မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, December 19, 2006

ရေဆန်ငါး

သံလွင်အိပ်မက် အမှတ်(၈) မှာ ပါလာတဲ့ ကျွန်မရဲ့ မတောက်တခေါက်
ရင်တွင်းဖြစ် လေးပါ။
ငါးလေးတွေလို အိမ်ပြန်ချင်ကြတဲ့ အဖြစ်လေးတွေကို ရေးသားထားခြင်းဖြစ်ပါတယ်…

အိမ့်ချမ်းမြေ့

Sunday, December 17, 2006

Blood Diamond



နိုင်ငံတစ်နိုင်ငံဟာ သံယံဇာတတစ်ခုခုထွက်တယ်ဆိုရင် တစ်စုံတစ်ရာကိုကြောက်ဖို့ သင့်တယ်လို့ 
Dr. Joy Brown - American Radio Psychologist ကဆိုပါတယ်။
နိုင်ငံလေးတစ်နိုင်ငံဟာ ရေနံ၊ ဆင်စွယ်၊ ကျွန်း၊ ဓာတ်သတ္တုတစ်ခုခုထွက်ပြီဆိုရင်ဖြင့်
တချို့ နိုင်ငံကြီးတွေရဲ့မျက်စိအကြီးအကျယ်ကျတာကိုခံရပါတော့မယ်တဲ့။
တစ်စုံတစ်ရာဆိုတာ ကျွန်မထင်တာကတော့ ဥာဏ်ကြီးသူတွေရဲ့ မျိုးစေ့ချမှုတစ်ခု။
အဲဒီမျိုးစေ့ကတော့ ပြည်တွင်းမှာ မငြိမ်မသက်ဖြစ်အောင်၊ လူမျိုးစုတွေကွဲပြားပြီးမငြိမ်မသက်ဖြစ်အောင်၊
နောက်ဆုံးပြည်တွင်းစစ်ဖြစ်တဲ့အထိ မျိုးစေ့ဆိုးတစ်ခုကိုချပေးလိုက်တာပါပဲလို့ထင်တယ်။

ကျွန်မဖတ်ဖူးတဲ့စာတမ်းလေးတစ်ခုမှာ နိုင်ငံတစ်နိုင်ငံဟာ အမျိုးဘာသာ၊ သာသနာတစ်ခုထဲဆိုရင်
တိုးတက်နှုန်းပိုမြင့်တယ်လို့ဆိုထားပါတယ်။ အဲဒီစာတမ်းမှာ ဂျပန်နိုင်ငံကို ဥပမာပေးထားတယ်။
ဂျပန်မှာလူမျိုးတစ်မျိုးထဲရှိတယ်၊ ဘာသာတစ်ခုပဲရှိတယ်၊ ဒါပေမယ့် ဂျပန်နိုင်ငံမှာ တစ်နှစ်တစ်နှစ်
လူတွေသုံးသောင်းပတ်ဝန်းကျင်ထိ ကိုယ့်ကိုကိုယ်အဆုံးစီရင်ကြတာတွေကို
ဘာပေတံနဲ့တိုင်းမလဲလို့ကျွန်မတွေးမိတာလေးပါ၊
နောက်ပြီး ကနေဒါ၊ အမေရိကန်စတဲ့နိုင်ငံတွေမှာ လူမျိုးပေါင်းမျိုးစုံ၊
ဘာသာတရားပေါင်းမျိုးစုံ စုပေါင်းနေထိုင်နေကြတာတိုးတက်သင့်သလောက်တိုးတက်နေကြတာပါပဲ။
အမေရိကန်နိုင်ငံကတော့ ပျော်ဝင်အိုး(melting pot)ဆိုပြီး အကုန်ရောမွှေလိုက်လို့ထား၊
ကနေဒါကလဲ ရောင်စုံမှန်ကျောက်(mosaic) ဆိုပြီး ယဉ်ကျေးမှုပေါင်းရာချီပြီး
(အခုထိတော့) ပြဿနာတွေမကင်းပေမယ့် အဆင်ပြေနေကြတာပါပဲ။
ကျွန်မချစ်တဲ့ဒေသလေးတစ်ခုကောဒီလိုနေလို့မရဘူးလား လို့တွေးမိတာလေးပါ။
အနည်းဆုံး ဒီအသားအရောင်၊ ဒီမျက်လုံးအရောင်၊ ဒီဆံပင်အနက်တွေပဲ မဟုတ်ဘူးလား။
(ဆံပင်အရောင်မဆိုး၊ ရောင်စုံမျက်ကပ်မှန်တပ်မထားဘူးဆိုရင်ပေါ့)။

ဘယ်လိုပဲဖြစ်ဖြစ် မိသားစုတစ်ခုစည်းလုံးညီညွတ်မှုမရှိရင် အိမ်ထောင်စုဖရိုဖရဲနဲ့
နောက်ဆုံးမိသားစုဝင်တွေပဲဘ၀မှာအရှုံးထွက်ရသလို၊ နိုင်ငံတစ်နိုင်ငံထဲမှာ အားလုံး ရန်ပဲဖြစ်နေကြတဲ့အချိန်၊
(ကလေးဘ၀ထဲက ရန်ဖြစ်ရတာ၊ စကားလှလှလေးတွေနဲ့အချင်းချင်းဆော်လိုက်၊ ကလိလိုက်နဲ့၊
ရန်ဖြစ်နေကြရတာကိုက အရသာ၊ ပျော်စရာဖြစ်နေကြတဲ့အချိန်၊ အသက်တွေကြီးလာတဲ့အထိ
အကျင့်တွေပါပြီး ပြဿနာတရပ်ကို အေးဆေးတည်ငြိမ်စွာဖြေရှင်းနိုင်မှုအရည်အချင်းတွေ
တဖြည်းဖြည်းကျဆင်းလာနိုင်ပါတယ်)
ဒီလိုနဲ့ ကိုယ့်ရဲ့ ကောင်းမွန်တဲ့ အရည်အချင်းတွေလျော့ပါးလာချိန်၊ အချင်းချင်းမတည့်ဖြစ်နေချိန်မှာ
ဥာဏ်ကြီးသူတွေရဲ့ နည်းမျိုးစုံဂုတ်သွေးစုတ်မှုကို ခံနေရတာကိုတောင်မှမသိလိုက်ပဲ လုံးပါးပါးကြရတဲ့
ဇာတ်လမ်းလေးကို လီယိုနာဒိုဒါကာပရီယိုကမင်းသားအဖြစ်ရိုက်ထားတဲ့ သွေးရောင်လွှမ်းတဲ့စိန်
ဆိုတဲ့ ရုပ်ရှင်ကားလေးရုံတင်ပြသနေပြီဖြစ်ကြောင်း ....

အိမ့်ချမ်းမြေ့

Friday, December 08, 2006

ဆောင်းမိုးတစ်ည

ကောင်းကင်မှာတိမ်ဆိုင်တိမ်ခဲ မဲမဲကြီးတွေညို့တက်နေသည်။
အမြဲတမ်းလိုလိုကျပ်ပိတ်နေတဲ့ မြစ်ကူးတံတားက ဒီနေ့ကျမှ ကားတွေရှင်းနေသည်။
ဟိုင်းဝေးလမ်းမတလျှောက် ကားမီးရောင်တန်းတွေနဲပါးနေတော့ အရင်နေ့တွေကလို
အလုပ်နောက်ကျမှာ စိုးရိမ်တဲ့ ဇောစိတ်လေးပျောက်နေသည်။
ကားတွေကျပ်ပိတ်နေရင် အလုပ်နောက်ကျမှာစိုးရိမ်စိတ်လောပြီး ရေဒီယိုကော၊
သီချင်းပါပိတ်ပြစ်တတ်တဲ့ ကျွန်မ အဲဒီနေ့ကတော့ ကားမောင်းရင်း သီချင်းလေးနဲ့ငြိမ့်ပြီး
ပတ်ဝန်းကျင်ရှုခင်းလေးတွေကိုစိတ်ထဲက ကဗျာဖွဲ့ လို့၊ ဒီဟိုင်းဝေးလမ်းမကြီး
အမြဲတမ်းဒီလိုရှင်းနေရင်ကောင်းမှာပဲဟုတွေးနေခဲ့သည်။

အလုပ်ကို နှစ်မိနစ်သုံးမိနစ်အလိုမှ အမြဲကပ်ရောက်တတ်တဲ့ကျွန်မ
အဲဒီနေ့က မိနစ်နှစ်ဆယ်လောက်စောရောက်သွားသည်။

“လာပြီထင်တယ်”
နေ့လည်ခင်းထမင်းစားချိန်ရောက်ခါနီးမှာ ခပ်လှမ်းလှမ်းစားပွဲက
သူငယ်ချင်းက အပြင်ကိုလှမ်းကြည့်ပြီးပြောသည်။
ကျွန်မပြူတင်းပေါက်အပြင်ကိုလှမ်းကြည့်လိုက်တော့ ဆောင်းကူးရဲ့ ရွက်ဝါတွေ
လေပြင်းပြင်းအောက်မှာ ဝေ့လိုက်၊ ၀ဲလိုက်၊ လွန့်လိုက်၊ လူးလိုက်နဲ့
တသဲသဲကြွေလွင့်နေကြသည်။

“အရမ်းလှတာပဲ….ဒါနဲ့ ဘာလာပြီလဲ”
“မုန်တိုင်းလေ…မုန်တိုင်းဝင်လာပြီ”
“ဟုတ်လား…သတင်းတောင်နားမထောင်မိဘူး”

ထမင်းစားချိန်မှာ စာဖတ်ရုံကလွဲပြီးမ၀င်ရဆိုတဲ့ စာကြည့်ခန်းထဲမှာ
ကျွန်မတို့ငှာနက မိန်းကလေးအချို့ နေ့လည်စာဝင်စားကြရင်း စကားစမည်ပြောနေခဲ့ကြသည်။
အပြင်ဘက်မှာ နေပျောက်ထိုးတဲ့အောက်မှာ သစ်ရွက်ဝါတွေပလူပျံဝေ့၀ဲ၊
မိုးစက်ကြီးကြီးတွေကလဲ တဖောက်ဖောက်ကျလာတော့ မမတွေမျက်နှာညိုလာကြသည်။

“ဘယ်လိုကြီးလဲမသိဘူး၊ နေပူပြီးမိုးရွာနေတယ်”
“မုတ်သုန်ရာသီ လိုမျိုးထင်တယ်… တို့ဆီမှာ နေပူရင်းမိုးရွာတဲ့အခါတွေရှိတယ်..
မိုးပြေးဆိုတာလဲရှိတယ်..မိုးကပြေးလာသလိုမျိုး အဝေးကပြေးလာတာ”
“အိုး..မိုက်တယ်နော်”
“အင်း. တကယ်တမ်းပြောရရင် အဲဒီလိုမိုးမျိုးကိုသိပ်ကြိုက်တာ၊
လေပြင်းထန်ပြီးရေတွေအများကြီးနဲ့ တ၀ိုင်းဒိုင်းဒိုင်းရွာတဲ့မိုး၊
အခုလို ရွာနေတဲ့မိုးမျိုးကတော့ တို့အတွက်အလကားပဲ…
ဟိုမှာက တကိုယ်လုံးတုတ်တုတ်ရွှဲအောင်လဲ ရွာတတ်သေးတယ်”

“အိုး..ထူးဆန်းတယ်နော်” “ဟုတ်လား”… “မြင်ဖူးချင်လိုက်တာ”
စသဖြင့် သံယောင်လိုက်ထောက်ခံတဲ့နေရာမှာ နံပါတ်တစ်ဖြစ်တဲ့
မမတွေရဲ့ မိုးပေါ်ကလာတဲ့ သံစဉ်မြင့်မြင့်နဲ့ နှာခေါင်းသံတွေကို ပြုံးမိသေးသည်။

စိတ်ထဲမှာတော့ ရန်ကုန်မိုးကိုကြိတ်လွမ်းနေမိသည်။ မိုးဦးကျစ ဖားအော်သံလေးတွေ၊
အလေ့ကျပေါက်တတ်တဲ့ လမ်းဘေးမြောင်းထဲက ကန်ဇွန်းရွက်ပင်လေးတွေ၊
အိမ်နောက်ဘက် သံစည်ပိုင်းပြတ်ထဲက ပိုးလောက်လန်းလေးတွေ၊
တံစက်မြိတ်က တဝေါဝေါကျတဲ့ခေါင်မိုးဆေးရေ၊
ရေတွင်းအပြင်ဘက်ကိုလျှံကျနေတဲ့ ရေတွေ၊

မမတွေကိုတော့ သံစည်ပိုင်းထဲမှာ မိုးရေကိုတိမ်ပြီး မိုးကုန်တဲ့အခါသောက်ကြတဲ့အကြောင်း၊
အဲဒီသံစည်ပိုင်းထဲမှာလဲ ပိုးလောက်လန်းလေးတွေနေတဲ့အကြောင်း၊
မိုးပြင်းထန်စွာရွာသွန်းလို့ မီးမလာရင် ဖယောင်းတိုင်လေးတွေထွန်းပြီး
မိသားစုပျော်ရွှင်စွာညစာစားတဲ့အကြောင်းတွေတော့ မပြောပြတော့ပါ။

အိမ်အပြန်လမ်းပေါ်မှာ ထူးဆန်းဖွယ်ကားတွေရှင်းနေပြန်သည်။
အိမ်စောစောပြန်ရောက်ရင် ထမင်းစားပြီး မိုးအေးအေးမှာ ကွေးလိုက်မယ်ဟုတွေးရင်းကျေနပ်နေမိသည်။
ဒီလောက်မိုးမုန်တိုင်းလေးကို ဒီမြို့ကလူတွေဘာကြောင့်ကြောက်နေကြပါလိမ့်လို့တွေးရင်း
အရင်က လေးဆယ့်ငါးမိနစ်ကြာအောင်မောင်းရတဲ့ တံတားထိပ်ကို မိနစ်နှစ်ဆယ်အတွင်းရောက်လာသည်။
တံတားပေါ်ရောက်တော့ လေပြင်းထန်နေသောကြောင့် ကားကသိသိသာသာ ယိမ်းထိုးနေသည်။
မောင်းနေရင်း အခြားဘက်ခြမ်းကိုရောက်သွားမည်ကိုတောင်စိုးရိမ်ရလောက်အောင်ယိမ်းထိုးနေသည်။
တံတားကျော်ပြီးကျွန်မနေတဲ့မြို့ထဲရောက်တော့ တွေ့ပါပြီ။
ကားနောက်မီးနီနီတွေ ကျပ်ပိတ်တန်းစီနေသည်။
ကားတွေကလုံးဝမရွေ့တော့ဘာများဖြစ်ပါလိမ့်ဟုတွေးမိပြီး
သတင်းနားထောင်ဖို့ရေဒီယိုကိုဖွင့်လိုက်သည်။

ရေဒီယိုကိုနားထောင်ဖို့ ကျွန်မ၀န်လေးရတဲ့အကြောင်းကတော့
တနေကုန်နားထောင်လာ ရတဲ့ နှာခေါင်းသံတွေကို အိမ်အပြန်လမ်းပေါ်မှာလဲ
ဆက်လက်နားထောင်နိုင်စွမ်းမရှိတော့သောကြောင့်ဖြစ်ပါသည်။
ရေဒီယိုမှာ ဗင်ကူးဗားကိုမုန်တိုင်းဝင်လာပြီဖြစ်ကြောင်း၊ အချို့သောရပ်ကွက်များမှာ မီးပျက်နေကြောင်း၊
မီးပွိုင့်များလဲမီးမလာသောကြောင့် လေးဘက်လေးတန်ဦးစားပေးစနစ်ကို အသုံးချမောင်းနှင်ကြရန်၊ ကားထဲတွင် အရေးပေါ်ဓာတ်မီး၊ စားစရာစသဖြင့်သယ်ဆောင်ထားရန်ကြော်ငြာနေတော့သည်။

အရင်ကတံတားထိပ်မှ အိမ်အထိ ခုနစ်မိနစ်ပဲမောင်းရသော ခရီးက တစ်နာရီနီးပါးကြာသွားသည်။
ကားတန်းကြားမှာ ကျွန်မမွန်းကြပ်ပိတ်လှောင်လာသည်။ ကားပြူတင်းပေါက်ကိုဖွင့်တော့ လဲ
မိုးပေါက်တွေက ပြေးဝင်လာသည်။ ဖရေဇာဟိုင်းဝေးကိုဖြတ်ပြီးချိန်မှာ ပိန်းပိတ်အောင်မှောင်နေတဲ့
ပတ်ဝန်းကျင်က ဆီးကြိုနေတော့သည်။ အရင်ကလင်းထိန်နေတဲ့ မြို့ပြက ကြက်သားကြော်ဆိုင်၊ ဘာဂါဆိုင်၊ ကားရောင်းဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ စတိုးဆိုင်ကြီးတွေ
မိုးလေပြင်းပြင်းအောက်မှာ မဲမှောင်၊ တိတ်ဆိတ်၊ ငုတ်တုတ်။

ဆောင်းကူးလေအောက်က မိုးရေတွေကရေခဲမိုးတွေလို ခပ်စေးစေးပျစ်ပျစ်သွန်းချနေသည်။
အိမ်ထဲမှာလဲ လျှပ်စစ်မဲ့၊ တယ်လီဖုန်းလိုင်းမဲ့၊ အနွေးဓာတ်မဲ့၊ စားစရာမဲ့။
ရေခဲ သေတ္တာထဲက ဟင်းသီးဟင်းရွက်စိမ်းတွေကို ဆလပ်ရည်လောင်းပြီး
ဆာဆာနဲ့အတင်းမြိုချလိုက်သည်။ တအိမ်လုံးကအေးစက်နေရတဲ့အထဲ အပြင်ဘက်က
ဆည်းလည်းသံက လေပြင်းပြင်းအောက်မှာ သာယာနာပျော်ဖွယ်မရှိ၊ ခြောက်ခြားချင်စဖွယ်။

ဒီနေ့အလုပ်မှာ သူငယ်ချင်းတွေကို ဒီလိုမိုးမျိုးတော့အပျော့ပေါ့လို့
ပြောခဲ့မိတဲ့ ကိုယ့်ကိုကိုယ်နောင်တရလို့မဆုံးတော့။
ကျွန်မကို တခါလောက်တော့စကားမှားခွင့်ပြုပါတော့လား ကံကြမ္မာရယ်။

ပူနေသေးတဲ့ ရေနွေးနဲ့ ရေအမြန်ချိုးချပြီး ရှိသမျှ စောင်၊ အိပ်ရာလိပ်ကိုသယ်ပြီး
အမေ့အိမ်ဘက် အဲဒီညကကျွန်မထွက်ခဲ့သည်။
နောက်တနေ့ အလုပ်ဆက်ထွက်ဖို အ၀တ်အစားအပြင်
အလုပ်မှာ ရေချိုးဖို့ ပစ္စည်းတွေပါအကုန်သယ်ပြီးထွက်ခဲ့သည်။
ထိုညက အမှောင်ထဲမှာ အနွေးထည်အထပ်ထပ်၊ စောင်အထပ်ထပ်နဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောရင်း၊ ရယ်မောကြရင်း
အမေ့အိမ်မှာ အမေ့ရဲ့ကလေးတွေ စုအိပ်ဖြစ်တဲ့ည။

ထိုညက မိသားစုကြားမှာ အင်တာနက်မရှိ၊ ရုပ်မြင်သံကြားမရှိ၊
ထိုညက ဒီဗီဒီမရှိ၊ ကာရာအိုကေမရှိ၊
ထိုညက သူငယ်ချင်းတွေနဲ့ တယ်လီဖုန်းပြောနေသူမရှိ၊ စာကျက်နေသူမရှိ၊ ငွေစာရင်းရှင်းနေသူမရှိ၊
ထိုညက ….

အိမ့်ချမ်းမြေ့

LinkWithin

Related Posts Plugin for WordPress, Blogger...