မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, August 28, 2006

ချစ်သူ့ အိမ်

ကျောက်စရစ်ခဲလေးတွေ ခင်းတဲ့ လမ်းလေးထဲမှာ ချစ်သူရဲ့အိမ်လေး ရှိတယ်။ အဲဒီ လမ်းလေး တဖက်တချက်မှာတော့ ၀ါးရုံပင်တန်းလေးတွေ၊ ညနေစောင်းပြီဆိုရင် ချစ်သူနေတဲ့ လမ်းလေးထိပ်က
ပုဇွန်ကွက်ကျော်သုတ်ဆိုင်၊ လ္ဘက်ရည်ဆိုင်၊ ကြံရည်ဆိုင်လေးတွေမှာ လူစည်ကားတတ်တယ် ။
မီးရောင်လဲ့လဲ့ စာအုပ်အငှားဆိုင်လေးတွေ၊ ဆိုက်ကားသံတွေနဲ့လဲ အသက်ဝင်နေတယ်။ ဒါပေမယ့် ချစ်သူနေတဲ့ လမ်းလေးထဲမှာကတော့ လူခြေတိတ်ဆိတ်နေတတ်တယ်။

ချစ်သူရဲ့ အိမ်ပတ်ပတ်လည်မှာ သရက်ပင်တွေ၊ မန်ကျည်းပင်တွေ တန်းစီနေတယ် ။ တခါတရံ သရက်ကင်းလေးတွေက လမ်းလေးပေါ်ကို ကျနေတတ်တယ်၊ ပြူတင်းပေါက် ဖြူဖြူလေးတွေမှာ ကန့်လန့်ကာ အပြာလေးက လေမှာ လွင့်နေတတ်တယ်။ ခြံဝင်းလေးကတော့ သစ်ရွက်တွေ ကင်းစင်လို့ အမြဲတမ်း ပြောင်စင်နေတတ်တယ်။ ခြံလေးရဲ့ထောင့်မှာ အရိပ်ကောင်းတဲ့ ရေတွင်းလေးနဲ့  တွဲရရွဲကျနေတဲ့ သစ်ခွပန်းတွေရှိတယ်၊

ညနေစောင်းတွေမှာ ခြံဝင်းလေးထဲမှာ တခါတရံ ချစ်သူ တံမြက်စည်းလှဲနေတာကို ပုဏ္ဍရိတ်ပင်တွေကြားက မြင်ရတတ်တယ်။ ချစ်သူကို ချစ်မိသွားတဲ့ အကြောင်းတွေထဲမှာ အဲဒါတခုလဲပါတယ်။ တခါတရံ တံမြက်စည်း လှဲပြီးသား သစ်ရွက်ခြောက် လေးတွေကို မီးရှို့နေလို့  မီးခိုးငွေ့တွေ ဟိုးဝါးရုံပင်ထိပ်ဖျားကို လွင့်တက် သွားတယ်။ တခါတရံတော့လဲ ချစ်သူက သူ့သူငယ်ချင်းတွေနဲ့ လ္ဘက်ရည်ဆိုင် ရောက်နေလို့ ချစ်သူမရှိတဲ့ အိမ်လေးကို အဲဒီတော့မှ ရဲရဲဝင့်ဝင့် ကြည့်မိတယ်။ ယောင်္ကျားလေးတွေ အများကြီးရှိတဲ့ လ္ဘက်ရည်ဆိုင် ဆိုတော့ ချစ်သူရှိနေမလားလို့ လှမ်းမကြည့်ရဲလို့ သူငယ်ချင်းတွေကို အကူအညီတောင်းတော့လဲ အားမကိုးရတဲ့ သူငယ်ချင်းတွေက နင်ကြည့်ပေးလိုက်၊ ငါလဲမကြည့်ရဲဘူး။ နင်ကြည့်ပါလား ဆိုပြီး သူကြည့်ငါကြည့်နဲ့ သူတို့ အချင်းချင်း ငြင်းခုံနေခဲ့ကြသေးတယ်။

မိုးအုံ့နေတဲ့ ညနေလေး တခုမှာတော့ ချစ်သူခြံဝမှာထွက်ရပ်နေတယ်။ သူငယ်ချင်းမတွေရဲ့ လှပနက်မှောင်တဲ့ ဆံကေသာတွေနောက်မှာ ပုန်းကွယ်ရင်း နောက်ပြန်လှဲ့ကြရင်ကောင်းမလားလို့ ချီတုံခြတုံ ဖြစ်နေခဲ့တယ်။ ကချင် ပုဆိုးကွက်နဲ့ ချစ်သူက ခေါင်းငုံ့ပြီး မြေပေါ်ကတစုံတရာကို(သို့) ဘာမှမရှိတာကို ဖိနပ်ဦးနဲ့ တို့ကစားနေတယ်။ ကိုယ်ချစ်တဲ့လူ တယောက်ရှေ့က ဖြတ်လျှောက်ရတာ တော်တော်ခက်တဲ့ အလုပ်တခုဆိုတာ အဲဒီနေ့က သိခဲ့ရတယ်။ ချစ်သူရဲ့မျက်လုံးက အားလုံးထဲမှာမှ ကိုယ့်ဆီရောက်လာတယ်။ ရိုလ်းနံပါတ် နှစ်မဟုတ်လားတဲ့၊ ကျွှန်တော် “ . . . ” ပါတဲ့၊ တအုပ်လုံးကြီးက ခေါင်းငြိမ့်ကြတယ်။ ဒါ ကျွှန်တော့အိမ်ပါတဲ့၊ တအုပ်လုံးက တခါ ခေါင်းထပ်ငြိမ့်ကြ ပြန်တယ်။ အားတဲ့အခါ လဲလာလည်နိုင်ပါတယ်တဲ့။ အားလုံး ခေါင်းတွေ ငြိမ့်ကြပြန်ရော။ အဲဒီညနေက ခေါင်းငြိမ့်တဲ့ အလုပ်နဲ့ပဲ ပြီးသွားကြတယ်။

ချစ်သူအတွက် ကဗျာလေးတွေကို စွယ်တော်ရွက်လေးတွေပေါ်မှာ စပ်ဖူးတယ်။ ချစ်သူနဲ့ သူငယ်ချင်းတွေ ဖြစ်သွားပြီးတဲ့နောက် သူအတွက် စပ်ထားတဲ့ကဗျာတပုဒ်ကို ချစ်သူကို လက်ဆောင်အဖြစ် ပေးလိုက်ရတယ်။ ချစ်သူ စိတ်ဝင်စားနေတဲ့ အရပ်ပုပု ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးကို ပေးဖို့အတွက်ပေါ့။ သူငယ်ချင်းမတွေကတော့ နှစ်မျောတသနဲ့ မြည်တွန်တောက်တီး နေခဲ့ကြတယ်။

နှစ်တွေအကြာကြီးမှာ ချစ်သူရဲ့အိမ်လေးရှေ့ကို တခါပြန်ရောက်တယ်။ အရင်လိုပဲ သစ်ရွက်တွေ ရှင်းလင်းပြီးစ ခြံဝင်းလေးက သန့်ရှုင်းနေတယ်။ ချစ်သူကို တံမြက်စည်းလေးကိုင်လို့ တွေ့လိုက်ရတယ်။ ချစ်သူဘေးမှာ ဂါဝန်အ၀ါလေးနဲ့ ပါးဖောင်းဖောင်း ကလေးလေးတယောက်က သရက်သီးလေး ကိုင်လို့ ရပ်ကြည့်နေတယ်။ သစ်ရွက်ပုံလေး နားမှာတော့ အရပ်ပုပု ဆံပင်ကိုတပတ်လျှိုတွဲချထားတဲ့ မိန်းကလေးတယောက်။ ချစ်သူတို့  မိသားစု လုပ်လက်စ အလုပ်တွေကို ထားပြီး အိမ်ပေါ်မှာ သစ်သီးမျိုးစုံနဲ့ ဧည့်ခံကြတယ်။

ညမီးလေးတွေ လက်လာတော့ ခြံဝအထိ ချစ်သူက လိုက်ပို့တယ်။ နင့်ရဲ့ ကဗျာတပုဒ်အတွက် ကျေးဇူးတင်ပါတယ်လို့ ချစ်သူကပြောတယ်။ ညလေအတိုးမှာ ၀ါးရုံပင်တွေတရှဲရှဲမြည်သွားတယ်။
ချစ်သူအိမ်ကို ကျောခိုင်းလျှောက်နေပေမယ့် ချစ်သူကိုယ့်ကို ခြံဝက ရပ်ကြည့်နေဆဲပဲဆိုတာ သိနေခဲ့တယ်။

ဒါပေမယ့်လေ...ချစ်သူရှေ့မှာ လမ်းလျှောက်ရတာ သိပ်ခက်ခဲတဲ့ အလုပ်တခုတော့ မဟုတ်တော့ပါ။

2 comments:

ကိုလွမ်းလူ said...
This comment has been removed by a blog administrator.
ကိုလွမ်းလူ said...

ချစ်သူဆိုတဲ့ အသုံးအနှုံးတွေ့ရင် ကိုယ့် မသိစိတ်က အလိုလို ဖြတ်ကနဲ ခေါင်းလောင်းသံတွေ မြည်လာတတ်တဲ့အကျင့်ရနေတယ်။ ရှာရတာလည်း မောလှပြီ။ ဘလော့မှာ ကွန်မင့်ရေးဖို့ နမြောတွန့်တိုတတ်တဲ့ ကိုယ်ဟာ လှပချစ်မြတ်နိုးဖွယ် မြန်မာမိန်းကလေး တစ်ယောက် ရဲ့ တိတ်တခိုး ရင်းခုန်သံလေးကို လေးစားမြတ်နိုးတဲ့ အနေနဲ့ ရေးလိုက်တာပါကွယ်။ အမှန်တော့ ကိုယ်ကိုယ်တိုင်လည်း ဒီဘလော့တွေမှာ ဖတ်နေရတဲ့ ၀တ္ထုတိုလေးတွေကို လက်ခံစပြုနေပြီ။ ကိုယ်က စာပေဆိုရင် စာအုပ်မှ။ စာအုပ်တောင်မှ ဟောင်းနွမ်းပြီး ၀ါကျင့်ကျင့်အရောင် ပိုးမှုန်တက်နေတဲ့ စာအုပ်မျိုးမှ။ ဒါအပြင် စာအုပ်တွေဆိုလည်း အပိုင်ရမှာ ဖတ်ချင်တာ။ ပြန်ပေးရလို့ နောင် ကိုယ်အသက်ကြီးလာတဲ့အခါ ဖတ်ချင်ရင် ဘယ်လို လုပ်မလဲ။ ကိုယ့် အတ္တပါ။ Internet ကို သုံးတတ်လာတော့ E-Books ဆိုတာ download လုပ်ကြည့်သေးတယ်။ တခါမှ ဖတ်မကြည့်ဘူး။ ဒါပေ့မယ် ဒီဘလော့ စာမျက်နှာမှာရှိတဲ့ ၀တ္ထုတိုလေးတွေက လင့်ဆိုတာ ကို တစ်ခါ နှိပ်လိုက်တာနဲ တစ်မျက်နှာထဲမှာ အကုန်ဖတ်ရတာကိုး။ တစ်ခုဖတ်ပြီတိုင်း တစ်ခု ခံစားရတယ်။ လှတယ်။ ပန်ချီကားတွေ တစ်ချပ်ပြီး တစ်ချပ် ကြည့်ရသလိုပဲ။

(အပိုမှတ်ချက်။ နှစ်တွေကြာလာတော့ ကျောက်စရစ်ခဲလေးတွေလည်း ဘယ်ရှိတော့ မလဲနော့။ လမ်းလျှောက်ရတာ ဘယ် ခက်ခဲတော့ မလဲ။)

LinkWithin

Related Posts Plugin for WordPress, Blogger...