မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, November 25, 2006

ဆောင်းရာသီလွမ်းဘွဲ့ 

ဆောင်းရာသီလွမ်းဘွဲ့ 

အိပ်မက်ကမ္ဘာထဲ လမ်းလျှောက်နေရသလိုပဲ..
နှင်းမှုန်တွေကြဲချထားတဲ့ လမ်းကြားအိုတွေထဲက
မီးချစ်ဆံပုံးလေးတွေလို အိမ်ကလေးတွေ
နှင်းလေထဲမှာ တိတ်ဆိတ်ငြိမ်သက်..
တကယ်…အိပ်ပျက်နေတာကတော့ “မေ”ပါ.

အချစ်ဆုံးရေ…လှဲလျောင်းရာနေရာလေးမှာ
ထိုင်ကာ “မေ” မငိုတော့ဘူးနော်…
ပါးပြင်ပေါ်က မျက်ရည်တွေ
ပျော်ဝင်မရ.. လှပစွာအေးခဲသွားကြလိမ့်မယ်…

အေးခဲကျွတ်ဆတ် လတ်ဆတ်တဲ့ညလေတွေအဝှေ့ 
ရွေ့ လျောတိုးတိုက်.. ခိုက်တုန်ဝေချမ်း
ခပ်လှမ်းလှမ်းထင်းရှုးတောထဲက
တွဲရရွဲကျနေတဲ့ ရေခဲနှင်းချောင်းတွေကတော့
တဖြောင်းဖြောင်းနဲ့ ရိုက်ခတ်နေကြလေရဲ့ …

“မေ”့ ထွက်သက်ငွေ့ …တရွေ့ ရွေ့နဲ့…
ကျွတ်ဆတ်နေတဲ့ ဓာတ်ကြိုးတွေကိုဖြတ်ကျော်
အဖော်မဲ့ ကောင်းကင်ယံထဲ
ဆည်းလည်းသံတွေလို..
အို…
မြူမှုန်တွေကြား ခပ်ဝါးဝါးထဲမှာ
အလည်များ ပြန်လာလေရော့သလား
တွေ့များတွေ့လိုက်မိသလား…


ဒီနေရာလေးမှာ
တခါတခါ..တိတ်တဆိတ်လာကြေကွဲပါရဲ့
ခံစားနေရတာတွေ… အချစ်ဆုံးမသိပါစေနဲ့ နော်..
တော်ရာတနေရာမှာ..ပျော်နေပါစေတော့လို့
ဝေနေတဲ့အလွမ်းတွေနဲ့ ..
“မေ”ဆုချွေပါရဲ့လေ…




အိမ့်ချမ်းမြေ့

ဒီကဗျာ

အိမ်မက်တွေလား
ဝိုးတ၀ါးနဲ့
တရေးနိုးချိန်
ငါ့နှလုံးအိမ်အသံ
ပြန်ကြားနေရတယ်..

ရင့်ကျက်ပြီထင်ခဲ့ပြီးမှ
ဘ၀ရဲ့လှဲ့ကွက်ထဲမှာ
ဘာသာအဖြေရှာရင်း
အမှားကင်းပါရစေကွယ်…

မီးရောင်တွေလှပစွာနဲ့
ကနေကြတဲ့ညတွေထဲ
မင်းအကြောင်းတွေးနေမိခဲ့တယ်..

စာသင်ခုံတွေကြား
တွေဝေငေးမောရင်း
ဆရာပြောတာ
မကြားတချက်ကြားတချက်နဲ့
အတွေးနက်တွေထဲမှာ
နာမည်လေးတခု…

အနိုင်အရုံးသတ်မှတ်မယ်ဆိုရင်တော့
ငါရှုံးနိမ့်သွားပြီပေါ့ကွယ်..

မင်းကဗျာတွေက
တို့အတွက်မဟုတ်ပေမယ့်
ကာရန်မညီနိုင်တော့တဲ့
ဒီကဗျာလေးကတော့ ….
ဒီကဗျာလေးကတော့….

အိမ့်ချမ်းမြေ့

Friday, November 17, 2006

T13 မှကောင်လေးသို့ 

ကောင်လေးရေ…
မျောက်ရွာခေါင်မိုးပေါ်က ယိုကျလာနေတဲ့ မိုးမှုန်တွေ မင်းကော်လာဖြူဖြူပေါ်မှာ
မတော်တရော်နေရာယူထားကြတယ်…
မင်းငါ့ပါးပြင်ပေါ်က သနပ်ခါး ပါးပါးလေးကို မနာလိုဖြစ်နေတယ်လို့ 
သူငယ်ချင်းတွေဆီကတဆင့် ငါကြားရပေမယ့်..
ငါ မင်းကော်လာပေါ်က မိုးမှုန်လေးတွေကို မနာလိုစိတ်မရှိခဲ့ရိုးအမှန်ပါ…

ကောင်လေးရေ…
အတန်းထဲ လူရှင်းချိန်တွေ.. စက္ကူ မြားဖြူဖြူလေးတွေကိုဖွင့်လို့
အထဲက စာတိုပေစ၊
ကဗျာတိုကဗျာစလေးတွေကိုဖတ်နေတဲ့ ငါတို့တွေမှာ
အရာရာကိုလှောင်ရယ်နေကြတာ မဟုတ်၊
ကာရန်တွေကို သဘောကျနေကြရုံလေးပါ..

ကောင်လေးရေ…
သူငယ်ချင်းမတယောက်က၊ ရှေ့နောက်မကြည့်ပဲ
သူတောက်ထုတ်လိုက်တဲ့၊ အချဉ်ထုပ်က မရမ်းစေ့လေး..
အဆောင်ကင်တင်းလမ်းလေးဘေးက ဖြတ်လျှောက်သွားတဲ့ မင်းပုခုံးပေါ်
မတော်တဆ ကျခဲ့တာ… မင်းအတွက်ကတော့ မလှပခဲ့ဖူးဖြစ်မှာပေါ့…

ကောင်လေးရေ..
မိုးတွေရွာနေလိုက်တာ…အင်းလျားမှာ လှိုင်းကြက်ခွပ်တွေ၊
လေနဲ့အတူလွင့်တက်တော့မလိုလို၊
ညိုမှောင်တဲ့တိမ်တွေအောက်၊
ဦးချစ်လက်ဘက်ရည်ဆိုင်နောက်က ယိုင်နဲ့နဲ့ ခုံမှာ
ငါ့ချစ်သူ ပုခုံးပေါ် ငါမှီလိုက်မိစဉ်က၊ ခပ်လှမ်းလှမ်းက
မီးဝင်းဝင်းတောက်တဲ့မျက်လုံး၊ ငါအပြုံးမပျက်ခဲ့ပါဘူး။
အဲဒီနေ့က မင်းဆောင့်ချလိုက်တဲ့၊ လက်ဘက်ရည်ခွက်
အက်သွားတယ်ထင်ရဲ့ကွယ်…

ကောင်လေးရေ…
ငါမှ မင်းကိုမချစ်တာ၊ အချစ်နဲ့စစ်မှာ အမှန်တရားတဲ့..
ထားလိုက်ပါတော့လားငါ့ကို၊ ရှေ့ဆက်လို့မသွားနိုင်အောင်
အနားမှာ တရစ်ဝဲ၀ဲ၊ မင်းပဲ ပင်ပန်းမှာပေါ့ကွယ်…


ကောင်လေးရေ…
ပူလောင်လိုက်တာနော်၊ မင်းကိုကြည့်ရတာလေ…
ငါတောင်တရားရနေမိပြီ၊ မင်းငါ့ကိုမုန်းသွားပြီတဲ့..
သူငယ်ချင်းတွေကပြောနေကြတယ်..ဒါတောင် ငါ့အနားမှာ
မုန်းတယ်မုန်းတယ်နဲ့... မခွဲနိုင်တရစ်ဝဲ၀ဲ၊
မုန်းတယ်ဆိုသွားလေ…ဘာလို့ငါ့ကိုစိတ်တွေဝင်စား
နေ၀င်မိုးချုပ်မအား တကုပ်ကုပ်နဲ့၊ အရုပ်ကြိုးပြတ်လဲ လဲသတဲ့လေ….


ဘွဲ့ နှင်းသဘင်ဘေးက၊ ချစ်သူလမ်းကြားမှာ
တစ်ခါဆုံတယ်ကောင်လေး၊
မင်းငါ့ကိုကြည့်တဲ့မျက်လုံး၊ ခံစားချက်ပေါင်းစုံလွန်းပေမယ့်
ငါ့ရင်ထဲမှာ၊ မင်းတစ်ယောက်ထဲဖြစ်နေတဲ့ ပူလောင်မှုတွေကို
သနားနေရုံကလွဲလို့ ဘာမှ မခံစားရတာ…
ငါ့ကိုခွင့်လွှတ်လိုက်ပါတော့ကောင်လေး…


ကောင်လေးရေ...
ခံစားချက်ဆိုတာ လုပ်ယူလို့ မှမရတာ..
ငါ...မင်းအပေါ်မှာ ဘာဆိုဘာမှ...
ခံစားချက်မရှိ... တစ်လောကလုံးအသိမို့ ...
ငါ့ကိုသာခွင့်လွှတ်လိုက်ပါကောင်လေး...


(တစ်ခါတုန်းက မျောက်ရွာက ကောင်လေးတစ်ဦးသို့ )


အိမ့်ချမ်းမြေ့

Thursday, November 09, 2006

The Rainbow by Lagaya Evans

The Rainbow

The rainbow of colors
So merry and bright
Each color has a purpose
Even black and white

The rainbow is so full
Of radiance and gleam
It sparkles and shines
Through every little beam

After a storm
A rainbow you'll see
With all the glaring colors
A rainbow there'll be

Then at the end
Your dream will come true
A pot of gold awaiting
All just for you

Lagaya Evans


လှပတဲ့ ခုနှစ်လွှာသက်တန့် လေးကိုမြင်ချင်ရင် မိုးရွာတာကို အရင်သည်းငြီးခံကြရမယ်..
ခုနှစ်လွှာသက်တန့်ရဲ့ တဖက်မှာ ရွှေအိုးလေးရှိနေလိမ့်မယ်လို့ လဲ..
မျှော်လင့်ချက်တွေနဲ့ အသက်ဆက်နေကြရဦးမယ်..
မျှော်လင့်ချက်မဲ့နေသူတွေ အတွက်ရော…
ဘယ်သူတွေက နားလည်ပေးကြမလဲ

Tagore's

ကာဗူလီဝါလား၊ သူတောင်းစားအမယ်ကြီး၊ အယ်ဒီတာ၊ စသဖြင့်
ကျွန်မကြိုက်တဲ့ တဂိုးရဲ့စာတွေ ထဲက တက္ကသိုလ်ဝင်းမွန် ပြန်ဆိုထားတဲ့
ပီတိ ဆိုတဲ့စာလေးကို မေလအထိမစောင့်တော့ပဲ စာချစ်သူများနဲ့ ဝေမျှလိုက်ပါတယ်။

မေလ၏နေ့လည်ခင်းသည်ဆုံးစမထင် ပူပြင်းလှချေ၏။
အပူရှိန်ကြောင့်မြေပြင်သည် ခြောက်လျှက်၊ သွေ့လျှက်၊ ပက်ကြားအက်လျှက်..
ကျွန်ပ်သည်မြစ်ကမ်းဘက်မှ အသံတသံကြားလိုက်သည်။

“အချစ်ရေ…. လာပါ၊ လာပါ”

ထို့ကြောင့်စာအုပ်ကို ပိတ်ပြီးလျှင်၊ ပြူတင်းပေါက်ကိုဖွင့်လျှက်
အပြင်သို့ ငေးမျှော်ကြည့်လိုက်၏။
မြစ်ထဲသို့ဒူးဆစ်မြုပ်အထိ ဆင်းနေသော လူငယ်တယောက်သည်
မြစ်ကမ်းစပ်တွင် ပေကပ်ကပ်ရပ်နေသော ရွှံ့ များလူးနေသော ကျွဲကြီးတကောင်ကို
ရေချိုးပေးရန်အတွက် ခေါ်ငင်နေသည့်အဖြစ်ကို တွေ့ လိုက်၏။

ကျွန်ပ်သည် အားပါးတရပြုံးလိုက်မိ၏။
ရင်တွင်း၌်ကား ပီတိများ ဖြာဝေလျှက်…

အိမ့်ချမ်းမြေ့

LinkWithin

Related Posts Plugin for WordPress, Blogger...