မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, August 29, 2006

သက်တန့် နဲ့ ပိန်းရွက်

ပင်လယ်ကမ်းစပ်က သဲဖြူဖြူမွမွလေးတွေပေါ်မှာ ကလေးလေးတယောက် သဲအိမ်ကလေးဆောက်နေတယ်။
ခပ်ဝေးဝေးက အုန်းပင်တန်းတွေကြားထဲကိုတော့ နေရောင်ခြည်တွေက ဖြာကျနေတယ်၊ ဆောက်ပြီးခါစ သဲအိမ်ကလေးကိုထားပြီး ကလေးမလေးက ရုတ်တရက်
သောင်စပ်ကနေ အုန်းပင်တန်းတွေဆီကို အားကုန်ပြေးသွားတော့ ပူနွေးတဲ့ သဲပြင်မွမွမှာခြေရာသေးသေးလေးတွေကျန်နေခဲ့တယ်။
အုန်းပင်တန်းထဲရောက်တော့ ကလေးမလေးကနေရောင်ခြည်တန်းတွေကို လိုက်လို့ဖမ်းနေတာပေါ့။
အဲဒီအချိန်မှာ မိုးကောင်းကင်ပေါ်က ငှက်မွှေးလေးတခု ဝေ့၀ိုက်လို့ကျလာတယ်။
ကလေးမလေးကငှက်မွှေးလေးကို ခုန်ဖမ်းလိုက်တယ်။
အဲဒီအချိန်မှာ ဂါဝန်လှလှလေးက လေထီးလေးလိုဝဲပျံသွားတယ်။
ငှက်မွှေးလေးက သူ့ကို ကလူကျီစယ်လို့ ခပ်ဝေးဝေးကို ဝေ့၀ဲဝေးလွင့်သွားတယ်။
ကလေးမလေးက ဝေးလွင့်သွားတဲ့ ငှက်မွှေးလေးကို ၀မ်းပန်းတနဲငေးကြည့်ရင်း ပင့်သက်ရိုက်လိုက်တယ်။
ဒါပေမဲ့ အနီးနားကရေမြောင်းလေးထဲမှာ ခပ်စုစုပေါက်နေတဲ့ ပိန်းရွက်စိမ်းစိမ်းတွေကိုတွေ့လိုက်တော့ သူ့မျက်နှာလေးက ချက်ချင်းပြန်ပြုံးသွားတယ်။
ပိန်းရွက်တွေပေါ်မှာ ရေစက်ကြည်ကြည်လုံးလုံးလေးတွေတင်နေတယ်။
ပိန်းရွက်တစ်ရွက်ကို ရေစက်လေးတွေကျမသွားအောင်
ညှာတံကနေ သူသေသေချာချာချိုးယူလိုက်တယ်။
ရေစက်လုံးလုံးလေးကလှုပ်လီလှုပ်လဲ့နဲ့၊ ရေစက်လေးထဲမှာသူ့အရိပ်လေးပေါ့
လှုပ်လီလှုပ်လဲ့ရေစက်လေးတင်နေတဲ့ ပိန်းရွက်လေးကိုသေသေချာချာကိုင်ပြီး
သူ့မေမေနဲ့ဖေဖေကိုပြဖို့အိမ်ကိုပြေးပြန်လာခဲ့တယ်။
လမ်းမှာ သူ့ခြေထောက်နဲ့သဲမွမွနဲ့မထိဘူး။
ကြည့်လိုက်တော့ သူဟာ သက်တန့်တွေပေါ်မှာရောက်နေတယ်။
ခုနှစ်လွှာသက်တန့်ရဲ့အလင်းရောင်ကြောင့်သူ့မျက်စိတွေကျိမ်းစပ်သွားတယ်။
မျက်စိလေးကိုပွတ်လိုက်တဲ့အချိန်မှာ သက်တန့်ပေါ်က ခြေချော်လို့ ပြုတ်ကျသွားတယ်။
ပိန်းရွက်လေးထဲကရေစက်လေးလဲ ခုန်ထွက်သွားတယ်
ပိန်းရွက်စိမ်းလေးကလဲ တပတ်လည်ပြီးအောက်ကိုကျသွားတယ်။
သူ့ကိုယ်ကလဲတပတ်လည်ပြီးသက်တန့်ပေါ်က ကျသွားတော့
သူ့ရင်ထဲမှာ အသဲနှလုံးတွေမရှိတော့သလို အေးကနဲဖြစ်သွားတယ်။
သူသတိရလို့ကြည့်လိုက်တော့ နေရာဒေသတခုကို ရောက်နေတာကိုသိလိုက်ရတယ်။
အဲဒီဒေသမှာ ယှဉ်ပြိုင်မှုတွေ၊ အယူအဆအမျိုးမျိုးကြောင့် ခွဲခြားမှုတွေ၊ ကွဲပြားမှုတွေ၊
ဒေါသတွေ၊ မောဟတွေ၊ အတ္တတွေ၊ မာနတွေ၊ စစ်မက်တွေ၊ တနေ့စာတနေ့စားရဖို့ ရုန်းကန်နေကြရတဲ့သူတွေ၊

အရေပြားရဲ့လှပမှုကို ပိုမိုမက်မောမှုတွေ၊ လစဉ်ပေးရမယ့် bill တွေ၊ ညှင်းပန်းနှိပ်စက်မှုတွေ၊ ဒေါသအမျက်ချောင်းချောင်းထွက်နေတဲ့ လူအုပ်ကြီးတွေ။ သေလုမျောပါးဝေဒနာရှင်တွေရဲ့ အနားမှာဝဲနေတဲ့ ယင်မဲအုပ်ကြီးတွေ။ ဘ၀ဆိုတာ ဒုက္ခဆင်းရဲပါလားလို့အော်ဟစ်နေကြသူတွေ၊ တချိန်ထဲမှာ လူ့ဘ၀ဆိုတာရတောင့်ရခဲ၊ လုပ်စရာတွေအများကြီးပဲလို့အော်နေသူတွေ။
မျက်ရည်တွေ၊ ဒုက္ခဆိုတာမသိပဲ ရွှေဇွန်းကိုက်လို့မွေးဖွားလာသူတွေ၊ နောက်ဆုံးပေါ်အသုံးအဆောင်တွေနဲ့အတူ ပူလောင်မှုတွေ။

အဲဒီဒေသကနေလွတ်မြောက်ပြီး သူလာခဲ့ရာ အရင်နေရာကို ပြန်သွားချင်လို့ သူတဆင့်ဖြတ်ကျော်ခဲ့တဲ့ ခုနှစ်လွှာသက်တန့်ကိုမော့ကြည့်လိုက်တယ်။
သက်တန့်လေးက ဟိုးမိုးအမြင့်ပေါ်မှာ။ သူမမှီနိုင်တဲ့ မိုးမြင့်ပေါ်မှာ လှပစွာနဲ့သူ့ကိုငုံကြည့်လို့နေတယ်။

အဲဒီအချိန်မှာ ရုတ်တရက်ကောင်းကင်က အရောင်ပြောင်းသွားတယ်။
နေ့ကနေ ညကို ရုတ်တရက်ကူးပြောင်းသွားတယ်။
ကြည်လင်တဲ့်အရောင်မဲ့ကောင်းကင်မှာ လှပတဲ့ငွေလ၀န်းက ရွှမ်းရွှမ်းစိုစိုသာနေတယ်။ ညလေလေးက တဖြူးဖြူးနဲ့၊ အုန်းရွက်စိမ်းတွေကလဲ လေမှာ ညင်ညင်သာသာလွန့်လူးနေတယ်။ တိတ်ဆိတ်တဲ့လေက ခပ်လှမ်းလှမ်းက ပုရစ်အော်သံကို သယ်ဆောင်လာတယ်။ နောက်ပြီးသာယာငြိမ့်ငြောင်းတဲ့ ဂီတသံတခု။
သာလွန်းတဲ့ အရင်ညကမောင့်လပြည့်ဝန်း
အမှောင်ညကို စွန့်သွားတဲ့ ..မောင့်...
ရုတ်တရက် ကြိုးတွေပေါ်မှာ ခရီးသွားနေတဲ့ ဂီတသံက ကလေးလေး သက်တန့်ပေါ်ကခြေချော်ကျသလို ချော်ထွက်သွားတယ်။

အိပ်မက်ရှင်လဲ အိပ်မက်ကရုတ်တရက်လန့်နိုးလာတယ်၊ သူနိုးလာချိန်မှာ လရောင်ကသစ်ရွက်ကြို သစ်ရွက်ကြားက ဖြတ်သန်းပြီး သူ့ကိုယ်ပေါ်ကို ကျနေတယ်။ အိပ်မက်ရှင်ရဲ့ပေါင်ပေါ်မှာ မှောက်ခုံလေးအိပ်နေတဲ့ Roy ရဲ့ The God of Small Things ဆီကဟောက်သံသဲ့သဲ့လေး ကြားနေရတယ်။ ပက်လက် ကုလားထိုင်လက်ရမ်းပေါ်မှာ ညပိုးကောင်လေးတကောင် ခရီးသွားနေတယ်။ စံပယ်ပန်းနံ့တွေသင်းပျံ့တဲ့ညလေက ကျီစယ်လို့တိုက်ခတ်သွားတယ်။

အဲဒီအချိန်မှာခပ်ဝေးဝေးကသီချင်းရှင်က သံစဉ်တပိုင်းတစကို ကြိုးစားပမ်းစား ပြန်ရှာဖွေနေသံကြားတယ်။ ငယ်စဉ်က ကလေးတို့ဘ၀မှာ... သာယာငြိမ့်ငြောင်းတဲ့ ဂီတသံတဖန်ပြန်ပေါ်လာတယ်။

အိပ်မက်ရှင်ကတော့ သူ့ဘ၀ရဲ့သံစဉ်တပိုင်းတစကို ဆက်လက်ရှာဖွေဖို့ကြိုးစားနေဆဲပဲ။

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...