မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ ၂၀၀၇ မှာ ပြည်တွင်းကနေ ဘလောဂ်တွေကို ၀င်လို့မရတော့လို့ ၀င်ရလွယ်အောင် အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးခဲ့ပါတယ်။ ဒီဘလောဂ်လေးမှာလည်း တစ်ခါတစ်လေ ဆက်ရေးနေဆဲပါ... (များသောအားဖြင့် ဒီကစာတွေဟာ တစ်ကယ့်ကို သံစဉ်မဲ့သော အလင်္ကာတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်.. ကိုယ်တွေ့ဖြစ်ရပ်တွေပါသလို၊ အခြားသူတွေရဲ့ ဘ၀တွေကို ဝေမျှခံစားထားတာတွေလည်း ပါပါတယ်၊ စိတ်လွတ်လက်လွတ်.. ကာရံမဲ့.. သံစဉ်မဲ့.. များဖြစ်နေနိုင်ပါတယ်... ဒါကြောင့် ဒီဘလောဂ်ကို လင့်ခ် မလုပ်ကြစေလိုပါဘူးရှင်၊ ဘလောဂ်ကို သုံးပေမယ့် ဘလောဂ်ရေးတဲ့ အခါလည်းရှိသလို.. စာတွေကဗျာတွေလည်း ရေးတဲ့အခါရှိပါတယ်။ ဒီစာတွေကဗျာတွေဟာ web-log မဟုတ်တဲ့အတွက်... လူနှင့်စာကို မရောယှက်ဘဲ.. လူကိုမဖတ်.. စာကိုသာပဲ ဖတ်စေချင်ပါတယ်။ ဖြစ်တည်မှု မရှိသော ဖြစ်တည်ခြင်းဖြင့်၊ အရောင်မှိန်တိုးတိုးလေးဖြစ်သော ရပ်တည်မှုဖြင့်၊ လွပ်လပ်ခြင်းမဲ့သော ကမ္ဘာမှာ လွတ်လပ်လိုလွတ်လပ်ငြား နေရာသစ်ကလေးတစ်ခုဖြစ်တဲ့ ဒီနေရာမှာ.. အခုလိုဆက်ပြီး စာတွေရေးသွားချင်ပါတယ်) လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။
Thursday, December 29, 2011
နေစိမ့်သူ
တောင်တန်းကြီးတ၀ိုက်မှာ..
ရုတ်ရုတ်သဲသဲနဲ့
အိနြေ္ဒမရ တိုက်ခတ်နေတာတောင်မှ..
ဒီကျောက်ဆောင်ကျောက်သားဆိုင်ကြီးက..
နေနိုင်လွန်းစွာ မျက်လွှာချနေရက်တယ်ကွယ်...
မောင်....
နေနိုင်ရက်တယ်...
ကျမ...
ဒီတစ်ညတော့...
အသိတရားတွေကို ခြေနဲ့နင်းပြီး
ခပ်ပြင်းပြင်းလေး လွမ်းပါရစေတော့... မောင်....။
Saturday, December 03, 2011
အင်းလျား
Monday, November 07, 2011
သွန်းချပြန်သော်
အလွမ်း ပိုပါတယ်...။
အလွမ်းဆိုရာဝယ်...
ပူလောင်မှုနဲ့ တွဲတဲ့ အလွမ်း...
နေမထိလို့ ထိုင်မရတဲ့ အလွမ်း....
လှေကားတက်ဆင်း၊ နင်းရတဲ့ အလွမ်း...
သစ်ရွက်ခြောက်ကိုကန်၊ ခပ်ထန်ထန်အလွမ်း...
အိပ်ရာထဲ လူးလှိမ့် ငိုကြွေး၊ ဆွေးရတဲ့ အလွမ်း...
သူငယ်ချင်း စကားသံတွေ ကြား၊ ခါးခါးသီးသီး လွမ်းရတဲ့ အလွမ်း..
အဲသလို မဆန်း၊ လွမ်းတဲ့ အလွမ်းတွေ ရှိတတ်သတဲ့..။
မိုးတွေ သွန်းသော်
လွမ်းရည် စွန်းတယ်...။
မှန်ပြူတင်း မိုးစက်.. တလက်လက် အနားထိုင်
ဆွေးဆွေး လေး မှိုင်တယ်..။
ပြူတင်းကိုဖွင့် မိုးပွင့်လေးတွေကို ထိတယ်..။
မိုးပြိုတွေအောက်.. ခေါက်ထီးမဲ့စွာနဲ့
တစ်ယောက်တစ်ထီးထဲ လျှောက်ပြီးသွားတယ်..။
မိုးပွင့်လေးကို ဆွတ်ခူး၊ ယဉ်ယဉ်လေး ရူးတယ်။
မိုးပန်းလေးကို နမ်း၊ ခပ်ကြမ်းကြမ်း ရယ်မောတယ်..။
တစ်ကိုယ်လုံး စိုတဲ့မိုး... ညိုတဲ့ မိုး....
ချစ်တယ်။
ညို့မှိုင်းတဲ့ မိုး၊ စိတ်ကူးလေး နဲ့ ခိုးလို့ နမ်းတော့..
အလွမ်းတွေက ပန်းတွေမျောတဲ့ စမ်းရေကြောနှယ်..။
အို....
လှလိုက်တာ.. မိုးရယ်..။
မောင်...
ကျမ သေသွားလိုက်ချင်တယ်...
Tuesday, October 11, 2011
အလွမ်းကဝေ ရဲ့ ပန်းစည်းကြွေသံ
"အမြဲတမ်း ပုဆိုးဝတ်ပါလားဟင်"
"အမြဲတမ်းတော့ မ၀တ်ပါရစေနဲ့၊ ကိုယ့်ကိုကိုယ်ကြည့်ရတာ ၀ါးခြမ်းပြားနဲ့ တူလွန်းလို့ပါ"
သူက ဆံပင်တွေကို သပ်ပြီး ရယ်သွမ်းသွေးခဲ့သည်။
တောင်ကုန်းလေးပေါ်က ၀က်သစ်ချပင်ကြီးကို လှမ်းမြင်လိုက်ရသည်။ အရင်တုံးကဆိုလျှင် ဒီသစ်ပင်ကြီးကိုမှီရပ်ပြီး သူမကို စောင့်နေတတ်သည်။ သူမကို တွေ့လိုက်တိုင်း သူ့နှုတ်ခမ်းမှာ အပြုံးတစ်စက တိတ်တခိုးလက်သွားသည်။
"ကျနော်စောင့်နေတာ"
"လွမ်းတယ် မ.. ရယ်"
'ကျနော် မ နဲ့ မခွဲနိုင်ဘူး'
သူ့အသံတွေကို ပဲ့တင်ထပ်ကာ ကြားနေရသည်။
တောင်ကုန်းလေးပေါ်ကို သူမ တဖြည်းဖြည်း ရောက်လာခဲ့ပြီ။ ၀က်သစ်ချပင်ကြီးနားကို ရောက်လာသည်နှင့်အမျှ သူမ ရင်တွေ ခပ်တိုးတိုး ခုန်နေသည်။
"သူနဲ့ တွေ့ရတော့မယ်.."
"ဒီနှစ် မောင့်မွေးနေ့ ကျမ နောက်ကျသွားတယ် မောင်ရယ်"
ဝက်သစ်ချပင်ကြီး အောက်ကို ရောက်လာခဲ့ပြီ။ သစ်ပင်ကြီးနဲ့ မလှမ်းမကမ်းမှာ သူ့ကိုလှမ်းတွေ့လိုက်ရသည်။
သူရှိရာသို့ သူမ ခြေလှမ်းသွက်သွက်ဖြင့် လျှောက်သွားလိုက်သည်။ အနားကို ရောက်လာတော့ သူမ မျက်လုံးကို သူမ မယုံနိုင်။
"ဟင်..."
"ဟင်.... ဒါ... ဒါ.. ဘယ်က ပန်းတွေလဲ"
"ဘယ်သူပေးတာလဲ"
သူမလက်ထဲက ပန်းစည်းက မြေပြင်ပေါ်ကို လွတ်ကျသွားသည်။ သူမ သူ့အနားကို ရုတ်တရက်တိုးကပ်လိုက်မိ၍ သူမပန်းစည်းကို သူမ ပြန်တက်နင်းမိလိုက်သည်။ သူမ ယူလာတဲ့ ပန်းတွေက သူမခြေအောက်မှာ ကြေမွသွားသည်။ ပတ်ဝန်းကျင်ကို ဝေ့၀ဲကြည့်လိုက်တော့ အရာအားလုံးဟာ တိတ်ဆိတ်ခြောက်ကပ်နေသည်။ သစ်ရွက်တစ်ရွက် ကြွေကျသွားသံကိုတောင် ကြားလိုက်ရသလိုလို။
သူမ... အရင်ရောက်နှင့်နေသော ပန်းစည်းကို ကောက်ကိုင်ကြည့်လိုက်သည်။ ပန်းစည်းထဲမှ ကဒ်ပြားလေးတစ်ခု။
ကဒ်ပြားကလေး အောက်ကို လွတ်ကျသွားပြန်သည်။ သူမ လက်ချောင်းတွေ တုန်နေသည်။ သူမ သူ့ခြေရင်းမှာ အင်အားချည့်နဲ့စွာ ထိုင်ချလိုက်သည်။
"ဘာတွေလဲ.... ဟင်... ဘာတွေလဲ မောင်ရယ်..."
"မောင်.... မောင့်မှာ အခြားတစ်ယောက် ..."
"အို... "
"ရက်စက်လိုက်တာ.. မောင်ရယ်၊ ကျမကို အစကတည်းက ဘာလို့ မပြောပြခဲ့သလဲကွယ်.."
သူမ မျက်ရည်တွေ ရစ်ဝဲလာမိသည်။ သူမ သူ့ကို အရုတ်ကြိုးပြတ်မှီတွယ်နေမိသည်။ သူမ ကျောပြင်မှာတော့ သူလှဲလျောင်းရာ အုတ်ဂူဖြူဖြူလေး၏ အေးစက်စက် အထိအတွေ့သာ။ ထိုအချိန်တွင် ကောင်းကင်မှာ ညို့တက်လာကာ လျှပ်ပန်းတို့ လက်နေကြပေပြီ။ မကြာခင် မိုးသည်းထန်စွာ ရွာသွန်းတော့မည်။ တုန်ယင်နေသော နှုတ်ခမ်းတွေကို ဖိကိုက်ထားရင် ညို့မှိုင်းနေသော ကောင်းကင်ပြင်ကို မော့ကြည့်နေခဲ့မိသည်။ သူမ ကောင်းကင်ကြီးကို ကြေကွဲစွာ မော့ကြည့်နေချိန်တွင် ၀က်သစ်ချပင်ကြီးနောက်မှာ သွယ်နွဲ့သော အရိပ်တစ်ခုက တောင်ကုန်းအောက်သို့ ဖြေးညှင်းစွာ ဆင်းသွားခဲ့ပါတော့သည်။
တိတ်တခိုး
Wednesday, October 05, 2011
ထွက်မသွားပါနဲ့ကွယ်..
ထွက်မသွားပါနဲ့ကွယ်...
နတ်ဆိုးတွေရယ်..
အတ္တတွေရယ်..
သိတတ်ခါးသီးမှုတွေကို ခ၀ါချလို့...
နူးညံ့မှုတစ်ခုကို ဆက်လက်ထွေးပွေ့ထားပါရစေ...
အေးချမ်းငြိမ်သက်ခြင်းတွေဟာ..
လက်တွေ့မကျဘူးလို့ ခံယူထားတဲ့ ဒီကမ္ဘာကြီးထဲမှာ..
အဲဒီအရာတွေက..
တစ်နေ့တော့ လက်တွေ့ကျလာရမှာပါ...
ပြန်လာပါ...
ကိုယ့် အကြည်ဓာတ်ကလေးရယ်...
Sunday, October 02, 2011
မငိုပါနဲ့ အိမ့်ချမ်းမြေ့
ဆရာဦးထွန်းလွင်ဟာ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ကဗျာနဲ့ ဖွင့်ထားပါတယ်။ ဆရာမောင်စိန်ဝင်းရဲ့ အမည်ကို ကဗျာလေးအောက်မှာ ရေးထားတယ်။ ဟောပြောပွဲ အခွေကို ကြည့်ရသူတစ်ဦးကလည်း ပြောပါတယ်...။
"ဆရာဦးထွန်းလွင် ကိုယ်တိုင် အစ်မရေးထားတဲ့စကားလုံးတွေကို ပရိုဂျက်တာထိုးပြတယ်၊ စာသားတွေကိုပါ ပရိုဂျက်တာနဲ့ပြပါတယ်။ စကားလုံးတွေကို မျက်လုံးထဲမြင်နေရတော့ ပိုပြီးသိသာတယ် ပါးစပ်က အလွတ်ပြောရင်တောင် မှတ်မိမှာမဟုတ်ဘူး..." လို့ ဆိုပါတယ်။
ဆရာဦးထွန်းလွင်ရဲ့ ဟောပြောချက်တွေအနေနဲ့လည်း ကိုယ့်ရင်တွင်းဖြစ် စာသားတွေကို အခြားဆိုက်ဒ်တွေမှာ ဆက်လက်ဝေမျှထားတာ တွေ့ရပါတယ်။ ဒါပေမယ့် .. အိမ့်ချမ်းမြေ့ ဆိုတဲ့ အမည်ကို လုံးဝ မတွေ့ရပါဘူး။
Thursday, August 25, 2011
ဘာဆက်လုပ်ရမလဲ
Wednesday, July 13, 2011
ချစ်သော ဖခင်သို့...
သတိရမိတယ် ဖေဖေ...
ဖေဖေမှာခဲ့တယ်..
လူတွေကို ကြင်နာစိတ်ရှိရမယ်...တဲ့..
လူတွေကကော... ပြန်ကြင်နာကြမှာလား..ဖေဖေ။
လူတွေကို နားလည်တတ်ရမယ်..တဲ့..
သူတို့ကကော ပြန်လို့ နားလည်တတ်ကြမှာလား ဖေဖေ။
လူတွေကို သနားတတ်ရမယ်....တဲ့
သူတို့ကကော ပြန်သနားတတ်ကြမှာလား..ဖေဖေ။
လူတွေကို ကူညီတတ်ရမယ်.. တဲ့
သူတို့ကကော ပြန်ကူညီကြမှာလား ဖေဖေ။
လူတွေကို ခွင့်လွှတ်ပေးရမယ်...တဲ့
သူတို့ကကော ခွင့်လွှတ်ကြမှာလား ဖေဖေ။
လူတွေက ပြောသေးတယ်...
မွေးတုန်းကလည်း တစ်ယောက်ထဲ...
သေသွားတော့လည်း တစ်ယောက်ထဲ...တဲ့
သမီးဖြည့်ချင်သေးတာ..
နေနေတုန်းလည်း တစ်ယောက်တည်း ပါပဲ ဖေဖေရယ်...။
တစ်ယောက်တည်းပါပဲ..
သမီးနှလုံးသားကို ဘာသာတူးဆွလို့တောင်
နက်နေတုန်း.. အဆုံးမရောက် တောက်လျှောက်ကြီးပါလား ဖေဖေ။
တစ်ခါတစ်ရံ..
လူအုပ်ကြီးဘေးမှာ
တစ်ယောက်တည်း အထီးကျန်ရပ်ရင်း
ဖေဖေသွားနှင့်တဲ့လမ်း
မျှော်ရည်မှန်းလို့..
လွမ်းတယ် ဖေဖေ........
သမီး..
သိပ်လွမ်းတယ်..။
ပျော်ရွှင်သော မွေးနေ့ကို ကောင်းကင်ဘုံမှာ ဆင်နွှဲနေပါ ဖေဖေ။
ဖေဖေ့အကြောင်းလေးပါ
လျှပ်ပန်း
မေ့မှာစိုးလို့...မြတ်နိုးတွယ်ငယ်၊ သံယောဇဉ်ဖွဲ့
မြင်ကြည့်လှဲ့လေ.. သိစေချင်သည်။
ဝေးမှာစိုးလို့...
နှောင်ကြိုးပတ်ရစ်၊ ထပ်ထပ်သစ်ချည်
နားလည်ငဲ့ညှာ၊ မခွာရက်ရဲ
မခွဲနဲ့နော်.... ခေါ်လိုက်ချင်သည်။
လွမ်းမှာစိုးလို့...
မြတ်နိုးမိခြင်း၊ နှောင်ရစ်တင်းသည့်
ချစ်ခြင်းတစ်စ၊ သမုဒယအပူ
သူ့မှသူဆိုသည့်အစွဲ၊ ရင်ထဲမြစ်ကျွမ်း
ကိုယ်ပဲ လွမ်းမယ်.......
တမ်းတ မြိုက်ဆူ..
ကိုယ်ပဲ ယူမယ်...
သူမသိစေ.. ၊ ရှိပါစေတော့
ကြာလေလေဝေး.. ဝေးလေလေမေ့
မေ့လေလေပျောက်၊ အိပ်မက်လောက်သာ
ထင်ပါစေကွယ်.. တစ်ကယ်ဆိုက
တစ်ဘ၀တစ်လမ်း၊ ခဏလမ်းကြုံ
လျှပ်ပြက်ရုံမျှ...
ပုံပြင်ကလေးပဲ မှတ်လိုက်နော်...။
(ကျမကို မေ့၍....
ထာဝရ ပျော်ရွှင်နေပါစေ...မောင်)
Tuesday, June 14, 2011
ပြောပြတာပါရှင်..
- အိမ့်ချမ်းမြေ့ ကလောင်ကလွဲပြီး အခြား ဘာကလောင်ခွဲမှ မရှိပါ။
- ဒီကလောင်တစ်ခုထဲနဲ့ပဲ ရသ စာများကို ဦးစားပေး ရေးပါသည်။
- မလေးရဲ့ အိမ်လိပ်စာကိုလည်း ဂျာနယ်၊ မဂဇင်းတိုက် အချို့နှင့် **မလေးကြိုက်လို့ ရိုးသားစွာ** ခရေပန်းပေးဖူးသူတစ်ဦးကလွဲပြီး ဘယ်သူမှ မသိပါ။ ဖုန်းနံပါတ်ကိုလည်း ဘယ်သူကမှ မသိပါ (ဘယ်သူကမှလည်း မမေးဘူးလေ…. :p) -- မေးလည်း ပေးဘူးရယ်.. (ကနေဒါကိုဆက်ရင် သူတို့ ပိုက်ဆံကုန်မှာ စိုးလို့ပါ…)
- Tapyaythu2000@gmail.com တစ်ခုသာ public life အတွက် သုံးပါသည်။
- အွန်လိုင်းပေါ်မှာ ချစ်ခင်နှစ်သက်သူများကို ကပျာကသီ နှုတ်ဆက်ရုံမှလွဲပြီး မည်သူနှင့်မျှ လိုတာထက်ပိုပြီး ချက် လုပ်ခြင်း မရှိပါ (တစ်ကယ်ကို မအားလို့ပါ -- အခြားဘာကြောင့်မှ မဟုတ်ပါ)
- ၂လုံးကွဲအောင် ပြောမိသည်ဆိုရင်တောင်မှ... အလွန်သိုသိပ်တတ်သူဖြစ်သောကြောင့် ကိုယ့်အကြောင်းကို မပြောပါ။ အခြားသူအကြောင်းတွေလည်း သူတို့ပြောပြသလောက်ပဲ နားထောင်ပါသည်။
- အိမ့်ချမ်းမြေ့ identity အစစ်အမှန်ကို မည်သူမျှ မသိပါ (ဆွေမျိုးတွေတောင် အကုန် မသိပါ -- ဦးလေးတွေထဲကတောင် အိမ့်ချမ်းမြေ့က ဘယ်သူလည်းမေးရင် ညီအစ်မတွေ အကုန်လုံးက ခပ်တည်တည်နဲ့ မကြားဟန်ဆောင်နေသော လူထူးလူဆန်းများဖြစ်ပါတယ်)
- ဝေေ၀၀ါးဝါး ဓာတ်ပုံများမှလွဲလို့ အိမ့်ချမ်းမြေ့ကို မြင်ဖူးသူ မရှိပါ။
- ယဉ်ကျေးသော စကား/ (ရံဖန်ရံခါဆိုလျှင်) ရှေးကျလွန်းသော မြန်မာစကားကိုတောင် သုံးပါသည်။
- ဗဟုသုတ၊ အမြင်များနှင့် အနုပညာများကို ဖလှယ်ခြင်း၊ ဝေမျှခံစားရုံကလွဲပြီး အွန်လိုင်းပေါ်မှာ အခြားကိုယ်ရေးကိုယ်တာ ကိစ္စများကို လုံးဝ စိတ်ဝင်စားမှု မရှိပါ။
- စာဖတ်ဖော် စာရေးဘက် ဘလောဂါများအပေါ်တွင်.. အရိုးသားဆုံးဆက်ဆံပါသည်။
- မလေးကို ချစ်သော (အထူးသဖြင့်) ညီမများကို မလေးကလည်း တန်ပြန်မေတ္တာထားပါသည်။
- ညီအစ်မတွေကြားထဲက ချစ်ခြင်းကို မနာလိုတတ်သူတွေကိုလည်း လူသားတွေပဲမို့ စာနာစွာ နားလည်ပေးပါသည် ;))
Monday, June 13, 2011
အတွေးပန်းချီ
သာယာပါစေ ထာဝစဉ် မောင့်ဘ၀အတည်
ကြွေပါစေလေ ခြွေပြီးခဲ့ရင်
ပြုံးစနှုတ်ခွန်းမဆက်နဲ့ရှင်..
နေရာမှန်မှာ အနည်ထိုင်ပါစေတော့ အချစ်ရေ
ကြုံလာသူတို့နှစ်ယောက်ကံ
ဖြစ်သမျှအကြောင်းပြောင်းလဲ အသစ်တဖန်
သံသရာနယ် ကျင်လည်လို့မဆုံးပြီ
နှလုံးသားထဲ အရှုံးအမြတ်မတွက်သူ
ပြုံးရခက်အဆုံးရဲ့တဘက်မှာ
ငိုရည်မလွယ် အချစ်ရဲ့နန်းအပြန်ဆီ....
ချိုလွင်သာယာ အချစ်ဆုံးတေးသံ
လှိုက်ခတ် ဆိတ်သုဉ်း မတိုးတိတ်မီ
ကျန်နေပါစေ အဖော်ကွာ
အတွေးသီ
ပျော်ရွှင်ပါစေ အမြင့်ဆုံးထက်မှာ
အသည်းထဲ လှိုက်လှဲ တောင်းဆုရည်
နေရာမှန်မှာ အဖော်ကွာ တစ်ယောက်တည်း
အတွေးပန်းချီ
Monday, May 16, 2011
ဒီသစ်ရိပ်
ညနေစောင်းပြီမို့ ကျီးကန်းတွေတောင် အိပ်တန်းတက်ဖို့ ပြင်ဆင်နေကြပြီ။
ကျမ ဒီလောက်တောင်ပဲ ပျော့ညံ့တတ်နေပြီလား မောင်..။
ညို့မှိုင်းတဲ့ ကောင်းကင်မှာ လခြမ်းကွေးကလေးက ကလေးလေးလို အိပ်တော့မလို့ပေါ့။
ဒါကို လေပြေလေးက ခပ်တိုးတိုးတိုက်ခတ်လို့ ချော့သိပ်ဖို့ ကြံနေတယ်။
အဲဒီအချိန်မှာ....
မချင့်မရဲ လှမ်းနေတဲ့ ခြေလှမ်းတွေကို ဦးနှောက်က ခပ်တိုးတိုး ကျိန်ဆဲသံက
........လေပြေထဲမှာ ခုန်ပေါက်နေလေရဲ့ကွယ်။
ဆက်မသွားပါနဲ့တော့လား..
ခြေလှမ်းတွေက မကြားဟန်ပြုလို့ ဆက်သွားနေခဲ့တယ်။
စမ်းချောင်းကလေးကို လှမ်းမြင်နေရပြန်ပြီ။
နောက်ပြန်လှည့်ရင်ကောင်းမလား...
အဟောင်းတွေ အသစ်ဖြစ်ဦးမှာလားကွယ်..။
လခြမ်းကွေးလေးကို မော့ကြည့်မိတယ်။
မသာလည်း တ၊ သာ လည်း တ တဲ့...။ ဟုတ်သလားကွယ်..။
လမင်းက ခပ်တိုးတိုးပြုံးတယ်၊ စမ်းချောင်းလေးက တိတ်တခိုးလှောင်တယ်။
ကျမ.. မောင့်ကို..
မမြင်လည်းလွမ်း၊ မြင်လည်းလွမ်းတယ်။
ဆံပင်တွေ လေမှာလွင့်နေတာကို လက်နဲ့အသာစုသိမ်းပြီး သစ်ပင်ဘေးက ခုံတန်းကလေးမှာ ထိုင်လိုက်မိတယ်။
ကျမ ဒီလောက်တောင်ပဲ ပျော့ညံ့တတ်နေပြီလား မောင်..။
မောင်နဲ့ ထိုင်နေကျ သစ်ပင်ရိပ်ကို ကျမ တစ်ခေါက်ပြန်ရောက်ရပြန်ပြီ..မောင်။
ဒါပေမယ့် မောင် ရှိ မနေဘူး မဟုတ်လား..
မောင် ရှိနေလိမ့်မယ်လို့လည်း ကျမ မယုံကြည်တာ ကြာခဲ့ပါပြီမောင်..။
ဒါပေမယ့်... ဒီသစ်ရိပ်ကို ကျမ နှလုံးသားက
မွတ်သိပ်နေတယ်..
တမ်းမက်နေတယ်..
တောင့်တနေတယ်...
မိုက်မဲလှတဲ့ ဒီနှလုံးသားဟာ
ဒဏ်ရာတွေကို အသစ်ပြန်မွလို့..
ကျေနပ်နေချင်သေးသတဲ့လေ။
မောင်...
မချစ်တတ်တဲ့ ကျမကို ချစ်တတ်အောင်သင်ပေးပြီးကာမှ
ပျောက်ဆုံးသွားခဲ့တဲ့ မောင့်ကို ကျမ ဘယ်မှာ လိုက်လို့ ရှာရမှာလဲ..မောင်ရယ်...
အခုတော့ ဒီသစ်ရိပ်အောက်မှာ စမ်းရေစီးသံကို နားထောင်ရင်း..
မောင်ပေးဖူးခဲ့တဲ့ အိပ်မက်တွေကို မျှော်လင့်နေရင်း....
လခြမ်းကွေးကလေးကို ငေးရင်း...
မောင့် ကတိတွေကို.... မယုံကြည်ပေမယ့် စောင့်စားရင်း....
အခုထိ ချစ်နေဆဲပဲ...မောင်။
ဟော...
ဟိုးအဝေးမှာ သီချင်းသံ သဲ့သဲ့ ကြားလိုက်ရတယ်မောင်...
မောင်.. မှတ်မိဦးမယ်ဆိုရင်ပေါ့.. မောင်ရယ်..
Tuesday, April 19, 2011
black magic woman
ဖေဖေ သိပ်ကြိုက်တဲ့ သီချင်းပါ.. ဖေဖေက လိဒ် တီးတော့ သံစဉ်ကိုကြိုက်တယ်ထင်တယ်။ စာသားကတော့ ဘာမှ အနုပညာသိပ်မမြောက်ပါဘူးလို့ ထင်မိတယ်။ "ငါ့ကိုပြုစားနေတယ်.. အောက်လမ်းမရယ်" အဲသလိုမျိုးကြီးပါပဲ..။ ခံစားချက်တွေကို တေးသံထဲမှာ ပေါက်ကွဲထားတာ..
ကလေးဘ၀ထဲက ဖေဖေနားထောင်တော့ (ဖေဖေက အဲတုန်းက ကိုယ့်မျက်စိထဲ သိပ်အိုတယ် ထင်ပေမယ့် ၃၂ လောက်ပဲ ရှိပါသေးတယ် :P) ကိုယ်တိုင်လည်း အဲသလို လိဒ်တီးကြည့်ချင်လို့ ငယ်ငယ်က ကျင့်ခဲ့ဖူးပေမယ့်....
အောက်က မိန်းကလေးလောက်တော့ မကျွမ်းကျင်ခဲ့ပါဘူး...။
ဒီလောက်တီးနိုင်ဖို့ကို တစ်နေ့တစ်နေ့ ဒါကိုပဲ စိတ်ဝင်တစားကျင့်ထားတယ်ဆိုတာ ကိုယ်တိုင်တီးဖူးတော့ သိပါတယ်.. ~~ unless she's totally gifted!! :)
အောက်ကတော့ အော်ရီဂျင်နယ်လ်..
Monday, April 11, 2011
ရုပ်သေးရုပ်
Thursday, March 24, 2011
အိမ့်ချမ်းမြေ့ရဲ့ ဆိုရင်...
Gwen Stefani ရယ်...
ဂျပန်ကို ဒေါ်လာတစ်သန်းစီ လှူသလို....
တာချီလိတ် ကိုလည်းလှူမယ်ဆိုရင်…
ကမ္ဘာကြီးထဲက လူတွေကလည်း အုန်းအုန်းကြွက်ကြွက်
ဂျပန်ကိုသနားသလို…
မျက်နှာမွဲ ကိုယ်တို့ကို စကားထဲ ထည့်ပြောကြမယ်ဆိုရင်...
လှူရင်လည်း ယူမယ်ဆိုရင်…..
ယူပြန်ရင်လည်း မနူ ဘူးဆိုရင်…
မယူပြန်ရင်လည်း မစူကြဘူးဆိုရင်….…
ပေးချင်တဲ့လက်တွေ တွန့်ဆုတ်သွားအောင်…
မရောက်နိုင်ဘူးဆိုတဲ့ သတင်းတွေ မလွှင့်ကြဘူးဆိုရင်..
ဒီသတင်းတွေဟာလည်း ဟုတ်သင့်သလောက် ဟုတ် မနေဘူးဆိုရင်….
ငုတ်တုပ်ထိုင်ရင်း … လေထဲမှာ (အခုလို) သေနတ်ပစ်
ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းစွပ်မိ မနေကြဘူးဆိုရင်….
ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းစွပ်မိ မနေကြဘူးဆိုရင်….
ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းစွပ်မိ မနေကြဘူးဆိုရင်….
ဆိုရင်….။
Friday, March 04, 2011
နောက်ဆုံးအိပ်မက်
စိမ်းမြ သစ်ရွက်တို့ ကြွေနေဆဲ....
ငါ့မျက်ရည် စိုနေဆဲပေါ့...
တစ်ချို့တွေ နေနိုင်လွန်းတယ်...
တစ်ရေးမှ မပျော်တဲ့ည မှောင်လွန်းနေဆဲ..
တစ်ယောက်ထဲငါ ငိုနေတုန်း
ရင်ထဲမှာ..............
ရဲရင့်ကျောက်ခတ်တို့ ပြိုနေဆဲ..
ငါ့အတွက် အဖြေရှာနေတုန်းပေါ့...
အချို့တွေ နေနိုင်လွန်းတယ်...





