ အထူးသဖြင့် ဒီမို့အိတ်ဆို စိတ်ဝင်စားစရာတွေ တပုံတပင်ပါပဲ။ ဘာလေးတွေလဲဟဲ့ ဆိုပြီး သူ့အိတ်ထဲက ချစ်စရာပစ္စည်းလေးတွေကို စိတ်ဝင်တစား ကျွန်မသေသေချာချာ ကြည့်ခဲ့လိုက်သေးတယ်။




ကျွန်မအိတ်ကတော့ ဘာမှထွေထွေ ထူးထူးတော့မရှိပါဘူး။ အကြွေးဝယ်ကဒ်ပြားတွေ၊ လိုင်စင်ကဒ်၊ စာကြည့်တိုက်ကဒ်၊ ကျမ်းမာရေးကဒ်၊ ကိုယ်ချစ်ရသူတွေရဲ့ ဓာတ်ပုံတွေနဲ့ ပိုက်ဆံထည့်တဲ့ အိတ်အမဲသေးသေးလေးရယ်၊ ရုံးထဲဝင်တဲ့ လုံခြုံရေးကဒ်ပြားရယ်၊ ဖုန်းနဲ့ နားကျပ်ရယ်၊ ကားသော့ရယ်၊ အလှပြင်ပစ္စည်းထဲ့တဲ့ အိတ်အစိမ်းနုလေးရယ်၊ ဖတ်လက်စ စာအုပ်နဲ့ စာအုပ်မှာ ရေးဖို့၊ တားဖို့ ဘောပင်နဲ့ high-lighter ရယ် ဒါပါပဲ။ စာအုပ်တစ်အုပ်အုပ် ဖတ်မနေတဲ့ ရက်တွေဆိုရင်တော့ လက်ငါးလုံးလောက်ပဲရှိတဲ့ အိတ်အသေးပျော့ပျော့လေး ကိုင်ပါတယ်။ ဖြစ်နိုင်ရင် ဘာမှ မသယ်ချင်သူပါ။ အကြွေထဲ့တဲ့ အိတ်အမဲ သေးသေးလေးတစ်ခုလဲ ရှိပါတယ်။ ပျောက်နေတာ နှစ်ရက်ရှိပြီ ဒါကြောင့် ဒီပုံထဲမှာ မပါပါဘူး။

အိတ်အစိမ်းနုရောင်ကိုလဲ ဘလော့ဂါ ညီမတော် အစ်မတော်တွေအတွက်ဖွင့်ချပါမယ်။ သူတို့ စိတ်ဝင်စားမယ်ထင်လို့ပါ။ ဘာမှတော့ ထွေထွေထူးထူးမရှိပါဘူး။ တစ်ကယ်တော့ အဲဒီထဲက ပစ္စည်းတွေကို စိတ်ထင်တဲ့ ရက်မှ သုံးတာပါ။ စိတ်မထင်တဲ့ရက်ဆို အအေးဓာတ်ခံနိုင်ဖို့ မျက်နှာကို လိုရှင်းပွတ်၊ နှုတ်ခမ်းကို lip gloss ပွတ်ပြီး ရုံးကို ပြေးတော့တာပါပဲ။
ကဲ… ဒီမှာပါရှင်။



ပုလင်းလေးက hand moisturizer, နောက်တော့ lip gloss, lip liner, mascara and curler, shadow, compact, စိတ်ရှုပ်တဲ့နေ့ ဆံပင်သပ်တင်ရန်အတွက် paper clip ရှာမတွေ့သော နေ့တွေမှာ တပ်ရန် အတွက် ကလစ်လေးများ (ကျပျောက်တတ်လွန်းလို့ သုံးလေးခု ထဲ့ထားပါတယ်)။ ကျန်တဲ့ လက်စွပ်နဲ့ နားကပ်က ဘယ်တုန်းက ချွတ်ပြီး အိတ်ထဲထဲ့ထားလဲမသိ။ ဒီလိုပဲ နဲနဲလက်လေးတဲ့ နေ့၊ နားရွက်လေးတဲ့နေ့ဆိုရင် ချွတ်ပြီး တွေ့တဲ့နေရာ တစ်ခုခုမှာ ထားလိုက်မိတတ်လို့ ငယ်ငယ်ကဆို အမေရဲ့အဆူကို ခဏခဏခံရတတ်ပါတယ်။ ဆက်လက်ပြီး တက်ဂ်မှာကတော့…. ဒီပိုစ့်ကိုဖတ်ပြီး အခြားသူများ တက်ဂ်လုပ်ထားတဲ့ အထဲမှာ မပါသော ဘလော့ဂါ မမလေးများပဲ ဖြစ်ပါတယ်ရှင်။

Monday, October 29, 2007

ဘ၀ခြားလို့လေလား



Yan: မလေးရေ.... သရဲအကြောင်းရေးဖို့ Tag တယ်ဗျာ. မလေးက ၀တ္တုရေးတာ သိပ်ကောင်းတော့ ရေးတာတွေ တကယ်ကို ပြောင်မြောက်မှာ သေချာတယ်. နော်မလေးနော်. ရေးပေးနော်...
လို့….ကိုရန်အောင်က Halloween နဲ့ပတ်သက်ပြီး ကျွန်မကို ရေးခိုင်းတာနဲ့ ရေးမိပါပြီ။

ပထမဆုံး သူတို့ကို သရဲလို့ ဝေါဟာရ မတတ်ဘဲ ၀ိညာဉ်များလို့ တတ်ခွင့်ပေးပါ။ သူတို့ကို နဖူးတွေ့၊ ဒူးတွေ့ တွေ့ချင်လို့ တစ်ပိုင်းသေနေတဲ့ ကျွန်မ၊ သေဆုံးခြင်းရဲ့ တစ်ဘက်မှာ တစ်စုံတစ်ရာ ရှိနေတယ်ရယ်လို့ လက်တွေ့ သိချင်တဲ့ ကျွန်မ၊ သူတို့နဲ့ ဆုံလောက်တဲ့ နေရာတွေကို တစ်ယောက်ထဲ သွားဖူးပါတယ်။ သူတို့ကို ရှာဖူးပါတယ်။ ခေါ်ဖူးပါတယ်။ တွေ့ချင်လွန်းလို့ တွေ့ပါရစေရယ်လို့ တောင်းပန်ဖူးပါတယ်။ ဆောက်တည်ရာမရ၊ ပေါက်ကွဲအော်ဟစ်လို့ ထွက်လာကြစမ်းပါလို့လဲ စိန်ခေါ်ဖူးပါတယ်။

ကျွန်မ သိပ်ချစ်သူတွေ ဒီကမ္ဘာက ထွက်ခွာသွားတိုင်း ကျွန်မ ည ညတွေ ခြံထဲဆင်း၊ ငုတ်တုပ်ထိုင်၊ တွေ့လေမလား၊ မြင်လေမလားရယ်လို့ ပေတရာလမ်းမပေါ် တစ်ယောက်ထဲလျောက်လို့ ရှာခဲ့ဖူးပါတယ်။



စာတမ်းတွေ၊ သုတေသနတွေကတော့ သေဆုံးပြီးသွားသူတွေဟာ ဒီ dimension မှာ ဆက်လက်တည်ရှိနေတာဟာ လုပ်စရာအလုပ်ကျန်နေသေးလို့၊ ဒါမှမဟုတ် ကျန်ရစ်သူတွေကို မထားခဲ့နိုင်သေးလို့၊ သူတို့ခန္ဒာသေဆုံးသွားပြီဆိုတာကို မသိသေးလို့လို့ဆိုပါတယ်။ ငယ်ငယ်က အိပ်ရာဝင်ပုံပြင်တွေထဲကလို ကြောက်စရာ၊ လန့်စရာ၊ အပျင်းပြေ ပျော်တော်ဆက် ဖျော်ဖြေရာတွေထက် (တစ်ကယ်တမ်း တခြားဒိုင်မင်းရှင်း တစ်ခုခုမှာ သူတို့ ရှိနေတယ်ဆိုရင်ပေါ့) သနားစရာ၊ ကိုယ်ချင်းစာနာစရာ ၀ိညာဉ်တွေပါ။ တစ်ခါတစ်ရံမှာ သူတို့မကျွတ်လွတ်လို့ သူတို့ရှိနေတာဆိုပြီး ကြောက်နေတာထက် လုပ်ကိုင်စရာ ကိစ္စကို ပြီးပြတ်အောင် ဆက်လုပ်နေရသူတွေအနေနဲ့ လေးစားသင့်ပါတယ်။ ကူညီသင့်ပါတယ်လို့ ထင်ပါတယ်။ သူတို့တွေနဲ့ ကိုယ်တွေနဲ့စာရင် ဒီအတ္တဘောကြီးတွေကို ဖြည့်ဆည်းနေရတဲ့ ကိုယ်တွေက၊ ရက်စက်ညှင်းပန်းသတ်ဖြတ်နိုင်တဲ့၊ နှုတ်အား၊လက်အားတွေနဲ့ အချင်းချင်းနာကျင်စေတဲ့ ကိုယ်တွေက ခန္ဒာမရှိတော့တဲ့ သူတို့ထက် ပိုကြောက်ဖို့ကောင်းမယ်လို့ ထင်ပါတယ်။



အချို့တွေပြောတာကတော့ ဒီကမ္ဘာကြီးက ထင်ထားတာထက် လူဦးရေတွေ ကျပ်ညှပ်နေပြီလို့ ဆိုပါတယ်။ မြင်ရသောကိုယ်၊ မမြင်ရသောကိုယ်တွေနဲ့ ပြည့်ကျပ်နေပြီ၊ ဟိုဘက် dimension နဲ့ ဒီဘက် dimension တွေ ပွတ်တိုက်နေပြီလို့ဆိုပါတယ်။ ဘာသာရေးအယူတွေအရ ကောင်းကင်ဘုံ၊ နတ်ပြည်၊ ငရဲပြည်တွေဟာ ဂယ်လက်ဆီတွေအဆင့်ဆင့်ဖြတ်မှ ရောက်တယ်လို့ ထင်တဲ့အထဲမှာ ကျွန်မတော့ မပါပါ။ (မှန်သည်မှားသည်မဆိုလိုပါ၊ မည်သူမျှလဲ သက်သေမပြနိုင်သေးပါ) ငရဲဆိုတာလဲ ပွက်ပွက်ဆူတဲ့ ဆီအိုးသာမှန်ရင် ဒါတွေဟာ ဥပမာအလင်္ကာတွေပဲ ဖြစ်မည်ထင်ပါတယ်။ ကောင်းကင်နဲ့ ငရဲဟာ နောင်ဘ၀တွေမှာ ရှိသည်၊ မရှိသည်ထက် ယခုဘ၀မှာ ရှိနေတာတော့ သေချာပါတယ်။

စာတမ်းများ၊ သုတေသနပေါင်းများစွာလဲ ဖတ်ရလွန်းလို့ အလွတ်ရကာနီးပေမယ့်လည်း ကိုယ်တိုင် လက်တွေ့မကြုံတွေ့ရသမျှ ယုံရခက်လို့……..။
သူတို့ လဲလျောင်းရာနေရာကို တစ်နေ့တော့ ညနေစောင်းလောက်မှာ တစ်ယောက်တည်း ရောက်သွားပါတယ်။ ကားလမ်းမကြီး တဘက်က လူသေတို့ အိပ်စက်ရာ နေရာကတော့ ပန်းတွေ၊ ရောင်စုံသစ်ပင်တွေ၊ ငှက်ကလေးတွေ၊ ရှဉ့်ကလေးတွေ၊ ညနေခင်းလမ်းလျောက်သူအချို့တွေနဲ့ ပိုတောင်မှ အတ္တတွေကင်းလို့ အေးမြနေပါသေးတယ်။ မြို့ပြရဲ့ ပူလောင်တဲ့ အရိပ်တွေကင်းဝေးလို့ ငြိမ်းချမ်းမှုတွေကို ခံစားနေရပါတယ်။

ညတော်တော်မှောင်လာတော့ ကျွန်မ ပျင်းရိလာတယ်။ ရှစ်နာရီထိုးနေပြီ၊ မြက်ခင်းစိမ်းပေါ်မှာ လမ်းလျောက်ရင်း နဲနဲ စိတ်တိုလာပါတယ်။ ဒီလောက် လူတွေလူတွေ အိပ်စက်နေတာ၊ တစ်ယောက်တစ်လေမှတောင် အရိပ်အယောင်တောင်မပြကြဘူးလားရယ်လို့ ကျွန်မ ဒေါသထွက်လာပါတယ်။ အကုန်ကျွတ်လွတ်လို့ ကမ္ဘာမြေကြီးကို တစ်ယောက်မှ လှည့်မကြည့်တာတော့ မဖြစ်နိုင်၊ ဒီလောက်ရာထောင်ချီမြှုပ်ထားတဲ့ နေရာမှာ တစ်ယောက်မဟုတ် တစ်ယောက်တော့ ကျန်နေရမှာပေါ့။




အိပ်မက်တွေ၊ သစ်ပင်လှုပ်တာတွေ၊ ကြက်သီးထတာတွေ အဲဒါတွေက မိမိကိုယ်ကဖြစ်တတ်တာတွေလဲ ပါတာမို့ မျက်လုံးနှစ်လုံးနဲ့ကို တွေ့ရမှ ကျေနပ်နိုင်မှာမို့ ကျွန်မ အသံထွက်ပြီးကို စိန်ခေါ်လိုက်ပါတယ်။ ပတ်ဝန်းကျင်ကို စောင့်ကြည့်တယ်။ တိတ်ဆိတ်နေတယ်၊ ထပ်ပြီး နှုတ်ကထွက်ပြီးကို စိန်ခေါ်တယ်၊ တောင်းပန်တယ်၊ စကားပြောတယ်၊ အကုန်လုံးကို တောင်းပန်တယ်။ မမြင်နိုင်သောအရာကို မြင်ရတဲ့ စက္ကုအာရုံပေးပါဘုရားလို့တောင် တောင်းလိုက်တယ်။ အရမ်းတိတ်ဆိတ်နေတယ်။ ဘာမှ ထူးထူးခြားခြားမတွေ့ရဘူး။

အဲဒီအချိန်မှာ ခပ်လှမ်းလှမ်းက ခြုံပုတ်က လှုပ်လာတယ်။ ကျွန်မ အားတက်သွားတယ်။ စိတ်လှုပ်ရှားတယ်။ ခြုံပုတ်ထဲကို စိုက်ကြည့်နေတယ်။ တစ်ကယ်ဖြစ်လာတော့ ကျွန်မ အသက်ရှုဖို့မေ့နေတယ်။ ခြုံပုတ်က ပိုလှုပ်လာတယ်။ နောက်ဆုံးတော့ ခြုံပုတ်ထဲက တစ်ကယ်ကို ထွက်လာပါတော့တယ်။ ကျွန်မ တစ်ကယ်ကိုကြောက်သွားတယ်။ ကျွန်မမျက်လုံးနဲ့ကိုမြင်တာပါ။ သော့ကိုနှိပ်ပြီး ကားတံခါးကို အဝေးက လှမ်းဖွင့်ထားလိုက်တယ်။ တွိတွိဆိုတဲ့ အသံက တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ အကျယ်ကြီး ပဲ့တင်ထပ်သွားတယ်။ အဲဒီအသံကြောင့် ထိုအရာကလဲ တုံ့သွားတယ်။
ကျွန်မ ကြောက်တာမှ အရမ်းကြောက်နေတယ်။ ဒါပေမယ့် ကျွန်မကားဘက်ကို ဖြည်းဖြည်းချင်း ခြေလှမ်းဆုတ်ဆုတ်ပြီး နောက်ပြန်သွားတယ်။ မျက်လုံးက မလွတ်စေပဲ စောင့်ကြည့်နေတယ်။ ထိုအရာကလဲ စိုက်ကြည့်နေတယ်။ ကျွန်မရင်တွေ အရမ်းတုန်နေခဲ့တယ်။ ကားနားရောက်တော့ တံခါးဖွင့်ပြီး မြန်မြန်ဝင်ထိုင်လိုက်ပါတယ်။

ပြီးတော့……..
ပြီးတော့……..

ကျွန်မ ခွက်ထိုးခွက်လန် ရယ်မောလိုက်ပါတယ်။ ကျွန်မအသံထွက်ပြီး ပြောလိုက်ပါတယ်။
“Lord, this is not what I asked for” လို့။
ပြီးတော့ ကျွန်မ၀မ်းနဲသွားတယ်။ ဒါပေမယ့် ကျွန်မလိုချင်တဲ့ အဖြေကို ကျွန်မ မရလိုက်လို့ ကျွန်မ ၀မ်းနဲခဲ့ပါတယ်။ ကျွန်မ တွေ့လိုက်တာ ခွေးအနှစ်ကောင်ပါ။ ကျွန်မ တကယ်လဲ ကြောက်ပါတယ်။ ခွေးအ ကို ကျွန်မကြောက်တယ်။

တစ်ကယ်တော့ အခုထိ ၀ိညာဉ်တွေနဲ့ စကားစမည်ပြောဖို့ ကျွန်မ မျှော်လင့်နေဆဲပါ။ ကိုယ်ကိုတိုင် မျက်မြင်ကိုယ်တွေ့ မသေခင်တော့ တွေ့ချင်သေးတယ်လို့လဲ ကျွန်မ ဆက်လက်ဆုတောင်းနေဦးမှာပါ။ ရှိစေချင်ပါတယ်။ သူတို့တွေကို ရှိနေစေချင်တယ်။ ဘ၀တွေ၊ ၀ိညာဉ်တွေကိုလေ… သေဆုံးပြီး ဘာမှ မရှိတော့တဲ့ သုညထက်စာရင်…. သူတို့ရှိနေပါစေလို့…။ တစ်ကယ်တမ်း Halloween ညတွေမှာ သူတို့ပျော်တယ်ဆိုရင်တောင် ပျော်ကြပါစေ။ အိမ်အပြန်လမ်းပျောက်သူတွေလဲ လမ်းရှာတွေ့ပါစေ။ အလင်းတန်းကိုတွေ့ကြပါစေ။ တပ်မက်မှုတွေ၊ အတ္တတွေ၊ ခွင့်မလွှတ်နိုင်မှုတွေမှ ကင်းဝေးလို့ လွတ်မြောက်တဲ့၊ သာယာတဲ့ နေရာကိုရောက်ကြပါစေ…….. လို့..။ သံသရာမှ ကျွတ်ချင်သူတွေ ကျွတ်ကျပါစေ၊ ဘုရားသခင်ဆီရောက်ချင်သူတွေ ရောက်ကြပါစေ၊ ကောင်းကင်ဘုံရောက်ချင်သူတွေ ရောက်ကြပါစေ၊ နှိဗာန်ရောက်ချင်သူတွေ ရောက်ကြပါစေ။

အခွင့်သာမယ်ဆိုရင်လဲ ကျွန်မကိုယ်တိုင် ၀ိညာဉ်တစ်ဦးဦးကို မျက်မြင်ကိုယ်တွေ့ တွေ့ပါရစေလို့…….


Friday, October 26, 2007

စောင်းအိုရှင်နဲ့ မြင်းဖြူရှင်

သူငယ်ချင်းတစ်ယောက်က ဓာတ်ပုံလေး တစ်ပုံ ပို့လာတယ်။ အဲဒီပုံလေးကို မြင်ပြီး ငယ်ငယ်က ဖတ်ဖူးတဲ့ ရင်ထဲစွဲနေတဲ့ ပုံပြင်လေး တစ်ပုဒ်ကို သွားသတိရလိုက်မိတယ်။

တစ်ခါက တိုင်းပြည်တစ်ခုမှာ နန်းရှင်ဘုရင်ကြီးတစ်ပါးရဲ့ သမီးတော် တစ်ပါးရှိသတဲ့။ အဲဒီသမီးတော်လေးကို မိထွေးတော်က မုန်းမုန်းနဲ့ တောထဲက ရဲတိုက်တစ်ခုထဲမှာ လှောင်ပိတ်ထားတာပေါ့။ ရဲတိုက်တံခါးကိုလဲ ကျိန်စာတွေနဲ့ ပိတ်ထားတယ်တဲ့။ ဘယ်သူမှ ဖွင့်မရအောင်လို့။ ရဲတိုက်နားကို ကြိုးတွေဘာတွေနဲ့ တက်မရအောင်လဲ အမျိုးမျိုး ကာရံထားတယ်။ သမီးတော်လေးက ရဲတိုက်ထဲမှာ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ နေရတယ်။ အနီးအနားတိုင်းပြည်က မင်းသားတွေကလဲ သမီးတော်လေးကို ကယ်တင်ဖို့ ရထားလုံးနဲ့တစ်ခါ မြင်းနဲ့တဖုံ၊ ရောက်ရောက်လာကြပေမယ့် ရဲတိုက်တံခါးဝက ကျိန်စာကို ဖတ်ပြီး ပြန်ပြန်လှည့်သွားကြတယ်။

တစ်နေ့ကျတော့ အညတရ စောင်းသမားရှင်တစ်ယောက်က စောင်းပိုက်လို့ ရောက်လာတယ်။ မင်းသမီးလေးရှိရာ ရဲတိုက်ပြူတင်းပေါက်ကို မော့ကြည့်တယ်။ မင်းသမီးလေးကလဲ နုံနုံချာချာ စောင်းသမားရှင်ကို ငုံ့ကြည့်တယ်။ စောင်းသမားရှင်က ရဲတိုက်အောက်ခြေ တံခါးဝက စာကို ဖတ်ပြီး ထုံးစံအတိုင်း ခေါင်းငိုက်စိုက်ချ ထွက်သွားတာပေါ့။ အဲဒီအချိန်မှာ ခပ်လှမ်းလှမ်းမှာ မင်းသားတစ်ပါးက မြင်းဖြူကြီးစီးပြီး ရပ်ကြည့်နေတယ်။ သူလဲပဲ ကျိန်စာကို ဖတ်ပြီး ခေါင်းငိုက်စိုက်ချ ထွက်သွားတယ်။

ဒါပေမယ့် နောက်ရက်တွေမှာ မြင်းဖြူရှင်နဲ့ စောင်းသမားတို့က ထပ်ရောက်လာတယ်။ ရောက်လာပြီး အဲလိုပဲ ပြန်လှဲ့သွားတယ်။

တစ်နေ့တော့ ရဲတိုက်တံခါးကြီးက ပွင့်နေတယ်။ မင်းသမီးလေးက ရဲတိုက်လှေကားတွေပေါ်က ဖြည်းဖြည်းချင်း ဆင်းလာတယ်။ ခပ်လှမ်းလှမ်းမှာ မြင်းဖြူရှင်က မြင်းပေါ်ကစောင့်နေတယ်။ မင်းသမီးက မြင်းဖြူရှင်ဆီ လျှောက်သွားတယ်။ မြင်းဖြူရှင်က မင်းသမီးကို မြင်းပေါ်တင်ပြီး ထွက်ခွာသွားတယ်။

ရဲတိုက်ခြေရင်းမှာတော့ စောင်းသမားရှင်က လဲကျနေတယ်။ သူ ရီဝေနေတဲ့ မျက်လုံးတွေနဲ့ တဖြည်းဖြည်းဝေးသွားတဲ့ မြင်းပေါ်က မင်းသမီးလေးကို ကြည့်နေတယ်။

ရဲတိုက်တံခါးဝမှာ ရေးထားတဲ့ကျိန်စာကလေ…

မင်းသမီးလေးကို လွတ်မြောက်စေချင်ရင် တစ်ကယ်မေတ္တာစစ်နဲ့ ချစ်တယ်ဆိုရင်၊ ရဲတိုက်တံခါးကို ဖွင့်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ မိမိနှလုံးသွေးနဲ့ ရဲတိုက်တံခါးကို ပက်ဖျန်းပေးလိုက်ပါတဲ့။ အဲဒီတနည်းနဲ့ပဲ ကယ်တင်နိုင်မယ်လို့ ရေးထားတာပါ။

စောင်းသမားရှင်ဟာ မြေပြင်ပေါ်မှာ လဲကျနေရင်း၊ သူ့လက်ထဲက ဒါးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း မင်းသမီးလေး လွတ်မြောက်သွားတာကို ကျေနပ်စွာငေးကြည့်နေခဲ့တယ်…….။ မင်းသမီးလေးကတော့ သူ့ကိုယ်ပေါ်ကိုတောင် ကျော်လွှားသွားတယ်လို့ မူရင်းစာရေးသူက ဇာတ်နာအောင် ရေးထားတာပေါ့ကွယ်။

ပုံပြင်လေးကတော့ အဲဒါပါပဲ။

ဒါပေမယ့်….

ဒီဓာတ်ပုံထဲက မင်းသမီးကတော့ မြေပုံလေးကို သံယောဇဉ် မပြတ်ပဲ စောင်းငဲ့ကြည့်နေခဲ့ပါတယ်။


Monday, October 22, 2007

ကျွန်မ နှစ်သက်သော တောင်တန်းများ

ဘာရယ်မဟုတ် အသစ်မတင်ဘူးလား အော်နေသော သူငယ်ချင်းများတွက်
နွေတုန်းက ဒီနားက ရေကန်တစ်ခုကို အသွားလမ်းမှာ ရိုက်ထားတာပါ။


ဆယ်မိနစ်လောက် မောင်းရင် မြို့ပြင်ကို ရောက်သွားပါတယ်။
တိမ်တွေကြားမှာ ပုန်းနေတဲ့ Mt. Baker....




ကနေဒါ-ယူအက်စ် ဘော်ဒါနားက တောင်တန်းတွေ




မြင်းကြိုက်တဲ့ သူငယ်ချင်းတစ်ယောက်အတွက်...ွ
ဆိတ်နှစ်ကောင်ပါ အဆစ်ပေးလိုက်တယ်


သောင်စပ်က ဘီကီနီမလေးတွေကို ရိုက်ခဲ့ခိုင်းတဲ့ နောက်ထပ်သူငယ်ချင်းတွက်
သောင်စပ်မှာတော့ အများကြီးပဲ..
အနီးကပ် တော့ မရိုက်ခဲ့နိုင်တာ ခွင့်လွှတ်…






ပြောင်းခင်းရှင် လယ်သမားရဲ့ ဆောက်လက်စ အိမ်


ကျွန်မနှစ်သက်တဲ့ စိမ်းပြာရောင်..

Tuesday, October 16, 2007

နှင်းဆီဖြူ

ပြောင်လက် တောက်ပနေတဲ့ အခန်းထဲက ဒေါင့်တစ်ထောင့်က ကုပ်တိုင်မှာ ချိတ်ထားတဲ့ ၀တ်ရုံနီကြီးကို လှမ်းကြည့်ပြီး တစ်ချက်ပြုံးလိုက်တယ်။ လက်ထဲက ဖတ်နေတဲ့ စာရွက်အချို့ကို စားပွဲပေါ်ကို ခပ်ကြမ်းကြမ်းပစ်ချလိုက်တယ်။ ကုလားထိုင်ကထပြီး ကုပ်တိုင်ဘက်ကို လမ်းလျောက်သွားတယ်။ ချိတ်ထားတဲ့ဝတ်ရုံနီကိုလှမ်းယူ၊ လွှားခနဲ ၀ိုက်ပြီး ခြုံလိုက်တယ်။ နံရံပေါ်က ကိုယ်လုံးပြည့်မှန်ထဲက ကိုယ့်ကိုကိုယ် ကျေနပ်စွာ တစ်ချက်ကြည့်လိုက်တယ်။
ပြီးတော့ ခုံရုံးခမ်းမဘက်ကို ဟန်ပါပါလျှောက်လာခဲ့တယ်။

ခမ်းမကြီးထဲမှာ ပခုံးပေါ်မှာ အရောင်တလက်လက်တောက်နေတဲ့ ဘားတွေ၊ ခေါက်ရိုးမကျိုးတဲ့ စစ်ဝတ်စုံတွေ၊ ပြောင်လက်နေတဲ့ ရှုးဖိနပ်တွေ။ ညာဘက်မှာတော့ အစောင့်အကြပ်တွေ တင်းကျပ်စွာချထားကြားမှာ ငုတ်တုပ်ထိုင်နေတဲ့ လူငယ်သုံးယောက်။

ထိုင်နေကြ ခမ်းနားလှတဲ့ ခုံကြီးပေါ်မှာ ခပ်တည်တည်ဝင်ထိုင်လိုက်တယ်။ တရားခံတွေကို တစ်ယောက်ပြီး တစ်ယောက်ရှေ့ကို ဆွဲထုတ်လာစေတယ်။ သူတို့မျက်နှာတွေကို စေ့စေ့ကြည့်လိုက်တယ်။ အလွန်ဆုံးရှိမှ နှစ်ဆယ်၊ နှစ်ဆယ့်တစ်ပေါ့။ တက္ကသိုလ်ကျောင်းသားပေါက်စတွေ၊ နိုင်ငံရေးအကြောင်း ဘာများ သိမှာမို့လို့လဲ။ လက်ဝဲ၊ လက်ယာ၊ နိုင်ငံတော်ဆိုရှယ်လစ်ပါတီ၊ ဂျူးဆန့်ကျင်ရေး၊ ဆီမက်တစ်ဝါဒ၊ ဘယ်လောက်များ သိမှာမို့လို့လဲ။ မဖြစ်ညစ်ကျယ် ဦးနှောက်လေးတွေနဲ့ ဟစ်တလာ ဆန့်ကျင်ရေး၊ စစ်ဆန့်ကျင်ရေး ၀ါဒတွေကို စာတစ်တန်ပေတစ်တန်ဖွဲ့လို့ လိုက်ဝေနေကြတာ။ ဘာတဲ့…။ သူတို့ကိုယ် သူတို့လဲ နှင်းဆီဖြူဂိုဏ်းတဲ့..။

“ဘယ်လိုမှ ဒီစစ်ကို ဂျာမန်တွေ မနိုင်ဘူးဆိုတာ ခင်များကြီး သိရဲ့လား”
ဒီလို အဆောင်အယောင် အပြည့်ကြားထဲမှာတောင်မှ၊ စစ်ဖိနပ်တွေကြားထဲမှာတောင်မှ သတ္တိရှိပြနေသေးတဲ့၊ သူ့နေရာကနေ အပေါ်ကိုမော့ကြည့်ပြီး လည်ပင်းကြောတွေ ထောင်အောင် အော်ပြောနေတဲ့ လူ့ငနွားလေးမျက်နှာကို စိုက်ကြည့်လိုက်တယ်။
“မှတ်ထား၊ ငါတို့ ဂျာမန်တွေ ဒီစစ်ကြီးကို အရှုံးကြီး ရှုံးလိမ့်မယ်
ခုံရုံးခမ်းမထဲက ဂျာမန်စစ်ဗိုလ်တွေ မသိမသာ ခေါင်းငိုက်စိုက်ကြသွားတယ်။

“ဟားဟားဟား၊ မင်းတို့ အသက်က ငါ့လက်ထဲမှာ ရှိတယ်ဆိုတာ သိတယ်မဟုတ်လား”
အသံသြကြီးနဲ့ အော်ကြီး ဟစ်ကျယ် အော်ရီပစ်လိုက်တယ်။ ခုံရုံးတစ်ခုလုံး ခြောက်ခြောက်ခြားခြား ရယ်သံကြားမှာ တိတ်ဆိတ်ငြိမ်သက်သွားတယ်။

“မင်းတို့ကိုယ် မင်းတို့ ဘာထင်နေလဲ၊ ဂျာမန်အချင်းချင်း သစ္စာမဲ့သူတွေပဲ။ ဟစ်တလာကို သစ္စာဖောက်သူတိုင်းဟာ တိုင်းပြည်သစ္စာဖောက်တွေပဲဆိုတာ မင်းတို့ မသိကြဘူးလား”
“ကဲ… မင်းတို့အသက်အတွက် မင်းတို့ အသနားခံကြပေတော့”

ပထမဆုံးတစ်ယောက်က မသိမသာ အံကြိတ်ခေါင်းငုံရင်း အိမ်မှာ ကျန်ခဲ့တဲ့ ကလေးသုံးယောက် မျက်နှာကိုထောက်လို့ အသက်ကို ချမ်းသာပေးဖို့ အသနားခံနေလေရဲ့။
စိတ်ထဲက ကြိတ်ရယ်လိုက်တယ်။ ဒီခုံရုံးဟာ ဟန်ပြ ခုံးရုံးသတ်သတ်လေ။ အစထဲက တရားရုံးဆုံးဖြတ်ချက်က ချပြီးသားပဲ။ သေခါနီး ဂယောင်ခြောက်ခြား အသက်ကို ချမ်းသာပေးဘို့ တောင်းဆိုပုံကို အရသာခံကြည့်မလို့။

ဒုတိယတစ်ယောက်ကတော့ ပြတ်သားတိကျတဲ့ မေးရိုးတွေကို ထောင်နေအောင် အံကြိတ်ထားရင်း
“အမှန်တရားအတွက် ဆယ်ခါပြန်သေရဲတယ်ဟေ့” လို့ တခန်းလုံး ပဲ့တင်ထပ် အော်ဟစ်လိုက်တယ်။ သနားပါသေးတယ်။ မင်းလဲ နေဖို့ မထိုက်တန်ဘူး။

“ဇိုဖီယာရှိုးလ်”
ဟိန်းထွက်နေအောင် အော်ပစ်လိုက်တယ်။ ကောင်မလေး အံကိုကြိတ်ရင်း မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ ပြန်ကြည့်တယ်။
“မင်းကော ဘာပြောချင်လဲ”

“တစ်နေ့ ငါတို့ ရပ်နေတဲ့ နေရာမှာ နင်ရပ်ရလိမ့်မယ်”

“ဘာ”
သွားစမ်းပါ။ ကိုယ့်အသက်တောင် ကိုယ်မပိုင်သူတွေ။ အမိန့်တစ်ချက်ပဲလိုတယ်။
မတ်တပ်ရပ်လိုက်တော့ အားလုံး မတ်တပ်ရပ်ကြတယ်။
အမိန့် ချနေပြီ။

သွားကြ၊ အားလုံးသေကြ၊ လူသုံးထောင်ပတ်ဝန်းကျင်ရဲ့ အသက်တွေက ငါ့အမိန့် လေးတစ်ခုအောက်မှာ ကြက်ကလေး ငှက်ကလေးပဲဆိုတာ မင်းတို့သိထားလိုက်ကွ။ တစ်ခုတော့ပြောလိုက်မယ်။ သူများတွေလို ၉၉ရက် အချိန်မပေးဘူး။ နာရီပိုင်းအတွင်း ဒီကမ္ဘာထဲက ထွက်သွားကြတော့။ တစ်ခုတော့ ပြောလိုက်မယ်နော်။ ဒါသက်ညှာမှုတစ်ခု။

**********

နာလိုက်တာ၊ ကျင်လိုက်တာ။
ငါ့ကိုယ်ပေါ်က တိုင်လုံးကြီးပိနေတာ ဘယ်လောက်ကြာနေပြီလဲ။
ဟော.. အပြင်မှာလဲ လေယာဉ်သံတွေ၊ ဗုံးသံတွေ။
ငါ့ပတ်ဝန်းကျင်မှာ နှင်းဆီဖြူဂိုဏ်းရဲ့ နာဇီဆန့်ကျင်ရေး စာရွက်တွေလဲ ဖြူဖွေးနေပါလား။
လေယာဉ်တွေပေါ်က ကြဲချနေတာလား။
အား.. ကျွတ်ကျွတ်..
ငါသတ်မိန့်ပေးသူတွေကို မနာကျင်အောင် သတ်စေခဲ့ပေမယ့် ငါ အခု အရှင်လတ်လတ် ငရဲကျနေသလိုပါပဲလား။ တစ်ကယ်ပါ အသက်ညှာဆုံး၊ မခံစားရစေဆုံး သတ်စေတာတောင် ငါအခုခံနေရပါလား။ လှုပ်လို့လဲမရ။

ငါ့မိန်းမ ငါ့ကိုစွန့်ခွာသွားပြီ။ သတ်မိန့်ပေါင်း သုံးထောင်နီးပါးချထားတဲ့ သွေးစွန်းနေတဲ့ ငါ့လက်တွေ၊ ငါ့နှုတ်ခမ်း၊ ငါ့မျက်နှာကြီး၊ ငါ့ကိုယ်ကြီးနဲ့ ဝေးရာကို ငါ့မိန်းမထွက်ခွာသွားခဲ့တာလဲကြာပေါ့။

ငါ့သားလဲ ငါ့ကို ထားခဲ့ပြီ။ ငါ့ရဲ့ သွေးစွန်းတဲ့ အသက်မွေးမှုကို မခံနိုင်တော့လို့ သူ့ကိုယ်သူ အဆုံးဆီရင်သွားခဲ့ပြီ။
ငါသေချင်လှပါပြီ။ ဝေဒနာမခံစားနိုင်တော့ဘူး။
လူတွေကို သတ်မိန့်ပေးခဲ့တဲ့ ဒဏ်တွေကို ငါသေခါနီးကျတော့ မချိမဆန့် ခံစားနေရပြီလေ။

ငါ့သမိုင်းကို ငါရေးနေတယ်။
ဟုတ်တယ်။ ငါဆိုတဲ့ ရိုဟန်ရိုက်ခဟတ်ဆိုတာ လူယုတ်မာ၊ လူမဆန်တဲ့ လူယုတ်မာပေါ့။
ငါ့ကို သတိရရင် လူပေါင်း သုံးထောင်ကို ခေါင်းဖြတ်သတ်စေလို့ အမိန့်ချသူ မရဏမင်းအနေနဲ့ လူတွေ သတိရကြတော့မယ်။ တစ်ကယ်တော့ ဟစ်တလာ အလိုပြည့်ဘို့ ဖြည့်စွမ်းခဲ့ရသူတစ်ယောက်ပါလား၊ ဟိုဘက်ခြမ်းမှာ ငါ့ကို ဘာတွေ စောင့်နေကြမလဲ။ တစ်ကယ်ရင်ဆိုင်ရတော့ ငါသွေးပျက်နေပြီ။
ခရစ်တိုဖာပရောဘ်၊ ဟန်စ်ရှိုးလ်၊ ဇိုဖီယာရှိုးလ် ဆိုတာတွေကတော့ မြူးနစ် ယူနီဗာစီတီ ရဲ့ ပြောင်လက်တောက်ပတဲ့ ကျောက်ပြားခင်း ခမ်းမကြီးတွေရဲ့ နံရံတွေပေါ်မှာ လူငယ်လူစွမ်းကောင်းတွေအဖြစ်၊ သူတို့ရဲ့ ရုပ်ထုတွေ ကြီးကျယ်ခမ်းနားစွာ နေရာယူကြတော့မယ်။

သေခြင်းတရားကို ဆိုးရွားတယ်လို့ လူတွေ ဘာလို့ထင်ကြသလဲ။ ပြောကြစမ်းပါ။
ရှင်လျှက် ခံနေရတာထက်၊ သေသွားတာ ပိုမကောင်းဘူးလား။
ငါသေပါရစေတော့၊ ငါ့ဝေဒနာတွေ ချုပ်ငြိမ်းပါစေတော့။

(သမိုင်းကို ပြန်လည်ခံစားပါသည်)

LinkWithin

Related Posts Plugin for WordPress, Blogger...