မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Thursday, August 31, 2006

ရုံးကမမများ


RockYou slideshow | View | Add Favorite

Travel & Leisure မဂ္ဂဇင်းမှာ ကျွန်မတို့မြို့ကလေးက မြောက်အမေရိကတိုက်ရဲ့
Tourist Destination မြို့တွေထဲမှာ နံပါတ် ၆ စွဲတယ်လို့ဆိုထားပါတယ်...
Majestic Mountain တွေနဲ့ Pacific Playground တွေကြောင့်အလွန်လှတဲ့မြို့လေးပါ...
အရင်ကတော့ဒီမြို့ရဲ့အလှကိုဘယ်လိုမှခံစားလို့မရခဲ့ပါဘူး...
ဆယ်စုနှစ်တခုနီးပါးကြာမှဒီမြို့ရဲ့အလှကှိုခံစားတတ်ခဲ့တာ..စွဲလန်းတတ်မှုကြောင့်လား၊ ကိုယ့်တိုင်းပြည်ကမှလှတယ်ဆိုတဲ့ bias ဖြစ်မှုကြောင့်ပဲလားမသိပါဘူး...
ဒီမြိုကသဘာဝအလှတွေသိပ်များတော့ Hollywood ကလူတွေရုပ်ရှင်လဲတချိန်လုံးလာရိုက်ကြတယ်။ နေရာတကာသူတို့ချည်းပဲ..
အလုပ်မှာလဲတချိန်လုံးသူတို့ချည်းပဲ.. memo တွေမကြာခဏရတယ်.. ဘယ်နေ့ဘယ်အချိန် ဘယ်တံခါးပေါက်ကမ၀င်ပါနဲ့... movie crews တွေရုပ်ရှင်ရိုက်ကြမလို့ပါဆိုပြီး
.. cafetaria, gym, underground parking တွေမှာလဲသူတို့ချည်းပဲ...
တနေ့တာရိုက်ကွင်းအတွက်နဲ့ကို ကျွန်မတို့ ကုမ္မဏီကိုသောင်းနဲ့ချီလှုပါတယ်...
ကျွန်မတို့ကုမ္မဏီကလဲရတဲ့အလှုငွေကို ကလေးဆေးရုံကြီးကိုဆက်လှုတာများပါတယ်..

သူတို့နိုင်ငံက ရုပ်ရှင်မင်းသားတွေကဒီလောက်ကြီးလဲမထွားကျိုင်းကြပါဘူး
မင်းသမီးတွေကို တမင်သေးသေးလေးတွေရွေးထားတာ..ပိန်ပိန်ပုပုလေးတွေ
အထူးသဖြင့် TV ဇာတ်လမ်းတွေထဲကမင်းသမီးတွေအများစုဆိုရင် ငါးပေလောက်ပဲရှိတယ်..
ဒါမှ သူတို့မင်းသားတွေကို အရပ်မြင့်မြင့်၊ ထွားထွားကျိုင်းကျိုင်းပုံစံဖြစ်အောင်လို့ သိရပါတယ်..

တခါက Ben Affleck တို့ David Duchovny တို့ ရုပ်ရှင်လာရိုက်တာ ကျွန်မတို့ငှာနကမမချောတွေ..အလုပ်ကိုမလုပ်နိုင်ကြတော့ပဲ... မိန်းကလေးအခန်းထဲသွား..နှုတ်ခမ်းနီဆိုး၊ မိတ်ကပ်ဖို့နဲ့ အလုပ်ကိုရှုပ်နေကြတယ်...ကြုံရင်ဓာတ်ပုံတွဲရိုက်ဖို့တဲ့...
ဟိုကလဲအရိုက်ခံပါတယ်. ပြီးတော့ဓာတ်ပုံတွေကိုအကြီးချဲ့ပြီး နံရံမှာချိတ်ထားကြတယ်..
အဲဒီအထဲမှာ ကျွန်မတော့မပါဘူး..စိတ်မ၀င်စားတာလဲပါတယ်..ရှက်တာလဲပါပါတယ်..

ကျွန်မတို့ငှာနမှာ မိန်းမချောမိန်းမလှတွေတော်တော်များတယ်
နောက်ဆုံးပေါ်အသုံးအဆောင်တွေနဲ့...ငှာနမှာ Nicole Kidman, Meg Ryan စသဖြင့်တူတဲ့လူတွေလဲရှိတယ်ဆိုတော့ ဘယ်လောက်ချောကြမလဲစဉ်းစားကြည့်ကြပါ..
တချို့အပျိုတွေကလဲ တနှစ်တခါကားလဲစီးတယ်..ကားဟောင်းသွားလို့..အသစ်ပဲစီးချင်လို့တဲ့..
ပိန်လိုက်ရတာလဲ ခမျာတွေမှာ အရိုးပေါ်အရေတင်ပါပဲ.. တနေ့လုံးမှပန်းသီးတလုံးပဲစားတဲ့လူနဲ့
ဒိန်ချဉ်တဗူးပဲစားတဲ့လူနဲ့...
Facial, microdermabrasion အဲဒါတွေလဲအမြဲလုပ်နေကြတာ..
သောင်္ကြာနေ့ညနေခင်းတွေဆိုရင် အိမ်ထောင်သည်မမတွေက
သူတို့ယောင်္ကျားတွေကိုခလေးထိန်းခိုင်းပြီး ဘားသွားတဲ့သူကလဲရှိသေးတယ်...
မိန်းကလေးတွေများတော့ ပိုးပန်းတဲ့လူတွေလဲများတာပေါ့လေ..
အထူးသဖြင့် I.S. နဲ့ Transportation Dept. ကလူတွေအမြဲလာလာပြီး ချော့ကလက်တွေဘာတွေစားပွဲပေါ်လာလာတင်သွားကြတယ်..

ကျောင်းပြီးကာစ အချို့သောမိန်းကလေးတွေကတော့ အရာရာကိုပိုပြီးအလေးအနက်ထားတတ်ကြတယ်..
အ၀တ်အစားကလဲအဖွားကြီးပေါက်စလေးဒီဇိုင်းနဲ့..စည်းကမ်းလဲအရမ်းလိုက်နာတဲ့
မိန်းကလေးတယောက် တလလောက်နဲ့အလုပ်ထွက်သွားတယ်.. အလုပ်မထွက်ခင် အစည်းအဝေးမှာကို
ဒီနေရာက ဘုရားတရားမရှိတဲ့နေရာလို့ထူးထူးဆန်းဆန်းလဲပြောသွားတယ်... မမတွေအားလုံးတယောက်မျက်နှာ တယောက်ကြည့်ရင်းကျန်ခဲ့ကြတယ်..
အခုတော့ အဲဒီမိန်းကလေး မြို့ထဲကဆင်းရဲသားရပ်ကွက်တခုမှာ လူတွေကိုထမင်းဟင်းချက်ကျွှေးတဲ့ non-profit organization တခုမှာ အနိမ့်ဆုံးလခနဲ့အလုပ်လုပ်ပေးနေတယ်...ချီးကျုးမိပါတယ်..အရမ်းလဲအံ့သြမိတယ်..
ကိုယ်မှန်တယ်ထင်တာကိုလုပ်တဲ့သတ္တိကို...
ဒါပေမယ့်ကျွန်မတော့အဲလောက်အထိကိုယ်ကျိုးမစွန့်နိုင်သေးပါဘူး...


ကျွန်မက နဲနဲတော့သိုသိပ်တတ်တယ်ထင်တယ်.. ဒီကုမဏီမှာ လုပ်တာကြာလှပြီ..ဒါပေမယ့် ကိုယ့်အကြောင်းသိပ်ပြောလေ့မရှိဘူး၊ ရုံးကလူတွေလဲအိမ်ကိုတခါမှမရောက်ဖူးကြပါဘူး..
တချို့ဆိုရင်ကျွန်မကိုတကောင်ကြွက်လို့ထင်ကြတယ်..အဲဒီလောက်အထိသိုသိပ်တတ်တယ်..တချို့ကလဲ ကျွန်မ ပစိဖိတ်သမုဒ္ဒရာကို လှေနဲ့ဖြတ်လာတယ်လို့ထင်ကြတယ်...အဲဒီလိုအထင်ခံရတာကိုတော့တော်တော်
သဘောကျမိတယ်..ကျွန်မကိုတော်တော်လေး strong ဖြစ်တဲ့မိန်းမတယောက်လို့သတ်မှတ်လို့ဒီလိုထင်တယ်လို့ယူဆပါတယ်...
သမုဒ္ဒရာကိုလှေနဲ့ဖြတ်လာတာလားလို့မေးခံထိတဲ့အခါ ကျွန်မ မပွင့်တပွင့်လုပ်နေလိုက်တာ မကောင်းဘူးဆိုတာတော့သိပါတယ်.. တကယ်တော့ဒီမြို့မှာကျွန်မတို့ဆွေမျိုးအုပ်စု အယောက်သုံးဆယ်ကျော်သွားပြီ..
ဘယ်လိုပဲဖြစ်ဖြစ်ဒီအလုပ်လေးမှာပျော်ပါတယ်..

♥ အိမ့်ချမ်းမြေ့ ♥

Wednesday, August 30, 2006

ကျွန်မနေတဲ့တောင်ပေါ်မြို့ကလေး



ဒီနေရာလေးက တိတ်ဆိတ်လွန်းနေတာ ငှက်သံတောင်မကြားရဘူး....
အဝေးက snow capped တောင်ကြီးကတော့ U.S. ဘက်က Mt. Baker တောင်ပါ..
ကျွန်မ သစ်ပင်တွေရဲ့ထိပ်ဖျားမှာရောက်နေသလိုပဲခံစားရတယ်...
ငယ်ငယ်က မောင်နှမတွေစုပြီး ကတက်ပင်ပေါ်တက်ရသလောက်တော့ပျော်စရာမကောင်းပါ..
ကျွန်မတို့မြို့လေးကိုအလည်အပတ်ခေါ်ပါတယ်ရှင်...

Tuesday, August 29, 2006

ရခိုင်တန်ဆောင်

သိင်္ဂရောင်သန်း
ရွှေပုံသွန်းသို့
လန်းလန်းလတ်လတ်
လိုက်ဖက်တင့်မော
မချောစရာ ချောစရာလျှင်
ကေသာဆံလှ
ထုံးနောက်စနှင့်
ချုပ်ညရီတွင်
ဖြုတ်ချည်းမြင်သည်
သျှင်သာ ရခိုင့်တန်ဆောင်လော...

<အရှင်တေဇောသာရ>

သက်တန့် နဲ့ ပိန်းရွက်

ပင်လယ်ကမ်းစပ်က သဲဖြူဖြူမွမွလေးတွေပေါ်မှာ ကလေးလေးတယောက် သဲအိမ်ကလေးဆောက်နေတယ်။
ခပ်ဝေးဝေးက အုန်းပင်တန်းတွေကြားထဲကိုတော့ နေရောင်ခြည်တွေက ဖြာကျနေတယ်၊ ဆောက်ပြီးခါစ သဲအိမ်ကလေးကိုထားပြီး ကလေးမလေးက ရုတ်တရက်
သောင်စပ်ကနေ အုန်းပင်တန်းတွေဆီကို အားကုန်ပြေးသွားတော့ ပူနွေးတဲ့ သဲပြင်မွမွမှာခြေရာသေးသေးလေးတွေကျန်နေခဲ့တယ်။
အုန်းပင်တန်းထဲရောက်တော့ ကလေးမလေးကနေရောင်ခြည်တန်းတွေကို လိုက်လို့ဖမ်းနေတာပေါ့။
အဲဒီအချိန်မှာ မိုးကောင်းကင်ပေါ်က ငှက်မွှေးလေးတခု ဝေ့၀ိုက်လို့ကျလာတယ်။
ကလေးမလေးကငှက်မွှေးလေးကို ခုန်ဖမ်းလိုက်တယ်။
အဲဒီအချိန်မှာ ဂါဝန်လှလှလေးက လေထီးလေးလိုဝဲပျံသွားတယ်။
ငှက်မွှေးလေးက သူ့ကို ကလူကျီစယ်လို့ ခပ်ဝေးဝေးကို ဝေ့၀ဲဝေးလွင့်သွားတယ်။
ကလေးမလေးက ဝေးလွင့်သွားတဲ့ ငှက်မွှေးလေးကို ၀မ်းပန်းတနဲငေးကြည့်ရင်း ပင့်သက်ရိုက်လိုက်တယ်။
ဒါပေမဲ့ အနီးနားကရေမြောင်းလေးထဲမှာ ခပ်စုစုပေါက်နေတဲ့ ပိန်းရွက်စိမ်းစိမ်းတွေကိုတွေ့လိုက်တော့ သူ့မျက်နှာလေးက ချက်ချင်းပြန်ပြုံးသွားတယ်။
ပိန်းရွက်တွေပေါ်မှာ ရေစက်ကြည်ကြည်လုံးလုံးလေးတွေတင်နေတယ်။
ပိန်းရွက်တစ်ရွက်ကို ရေစက်လေးတွေကျမသွားအောင်
ညှာတံကနေ သူသေသေချာချာချိုးယူလိုက်တယ်။
ရေစက်လုံးလုံးလေးကလှုပ်လီလှုပ်လဲ့နဲ့၊ ရေစက်လေးထဲမှာသူ့အရိပ်လေးပေါ့
လှုပ်လီလှုပ်လဲ့ရေစက်လေးတင်နေတဲ့ ပိန်းရွက်လေးကိုသေသေချာချာကိုင်ပြီး
သူ့မေမေနဲ့ဖေဖေကိုပြဖို့အိမ်ကိုပြေးပြန်လာခဲ့တယ်။
လမ်းမှာ သူ့ခြေထောက်နဲ့သဲမွမွနဲ့မထိဘူး။
ကြည့်လိုက်တော့ သူဟာ သက်တန့်တွေပေါ်မှာရောက်နေတယ်။
ခုနှစ်လွှာသက်တန့်ရဲ့အလင်းရောင်ကြောင့်သူ့မျက်စိတွေကျိမ်းစပ်သွားတယ်။
မျက်စိလေးကိုပွတ်လိုက်တဲ့အချိန်မှာ သက်တန့်ပေါ်က ခြေချော်လို့ ပြုတ်ကျသွားတယ်။
ပိန်းရွက်လေးထဲကရေစက်လေးလဲ ခုန်ထွက်သွားတယ်
ပိန်းရွက်စိမ်းလေးကလဲ တပတ်လည်ပြီးအောက်ကိုကျသွားတယ်။
သူ့ကိုယ်ကလဲတပတ်လည်ပြီးသက်တန့်ပေါ်က ကျသွားတော့
သူ့ရင်ထဲမှာ အသဲနှလုံးတွေမရှိတော့သလို အေးကနဲဖြစ်သွားတယ်။
သူသတိရလို့ကြည့်လိုက်တော့ နေရာဒေသတခုကို ရောက်နေတာကိုသိလိုက်ရတယ်။
အဲဒီဒေသမှာ ယှဉ်ပြိုင်မှုတွေ၊ အယူအဆအမျိုးမျိုးကြောင့် ခွဲခြားမှုတွေ၊ ကွဲပြားမှုတွေ၊
ဒေါသတွေ၊ မောဟတွေ၊ အတ္တတွေ၊ မာနတွေ၊ စစ်မက်တွေ၊ တနေ့စာတနေ့စားရဖို့ ရုန်းကန်နေကြရတဲ့သူတွေ၊

အရေပြားရဲ့လှပမှုကို ပိုမိုမက်မောမှုတွေ၊ လစဉ်ပေးရမယ့် bill တွေ၊ ညှင်းပန်းနှိပ်စက်မှုတွေ၊ ဒေါသအမျက်ချောင်းချောင်းထွက်နေတဲ့ လူအုပ်ကြီးတွေ။ သေလုမျောပါးဝေဒနာရှင်တွေရဲ့ အနားမှာဝဲနေတဲ့ ယင်မဲအုပ်ကြီးတွေ။ ဘ၀ဆိုတာ ဒုက္ခဆင်းရဲပါလားလို့အော်ဟစ်နေကြသူတွေ၊ တချိန်ထဲမှာ လူ့ဘ၀ဆိုတာရတောင့်ရခဲ၊ လုပ်စရာတွေအများကြီးပဲလို့အော်နေသူတွေ။
မျက်ရည်တွေ၊ ဒုက္ခဆိုတာမသိပဲ ရွှေဇွန်းကိုက်လို့မွေးဖွားလာသူတွေ၊ နောက်ဆုံးပေါ်အသုံးအဆောင်တွေနဲ့အတူ ပူလောင်မှုတွေ။

အဲဒီဒေသကနေလွတ်မြောက်ပြီး သူလာခဲ့ရာ အရင်နေရာကို ပြန်သွားချင်လို့ သူတဆင့်ဖြတ်ကျော်ခဲ့တဲ့ ခုနှစ်လွှာသက်တန့်ကိုမော့ကြည့်လိုက်တယ်။
သက်တန့်လေးက ဟိုးမိုးအမြင့်ပေါ်မှာ။ သူမမှီနိုင်တဲ့ မိုးမြင့်ပေါ်မှာ လှပစွာနဲ့သူ့ကိုငုံကြည့်လို့နေတယ်။

အဲဒီအချိန်မှာ ရုတ်တရက်ကောင်းကင်က အရောင်ပြောင်းသွားတယ်။
နေ့ကနေ ညကို ရုတ်တရက်ကူးပြောင်းသွားတယ်။
ကြည်လင်တဲ့်အရောင်မဲ့ကောင်းကင်မှာ လှပတဲ့ငွေလ၀န်းက ရွှမ်းရွှမ်းစိုစိုသာနေတယ်။ ညလေလေးက တဖြူးဖြူးနဲ့၊ အုန်းရွက်စိမ်းတွေကလဲ လေမှာ ညင်ညင်သာသာလွန့်လူးနေတယ်။ တိတ်ဆိတ်တဲ့လေက ခပ်လှမ်းလှမ်းက ပုရစ်အော်သံကို သယ်ဆောင်လာတယ်။ နောက်ပြီးသာယာငြိမ့်ငြောင်းတဲ့ ဂီတသံတခု။
သာလွန်းတဲ့ အရင်ညကမောင့်လပြည့်ဝန်း
အမှောင်ညကို စွန့်သွားတဲ့ ..မောင့်...
ရုတ်တရက် ကြိုးတွေပေါ်မှာ ခရီးသွားနေတဲ့ ဂီတသံက ကလေးလေး သက်တန့်ပေါ်ကခြေချော်ကျသလို ချော်ထွက်သွားတယ်။

အိပ်မက်ရှင်လဲ အိပ်မက်ကရုတ်တရက်လန့်နိုးလာတယ်၊ သူနိုးလာချိန်မှာ လရောင်ကသစ်ရွက်ကြို သစ်ရွက်ကြားက ဖြတ်သန်းပြီး သူ့ကိုယ်ပေါ်ကို ကျနေတယ်။ အိပ်မက်ရှင်ရဲ့ပေါင်ပေါ်မှာ မှောက်ခုံလေးအိပ်နေတဲ့ Roy ရဲ့ The God of Small Things ဆီကဟောက်သံသဲ့သဲ့လေး ကြားနေရတယ်။ ပက်လက် ကုလားထိုင်လက်ရမ်းပေါ်မှာ ညပိုးကောင်လေးတကောင် ခရီးသွားနေတယ်။ စံပယ်ပန်းနံ့တွေသင်းပျံ့တဲ့ညလေက ကျီစယ်လို့တိုက်ခတ်သွားတယ်။

အဲဒီအချိန်မှာခပ်ဝေးဝေးကသီချင်းရှင်က သံစဉ်တပိုင်းတစကို ကြိုးစားပမ်းစား ပြန်ရှာဖွေနေသံကြားတယ်။ ငယ်စဉ်က ကလေးတို့ဘ၀မှာ... သာယာငြိမ့်ငြောင်းတဲ့ ဂီတသံတဖန်ပြန်ပေါ်လာတယ်။

အိပ်မက်ရှင်ကတော့ သူ့ဘ၀ရဲ့သံစဉ်တပိုင်းတစကို ဆက်လက်ရှာဖွေဖို့ကြိုးစားနေဆဲပဲ။

Monday, August 28, 2006

ချစ်သူ့ အိမ်

ကျောက်စရစ်ခဲလေးတွေ ခင်းတဲ့ လမ်းလေးထဲမှာ ချစ်သူရဲ့အိမ်လေး ရှိတယ်။ အဲဒီ လမ်းလေး တဖက်တချက်မှာတော့ ၀ါးရုံပင်တန်းလေးတွေ၊ ညနေစောင်းပြီဆိုရင် ချစ်သူနေတဲ့ လမ်းလေးထိပ်က
ပုဇွန်ကွက်ကျော်သုတ်ဆိုင်၊ လ္ဘက်ရည်ဆိုင်၊ ကြံရည်ဆိုင်လေးတွေမှာ လူစည်ကားတတ်တယ် ။
မီးရောင်လဲ့လဲ့ စာအုပ်အငှားဆိုင်လေးတွေ၊ ဆိုက်ကားသံတွေနဲ့လဲ အသက်ဝင်နေတယ်။ ဒါပေမယ့် ချစ်သူနေတဲ့ လမ်းလေးထဲမှာကတော့ လူခြေတိတ်ဆိတ်နေတတ်တယ်။

ချစ်သူရဲ့ အိမ်ပတ်ပတ်လည်မှာ သရက်ပင်တွေ၊ မန်ကျည်းပင်တွေ တန်းစီနေတယ် ။ တခါတရံ သရက်ကင်းလေးတွေက လမ်းလေးပေါ်ကို ကျနေတတ်တယ်၊ ပြူတင်းပေါက် ဖြူဖြူလေးတွေမှာ ကန့်လန့်ကာ အပြာလေးက လေမှာ လွင့်နေတတ်တယ်။ ခြံဝင်းလေးကတော့ သစ်ရွက်တွေ ကင်းစင်လို့ အမြဲတမ်း ပြောင်စင်နေတတ်တယ်။ ခြံလေးရဲ့ထောင့်မှာ အရိပ်ကောင်းတဲ့ ရေတွင်းလေးနဲ့  တွဲရရွဲကျနေတဲ့ သစ်ခွပန်းတွေရှိတယ်၊

ညနေစောင်းတွေမှာ ခြံဝင်းလေးထဲမှာ တခါတရံ ချစ်သူ တံမြက်စည်းလှဲနေတာကို ပုဏ္ဍရိတ်ပင်တွေကြားက မြင်ရတတ်တယ်။ ချစ်သူကို ချစ်မိသွားတဲ့ အကြောင်းတွေထဲမှာ အဲဒါတခုလဲပါတယ်။ တခါတရံ တံမြက်စည်း လှဲပြီးသား သစ်ရွက်ခြောက် လေးတွေကို မီးရှို့နေလို့  မီးခိုးငွေ့တွေ ဟိုးဝါးရုံပင်ထိပ်ဖျားကို လွင့်တက် သွားတယ်။ တခါတရံတော့လဲ ချစ်သူက သူ့သူငယ်ချင်းတွေနဲ့ လ္ဘက်ရည်ဆိုင် ရောက်နေလို့ ချစ်သူမရှိတဲ့ အိမ်လေးကို အဲဒီတော့မှ ရဲရဲဝင့်ဝင့် ကြည့်မိတယ်။ ယောင်္ကျားလေးတွေ အများကြီးရှိတဲ့ လ္ဘက်ရည်ဆိုင် ဆိုတော့ ချစ်သူရှိနေမလားလို့ လှမ်းမကြည့်ရဲလို့ သူငယ်ချင်းတွေကို အကူအညီတောင်းတော့လဲ အားမကိုးရတဲ့ သူငယ်ချင်းတွေက နင်ကြည့်ပေးလိုက်၊ ငါလဲမကြည့်ရဲဘူး။ နင်ကြည့်ပါလား ဆိုပြီး သူကြည့်ငါကြည့်နဲ့ သူတို့ အချင်းချင်း ငြင်းခုံနေခဲ့ကြသေးတယ်။

မိုးအုံ့နေတဲ့ ညနေလေး တခုမှာတော့ ချစ်သူခြံဝမှာထွက်ရပ်နေတယ်။ သူငယ်ချင်းမတွေရဲ့ လှပနက်မှောင်တဲ့ ဆံကေသာတွေနောက်မှာ ပုန်းကွယ်ရင်း နောက်ပြန်လှဲ့ကြရင်ကောင်းမလားလို့ ချီတုံခြတုံ ဖြစ်နေခဲ့တယ်။ ကချင် ပုဆိုးကွက်နဲ့ ချစ်သူက ခေါင်းငုံ့ပြီး မြေပေါ်ကတစုံတရာကို(သို့) ဘာမှမရှိတာကို ဖိနပ်ဦးနဲ့ တို့ကစားနေတယ်။ ကိုယ်ချစ်တဲ့လူ တယောက်ရှေ့က ဖြတ်လျှောက်ရတာ တော်တော်ခက်တဲ့ အလုပ်တခုဆိုတာ အဲဒီနေ့က သိခဲ့ရတယ်။ ချစ်သူရဲ့မျက်လုံးက အားလုံးထဲမှာမှ ကိုယ့်ဆီရောက်လာတယ်။ ရိုလ်းနံပါတ် နှစ်မဟုတ်လားတဲ့၊ ကျွှန်တော် “ . . . ” ပါတဲ့၊ တအုပ်လုံးကြီးက ခေါင်းငြိမ့်ကြတယ်။ ဒါ ကျွှန်တော့အိမ်ပါတဲ့၊ တအုပ်လုံးက တခါ ခေါင်းထပ်ငြိမ့်ကြ ပြန်တယ်။ အားတဲ့အခါ လဲလာလည်နိုင်ပါတယ်တဲ့။ အားလုံး ခေါင်းတွေ ငြိမ့်ကြပြန်ရော။ အဲဒီညနေက ခေါင်းငြိမ့်တဲ့ အလုပ်နဲ့ပဲ ပြီးသွားကြတယ်။

ချစ်သူအတွက် ကဗျာလေးတွေကို စွယ်တော်ရွက်လေးတွေပေါ်မှာ စပ်ဖူးတယ်။ ချစ်သူနဲ့ သူငယ်ချင်းတွေ ဖြစ်သွားပြီးတဲ့နောက် သူအတွက် စပ်ထားတဲ့ကဗျာတပုဒ်ကို ချစ်သူကို လက်ဆောင်အဖြစ် ပေးလိုက်ရတယ်။ ချစ်သူ စိတ်ဝင်စားနေတဲ့ အရပ်ပုပု ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးကို ပေးဖို့အတွက်ပေါ့။ သူငယ်ချင်းမတွေကတော့ နှစ်မျောတသနဲ့ မြည်တွန်တောက်တီး နေခဲ့ကြတယ်။

နှစ်တွေအကြာကြီးမှာ ချစ်သူရဲ့အိမ်လေးရှေ့ကို တခါပြန်ရောက်တယ်။ အရင်လိုပဲ သစ်ရွက်တွေ ရှင်းလင်းပြီးစ ခြံဝင်းလေးက သန့်ရှုင်းနေတယ်။ ချစ်သူကို တံမြက်စည်းလေးကိုင်လို့ တွေ့လိုက်ရတယ်။ ချစ်သူဘေးမှာ ဂါဝန်အ၀ါလေးနဲ့ ပါးဖောင်းဖောင်း ကလေးလေးတယောက်က သရက်သီးလေး ကိုင်လို့ ရပ်ကြည့်နေတယ်။ သစ်ရွက်ပုံလေး နားမှာတော့ အရပ်ပုပု ဆံပင်ကိုတပတ်လျှိုတွဲချထားတဲ့ မိန်းကလေးတယောက်။ ချစ်သူတို့  မိသားစု လုပ်လက်စ အလုပ်တွေကို ထားပြီး အိမ်ပေါ်မှာ သစ်သီးမျိုးစုံနဲ့ ဧည့်ခံကြတယ်။

ညမီးလေးတွေ လက်လာတော့ ခြံဝအထိ ချစ်သူက လိုက်ပို့တယ်။ နင့်ရဲ့ ကဗျာတပုဒ်အတွက် ကျေးဇူးတင်ပါတယ်လို့ ချစ်သူကပြောတယ်။ ညလေအတိုးမှာ ၀ါးရုံပင်တွေတရှဲရှဲမြည်သွားတယ်။
ချစ်သူအိမ်ကို ကျောခိုင်းလျှောက်နေပေမယ့် ချစ်သူကိုယ့်ကို ခြံဝက ရပ်ကြည့်နေဆဲပဲဆိုတာ သိနေခဲ့တယ်။

ဒါပေမယ့်လေ...ချစ်သူရှေ့မှာ လမ်းလျှောက်ရတာ သိပ်ခက်ခဲတဲ့ အလုပ်တခုတော့ မဟုတ်တော့ပါ။

Wednesday, August 16, 2006

Why?

I walked today through the slums of life,
Down the dark streets of wretchedness, and of pain.
I trod today where few have trod
and as I walked I challenged God.

I saw the sots in the bar rooms.
I saw the prostitutes in the dance halls.
I saw the thieves as they picked pockets.
I saw men and women devoid of life,
living in a world of sin,
and above the din I whispered, "Why God, Why?"

I walked today down the lanes of hate,
Hearing the jeers of bitter men,
Hearing the names as they cursed and spat
"Dago, Nigger, Kike, jap."
I saw the defected men they stoned.
I felt the anguish of their cries.
I saw them as they slapped the lonely,
as they turned their backs on human needs.
Snarling, growling were the fiends of hell.
These, God called his sons!
Gasping for air, I cried "Why God, Why?"

I walked today through wars of grim dregs...
over graveless men.
I saw the dead, the crucified, the headless,
the limbless, the pleading, the crying.
I saw the pain, the waste.
I smelled the odor of rotted flesh.

I saw the children gathered round..watching naked, hungry, weeping, diseased, dirty....
The baby trying to nurse from a dead mother.
The ruins...the agony...the despair!
Disaster..........diaster............all around!

Blinded with tears, I fled down these streets.
I stumbled, then stopped.
I shouted "Why God, Why?"
Why do you let man sin, hate and suffer?
Unmerciful Father! God, are you blind?
Are you wicked and cruel?
God, can you watch and do nother?
Why must this be?

The world grew slient.
I awaited reply.
The slience was heavy.
I started to tremble.
I waited long..haft rebuking, half fearing,
Then I heard from close behind me
"Why.....Man.........Why?"

Anonymous..

LinkWithin

Related Posts Plugin for WordPress, Blogger...