မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, September 22, 2006

Okanagan လွင်ပြင်ခရီး

လွန်ခဲ့တဲ့ long-weekend တခုတုန်းက ကျွန်မတို့ မောင်နှစ်မတစု ဘီစီပြည်နယ်အရှေ့အလယ်ပိုင်းက
သစ်သီးပန်းမာန်တွေ၊ တောင်ကုန်းတွေပေါတဲ့ Okanagan ဆိုတဲ့နေရာကို ရက်တိုခရီးထွက်ခဲ့ကြတယ်..
ခရီးထွက်ဖို့ကျွန်မ စပြောတော့ အားလုံးကအရှိန်တက်သွားကြတယ်... နောက်တော့
ရာသီကလဲအေးလာ..ကျောင်းတွေ၊ အလုပ်တွေပြန်ဝင်ရမယ့် စက်တင်ဘာလဆန်းကလဲဖြစ်၊
နွေရာသီမှာသုံးခဲ့ဖြုန်းခဲ့ကြတာလေးတွေကလဲရှိဆိုတော့ ငွေရေးကြေးရေးကိုစဉ်းစားကြရင်းနဲ့ သွားမလိုလို မသွားမလိုလိုနဲ့ ဆုံးဖြတ်ရခက်နေကြပါတယ်။

နောက်ဆုံးတော့ အနားကပ်ပြီးမှ ဆုံးဖြတ်ချက်ချလိုက်ပြီး ကောက်ထွက်ခဲ့ကြတယ်..
မထွက်ခင်တရက်မှာမှကပ်ပြီး နေမယ့် ဒေသ Okanagan Falls ဆိုတဲ့မြို့က resort တခုမှာ
ဘွတ်ကင်တင်လိုက်တယ်.resort နာမည်ကလဲ lake view resort ဆိုတော့ဟုတ်ပြီဆိုပြီး
ယူထားလိုက်တယ်.. ဈေးကလဲသက်သာ၊ ရေကန်နဲ့လဲနီး၊ မြို့နာမယ်ကလဲ Okanagan Falls ဆိုတော့
ကျွန်မတို့အားလုံးမျက်စိထဲမှာ ရေတံခွန်တွေ၊ တောင်ကျချောင်းတွေ၊ ကနေဒါရဲ့ ဧရာမကျောက်စိမ်းရောင်၊
အပြာရောင်ရေကန်ကြီးတွေမြင်ယောင်လို့ထွက်ခဲ့ကြတယ်..
Okanagan Falls ကို ဟိုင်းဝေး ၃ သို့မဟုတ် ၅ က သွားလို့ရတယ်။
တယောက်က ဟိုင်းဝေး၅ကိုမကြိုက်ဖူးတဲ့ ၃ကပဲသွားမယ်ဆိုလို့ ၃ အတိုင်းထွက်လာကြတယ်..
ကားနှစ်စီးနဲ့လူကိုးယောက်၊ တညအိပ်လေးပဲ၊ နောက်ပြီး ၄နာရီပဲမောင်းရတယ်ဆိုလို့
မနက်ရနာရီလောက်မှာ စတွက်ခဲ့ကြတယ်၊

ဒီလိုနဲ့ ဟိုင်းဝေး ၃အတိုင်းမောင်းလာလိုက်တာ ရှုခင်းတွေကတော့အံ့မခန်းအောင်လှပတယ်..
တောင်တန်းတွေ၊ တောင်ကျချောင်းတွေ၊ ကျောက်တုံးထူတဲ့စမ်းလေးတွေနဲ့၊
လမ်းကတော့အဆင်းအတက်တွေ၊ အကွေ့အကောက်တွေကအများသား။
ဒါကြောင့် တချိန်လုံးကားမူးလို့အန်နေတဲ့လူနဲ့၊ ဓာတ်ပုံရိုက်ဝါသနာပါလို့ ဟိုနားလေးလှလို့ ရပ်ပါဦး၊
ဒီနားလေးလှလို့ရပ်ပါဦးဆိုတဲလူနဲ့၊ မြို့တမြို့ရောက်တိုင်းဆင်းဦးမယ်ဆိုတဲ့သူနဲ့ လေးနာရီခရီးက
ခုနှစ်နာရီကြာသွားတယ်..
ဒီလိုနဲ့နေ့လည်နှစ်နာရီထိုးတော့ Okanagan Falls ဆိုတဲ့မြို့ကိုရောက်လာတယ်။
မြို့ကတိတ်ဆိတ်ခြောက်ကပ်ပြီး မြို့အ၀င်ကနေ မိုတယ်ရောက်တဲ့အထိ ဘာရေတံခွန်မှကှိုမတွေ့ဘူး..
ဒီလောက်နာမည်ကြီးတဲ့ Okanagan ဆိုတာဒါတော့မဖြစ်နိုင်ဘူးဆိုပြီး အားလုံးလဲဇဝေဇ၀ါဖြစ်နေတာပေါ.

ဘွတ်ကင်တင်ထားတဲ့နေရာရောက်တော့ မိုတယ်ရှေ့မှာ ရေကန်တော့တွေ့ပါပြီ
ဒါပေမယ့်သေးသေးလေး၊ ကန်စပ်မှာကလဲ မသန့်မရှင်းနဲ့၊ တည်းခိုရမယ့် resort ဆိုတာကလဲ
သစ်ရိပ်ဝါးရိပ်တွေအောက်မှာ မှုန်ကုပ်ပြီး အိုဟောင်းနေတယ်။ ဒါနဲ့Pentiction
မြို့ဘက်ကိုဆက်ထွက်ကြမလားလို့ ၀ိုင်းစဉ်းစားကြပေမယ့် ခရီးပန်းလို့အရမ်းမောနေတဲ့သူတွေနဲ့
အန်တဲ့သူက ဆက်မသွားနိုင်လို့ အဲဒီမှာပဲနေလိုက်ကြတယ်။ ဈေးကလဲတကယ်တော့ မသက်သာပါဘူး။
တခန်းကို ၁၅၀၊ နှစ်ခန်းဆိုတော့ ၃၀၀ ပေးလိုက်ရတယ်။
ဒါတောင်လေအေးစက်ကဟောင်းလွန်းလို့မအေး၊ အိုးခွက်တွေကလဲဟောင်းနွမ်းပြီး
ဖြစ်ချင်တိုင်းဖြစ်နေတယ်။ ကျွန်မတို့ခရီးတွေမကြာခဏထွက်ကြတာ တခါမှဒီလိုမဖြစ်ဖူးပါ။
နောက်ပြီးဆားလေး၊ သွားတိုက်ဆေးလေးတောင်မပေးဘူး။
ကျွန်မတို့လဲ ပစ္စည်းတွေချပြီး နားတဲ့သူနား၊ ရေကန်နားသွားတဲ့သူသွား၊ မြို့ပတ်ကြည့်သူကြည့်နဲ့
တခုခုတော့မှားနေပြီဆိုတာသိနေကြတယ်။ မြို့ပတ်ကြည့်သူတွေကို
ရေတံခွန်တွေ့ပြီလားလို့ မိုတယ်ခန်းထဲမှာ ကျန်ခဲ့တဲ့သူတွေက walky-talky နဲ့လှမ်းလှမ်းမေးရတာအမော..
“ဘာရေတံခွန်မှမတွေ့ဘူးဟေ့” လို့ပြောရင်း သွားတဲ့သူတွေအသံသာ walky-talky range
ဝေးသွားလို့ပျောက်သာသွားပါတော့တယ်။ ညနေစောင်းတော့ ရေတံခွန်ရှာတဲ့သူတွေစိတ်ပျက်ပျက်နဲ့
ဘာရေတံခွန်မှမတွေ့ပဲပြန်ရောက်လာကြတယ်။

စားစရာကလဲမရှိ၊ ဗိုက်ကလဲဆာဆာနဲ့ နီးရာဆိုင်က အသားနဲ့အသီးအရွက်တွေဝယ်ပြီး ညစာကို
မီးကင်နဲ့ပဲပြီးလိုက်ကြတယ်။ မိုတယ်ရှေ့ပန်းခြံ၊ ထီးဝိုင်းဝိုင်းလေးအောက်က
Barbequeစားတဲ့ခုံလေးတွေမှာစုထိုင်စားကြတယ်။ ပန်းခြံလေးနဲ့ ရှေ့ကရှုခင်းလေးနဲ့သိပ်တော့မဆိုးပါဘူး။
ညရနာရီလောက်မှာတော့ရှေ့မှာမြင်နေရတဲ့ရေကန်ထဲဆင်းချိုးရင်လဲ ကနေဒါမှာဝဲပေါက်ပါတယ်လို့
လူကြားမကောင်းမှာစိုးလို့ ဆိုပြီး မိုတယ်နောက် ကရေကူးကန်မှာပဲတချို့ကရေဆင်းကူးလိုက်ကြတယ်။
အဲဒီညက ကောင်းကင်ပေါ်က“လ”က ထူးဆန်းလွန်းစွာသွေးနီရောင်ဖြစ်နေတယ်၊

ညရောက်လာတော့ ကျွန်မကြောက်လာတယ်။ ထူးထူးဆန်းဆန်းသွေးနီရောင်ဖြစ်နေတဲ့“လ”ရယ်၊
မရယ်မပြုံးမိုတယ်ပိုင်ရှင် ဧည့်ကြိုအမျိုးသမီးကြီးရဲ့ မျက်လုံးပြူးပြူး၊ ဆံပင်နီနီကိုမြင်ယောင်လာပြီး
တခါးတွေချက်ကျရဲ့လားလို့ ထစစ်တာကို အရှေ့က hide-a-bed ပေါ်မှာအိပ်နေတဲ့ ကျွန်မမောင်တွေက လှောင်တယ်။
“အေး...ရုပ်ရှင်တွေထဲက စိတ္တဇ ဖြစ်နေတဲ့ မိုတယ်ပိုင်ရှင်တယောက် ဒီလိုပဲ လာတည်းတဲ့သူတွေကို လိုက်သတ်တာကြည့်ရတယ်မို့လား” လို့ကျွန်မပြောပြီး ၀င်အိပ်လိုက်တယ်။
အိပ်မပျော်ခင်မှာ အိပ်ရှေ့က ချိုးချိုးချွတ်ချွတ်ကြားတော့ ကျွန်မထကြည့်တယ်။ ကျွန်မကိုလှောင်တဲ့
မောင်တွေ ကျွန်မစစ်ပြီးသားတံခါးတွေကိုထပ်စစ်နေကြတာကိုတွေ့လိုက်ရတယ်
ကျွန်မကိုတွေ့တော့ “ဟီး..ဟီး”ဆိုပြီး မလုံမလဲနဲ့ ရယ်နေကြလေရဲ့...

နောက်တနေ့မနက်ခင်းကျတော့ အားလုံးမကျေမနပ်နဲ့ ဒါ နာမည်ကြီးတဲ့ Okanagan မဖြစ်နိုင်ဘူး၊
မကျေနပ်ဖူး ဆိုပြီး မြောက်ဘက်ကိုသွားတဲ့ဟိုင်းဝေးလမ်းမကြီးအတိုင်း Kelowna မြို့ကိုထွက်ခဲ့ကြတယ်။
Kelowna မရောက်ခင် Pentictionမြို့ကိုဖြတ်ရပါတယ်။ Pentictionမြို့အ၀င်မှာ တွေ့ရပါပြီ...
လှလိုက်တဲ့ ရေကန်တွေဆိုတာ၊ ပင်လယ်ဝကြီးတွေလိုပဲ..
ကျောက်တောင်နဲ့ကပ်နေတဲ့ ကားလမ်းရဲ့ ညာဘက်က တောင်စောင်းစိုက်ခင်းတွေပေါ်မှာ လူတရပ်ပဲရှိတဲ့ ပန်းသီးပင်တွေ။ plum ပင်တွေမှာ အသီးတွေဆိုတာ ပြွတ်သိပ်သီးနေကြတယ်။
ရေကန်စပ်နားကစိုက်ခင်းတွေရဲ့အောက်မှာလဲ သောင်လှလှတွေနဲ့ မြစိမ်းရောင် Okanagan ရေကန်ကြီး၊
ရေကန်ကဘယ်လောက်ကြီးလဲဆိုတာ မြို့နှစ်မြို့သာကုန်သွားတယ်
ရေကန်ကြီးကလမ်းတလျှောက်ဘေးကပြေးလိုက်နေသလိုပါပဲ...

Kelowna မြို့ရောက်တော့ မကျေနပ်ကြတဲ့သူတွေက တညဆက်အိပ်မယ်ဆိုပြီး မိုတယ်၊
ဟိုတယ်ရှာကြပြန်တယ်။ နွေအကုန်နောက်ဆုံး long-weekend မို့ Kelownaမြို့ပေါ်က
တော်ရုံတည်းခိုခန်းတွေက ပြည့်နေတာပဲ။ မိုတယ်တခုတော့တွေ့တယ်။ လူကိုးယောက်ဆိုတော့
သုံးခန်းယူရမယ်တဲ့ တိုတိုပြောရရင် သုံးခန်းလုံးကို၄၈၀ ဆိုလားနဲ့ပေးမယ်တဲ့။ ဈေးတော့အတိအကျကျွန်မ
မမှတ်မိတော့ဘူး။ နေရာကမှုန်ကုပ်ကုပ်နဲ့ မနက်စာတောင်ကျွေးပုံမရဘူး။
ဒါမျိုးကကြိုတင်ဘွတ်ကင်တင်ရတာ၊ အနားကပ်မှဆိုရင် ဈေးကြီးလုပ်ရတာကိုး။ ကျွန်မတို့မယူပဲ
လှပတဲ့ကမ်းစပ်တွေပတ်ပတ်လည်ဝိုင်းနေတဲ့ မြို့ကိုတပတ်မောင်းရင်း သင့်တော်တာရှာကြတယ်။
နောက်ဆုံးတော့ Manteo Resort ဆိုတဲ့ခမ်းခမ်းနားနားဟိုတယ်ကြီးတခုဆီရောက်သွားပါတော့တယ်။

ဟိုတယ်ထိပ်ရောက်တော့ “ရိတ်မယ်နော်ကြည့်လိုက်ဦး၊ နဲတာကြီးမဟုတ်ဘူး” ဆိုပြီး တချို့က
မ၀င်ချင်ကြဘူး။ “ဆက်မရှာနိုင်ဘူး၊ တော်ပြီ၊ နီးရာသာဝင်ကွာ” ဆိုပြီး ဆက်မရှာနိုင်ကြတော့တဲ့
အမတွေညီမတွေကြောင့် အနဲဆုံးဈေးတော့ဝင်မေးကြမယ်ဆိုပြီး သုံးရောက်က၀င်သွားကြတယ်။
ကျန်တဲ့သူတွေကားထဲမှာစောင့်နေကြတာပေါ့။ တိုတိုပြောရရင် သဘောကောင်းတဲ့ ဧည့်ကြို
မမချောလေးတွေက မောပန်းပြီးနွမ်းနယ်နေတဲ့ကျွန်မ တို့ကိုကြည့်ပြီး တညကို အခွန်မပါပဲနဲ့တောင် ၆၀၀
လောက်တန်တဲ့ lake-side villa အခန်းကို ပရိုမိုရှင်းနှုန်းနဲ့ ၃၈၀ နဲ့ပေးလိုက်ပါတယ်။
villa ကတကယ်တော့ ခမ်းနားတဲ့ town-house ဒီဇိုင်းပါပဲ။ ကားဂိုဒေါင်နှစ်ခုနဲ့ အထဲမှာတော့ ထုံးစံအတိုင်း
ပျံနေတာပေါ့လေ။ အကောင်းစား entertainment system တွေ၊ အ၀တ်လျှော်စက်ကအစ၊
မီးဖိုထဲမှာလဲ ဆား၊ သကြားကအဆုံး အကုန်ပြည့်ပြည့်စုံစုံပ်ါပဲ။

ရောက်တာနဲ့ထုံးစံအတိုင်းပစ္စည်းတွေချပြီး အိမ်ရှေ့လှေကားအဆင်းမှာကို
ကူးလို့ရတဲ့ကန်ထဲကျွန်မတို့ရေကူးဖို့ပြင်ကြတယ်။ ကန်ပတ်ပတ်လည်ဝိုင်းပြီး ရေဘဲလေးတွေ၊
ငှက်ကလေးတွေနဲ့၊ ခပ်လှမ်းလှမ်းက တောင်ပြာတွေနဲ့ သိပ်လှတဲ့မြို့လေးပါ၊
ဒီမြို့က သစ်သီးတွေသိပ်ထွက်တော့ ၀ိုင်အလျှံပယ်ထွက်တဲ့မြို့ပေါ့၊
ကျွန်မကတော့ခပ်တုံးတုံးဆိုတော့ ၀ိုင်တောင်မသောက်တတ်ပါဘူး။
ရေနွေးကြမ်းကပိုအရသာရှိတယ်လို့ထင်တယ်။

ထုံးစံအတိုင်းBarbeque ၀ါသနာပါသူ ယောင်္ကျားလေးတွေက ညစာချက်မယ်ဆိုပြီး
ဈေးထွက်ဝယ်ကြတယ်။ ဒီလောက်အပျော်ခရီးမှာ ဟင်းမချက်ရရင်မနေနိုင်သူတွေကလဲပါသေးတယ်။
အရေးထဲမှာ ရေကူးဝတ်စုံပါမလာလို့ဆိုပြီး ကျွန်မညီမတယောက်ကို မြို့တပတ်ရေကူးဝတ်စုံလိုက်ရှာ
ဝယ်ပေးရသေးတယ်။ ပထမ ညီအစ်မတစု တိုးရစ်တွေသွားတဲ့နားတ၀ဲလည်လည်ဖြစ်နေတော
့ထုံးစံအတိုင်း ရေကူးဝတ်စုံလေးတခုကို ရာနဲ့ချီဈေးတောင်းတယ်။
“မတတ်နိုင်ဘူး၊ Wal-Mart ဒီမြို့မှာရှိကိုရှိရမယ်”ဆိုပြီး Wal-Mart ကိုရှာကြတယ်။ ကားထဲမှာ
အဖိနှိပ်ခံဆင်းရဲတဲ့တိုင်းပြည်အချို့နဲ့ အနောက်နိင်ငံက မချမ်းသာသူတွေကို မိနီပြူလိတ်လုပ်တဲ့
Wal-Mart မှာဈေးဝယ်သင့်မသင့် utilitarianism နဲ့ပတ်သက်ပြီး ငြင်းနေကြတဲ့သူတွေကရှိသေးတယ်။
“အေး..တို့တွေလဲမချမ်းသာဘူးနော်...ငြင်းမနေကြနဲ့ဒီမှာဝယ်ရင်ဝယ်..မ၀ယ်ရင်လဲပြန်တော့” လို့
အမတယောက်ကအော်မှပဲ ၂၅ဒေါ်လာတန်လောက်နဲ့ အဆင်ပြေလာကြတယ်။

ဗစ်လာကိုပြန်ရောက်တော့ အချို့သောမောင်တွေက ကမ်းစပ်ကို ကားမောင်းပြီး ထွက်သွားကြတယ်။
ချက်တဲ့သူကချက်ပေါ့၊ ကျွန်မနဲ့အမ၊ ညီမတွေကတော့ ဟိုတယ်အပြင်က heated pool
မှာညမှာဆင်းကြတယ်။ ရေကူးအပြီး အဲဒီညကအနီးအနားတ၀ိုက်မှာလမ်းထွက်လျှောက်ကြတယ်။
လကထုံးစံအတိုင်းနီနေပြန်တယ်။ အသက်ရှုရလဲနဲနဲကျပ်သလိုလိုပဲ။ နေ့လည်ကလဲ “လ”တင်မက
ကောင်းကင် “နေ” ကပါနီနီကြီးဖြစ်နေတယ်။

နောက်နေ့မှာ ကျွန်မတို့ ဟိုင်းဝေး၅ကိုသုံးပြီးပြန်လာကြတယ်။ အပြန်ခရီးကလဲဖြစ်၊
ဟိုင်းဝေးကလဲကောင်းတော့ ၄နာရီလောက်နဲ့ Vancouver ကိုပြန်ရောက်လာကြတယ်။
လကြီးနီနေတာဘာကြောင့်လဲဆိုတာ အိမ်ရောက်မှသိရတယ်။ U.S. Washington State
မှာတောမီးအကြီးအကျယ်လောင်နေတာ လေပင့်ပြီး Canada ဘက်ကိုမီးခိုးရိုက်တာဖြစ်ကြောင်း။
ကနေဒါဘက်ကိုပါမီးကူးပြီး အလာတုန်းက ဖြတ်လာတဲ့ Manning Park
ဘက်အထိလောင်နေတာဖြစ်ကြောင်း သိတင်းတွေမှတဆင့်သိရပါတယ်။

ဒီခရီးလေးထွက်တာတခုကျွန်မသင်ခန်းစာရပါတယ်။
မြို့ပြနဲ့ဝေးရာ တောထဲမှာဆိတ်ဆိတ်ငြိမ်ငြိမ်မနေချင်ဘူးဆိုရင် ဟိုတယ်ချိန်းကြီးကြီးတွေရှိတဲ့မြို့ကိုသွားဖို့ပါ။
ကြိုတင် မစီစဉ်ပဲကောက်ထွက်ခဲ့တဲ့ ဒီခရီးလေးက ပျော်ဖို့တော့ကောင်းပါတယ်ရှင်။


RockYou slideshow | View | Add Favorite

♥ အိမ့်ချမ်းမြေ့ ♥

3 comments:

myatsu said...

ဖတ်ရတာ စိတ်ချမ်းသာဖို့ကောင်းလိုက်တာ။ ပျော်စရာကြီး။ တစ်ခေါက်လောက် အဲဒီလိုကိုယ်ညီမတွေ သူငယ်ချင်းတွေနဲ့ ခရီးထွက်အုံးမယ်။

ply said...

hi
ko kyaw kyaw

မိုးထက်နေ said...

ကြယ်တွေအရောင်မလင်း တဲ့ခဏ
(ဆောင်းအိပ်မက် မှာရှိတယ်)

LinkWithin

Related Posts Plugin for WordPress, Blogger...