မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Thursday, October 19, 2006

သေဆုံးခြင်း၏ နောက်ကွယ်တွင်

ကြည်လင်ပြာလဲ့တဲ့ ရေကန်ကြီးတခုထဲမှာ နေရောင်ခြည်နဲ့ အလှမ်းဝေးတဲ့ ရေကန်ကြီးရဲ့ ကြမ်းပြင်ပေါ်က ရွှံ့နွံတွေပေါ်မှာ ရေပိုးကောင်လေးတွေဟာ ကိုလိုနီဖွဲ့ပြီးနေထိုင်နေကြတယ်၊ အဲဒီရေကန်ကြီးထဲမှာ ကြာဖြူကြာနီပန်းတွေ လှပစွာပွင့်နေကြတယ်။ ရေကန်ကြီးထဲက ရေပိုးကောင်လေးတွေထဲမှာ တချို့တွေဟာ တခါတရံကြာရိုးတွေအတိုင်းတွယ်တက်သွားကြတယ်။ တွယ်တက်သွားကြတဲ့ ရေပိုးကောင်လေးတွေက ပျောက်ပျောက်သွားကြပြီး ဘယ်တော့မှပြန်မလာကြတော့ဘူးတဲ့။

တနေ့မှာ ရေပိုးကောင်လေးတကောင်အဲလိုပဲ ကြာရိုးပေါ်ကိုတွယ်တက်နေတော့ စောင့်ကြည့်နေတဲ့ တခြားပိုးကောင်လေးတကောင်က
“ဟော.. ဟိုမှာတကောင် တွယ်တက်နေပြန်ပြီ” လို့ပြောတယ်။
နောက်တကောင်က “ဘယ်များသွားမလို့ပါလိမ့်” လို့ပြောတယ်။
ကြည့်နေရင်းနဲ့ တွယ်တက်သွားတဲ့ပိုးကောင်လေးက မြင်ကွင်းကပျောက်သွားတယ်။
“သူ ဒီမှာ မပျော်လို့များလား” လို့ တတိယတကောင်ကပြောတယ်။

ဒီလိုနဲ့ကြာရိုးပေါ်တက်သွားတဲ့ရေပိုးကောင်တွေ ဘယ်တော့မှပြန်မလာကြတော့
ရေပိုးကောင်အကြီးအကဲက အားလုံးကို အစည်းအဝေးခေါ်လိုက်တယ်။ နောက်ထပ်တွယ်တက်မယ့်ရေပိုးကောင်ဟာ ဘယ်ကိုရောက်ခဲ့တယ်။
ဘာလုပ်ခဲ့တယ်ဆိုတာကိုကျန်ခဲ့တဲ့ပိုးကောင်တွေကိုပြန်လာပြီးအသိပေးပြောပြဖို့သူကအကြံပေးတယ်။ သူအကြံပေးတာကိုအားလုံးကလဲသဘောတူညီဂတိပြုလိုက်ကြတယ်။

ဒီလိုနဲ့ လှပတဲ့နွေဦးရာသီတခုရောက်တော့ အဲဒီရေပိုးကောင်အကြီးအကဲကိုယ်တိုင် ကြာရိုးပေါ်ကို တွယ်တက်ဖြစ်ခဲ့တယ်။
သူ့ကိုယ်သူဘာဖြစ်နေမှန်းမသိခင်မှာပဲ ရေမျက်နှာပြင်အပေါ် ကြာပွင့်ထိပ်ကိုရောက်လာခဲ့တယ်။ ကြာပွင့်ထိပ်ကိုရောက်တော့ ရုတ်တရက် ရေပေါ်ကကြာရွက်တရွက်ပေါ်ကိုပြုတ်ကျသွားတယ်။ ပြီးတော့မောလွန်းလို့အိပ်ပျော်သွားတယ်။ နိုးလာတော့သူကိုယ်သူမယုံနိုင်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ သူ့ကိုယ်မှာ ရှည်လျားတဲ့ အမြီးကြီးတခုနဲ့ လှပတဲ့ အတောင်တွေပေါက်နေတာကိုမြင်လိုက်ရတယ်။
သူ့အတောင်တွေပေါ်က ရေငွေ့တွေဟာ နေရောင်ခြည်ကြောင့် ခြောက်သွားတယ်။ သူလှုပ်လိုက်တိုင်းလဲအတောင်တွေက လှုပ်ရှားသွားပြီးနောက်ဆုံးမှာ
သူ့ကိုယ်သူ လေထဲမှာပျံဝဲနေတာကိုသိလိုက်ရတယ်။
သူဟာ လှပတဲ့ ပုစဉ်းလေးတကောင်ဖြစ်နေပြီ။

ပုစဉ်းလေးဟာ ကောင်းကင်ပြာကြီးကိုနောက်ခံထားပြီး လေထဲမှာ အမျိုးမျိုးတောင်ပံခတ်လို့
လေဟုန်စီးနေရင်းသူကိုယ်တိုင် သူ့ရဲ့မျိုးနွယ်ရေပိုးကောင်တွေကို တောင်းခဲ့တဲဂတိ၊
ပေးခဲ့တဲ့ ဂတိကိုအမှတ်ရလိုက်တယ်။
သူသတိရလိုက်တာနဲ့တပြိုင်နက် သူဟာ ရေမျက်နှာပြင်ကိုခွဲပြီး သူ့မျိုးနွယ်ရှိရာရေအောက်ကို
ဝင်ဖို့ကြိုးစားလိုက်တယ်။
ရေမျက်နှာပြင်နဲ့ထိလိုက်တာနဲ့ သူကိုယ်ဟာလေထဲကိုပြန်ကန်ထွက်သွားတယ်။
အခါခါကြိုးစားပေမယ့် သူဟာ ပုစဉ်းဘ၀နဲ့ ရေထဲကိုဘယ်တော့မှပြန်လို့မရတော့ ဘူးဆိုတာသိလိုက်ရတယ်။
တကယ်လို့ ရေထဲကိုပြန်လို့ရမယ်ဆိုရင်တောင်မှ သူ့ကို ဘယ်သူကမှမှတ်မိကြတော့မှာမဟုတ်တော့ဘူး။ သူဟာ လှပတဲ့ အရောင်စုံတဲ့ ပုစဉ်းလေးဘ၀နဲ့ ကြီးမားကျယ်ပြန့်လှတဲ့ ကောင်းကင်ကြီးထဲမှာ
ပျံဝဲနေနိုင်တာကို ရေပိုးကောင်လေးတွေကို ဘယ်လိုမှပြန်မပြောပြနိုင်တော့ဘူး။ ရေပိုးကောင်လေးတွေကိုယ်တိုင် သူ့လိုပုစဉ်းဘ၀ကိုပြောင်းမှပဲ ပျောက်ပျောက်သွားကြတဲ့ ပိုးကောင်လေးတွေရဲ့ အဖြစ်မှန်ကိုသိနိုင်ကြတော့မယ်ဆိုတာကို စဉ်းစားလိုက်မိပြီး ကျယ်ပြန့်လှပတဲ့ မိုးကောင်ကင်ကြီးထဲကို လွတ်လပ်ပေါ့ပါးစွာနဲ့ ပြန်တက်သွားတော့တယ်။
...စာအုပ်တအုပ်မှာဖတ်ဖူးတဲ့ နောက်ပြီးဖြစ်ရပ်မှန်သဘာဝအဖြစ်လေးတခုပါ....




အိမ့်ချမ်းမြေ့

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...